Wednesday, March 5, 2014

သံဃမဟာနာယကနှင့် ပီနန် ဆရာတော်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွား

The Voice Weekly

မဟာသန္တိသုခကျောင်းမှ သံဃာများကို ဖယ်ရှားပါက သံဃမဟာနာယက အဖွဲ့ကို တရားဥပဒေအရ ရင်ဆိုင်မည်

နိုင်ငံတော် သံဃမဟာနာယကနှင့် ပီနန် ဆရာတော်တို့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေသော မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံးနေသော သံဃာတော်များကို ဖိအားပေး ဖယ်ရှားပါက နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ကို တရားဥပဒေအရ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း အဆိုပါကျောင်းတွင် သီတင်းသုံး နေထိုင်သူ ဆရာတော် အရှင်စန္ဒာသီရိက မိန့်ကြားသည်။

မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သော သံဃာတော်များကို ဖယ်ရှားပေးရန် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က အကြောင်းကြားလာခြင်းနှင့် ပတ်သက်ပြီး မတ်လ ၄ ရက်နေ့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဆရာတော်က အထက်ပါအတိုင်း မိန့်ကြားခြင်း ဖြစ်သည်။

“ကျောင်းထိုင် သံဃာတွေကို ဖိအားပေး ဖယ်ရှားမယ်ဆိုရင် ကျောင်းတိုက်ကို ဘယ်သူ ပိုင်တယ်ဆိုတာ အထောက်အထားတွေနဲ့တကွ တရားရုံးမှာ ရင်ဆိုင်သွားမယ်” ဟု ဆရာတော်က ဆိုသည်။

ယင်းသို့ ကျောင်းထိုင် သံဃာတော်များ ဖယ်ရှားခြင်းကိစ္စကို လာရောက် တွေ့ဆုံညှိနှိုင်းရန် ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့က အကြောင်းကြားစာ များကို ဖေဖော်ဝါရီလ ၁၄ ရက်နှင့် ၂၂ ရက်နေ့တွင် နှစ်ကြိမ်တိုင် ပေးပို့ထားသော်လည်း လာရောက် တွေ့ဆုံနိုင်ခြင်း မရှိဟု အကြောင်းပြန်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး သံဃနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးဂုဏာလင်္ကာရက မိန့်ကြားသည်။
“နိုင်ငံတော်က ခိုင်းတဲ့အတိုင်း သုံးကြိမ်တိတိ လာတွေ့ဆုံဖို့ ခေါ်မယ်။ ပြီးရင်တော့ လာရောက် မတွေ့ဆုံတဲ့အကြောင်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို တင်ပြသွားမှာပါ။ သူတို့ ဘယ်လိုဆက်ပြီး ဆုံးဖြတ်မလဲ ဆိုတာတော့ မသိဘူး” ဟု ဆရာတော် အရှင်စန္ဒာသီရိက မိန့်ဆိုသည်။

အဆိုပါ မဟာသန္တိသုခ ကျောင်းတိုက်မှာ ပီနန်ဆရာတော်က မူလပိုင်ဆိုင်သည်ဟု ဆိုသော်လည်း နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ကမူ နိုင်ငံတော်မှ ပိုင်ဆိုင်ကြောင်း သာသနာရေး ဝန်ကြီးဌာနကတစ်ဆင့် ထုတ်ပြန် ပြောဆိုထားသည်။

အဆိုပါ သံဃမဟာနာယက အဖွဲ့က ကျောင်းထိုင် သံဃာတော်များကို ဖယ်ရှားရန် ကြိုးပမ်းခြင်းကို ဝင်ရောက် ဖြေရှင်းပေးရန် အတွက် နိုင်ငံတော်သမ္မတထံသို့ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် မေတ္တာရပ်ခံစာ ပို့ထားပြီး ဖြစ်ကြောင်း မဟာသန္တိသုခ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်သော သံဃာတော်များထံမှ သိရသည်။

ဥူးပဇင်းနှင့်အမေစုကြားမှဆရာတော်မှာပြည်ပသာသနာပြုပီနန်ဆရာတော်ကြီးဖြစ်သည်။

0 အကြံပြုခြင်း: