Thursday, March 13, 2014

ရခိုင်ပြည်နယ်တွင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူ ရှစ်သိန်း ကျော်ရှိ



Eleven Media Group

 ယာယီ သက်သေခံလက်မှတ်များသည် ဥပဒေအရ ရေရှည်ကိုင်စွဲထားရမည့် လက်မှတ်များမဟုတ်၍ ဥပဒေနှင့်အညီ ဖြေရှင်းသင့်ကြောင်း ဥပဒေကြမ်းကော်မတီ တိုက်တွန်း

လက်ရှိတွင် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူ ၈ ဒသမ ၅ သိန်းရှိပြီး အရေအတွက်များနေသည့် ယာယီသက်သေခံလက်မှတ်များသည် ဥပဒေအရ ရေရှည်ကိုင်စွဲထားရမည့် လက်မှတ်များမဟုတ်သည့်အတွက် ဥပဒေနှင့်အညီ ကိုင်တွယ်ဖြေရှင်းပြီး ပေးအပ်သင့်သည့် မှတ်ပုံတင် သက်သေခံလက်မှတ်များကို လဲလှယ်ထုတ်ပေးရန် စနစ်တကျအလေးထား စီမံဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ လွှတ်တော်အနေဖြင့် တိုက်တွန်းသင့်ကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက မတ် ၁၂ ရပ်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။

ဥပဒေကြမ်းကော်မတီက နိုင်ငံအတွင်းတွင် မှတ်ပုံတင်သက်သေခံလက်မှတ် ခြောက်မျိုးကိုင်ဆောင်လျက်ရှိသည့်အတွက် အရေအတွက်များပြားနေကြောင်း၊ စာရင်းဇယားများအရ ဧည့်နိုင်ငံသားလက်မှတ် ကိုင်ဆောင်သူနှင့်နိုင်ငံသားပြုခွင့်လက်မှတ် ကိုင်ဆောင်သူဦးရေမှာ နည်းပါးကြောင်း၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူဦးရေ ၈ ဒသမ ၅ သိန်းကျော်နှင့် အမျိုးသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူဦးရေ ၅ ဒသမ ၉ သိန်း ခန့်ရှိသေးကြောင်း ပြောကြားသည်။

နိုင်ငံတော်တွင် ၁၀ နှစ်အထက်ရှိသူများအနေဖြင့် နိုင်ငံသားလက်မှတ်ကိုင်ဆောင်သူ ၃၆ ဒသမ ၆ သန်းခန့်၊ဧည့်နိုင်ငံသားလက်မှတ် ကိုင်ဆောင်သူ ၃၆၀၀၀ ကျော်၊ နိုင်ငံသားပြုခွင့်လက်မှတ် ကိုင်ဆောင်သူ ၁ ဒသမ ၃ သိန်းခန့်၊ အမျိုးသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူ ၅ ဒသမ ၉ သိန်းခန့်၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူ ၈ ဒသမ ၅ သိန်းကျော်၊ နိုင်ငံခြားသားလက်မှတ် ကိုင်ဆောင်သူ ၃၂၀၀၀ ကျော်၊ မည်သည့်လက်မှတ်မျှ မကိုင်သူ ၁ ဒသမ ၂ သန်းခန့် ရှိကြောင်း ဥပဒေကြမ်းကော်မတီက ပြောကြားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အဆိုပြုရာတွင် နိုင်ငံရေးပါတီများထူထောင်ခြင်းမှာ နိုင်ငံသားများနှင့်သာ သက်ဆိုင်သဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်လည်းကောင်း၊ အခြားတည်ဆဲဥပဒေများနှင့်လည်းကောင်း၊ ညီညွတ်စေရန် ရည်ရွယ်၍ နိုင်ငံရေးပါတီတည်ထောင်လိုသူများသည် နိုင်ငံသား၊ ဧည့်နိုင်ငံသားပြုခွင့်ရသူ (သို့မဟုတ်) ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူဖြစ်ရမည့်အစား နိုင်ငံသားဟု တိကျစွာပြင်ဆင်ပြဋ္ဌာန်းရန် တင်ပြခြင်းဖြစ်သည်ဟု သုံးသပ်တွေ့ရှိကြောင်း ကော်မတီက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မြန်မာနိုင်ငံသားဥပဒေများအရ နိုင်ငံသားဆိုရာတွင် မွေးရာပါနိုင်ငံသားနှင့်ဥပဒေအရ နိုင်ငံသားဖြစ်သူဟု နှစ်မျိုးခွဲခြားထားကြောင်း၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေတွင် တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည် လည်းကောင်း၊ မွေးရာပါနိုင်ငံသားဖြစ်သည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ဥပဒေအာဏာတည်သည့်နေ့တွင် နိုင်ငံသားဖြစ်ပြီးသူသည် နိုင်ငံသားဖြစ်သည်ဟု ပြဋ္ဌာန်းထားကြောင်း ကော်မတီက ပြောကြားသည်။

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူဦးရေသည် ရှစ်သိန်းခွဲခန့်ရှိသည်မှာ အကြောင်းအမျိုးမျိုးကြောင့် များပြားနေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်ရေးလက်မှတ်၊ ဧည့်နိုင်ငံသားလက်မှတ်၊ နိုင်ငံသားပြုခွင့်လက်မှတ်တို့ကို ပုံမှန်စိစစ်ထုတ်ပေးနိုင်ပါက အမျိုးသားမှတ်ပုံတင်လက်မှတ်နှင့် ယာယီသက်သေခံလက်မှတ်ဦးရေမှာ ယခုကဲ့သို့များပြားမည် မဟုတ်ကြောင်း ကော်မတီက သုံးသပ်ခဲ့သည်။

နိုင်ငံသားပြုခွင့်ရသူများအတွက် နိုင်ငံတော်ကောင်စီက အခါအားလျော်စွာ သတ်မှတ်သော အခွင့်အရေးများမှအပ နိုင်ငံတော်၏ ဥပဒေပါနိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများနှင့် စပ်လျဉ်းသည့်နိုင်ငံသား အခွင့်အရေးကို မြန်မာနိုင်ငံသားဥပဒေ၌ တစ်စုံတစ်ရာပြဋ္ဌာန်းထားခြင်းမရှိကြောင်း ကော်မတီက ပြောကြားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် နိုင်ငံသားဖြစ်ခြင်း၊ ပါတီတည်ထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်(သို့မဟုတ်) အမျိုးသားမှတ်ပုံတင်အမှတ်၊ ပါတီဝင်များ စည်းရုံးရာတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား (သို့မဟုတ်)နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း၊ ပါတီများအား ယခုပြင်ဆင်သည့် ဥပဒေနှင့် အညီ ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်ရန်အတွက် သင့်တော်သည့် အချိန်ကာလတစ်ခုကို ကော်မရှင်က ညှိနှိုင်းသတ်မှတ်ပေးရမည်ဟု ဥပဒေကြမ်းကော်မတီက မှတ်ချက်ပြုခဲ့သည်။ အဆိုပါဥပဒေကြမ်းအား ဆွေးနွေးရာတွင် တိုင်းရင်းသားကိုယ်စားလှယ် လေးဦး နှင့်ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၇)မှ ဦးဌေးဝင်း(ခ)ဦးဇာယာဒ်ရော်မံတို့ဆွေးနွေးခဲ့ကြပြီး ယင်းဥပဒေကြမ်းကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ထောက်ခံဆွေးနွေးခဲ့သည်။

“ကျွန်တော်တို့က ဦးဌေးဝင်း ဆွေးနွေးတဲ့အပေါ်မှာတော့ ဘာမှမဝေဖန်ချင်ဘူး။စဉ်းစားရမှာက အဲဒါတွေကို လုပ်လို့ ရသလား။ သူတို့ကို စိစစ်တာမှာ စိစစ်ခံသလား။ ဒါတွေရှိတယ်။ သူတို့ရွာတွေကို သွားစိစစ်တဲ့သူတွေ အသက်တောင်ပေးခဲ့ရတာတွေ ရှိတယ်။ ရဲတွေက အစပေါ့။ ဘယ်သူက အာမခံမလဲ။ ဘယ်တော့ပြီးမလဲ။ ဒီဥပဒေကို အတည်ပြုပြီးတဲ့နောက်ပိုင်းမှာ အဲဒီကိစ္စကိုလည်း အမြဲတမ်းလုပ်သွားရမယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားမဟုတ်တဲ့ အချို့ကတ်ပြားတွေ ရှိသေးတယ်။ အသိအမှတ်ပြုလို့ရတဲ့ဟာ အသိအမှတ်ပြုလိုက်။နိုင်ငံသားတစ်ခုတည်းပဲ ဒီနိုင်ငံရဲ့အချုပ်အခြာအာဏာဟာ ကျွန်တော်တို့ နိုင်ငံသားရဲ့လက်ထဲမှာပဲ ရှိဖို့လိုတယ်။ ဒါကြောင့် ထောက်ခံဆွေးနွေးတာပါ”ဟု ဒေါက်တာဗညားအောင်မိုးက ပြောကြားသည်။

ဦးဌေးဝင်းက “ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားတဲ့ ရှစ်သိန်းခွဲသော ပြည်သူတွေဟာ များသောအားဖြင့် ကျွန်တော့်ဒေသက မွတ်စလင်တွေဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အရွေးခံရခြင်း၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိခြင်းများကို နိုင်ငံ့ဝန်ထမ်းများလည်း ရရှိခဲ့ပါတယ်။ မဆလခေတ်မှာလည်း ရရှိခဲ့ကြောင်း၊ အခုလည်း ရရှိထားပါတယ်။ကျွန်တော်တို့ ဒီနေရာကို ရောက်ရှိလာခြင်းသည် နိုင်ငံတော်အေးချမ်းသာယာရေးကောင်စီရဲ့ မှန်ကန်တဲ့လုပ်ဆောင်ချက်ကြောင့် ရောက်ရှိလာတာပါ။ လ၀က ၀န်ကြီးဌာနကလည်း မှန်မှန်ကန်ကန်နဲ့ ဒါကြီးကို လုပ်လာခဲ့တာပါ။ကျွန်တော့်ဒေသကို ပြောပြတာပါ။ကျွန်တော့် မိသားစုဆိုရင်လည်း ၀န်ထမ်းမျိုးရိုးပါ။ ဒီရွာမှာနေခဲ့တာ ကြာပါပြီ။ ဒါကို နိုင်ငံတော်အစိုးရက သိလို့အခွင့်အရေးတွေ ပေးခဲ့တာပါ။ ၁၉၉၃ ခုနှစ်ကစပြီး အထူးစီမံကိန်းတစ်ခုနဲ့ ဒီအမျိုးသားမှတ်ပုံတင်ကတ်ကို အတင်းအဓမ္မသိမ်းပြီး အဖြူကတ်တွေ ပေးခဲ့ပါတယ်။ အဲဒီလိုပေးခဲ့လို့ အခုလိုပြဿနာ ဖြစ်နေရတာပါ။ အဖြူကတ်ပေးခဲ့တာ နိုင်ငံတော်ရဲ့ ဥပဒေတွေနဲ့လည်း မညီပါဘူး။ ရသင့်ရထိုက်တဲ့ ကတ်တစ်ခုကို အမြန်ဆုံးပြုလုပ်ပေးမှသာ ဒီကိစ္စကို ဖြေရှင်းနိုင်မှာပါ။ ဒီဥပဒေကို ကန့်ကွက်တာ မဟုတ်ပါဘူး။ဥပဒေကို အတည်ပြုပြီး ဒီလူတွေကို အသိအမှတ်ပြုတဲ့ ကတ်မထုတ်ပေးရင် အခွင့်အရေးတွေ ဆုံးရှုံးပါမယ်။
အဖြူကတ်ကိစ္စကို အမြန်ဆုံးဖြေရှင်းပြီးမှ ဥပဒေကို အတည်ပြုသင့်ပါတယ်”ဟု ဆွေးနွေးခဲ့သည်။

အဆိုပါဥပဒေနှင့်ပတ်သက်ပြီး ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာရန် ဆုံးဖြတ်ခဲ့သည်။

အမျိုးသားလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ဒေါက်တာအေးမောင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တင်သွင်းခဲ့ကြောင်း သိရသည်။

0 အကြံပြုခြင်း: