Saturday, March 1, 2014

ဒေါ်တင်ဝင်း သောင်းဂဏန်း ပမာဏ မကိုင်ရတာကြာပါပြီ



 The Modern News Journal
Author- စန်းယု
မန္တလေး ဖေဖော်ဝါရီ ၂၅

အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်တင်ဝင်းတစ်ယောက် သူ့ဘ၀မှာ ပိုက်ဆံကျပ်သောင်းဂဏန်းဆိုတဲ့ပမာဏကို လက်ထဲမှာကိုင်မသုံးဘူးတာ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်ရှိပါပြီ။ ဇရာရဲ့သင်္ကေတတွေ လက္ခဏာတွေ စတင်ပြည့်စုံစပြုနေတဲ့ ဒေါ်တင်ဝင်းဟာ ခ၀ါသည် လုပ်လိုက်၊ သဲတောင်းရွက်သူလုပ်လိုက်၊ အမှိုက်စွန့်ပစ်ပေးသူလုပ်လိုက်နဲ့ ဘ၀ကို ဖြတ်သန်းခဲ့ရင်း ရုန်းကန်နေရပါတယ်။ သမီးတစ်ယောက်ရှိပေမယ့် ဒေါ်တင်ဝင်းဟာ ကိုယ့်ဘာသာကို တစ်ယောက်တည်းနေထိုင်ပါတယ်။

ငွေတွင်းနက်နက်

“ ၈၈ အရေးခင်းနောက်ပိုင်း အဆင်မပြေဘူး။ သောင်းဂဏန်းပိုက်ဆံ မကိုင်ဖူးဘူး။ နှစ်ပေါင်းအစိတ်အတွင်းမှာ။ တစ်ထောင်တန်ဆိုတာအများဆုံးပဲ။ ဘ၀မှာငွေရှာရတာတော်တော်ခက်တယ်။ အသက်ကြီးလေ ခက်လေပဲ” ဒေါ်တင်ဝင်းက သူနဲ့ ပိုက်ဆံ အလှမ်းဝေးနေခဲ့တာကို ပြောပါတယ်။
အဲသည်လိုပြောပြီး အဝေးကိုငေးကြည့်နေတယ်။သူစဉ်းစားနေပုံရတယ်။ တအောင့်အကြာမှာတော့တစ်စုံတခုကို အမှတ်ရပြီး အခုလိုဆက်ပြောပါတယ်။

“ ဆံပင်ဖြတ်ရောင်းတုန်းကရယ်။မြေးငယ်လေး အဝေးလိုက်ပြီး အလုပ်လုပ်တုန်းက ကန့်တော့တုန်းကတော့(ကျပ်) တစ်သောင်းကျော်လောက်ကိုင်ဖူးတယ်။ ကြပ်တည်းတုန်းကယူထားတဲ့ အကြွေးတွေပြန်ဆပ်လိုက်လို့ ကြာကြာမကိုင်လိုက်ရဘူး”
လက်ရှိ အစိုးရဟာ ဆင်းရဲမွဲတေမှု လျော့ချရေးကိုဆောင်ရွက်နေတယ်လို့ နိုင်ငံပိုင် မီဒီယာတွေမှာ မကြာခဏဖော်ပြနေပါတယ်။ ဒါပေမယ့် အဲသည်ဆင်းရဲမွဲတေမှုလျော့ချရေးဟာ ဒေါ်တင်ဝင်း အပါအ၀င် သက်ကြီးရွယ်အိုတွေရဲ့ စားဝတ်နေရေး ကို ယခုအချိန်ထိ အကျိုးသက်ရောက်မရှိသေးပါဘူး။
၈၈ အရေးခင်းပြီး တပ်မတော်အစိုးရ၊ ၂၀၁၀ နောက်ပိုင်းတက်လာတဲ့ ဦးသိန်းစိန် အစိုးရ တွေရဲ့ ကူညီမှု ထောက်ပံ့မှု တွေကို အသက် ၇၀ ရှိပြီဖြစ်တဲ့ ဒေါ်တင်ဝင်းတစ်ယောက် မရရှိခဲ့သေးဘူးလို့ဆိုပါတယ်။

ဆံပင်စုဗူး

ဒေါ်တင်ဝင်းအတွက် သူ့ဦးခေါင်းကဆံပင်တွေက သူ့စားဝတ်နေရေးအတွက် စုဗူးတစ်ခုပါ။ဆံပင်ရှည်လာရင် ကတုံးတုန်းပြီးရောင်းစားရပါတယ်။အခုဆိုရင် သူ့ဦးခေါင်းမှာ ဆံပင်ဖြူ၊ ဆံပင်နက် ရောရာတွေဟာ လက်တစ်ထွာလောက်ရှိနေပါပြီ။တစ်ထွာလောက်ရှိနေတဲ့ဆံပင်တွေကို စုကာ လုံးကာ ပြီးလွယ် စီးလွယ်ထုံးထားပါတယ်။ ဒေါ်တင်ဝင်းရဲ့ဆံပင်တွေဟာ သူ့ဆည်းဆာဘ၀ဖြတ်သန်းချိန်အတွက် စုဗူးသဖွယ်ဖြစ်နေပါတော့တယ်။
တိမ်ကောစပြုနေတဲ့ ဧရာဝတီမြစ်ရဲ့မြစ်လက်တက်ကမ်းနားဘေး မန္တလေးမြို့ မန်းကျည်းပင်ဆိပ်ကမ်း အနီးမှာ တဲအိမ်ငယ်အချို့ ဟိုတစ ဒီတစရှိနေပါတယ်။ကျူးကျော်တဲတွေပါ။ အဲသည်ကျူးကျော်တဲတွေထဲမှာ ဒေါ်တင်ဝင်းရဲ့ ခြောက်ပေပတ်လည် လူတစ်ယောက်အိပ်စာ တဲငယ်လေးလည်းပါဝင်ပါတယ်။ ၈၈ အရေးခင်းမတိုင်ခင်က သူဟာ ဒီဆိပ်ကမ်းအနီးမှာကိုယ်ပိုင်အိမ်နေထိုင်ခဲ့ပေမယ့် မြို့ပတ်ကမ်းနားလမ်းစီမံကိန်းကြီးကြောင့် သူ့အိမ်အပါအ၀င် ရပ်ကွက်တခုလုံး ဖျက်ဆီးခံလိုက်ရပါတယ်။ အဲသည်အချိန်ကစပြီး မန်းကျည်းပင်ဆိပ်ကမ်းလို့ခေါ်တဲ့ အဲသည်ကမ်းနားဘေးတစ်ဝိုက်မှာ သူ့အိမ်လေးကို ဟိုနားရွှေ့လိုက် ဒီနားရွှေလိုက် ဆောက်လိုက် ဖျက်လိုက်လုပ်ရင်း နေထိုင်လာတာ ၂၅ နှစ်ကျော်ရှိလာပါပြီ။

“ အိမ်ကိုဝါးလုံးတိုလေး လေးတိုင်စိုက်၊ အပေါ်ကတန်းပစ်ပြီး မိုးကာအစုတ်လေး မိုးလိုက်တာပဲ။မိုးရာသီဆို မိုးမလုံဘူး။ ကိုယ်ဖာကိုဆောက်ရတာ။ ပိုက်ဆံမကုန်ဘူး” လို့ ဒေါ်တင်ဝင်းက သူ့တဲလေးရှေ့မှာ မတ်တပ်ရပ်ရင်းပြောပါတယ်။

သံမပါတဲ့အိမ်

ဒေါ်တင်ဝင်းက သူကွန်းခိုရာနေရာကို အိမ်လို့ညွှန်းဆိုပေမယ့် မြင်တွေ့ရသူအဖို့မှာတော့ တဲလို့တောင် အဓိပ္ပါယ်ဖွင့်ဆိုဖို့ခက်ပါတယ်။ သူ့အိမ်ဟာ ဆောက်ထားတာ သံတစ်ချောင်းမှ မပါဝင်ပါဘူး။ သံနဲ့တွဲရမယ့်နေရာ၊ သံရိုက်ရမယ့်နေရာတွေကို ပလပ်စတစ်(ပီနန်) ကြိုးဟောင်းတွေနဲ့ပဲ တွယ်ဆက် ချိတ်ထားတာပါ။ အခုလိုအိမ်ပုံစံမျိုးကိုပဲ ဟိုရွှေ့ ဒီရွှေ့ ဆောက်လိုက် ဖျက်လိုက် လုပ်လာတာအနည်းဆုံး အကြိမ် နှစ်ဆယ်အောက်ထစ်ရှိပြီလို့ သူကဆိုပါတယ်။

အသက်ရွယ်ရလာပြီ ဖြစ်တဲ့ ဒေါ်တင်ဝင်းဟာ အခုအခါ အရင်ကလို ခ၀ါသည် အလုပ်ကို မလုပ်နိုင်တော့ပါဘူး။ နေ့စဉ်ဝမ်းရေး ဖြေရှင်းဖို့အတွက် အနီးနားဝန်းကျင် အိမ်တွေက အမှိုက်တွေကို အမှိုက်ပုံဆီကို စွန့်ပစ်ပေးရတဲ့ အမှိုက်ပစ်အလုပ်ကိုပဲ လုပ်ကိုင်နိုင်ပါတော့တယ်။ ဇရာကြောင့် မျက်စိတွေေ၀၀ါးလာ၊ခန္ဓာကိုယ်ကလေးလံထိုင်မှိုင်းလာပြီဖြစ်ပါတယ်။
“ မျက်စိကမှုန်နေပြီ။ လမ်းကလည်းသိပ်မလျှောက်နိုင်တော့ဘူး။ အမှိုက်ပစ်ပေးပြီးစားရတာပေါ့။ နှစ်ရာလောက်ရှိရင်ဆိုင်မှာ ထမင်းဆီဆမ်းလေးနဲ့ ဆိုင်ကချပေးတဲ့ အချဉ်လေးနဲ့ စားလိုက်တာပဲ။ ည မနက်ဆို လေးရာရှိရင် အဆင်ပြေသွားတာပဲ” လို့ နေ့စဉ်ဝမ်းရေးဖြေရှင်းနေရပုံကို ဒေါ်တင်ဝင်းကပြောပါတယ်။နေ့စဉ် ဆိုင်မှာပဲဝယ်ယူစားသောက်နေရတာမို့ သူ့မှာ အိုးခွက် ပန်းကန်တွေမရှိဘူးလို့ ဆိုပါတယ်။

စပ်ဆေးပဲအားထားစရာ

နေ့စဉ်ပုံမှန်ဝင်ငွေမရှိတာ၊ ၀င်တဲ့ငွေဟာလည်း ကျပ်တစ်ထောင်အောက်ပဲရှိနေတာကြောင့် ဒေါ်တင်ဝင်းဟာ မမာမကျန်းဖြစ်ရင် ဆေးခန်းမသွားနိုင်ပါဘူး။ နီးစပ်ရာဆေးဆိုင်ကပဲ အစုံထုပ်ဆေး(စပ်ဆေး) ကိုဝယ်သောက်ပြီး ဖျားမှု နာမှုတွေကိုဖြေရှင်းနေရပါတယ်။
“ဆေးတိုက်မသွာနိုင်ဘူး။ သွားစရာပိုက်ဆံလည်းမရှိဘူး။ အစုံထုပ်နှစ်ရာပေးရတယ်။ အဲဒါဝယ်သောက်လိုက်တယ်။ အစုံထုပ်က သောက်ရင် ရင်တွေပူပြီးခံရတာ။ ဒါပေမယ့် နေတော့ ပြန်ကောင်သွားတယ်” လို့ ပြောရင်း ဒေါ်တင်ဝင်း မျက်လုံးတွေဟာ မလှမ်းမကမ်းကိုငေးကြည့်နေတယ်။
ဒေါ်တင်ဝင်းငေးကြည့်တဲ့နေရာကတော့ စည်ပင်သာယာပိုင် မြေကြိတ်ကားကြီးတစ်စီးဟာ မြေတွေကို ညက်နေအောင်ကြိတ်နေတဲ့နေရာပါ။ အနာဂတ်စီမံကိန်းတစ်ခုအတွက် မြေယာပြုပြင်မှုလုပ်နေတာဖြစ်ပါတယ်။ အရင်တုန်းက ဒေါ်တင်ဝင်းတို့လို ကျူးကျော်သူတွေ နေခဲ့တဲ့နေရာလေးဖြစ်ပါတယ်။

အ၀တ်အစားလေးစုံ

လက်ရှိပိုင်ဆိုင်မှု ဘာတွေရှိလဲလို့ မေးမြန်းကြည့်တဲ့အခါ ဒေါ်တင်ဝင်းက “ ဘာမှမရှိဘူး” လို့ အသံခပ်တိုးတိုးလေးနဲ့ ဖြေကြားပါတယ်။ ပြီးမှဆက်ပြီး “ အ၀တ်စားလေးစုံရှိတယ်။ အဟောင်းတွေချည်းပဲ။တစ်စုံကတော့ နည်းနည်းလတ်တယ်။ အဲဒါက သေရင်လွှမ်းဖို့ သိမ်းထားတာ” လို့ ပြောပါတယ်။ဒေါ်တင်ဝင်းရဲ့မျက်လုံးတွေဟာ ညှိုးငယ်နေတာကိုတွေ့ရပါတယ်။
ဒေါ်တင်ဝင်းရဲ့ သက်ကြီးဆည်းဆာဘ၀ဟာ ကြမ်းတမ်းတယ်။ နေမကောင်းရင်ဆေးခန်းမသွားနိုင်၊ ထမင်းနဲ့ ဟင်းတွဲဖက်မစားနိုင်၊ ကိုယ်ပိုင်ကျောတခင်းစာနေရာမရှိနိုင် စတာတွေကြောင့် ဒေါ်တင်ဝင်းတစ်ယောက် စိတ်ကျတာမျိုး မကြာခဏကြုံတွေ့နေရပါတယ်။

သေသော်မှတည့်သြော်ကောင်း၏

“ တစ်ခါတစ်ခါသေတာမှကောင်းသေးတယ်လို့တွေးနေမိတယ်။အမလေး သူများသေမယ့်အစား ကိုယ်ပဲရောသေလိုက်ရင်ကောင်းမယ်လို့ စိတ်ကူးမိတယ်။ နေရာဖယ်ဖို့ နှင်တဲ့အခါမျိုးမှာစိတ်ညစ်ရတာပေါ့” လို့ ပြောပါတယ်။
ဒေါ်တင်ဝင်းက သူစိတ်ဓာတ်ကျဆင်းခဲ့ရပုံတွေကိုပြောပြီး မလှမ်းမကမ်းကို လှမ်းကြည့်ပြန်ပါတယ်။ စည်ပင်က မြေညှိကား အလုပ်လုပ်နေတာကိုကြည့်တာပါ။ အဲသည့်နေရာကို စီမံကိန်းတစ်ခုခု လာရင် ဒေါ်တင်ဝင်းတို့ နေထိုင်ရာ ကျူးကျော်တဲတွေ ထပ်ပြီး အပြီးပြောင်းရွှေ့ပေးရမယ်လို့ သတင်းတွေထွက်နေပါတယ်။

“ ဘယ်နေလို့ ဘယ်ရွှေ့ရမှန်းမသိဘူး။ ဒီကနှင်မှာကို ကြောက်တယ်။နှင်ရင်စိတ်ဆင်းရဲရမှာ။ စိတ်ထပ်ပြီးစိတ်မဆင်းရဲချင်တော့ဘူး။ မနှင်ခင် နိဂုံးချုပ်ချင်တယ်” လို့ ဒေါ်တင်ဝင်းက ပြောပါတယ်။ အဲသည်လိုပြောလိုက်ချိန်မှာ သူဟာမျှော်လင့်ချက်ကင်းမဲ့နေတာကိုတွေ့ရပါတယ်။
မထင်တော့ပါဘူး

ဒေါ်တင်ဝင်းဟာ သူမသေခင်မှာ ဆန္ဒနှစ်ခုရှိပါတယ်။ ကိုယ်ပိုင်နေစရာလေးတစ်ခုရဖို့နဲ့ လက်ရှိသူမှာတင်ရှိနေတဲ့ အကြွေးတစ်ထောင်ကျော် ပြန်ဆပ်နိုင်ဖို့ပါ။
“ ကိုယ်မသေခင် ကိုယ်ပိုင်ကျောတခင်းစာနေရာလေးပိုင်ချင်တယ်။ အစိုးရကကူညီမယ်ဆိုရင်ကောင်းတာပေါ့” လို့ ပြောပြီး ဒေါ်တင်ဝင်းအသံဟာ တိမ်ဝင်သွားတယ်။

ပြီးမှ ယခုလိုဆက်ပြောပါတယ်။

“ မထင်တော့ပါဘူး”

0 အကြံပြုခြင်း: