Wednesday, March 12, 2014

ဥပဒေတစ်ရပ်မှာ မျက်နှာဘယ်နှဖက် ရှိသလဲ



ရွှေသံလွင်အပါအဝင် အင်အားကြီး စီးပွားရေးကုမ္ပဏီကြီးများ က နိုင်ငံအတွင်း သို့ မှောင်ခို လမ်းကြောင်းမှ စက်သုံးဆီများခိုးသွင်းနေကြောင်း သက်သေ အထောက်အထား များနှင့်တကွ ၂၀၁၂ နိုဝင်ဘာ အတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က လွှတ်တော်တွင် ဖော်ထုတ်ခဲ့သည်။

သို့သော် စက်သုံးဆီမှောင်ခိုမှုဖြင့် သံသယရှိသည့် ကုမ္ပဏီများကို အစိုးရက တရားရုံးရှေ့ ပို့ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ ၎င်းတို့တင်သွင်းလာသည့် ဆီတင်သင်္ဘောများ ကိုပင် ရဲတပ်ဖွဲ့ဝင်များ တားဆီးစစ်ဆေးပိုင်ခွင့်မရှိကြောင်း အကြောင်းပြန်ခဲ့သည်။

စက်သုံးဆီ ဂါလန်ထောင်သောင်းချီ မှောင်ခိုတင်သွင်းလာသည့် စီးပွားရေး လုပ်ငန်းကြီးများကို မတို့မထိရန် ဆုံးဖြတ်ခဲ့ပြီးနောက် ၁၆ လခန့်အကြာ ၂၀၁၄ မတ်လဆန်း တွင် ရေနံစိမ်းဂါလန် ၈၀၀ ခန့် သယ်ဆောင်လာသူများကို မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အမှုဖွင့် အရေးယူ ခဲ့သည်။ အကြောင်းပြချက်က ခွင့်ပြုချက်တစ်စုံတစ်ရာပါရှိခြင်းမရှိဘဲ သယ်ဆောင် လာသည်ဟု ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

တရားမဝင် စက်သုံးဆီမှောင်ခိုပြုလုပ်ကြောင်း စွပ်စွဲခံရပြီး သာမန်လူများ အချုပ်ထောင်များအတွင်း ရောက်ရှိနေချိန်တွင် အလားတူ စွပ်စွဲမှုများနှင့် ရင်ဆိုင် ခဲ့ရသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများကမူ နိုင်ငံတော်သမ္မတ၏ သီးသန့်လေယာဉ် ဖြင့် နိုင်ငံတကာခရီးစဉ်များသို့ လိုက်ပါခွင့်ရလျက်ရှိသည်။

ဥပဒေတစ်ရပ်မှာ မျက်နှာဘယ်နှဖက်ရှိသလဲ - ဆောင်းပါးမှ
7Day News Journal
ရေးသားသူ - ထွန်းခိုင်

ပြည်သူများကို တရားဥပဒေစိုးမိုးရေး အကြောင်း ပြောနေသည့် သမ္မတနှင့် သူ၏ အစိုးရ အဖွဲ့ကိုယ်တိုင်ကော အပြောနှင့်အလုပ် ထပ်တူကျပါရဲ့လား။ ပြီးခဲ့သည့်နှစ် များအတွင်းက ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အချို့ကို နှိုင်းယှဉ်ကြည့်ကြပါစို့။

အာဏာရ ပြည်ခိုင်ဖြိုး ပါတီ၏ ညီလာခံကျင်းပရန် အတွက် နေပြည်တော်တွင် ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များသည် ၂၀၁၂ နိုဝင်ဘာ အတွင်း စုဝေးရောက်ရှိခဲ့ကြသည်။ တိုင်းပြည်၏ ထိပ်တန်းအာဏာပိုင်များ တက်ရောက်ခဲ့ကြသည့် အဆိုပါပွဲ တွင် နိုင်ငံတော်အလံ ပြောင်းပြန် လွှင့်ထူမှုဖြစ်ပေါ် ခဲ့သည်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီး ၁၈၉ ရက်အကြာ ၂၀၁၃ မေလ ၂၂ ရက်တွင် နောက်ထပ် အလံပြောင်းပြန် ဖြစ်စဉ်တစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။ ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဆွစ်ဇာလန် အထက်လွှတ်တော်ဥက္ကဋ္ဌ တို့ နေပြည်တော် တွင်တွေ့ဆုံရာ၌ မြန်မာနိုင်ငံအလံ ပြောင်းပြန်အနေအထားဖြစ်နေသည့်ပုံကို နောက်တစ်နေ့ သတင်းစာများ၌ ရောင်စုံဓာတ်ပုံဖြင့် ဖော်ပြထားသည်။

အလံပြောင်းပြန် လွှင့်ထူမှုနှင့်ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီ ထိပ်သီးအရာရှိကြီး များနှင့် တာဝန်ရှိသူများကို အရေးယူမှုတစ်စုံတစ်ရာ ပြုလုပ်ထားခြင်း ရှိ၊ မရှိ အစိုးရက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ချေ။

သို့သော် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ဆူးကလပ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် သာမန်ပြည်သူတစ်ဦးကို အလံပြောင်းပြန် လွှင့်ထူမှုနှင့် ပတ်သက်ပြီး အစိုးရက အရေးယူခဲ့သည်။ ၂၀၁၃ ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား၌ အလံပြောင်းပြန် လွှင့်ထူ ခဲ့ကြောင်း တိုင်ကြားခံခဲ့ရသည့် ၎င်းတို့နှစ်ဦးသည် ဖြစ်စဉ်ဖြစ်ပွားပြီး တစ်နှစ်ကျော် ကြာသည်အထိ တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။

ဥပဒေတစ်ရပ်မှာ မျက်နှာဘယ်နှဖက်ရှိသလဲ - ဆောင်းပါးမှ
7Day News Journal
ရေးသားသူ - ထွန်းခိုင်

တနင်္သာရီ ခရီးစဉ်အတွင်း ဒေသခံပြည်သူ တစ်ဦးက ကျောက်ခင်း လမ်းအစား ကွန်ကရစ် လမ်းခင်းပေးဖို့ တောင်းဆိုရာ ပြည်ထောင်စုဝန်ကြီးက ‘‘ယခင် အစိုးရမှာလည်း ငါပါတယ်၊ ဒီအစိုးရမှာလည်း ငါပါတယ်။ ဘာမှထော်လော် ကန့်လန့်မလုပ်နဲ့ ပါးရိုက်ခံရမယ်၊ မကျေနပ် ရင် တောခို’’ ဟု လည်းကောင်း မကွေးခရီးစဉ် အတွင်းက ‘‘ဘာနိုင်ငံရေးသမားကိုမှ ဂရု မစိုက်ဘူး။ ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာ လှည့်ပြီး ပါးရိုက်ရဲတယ်ကွဆိုပြီး မိန့်ခွန်းပြော လာတာ၊ ကျွန်တော်ပြော တာ၊ ဘယ်နိုင်ငံရေးပါတီမှလည်း မကြောက်ဘူး’’ စသည့် အသုံး အနှုန်းများကို ဖြေရှင်းပေးရန် NLD အမတ်တစ်ဦး ဦးအောင်စိုးက ဖေဖော်ဝါရီလဆန်းတွင် လွှတ်တော်၌ အဆိုတင်သွင်းခဲ့သည်။

ပြည်သူလူထုအပေါ် ရုန့်ရင်းကြမ်းတမ်းသော စကားများ ပြောကြား ခဲ့သည့် ပြည်ထောင်စု ဝန်ကြီးကို အစိုးရက အရေးယူခြင်းမပြသည့်အပြင် အကာအကွယ် ပင်ပေးခဲ့သည်။

တစ်ချိန်တည်းတွင် လယ်ယာမြေအရေးဆောင်ရွက်သူများ၊ အစိုးရနှင့် အတိုက်အခံ ပြုလုပ်သူများ၏ ကြမ်းတမ်းသည့်စကားများကိုတော့ အမှုဖွင့် အရေးယူရန် အစိုးရက အမြဲလိုလိုအဆင်သင့် ဖြစ်နေခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၂ အတွင်းက ဒေသခံများအား ရဲတပ်ဖွဲ့ဝင်များ၏ လာဘ်စားမှုကို ထုတ်ဖော်ပြောကြားသဖြင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှုဖြင့် အချိန်မ ဆိုင်းဘဲ ဖမ်းဆီးထောင်ချခဲ့သော်လည်း ဝန်ကြီးဦးအုန်းမြင့်၏ ပြောဆိုချက်များ အတွက်မူ အစိုးရက ပြတ်ပြတ်သားသားကိုင်တွယ်ရန် ပျက်ကွက်နေကြောင်း တပ်မတော် အရာရှိဟောင်း ဦးနေမျိုးဇင်ကပြောသည်။

ဥပဒေတစ်ရပ်မှာ မျက်နှာဘယ်နှဖက်ရှိသလဲ - ဆောင်းပါးမှ
7Day News Journal
ရေးသားသူ - ထွန်းခိုင်

1 အကြံပြုခြင်း:

Anonymous said...

there is only one face of law in burma to protect cunning shit than shwe & his thugs,thieves & crooks gang(USDP) and his private army (so called tatmadaw)