Monday, March 31, 2014

မန္တလေးရဲ့အနာဂတ်




မန္တလေးမြို့ရဲ့လာမယ့် အနှစ် ၃၀ကာလ မြင်ကွင်းကို ယခုစာဖတ်နေသူ မြင်ယောင်ကြည့်ဖူးပါသလား။ မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်စိုးစံခဲ့သော ယဉ်ကျေးမှုမြို့တော်မန္တလေးရဲ့နောင်လာမည့် အနှစ် ၃၀ ကာလအတွင်းကို ပုံဖော်ကြည့်ကြပါစို့။ အမှန်စစ်စစ် မန္တလေးမြို့၏ အနာဂတ်နှစ် ၃၀ အတွက် ဖြစ်လာမည့် မြင်ကွင်းများက လွန်ခဲ့သော နှစ် ၃၀ ခန့်ကတည်းက စတင်ပုံဖော်နေခဲ့ပြီဖြစ်သည်။

တကယ့်မန္တလေး

၁၉၈၄ ခုနှစ်မတိုင်မီ မန္တလေးသည် ဘုရင်ထီးနန်းစိုက်ခဲ့သည့် မြို့တော်ပီပီ ထီးဆန်၊ နန်ဆန်ခဲ့သည်။ မြို့လူနေမှု အသိုက်အ၀န်းတွင်း ယဉ်ကျေးမှုများ၊ အနုပညာများ ထုံမွှန်းဝေစည်ခဲ့သည်။ မြို့ပြဖွဲ့စည်းပုံသည် လည်း လေးထောင့်စပ်စပ်၊ အကွက်ကျကျ၊ အပြတွေ၊ ၀င်းတွေထဲမှာ မန္တလေးဟန်၊ မန္တလေးစံတွေရှိခဲ့သည်။ သမိုင်းဝင်ဈေးချိုတော်မှ ဈေးသည်များ၏ ရင်းနှီးဖော်ရွေမှုများ၊ ယဉ်ကျေးသည့် ကုန်သွယ်ကူးလူးဆက်ဆံမှုများ ရှိခဲ့ဖူးသည်။ တကယ့် ပီဘိ မန္တလေးသူ၊ မန္တလေးသားတွေ နေထိုင်ခဲ့ကြဖူးသည်။ ဒီကနေ့ မန္တလေးသည် အတိတ်က မန္တလေးကို ဖြတ်ကျော်ဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်။ မန္တလေး၏ အတိတ်သမိုင်း၊ ပုံရိပ်များ အိမ်နီးချင်း ဂန္ဓလရ်တိုင်းသားတို့က တဖြည်းဖြည်းနှင့်လွှမ်းမိုးလာခဲ့လေပြီဖြစ်သည်။

ဖီးနစ်မန္တလေး

မန္တလေးမြို့သည် မီးမြို့တော်တစ်ခုဖြစ်သည်။ မကြာခဏ မီးလောင်တတ်သောကြောင့် မီးမြို့တော် အမည်တွင်ခဲ့ရခြင်းဖြစ်သည်။ မီးသည် မန္တလေး၏ယဉ်ကျေးမှု၊ ဓလေ့စိုက်တို့အပြင်၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်း ဆိုင်ရာတွေကို ပြောင်းလဲပစ်ခဲ့ဖူးသည်။ မန္တလေးမြို့၏ မိးလောင်မှုများထဲတွင် နာမည်ကျော်ဦးကျားကြီးဝင်း မီးသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ ၁၉၈၄ ခုနှစ်တွင် လောင်ကျွမ်းခဲ့သည့် ယင်းဦးကျားကြီးဝင်းမီးသည် မန္တလေးမြို့ရှိ ရာပေါင်းများစွာသော အဆောက်အဦးများကို ၀ါးမြိုပစ်ခဲ့သည်။ ဒေသခံများစွာကို ဆင်ရဲတွင်းထဲ တွန်းပို့စေခဲ့သည်။ မန္တလေးမြို့သည် မြို့ပျက်တစ်ခုအလား ရစရာမရှိအောင် ပျက်စီးပြာကျသွားခဲ့သည်။ သို့သော် အချိုတိုအတွင်း မီးလောင်ပြင်နေရာများတွင် လောင်ကျွမ်းခံခဲ့ရသည် ထရံကာ၊ကတ်မိုး အဆောက် အအုံတွေအစား ကုတ်ကာသွပ်မိုးအဆောက်အအုံတွေ အပြိုင်အရိုင်း ပေါ်ထွန်းလာခဲ့လေတော့သည်။ စာရေးဆရာကြီး မြသန်းတင့်ကပင် မီးပုံထဲက ပြန်ထခဲ့သောမြို့အဖြစ် ယူဆတင်စားခဲ့ဖူးသည်။ ဖီးနှစ်ငှက် တစ်ကောင်ပမာ မန္တလေးက ပင်ကိုယ်အတိုင်း ပြန်လည်နိုးထခဲ့လေသလား။

အရွေ့မန္တလေး

မန္တလေးမြို့သည် မီးပုံထဲက ပြန်လည်ထမြောက်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် အရာရာက မယုံကြည်နိုင်လောက်အောင် ပြောင်းလဲပြီးမှ နိုးထလာခဲ့လေတော့သည်။ ဖီးနှစ်ငှက်သည်မီးအရှိန်ကြောင့် အသားအရေဖြူဖတ်ဖြူရော် ဖြစ်ခဲ့သည်။ မီးအရှိန်ကြောင့် ၀တ်စားမှုပုံစံ၊ နေထိုင်မှုပုံစံတစ်မျိုး ဖြစ်လာခဲ့သည်။ ၄င်းအပြောင်းအလဲက အခြားမဟုတ်။ မန္တလေးနဲပသိပ်မဝေးကွာလှသော အရှေ့မြောက်အိမ်နီးချင်း တိုင်းတစ်ပါးသားတွေက တစိမ့်စိမ့် ၀င်ရောင်နေရာယူလာခြင်းပင်ဖြစ်သည်။
စီမံခန့်ခွဲမှုညံ့ဖျင်းသော၊ အုပ်ချုပ်ရေးဖရိုဖရဲဖြစ်သော ၁၉၈၈ခု နောက်ပိုင်းမှာ မန္တလေးရဲ့မြင်ကွင်း၊ မန္တလေးရဲ့ဝတ်စားဆင်ယင်မှု၊ မန္တလေးရဲ့ စီးပွားရေး၊ မန္တလေးရဲ့အစားအစာ၊ မန္တလေး….၊ မန္တလေးရဲ့….. တွေက သိသိသာသာကြီး အရွေ့တစ်ခုဖြစ်ခဲ့သည်။ ခြေမျက်စိဖုံးသည်အထိ ထမီဝတ်၊ ရွှေခြေကျင်းဝတ်သည့် အမျိုးသမီးတွေနေရာတွင် ဘောင်ဘီတို့၊ စကတ်တိုတွေ ဖြစ်လာသည်။ အကို၊ အမ နေရာတွင် သာဂေါတွေ၊ ကျဲကျဲတွေ ဖြစ်လာသည်။ မန္တလေးဟန်၊ မန္တလေးစံ၊ မန္တလေး ရနံ့စသည့် မန္တလေးပေါင်းများစွာတွေ မှေးမှိန် ကုန်ကြသည်။ မန္တလေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ ဒုတိယ မြို့တော်အဖြစ်ပင် တင်စားခေါ်ဝေါ်လာကြ သည်။

လက်ရှိမန္တလေး

မန္တလေး၏ အဓိကစီးပွားရေးများထဲတွင် အိမ်ခြံမြေ၊ ကျောက်စိမ်း၊ ကုန်သည်ပွဲစားလုပ်ငန်းများ ပါဝင်သည်။ ထိုလုပ်ငန်းတွေမှာ အရင်းအနှီးများများ၊ အဆက်အသွယ်ကောင်းကောင်းဖြင့် လုပ်နေသူအများစု ထဲတွင် သိသိသာသာရော။ နောက်ကွယ်ကပါ ပါဝင်နေသူများက တရုတ်လူမျိုးတွေဖြစ်သည်ဟု မြို့ခံစီးပွားရေး လုပ်ငန်းရှင်အချို့က မှတ်ချက်ပေးကြသည်။ မြေဈေးက တက်လိုက်ကျလိုက်ဖြစ်နေသည်။ တခြားကြောင့် မဟုတ် တရုတ်က ဈေးကောင်းပေးဝယ်ခြင်းကြောင့်ဟု ဆိုကြသည်။ ကျောက်စိမ်းအရောင်းအ၀ယ်မကောင်း ဖြစ်သည်။ တရုတ်နိုင်ငံသားများ ပြည်တော်ပြန်နေကြသောကြောင့် ဖြစ်သည်။ မန္တလေးမြို့၏ စီးပွားရေးလုပ်ငန်း ကို အိမ်နီးချင်းတရုတ်က ချယ်လှယ်နေသည့်သဘောပင် ဖြစ်သည်။
နှစ်ပေါင်းများစွာ မန္တလေးကို စွန့်ခွာခဲ့သူတစ်ဦးသည် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာပါက သိခဲ့ မီခဲ့သည်များကိုပင် မှတ်မိလိမ့်မည်မဟုတ်။ တွေ့မြင်ရလိမ့်မည်မဟုတ်တော့ပေ။ အရာအားလုံးနီးပါး ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ မြို့တွင်းအကွက်အကွင်းများ၊ အထင်ကရနေရာများတွင်ရှိသော အိမ်ကြီး၊ အိမ်ကောင်းများ၏ ပိုင်ရှင်များသည် မန္တလေးသူ/သားများ မဟုတ်တော့။ မျက်ရစ်မပါ၊ အသားဖြူဖြူ ဂွင်းထိုးဖိနပ်စီးပြီး ကားကောင်းကောင်းမောင်းနှင်နေကြသော တရုတ်နိုင်ငံသားများ ပိုင်ဆိုင်သည့် နေရာများ ဖြစ်သွားခဲ့ကြသည်။ ထင်ရှားသည့် အမှတ်အသားက အနီရောင် စက္ကူပေါ်တွင် ရွှေရောင်ဖြင့် ရေးထိုးထားသည့် ဘီးသီးပေါင်းကြော် သဏ္ဍန်ဘာသာစကားများကို ခပ်စိပ်စိပ်မြင့်လာခဲ့ကြရသည်။ မန္တလေးသူ၊ မန္တလေးသား အများစုကတော့ လက်ရှိနိုင်ငံရေး၊ စီးပွားရေးအခြေအနေ ညံ့ဖျင်းမှုများကြောင့် ကြံ့ကြံ့မခံနိုင်ဘဲ နှစ်ပေါင်းများစွာ ရေရှား၊ မီးမရှိ၊ လမ်းမကောင်းသည့် မြို့အစွန်မြို့သစ်ဖက်များသို့ ရောက်ရှိသွားပေတော့သည်။

အနာဂတ်မန္တလေး

နှစ် ၃၀ အတိတ်ကို ပြန်ကြည့်ပါက နောင်လာမည့် နှစ်၃၀ အတွက် မန္တလေးမြို့၏ မြင်ကွင်းကို စာဖတ်သူမှန်းဆကြည့်နိုင်ပြီဖြစ်ပါသည်။ ပြောင်လဲလာတဲ့ အရှိန်နှုန်းထားကလည်း လွန်ခဲ့သည့် နှစ် ၃၀ အတွင်းကာလ အရှိန်နှုန်းထက် မလျော့နိုင်ဟု မှန်းဆလို့ရသည်။ နောင်အနှစ် ၃၀ တွင် မန္တလေးမြို့သည် ယခုထက်ပိုမိုပြီး ဘောင်ဘီတို၊ စကတ်တိုများ မြင်တွေ့ရနိုင်သည်။ အလုပ်ရရှိလိုပါက လိုအပ်သောအရည် အချင်းတွင် တရုတ်ဘာသာစကားတတ်ကျွမ်းရမည်ဆိုသည် အချက်ပါဝင်လာနိုင်သည်။ တရုတ်တန်းဈေးများ တစ်ခုထက်မက ပိုရှိလာနိုင်သည်။ နဂါးအကများ ခပ်စိပ်စိပ် မြင်တွေ့လာရနိုင်သည်။ အဆုံးစွန်မှာ မြန်မာနိုင်ငံ နောက်ဆုံးဘုရင်စိုးစံခဲ့သော မန္တလေးမြို့ ကျုံးနှင့် နန်းတော်တွင် တရုတ်အမှတ်တံဆိပ်ပါ၊ တရုတ်နိုင်ငံလုပ် အလှမီးပုံးလေးတွေ ချိတ်ဆွဲ
အလှဆင်လာဖွယ်ရှိသည်။
မန္တလေးကို မြန်မာနိုင်ငံ၏ နောက်ဆုံး ယဉ်ကျေးမှုခံတပ်မြို့ဟု ခေါ်တွင်သတ်မှတ်ခဲ့ကြသည်။ မန္တလေး သည် ၁၈၈၅ ခုက အင်္ဂလိပ်လက်အောက် ကျဆုံးခဲ့ဖူးသည်။ ခံတပ်သည် မလုံခြုံခဲ့ဟု ဆိုနိုင်သည်။ အနာဂတ် မန္တလေး၏ လက်ကျန်ယဉ်ကျေးမှု ခံတပ်လုံခြုံအောင် မကျဆုံးအောင် ကာကွယ်စောင့်ရှောက်ရန်အတွက် မန္တလေးမြို့ခံတိုင်းတွင် တာဝန်ရှိပေသည်။

မောင်ဥာဏ
မန္တလေးခေတ် ဂျာနယ်
အတွဲ(၁) အမှတ်(၄)

0 အကြံပြုခြင်း: