Wednesday, March 19, 2014

ငွေကြေးတောင်းခံနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို ဥပဒေအရ အရေးယူသွားမည်


EMG
တရားမ၀င် ငွေကြေးတောင်းခံနေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကို
ဥပဒေအရ အရေးယူသွားမည့်အပြင် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်သွား
သည်အထိ အရေးယူမှုစီမံချက် စတင်

ပြည်တွင်း၌ ယာဉ်ထိန်းရဲတပ်ဖွဲ့တွင်မည်သည့်ရာထူးဖြစ်စေကာမူ ငွေကြေး
တောင်းခံပါက အဆိုပါဝန်ထမ်းအား ဥပဒေအရ အရေးယူသွားမည့်အပြင်
ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်သွားသည်အထိ အရေးယူမှု စီမံချက်ကို
စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊
ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးကြီး ကျော်ထွေးက
မတ် ၁၈ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် စည်းကမ်းမဲ့ယာဉ်များကို
ဖမ်းဆီးစစ်ဆေးအရေးယူရာ၌ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများ
ထံမှ ဥပဒေနှင့်အညီ စနစ်တကျပညာပေးခြင်း၊ အရေးယူခြင်းမျိုး
မပြုလုပ်ဘဲ ငွေကြေးရယူကာ စည်းကမ်းမဲ့ငွေတောင်းခံနေမှုများကို
ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

"ကျွန်တော့်ရဲ့တပ်ဖွဲ့ဝင်တွေအများစုက အနိမ့်ဆုံးတက္ကသိုလ်ဝင်စာမေးပွဲ
အောင်မြင်ပြီးသားသူတွေဖြစ်တယ်။ ၀န်ထမ်းတွေအနေနဲ့ မိမိရဲတပ်ဖွဲ့ရဲ့
ဂုဏ်သိက္ခာကို စောင့်ထိန်းဖို့ လိုအပ်တယ်။ ယာဉ်မောင်းတွေ၊ ယာဉ်နောက်
လိုက်တွေဆီက တရားမ၀င်ငွေကြေးတွေ တောင်းခံ
နေတဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို ထိရောက်စွာ အရေးယူ
သွားပါမယ်။ ပြည်သူတွေအနေနဲ့လည်း ဒီလိုစည်းကမ်းမဲ့ ၀န်ထမ်းတွေကို
တိုင်ကြားဖို့ လိုအပ်ပါတယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ယာဉ်ထိန်းရဲ
တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဖြစ်သူရဲမှူးကြီး ကျော်ထွေး
က ပြောကြားသည်။

ထို့အပြင် ယခုနှစ်အတွင်း ယာဉ်ထိန်းရဲအယောင်ဆောင်ကာ ငွေတောင်းခံ
နေသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

"ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ မနက်ရော၊ ညပိုင်းတွေပါ
ယာဉ်တွေကိုစစ်ဆေးပြီး အရေးယူဆောင်ရွက်တဲ့ အချိန်တိုင်း
မှာ အနည်းဆုံး ၀န်ထမ်းသုံးဦးကနေ ငါးဦးပါဝင်တယ်။ ၀န်ထမ်း
ယူနီဖောင်းကလည်း အပြည့်အစုံ ၀တ်ဆင်ရတယ်။ တစ်ယောက်တည်း
 ယာဉ်တွေစစ်နေပြီး ငွေကြေးတောင်းခံနေရင်တော့ ဒီဝန်ထမ်းက
 အယောင်ဆောင်ဖြစ်ဖို့များတယ်။ အဲဒီတော့ ပြည်သူတွေအနေနဲ့
သတိထားဖို့လိုသလို သက်ဆိုင်ရာရဲစခန်းကိုလည်း အကြောင်းကြားဖို့
လိုအပ်တယ်။ အဲဒီလိုယာဉ်ထိန်းအတုယောင်ဆောင်ခဲ့တဲ့ သူတွေ
ကိုလည်း အရေးယူထားပါတယ်" ဟု အမှတ် (၂) ယာဉ်ထိန်း
ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်က ပြောကြားသည်။


0 အကြံပြုခြင်း: