Saturday, March 8, 2014

ကြံ့ခိုင်ရေးဗဟိုမှ လိမ်လည်မှုများ


 မြန်မာသံတော်ဆင့်

ကြံ့ခိုင်ရေးအသင်း နှစ်ပေါင်း ၂၀ နီးပါး ရပ်တည်လာခဲ့ခြင်းကြောင့် အသင်းဝင် အင်အား၂၄ သန်းကျော် စာရင်းလိမ်ပြ ထုတ်ပြန်ခဲ့ခြင်းများ အပါအ၀င် တည်ထောင် သူ ဗဟိုနာယက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်ရိုက်တင်ပြ အစီရင်ခံခွင့်ရသော ကြံ့ခိုင်ရေးဗဟို အလုပ်အမှုဆောင် ထိပ်ပိုင်းမှ အောက်ခြေ ဖြစ်ရပ် ဆိုးများကို ဖုံးကွယ်၍ ထားခြင်းများအား အလိမ်ခံရသော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် ယခုအခါ ၎င်း၏ တပည့်များ အခြေအနေမှန်ကို သိရှိနေပြီဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင် အောင်မြင့်က မြန်မာသံတော်ဆင့်သို့ ထုတ်ဖော် ပြောကြား ခဲ့သည်။

““အစောကြီးကတည်းက သိတယ်၊ မင်း(မောင်ရေစက်) မရေးခင်၊ မပြောခင် ကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အဘပြောပြီးသား၊ သူအစောကြီး ကတည်းက သိနေတယ်။ နောက်တစ်ခုက သူ့လူတွေက (ဗဟိုအလုပ် အမှုဆောင် ၀န်ကြီးများ) ပေးပေါင်းတာလေ၊ ၀န်ကြီးတွေက အဘ ဘာပေးပါ၊ ညာပေးပါနဲ့ ဆိုတာ ပေးပေါင်းတော့ သူတောင်းစားပါတီ ဖြစ်သွားမယ်၊ မလုပ်ပါနဲ့တဲ့”” ဟု ကြံ့ခိုင်ရေးဗဟိုမှ လိမ်လည်မှုများကို ကြံ့ခိုင်ရေး တည်ထောင်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သိရှိနေကြောင်း ဦးခင်အောင်မြင့်က ပြောသည်။


မျိုးစောင့်ဥပဒေကိစ္စ အစိုးရ သမ္မတရုံးမှ ပေးပို့လာခြင်းအပေါ် ပြည်ထောင်စု လွှတ်တော်မှ အစိုးရအနေဖြင့် ဥပဒေမူကြမ်း ရေးဆွဲ ပြီးမှသာ လွှတ်တော် သို့ ပေးပို့ရန် ပြန်လည် ပေးပို့ခဲ့ခြင်းအပေါ် သမ္မတ၏ တာဝန်ရှိသူ တစ်ဦးက တုံ့ပြန် ပြောကြားချက်များအတွက် .......

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်က ““သူ လုပ်နေတာတွေ အများကြီးပါ။ အမျိုး ဘာသာသာသနာ ဥပဒေဆိုတာလည်း ချက်ချင်းကို မုန်လာဥလုပ်တာ။ သမ္မတကြီးက ပြဋ္ဌာန်းရန် သင့်၊ မသင့် စဉ်းစားဖို့ စာထဲမှာ၊ သူတို့က အဲဒီလိုမှ မဟုတ်တာ”” ဟု သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူများ စာထဲတွင် တစ်မျိုး၊ ပြင်ပ တွင် ပြောဆိုသည်ကတစ်မျိုး ဖြစ်နေသည့် အပေါ် မြန်မာသံတော်ဆင့်သို့ မှတ်ချက်ပြု ပြောကြားသည်။

အစိုးရ သတင်းစာများတွင်လည်း လွှတ်တော် အကြီးအကဲများနှင့် ပတ်သက်သော သတင်းနှင့် ကြော်ငြာ အချို့ကို လွှတ်တော် အကြီးအကဲ အမည်နာမကအစ တည်းဖြတ် ခဲ့ခြင်းများကို သိရှိကြောင်း သမ္မတရုံးတွင် ပြောရေးဆိုခွင့်ရှိသူ အဖြစ် ပြန်ကြားရေး ဒုဝန်ကြီးဦးရဲထွဋ် အပါအ၀င် တာဝန်ရှိသူအချို့ လုပ်ရပ်များကို ကိုယ်တိုင် ခေါ်ယူပြောဆိုရန် မထိုက်တန်၍ လျစ်လျူရှုခဲ့ကြောင်း ၊ အစိုးရတာဝန်ရှိ သူအချို့၏ မလျော်ကန်သော လုပ်ရပ်အပေါ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်က မှတ်ချက်ပြု ပြောကြား ခဲ့သည်။

0 အကြံပြုခြင်း: