Monday, March 17, 2014

ရုရှား-ယူကရိန်း ခရိုင်းမီးယားအရေးပြီးတော့ မြန်မာ-တရုတ် ‘၀’ အရေးလား၊


news-eleven.com
 ကျောက်ဖြူ-ကူမင်း အမြန်ရထားလမ်းဖောက်လုပ်ရေး စီမံကိန်း အပါအ၀င် တရုတ်၏ မဟာဗျူဟာ လမ်းကြောင်းများကြောင့် မြန်မာနိုင်ငံ၏ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအတွက် စိုးရိမ်စရာဖြစ်လာ
March 16, 2014
Written by:
နေထွန်းနိုင်
မြန်မာနိုင်ငံ၏ ခါးလယ်ပိုင်းအားဖြတ်၍ သွယ်တန်းထားသော ကျောက်ဖြူ-ကူမင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်နေရာပြမြေပုံ

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းခန့်က ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်း လုံခြုံရေးအတွက် ‘၀’ တပ်သားများကို တာဝန်ပေးရန် အဆိုတစ်ရပ်အား တရုတ်အာဏာပိုင်များက မြန်မာအစိုးရ တာဝန်ရှိသူများအား အဆိုပြုသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ရေးအကဲခတ် သတင်းရင်းမြစ်များထံမှ ရရှိခဲ့သော ထိုသတင်းအတွက် သီးခြားအတည်ပြုချက် မရရှိခဲ့ပေ။ တရုတ်အာဏာပိုင်များ၏ အဆိုပြုချက်ကို မြန်မာအစိုးရ တာဝန်ရှိသူများက ငြင်းပယ်ခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

မြန်မာနိုင်ငံ၏ ခါးလယ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသော ကျောက်ဖြူ-ကူမင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏ အလားအလာမှာ တည်ငြိမ်မှုရှိပြီဟု မဆိုနိုင်ပေ။ ဒေသခံများ ကန့်ကွက်နေသည့် ကြားမှပင် အကောင်အထည် ဖော်နိုင်ခဲ့သည့် ထိုပိုက်လိုင်းနှင့် ဆက်စပ်ပြီး ဖြစ်ပေါ်နေသော ပဋိပက္ခများ၊ မကျေနပ်မှုများမှာ အားကောင်းနေဆဲဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း  ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်တွင်လည်း ပိုက်လိုင်းလုံခြုံရေးကို အကြောင်းပြုပြီး စစ်အင်အားတိုးချဲ့ရာမှ တိုက်ပွဲများဖြစ်ပွားနေသည်။

တရုတ်အကျိုးစီးပွားကို တိုက်ရိုက်အထောက်အကူပြုမည့် ရေနံပိုက်လိုင်းနှင့် ပတ်သက်ပြီး မတည်မငြိမ်ဖြစ်မှုကို တရုတ်အာဏာပိုင်များက မလိုလားချေ။ ထို့ကြောင့် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုရှိသော ‘၀’ သွေးစည်းညီညွတ်ရေးပါတီမှ ‘၀’ တပ်သားများကို ပိုက်လိုင်းလုံခြုံရေးအတွက် အသုံးပြုရန် စဉ်းစားခဲ့ပုံရသည်။ အပေးအယူအနေဖြင့် မြန်မာအစိုးရက လုပ်ဆောင်နေသော တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ‘၀’ တို့ ပါဝင်လက်မှတ်ရေးထိုးစေမည်ဟူသော အာမခံချက်တစ်ရပ်အား တရုတ်အာဏာပိုင်များက ပြောဆိုခဲ့သည်ဟု စစ်ရေးအကဲခတ် သတင်းရင်းမြစ်များက ပြောကြားသည်။

တည်ငြိမ်မှု မရှိသေးသော်လည်း ရေနံပိုက်လိုင်း တစ်ခုတည်းဖြင့် တရုတ်တို့ ကျေနပ်နေမည် မဟုတ်ပေ။ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းသည် တရုတ်တို့၏ မဟာဗျူဟာ စီမံကိန်းအနက် ရှေ့ပြေးတစ်ခုသာ ဖြစ်သည်။ ဒုတိယအဆင့် အနေဖြင့် ကျောက်ဖြူ-ကူမင်း အမြန်ရထားလမ်းဖောက်ရေးကိုကြိုးစားမည် ဖြစ်သည်။ ထို့အတွက် နှစ်ဖက်အစိုးရအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း တရုတ်တို့၏ သြဇာခံဘ၀ ရောက်နေသော ‘၀’ ဒေသက အနာဂတ်အတွက် ရတက်မအေးစရာ ဖြစ်နေသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် အင်အားအတောင့်တင်းဆုံးဖြစ်သော ‘၀’ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကို တရုတ်က ထောက်ပံ့ကူညီမှုများ ပေးထားသည်။ ထောက်ပံ့ကူညီမှု မရှိကြောင်း နှစ်ဖက်စလုံးက ငြင်းဆိုနေသော်လည်း ထွက်ပေါ်နေသည့် အချက်အလက်များက မှန်ကန်မှုကို ရည်ညွှန်းနေသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း တရုတ်အာဏာပိုင် အချို့နှင့် ‘၀’ ခေါင်းဆောင်များ ကူမင်း၌ တွေ့ဆုံခဲ့ခြင်း ရှိသည့်နည်းတူ ယခုနှစ်ဆန်းပိုင်းက ပြုလုပ်ခဲ့သော ‘၀’ သွေးစည်းညီညွတ်ရေးပါတီ ပေါလစ်ဗျူရို အစည်းအဝေးတွင်လည်း မြန်မာနိုင်ငံဖွား ခေါင်းဆောင်များကို ရာထူးမှ အနားပေးလိုက်ကာ တရုတ်ပြည်ဖွား ခေါင်းဆောင်များကို အစားထိုး တာဝန်ပေးလိုက်သည်။

ရုရှား-ယူကရိန်း ခရိုင်းမီးယားအရေး

ပုံစံချင်း ထပ်တူကျရန် မဖြစ်နိုင်သော်လည်း လက်ရှိဖြစ်ပွားနေသော ရုရှား-ယူကရိန်း ခရိုင်းမီးယားအရေးက မြန်မာ-တရုတ် ‘၀’ အရေး ဖြစ်ပေါ်စေနိုင်သည်ဟူသော စိုးရိမ်မှုများကို ထွက်ပေါ်စေခဲ့သည်။

    မြန်မာနိုင်ငံ၏ ခါးလယ်ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသော ကျောက်ဖြူ-ကူမင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၏ အလားအလာမှာ တည်ငြိမ်မှုရှိပြီဟု မဆိုနိုင်ပေ။ ဒေသခံများ ကန့်ကွက်နေသည့် ကြားမှပင် အကောင်အထည် ဖော်နိုင်ခဲ့သည့် ထိုပိုက်လိုင်းနှင့် ဆက်စပ်ပြီး ဖြစ်ပေါ်နေသော ပဋိပက္ခများ၊ မကျေနပ်မှုများမှာ အားကောင်းနေဆဲ . . . . .

ယူကရိန်းနိုင်ငံ လွတ်လပ်ရေး မရမီအချိန်က ခရိုင်းမီးယားဒေသသည် ရုရှားအပိုင်ထဲတွင် ရှိနေသည်။ ၁၉၉၁ ခုနှစ် ယူကရိန်းလွတ်လပ်ရေး ရပြီးချိန်တွင် ခရိုင်းမီးယားသည် ယူကရိန်းအပိုင် ဖြစ်လာသည်။ သို့သော် ပင်လယ်နက်ထဲမှ ရုရှားရေတပ်ကို ခရိုင်းမီးယားဒေသ၌ ဆက်လက်တပ်စွဲရန် ယူကရိန်းက ခွင့်ပြုခဲ့သည်။ ယူကရိန်းနှင့် ရုရှားအကြား ‘ညီအစ်ကို’ ဆက်ဆံရေး ပြေပြစ်နေချိန်တွင် ခရိုင်းမီးယားဒေသသည် မီးစတစ်ခု မဖြစ်ခဲ့ပေ။

သို့သော် ရုရှားထောက်ခံထားသည့် သမ္မတဗစ်တာယာနုကို လူထုတော်လှန်းရေးဖြင့် ဖြုတ်ချလိုက်သည်။ ထိုသို့ဖြစ်စေရန် အမေရိကန် စီအိုင်အေကွန်ရက်က စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။ ရုရှား၏ တုံ့ပြန်ချက်က ခရိုင်းမီးယားဒေသကို သိမ်းယူလိုက်ခြင်းဖြစ်သည်။ ရုရှားဘာသာစကား အသုံးပြုသူ အများဆုံးနေထိုင်သည့် ခရိုင်းမီးယားဒေသတွင် ရုရှားနှင့် ပြန်လည်ပူးပေါင်းရန်အတွက် ပြည်သူ့ဆန္ဒခံယူပွဲကျင်းပရန် ပြင်ဆင်နေသည်။

မြန်မာ-တရုတ် ‘၀’ အရေး

‘၀’ ဒေသ၏ အခြေအနေသည် ခရိုင်းမီးယားဒေသ အခြေအနေနှင့် ထပ်တူမကျပေ။ သို့သော် ‘၀’ ဒေသတွင် တရုတ်ဘာသာစကား ပြောသူများသာ နေထိုင်ကြသည်။ တရုတ်အများစုဖြစ်ပြီး တရုတ်ငွေကြေးသာ သုံးစွဲသည်။ အချို့သော ကိစ္စရပ်များတွင် တရုတ်အာဏာပိုင်များ၏ ညွှန်ကြားချက်ဖြင့်သာ ‘၀’ ခေါင်းဆောင်များက လှုပ်ရှားကြသည်။ တရုတ်၏ အကူအညီကို အပြည့်အ၀ ယူထားသည်။ မြန်မာ-တရုတ် ဆက်ဆံရေးသည် ‘ဆွေမျိုးပေါက်ဖော်’ ဆက်ဆံရေးဖြစ်သည်။ ဆက်ဆံရေး ပြေလည်နေချိန်၌ ‘၀’ ဒေသအရေးသည် တည်ငြိမ်နေမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ‘၀’ တို့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ဖြစ်ရန် လိုလားနေသည်။ တောင်းဆိုမှုများလည်း ပြုလုပ်နေသည်။

“ရုရှားက ခရိုင်းမီးယားကို လိုချင်သလိုသလို တရုတ်ကလည်း ‘၀’ ကိုလိုချင်တာပဲ” ဟု နိုင်ငံရေး သုံးသပ်ချက်များ ရေးသားနေသည့် စာရေးဆရာထက်မြက်က ပြောကြားသည်။


ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ပါဝင်သော မဒေးကျွန်း ရေနက်ဆိပ်ကမ်းတည်ဆောက်မှု လုပ်ငန်းခွင်အား ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်

“၀ဒေသကို ယူကရိန်းအခြေအနေနဲ့ နှိုင်းယှဉ်ဖို့ကတော့ ရှုပ်ထွေးနေပါသေးတယ်။ ဒါပေမဲ့ ‘၀’ ဒေသကြောင့် တရုတ်အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ လွှမ်းမိုးမှုနဲ့ သြဇာပိုမိုရရှိစေပါတယ်” ဟု အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ သတင်းစာဆရာ Tom Fawthrop ကဆိုသည်။

အခြားတစ်ဖက်တွင်လည်း တရုတ်၏ မဟာဗျူဟာ ပုံစံသစ်က မြန်မာနိုင်ငံကို ဗဟိုပြုနေသည်။

တရုတ်၏ ပုလဲသွယ် မဟာဗျူဟာ

တရုတ်တို့သည် ၎င်းတို့၏ နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေး အခင်းအကျင်းအတွက် မဟာဗျူဟာတစ်ရပ်ကို ၂၀၀၀ ပြည့်နျစ်ကပင် ရှာဖွေခဲ့သည်။ အကျိုးဆက်အားဖြင့် အခြားဒေသများအပေါ် လွှမ်းမိုးမှုရှိရန် အပါအ၀င် စွမ်းအင်လုံခြုံရေးအတွက် အဓိကထား ဆောင်ရွက်မည့် ပုလဲသွယ် မဟာဗျူဟာ (String of Pearl's Strategy) ကို ချမှတ်ခဲ့သည်။

ထိုမဟာဗျူဟာကို အကောင်အထည်ဖော်ရာ၌ မြန်မာနိုင်ငံက အဓိကကျသော နေရာတွင် ရှိနေခဲ့သည်။ တောင်တရုတ်ပင်လယ်ကို ထိန်းချုပ်မှု မရနိုင်သေးသည့် တရုတ်တို့က မြန်မာနိုင်ငံ ကုန်းတွင်းကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရှာလိုသည်။ မြန်မာနိုင်ငံ၏ ကုန်းတွင်းပိုင်းကို ဖြတ်သန်းနိုင်ပါက တောင်တရုတ်ပင်လယ်မှတစ်ဆင့် မလက္ကာရေလက်ကြားကိုဖြတ်ပြီး အာဖရိကအထိ ခြေဆန့်မည့် တရုတ်ကုန်စည် သယ်ယူပို့ဆောင်ရေးကို ခရီးတိုစေမည်ဖြစ်သည်။

    အနောက်ဘက်တံခါး လုံခြုံရေးလို့ အကြီးအကျယ် ၀ါဒဖြန့်နေတဲ့ အချိန်မှာ အရှေ့ဘက်မှာ တံခါးတောင်မရှိတဲ့ အဖြစ်မျိုး ရောက်သွားမယ့် စီမံကိန်း ဖြစ်ပါတယ်။ နှစ် ၅၀ BOT ကို တရုတ်ငွေနဲ့ဆောက်တဲ့ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်ရာရောက်ပါတယ်။ အသေအချာ လေ့လာသုံးသပ်ပြီးတဲ့အခါ ဒီစီမံကိန်းကို လက်ခံခဲ့သူ၊ အကောင်အထည်ဖော်တဲ့ သူတွေဟာ မြန်မာနိုင်ငံသားမှ . . . . .

အနာဂတ် စွမ်းအင်လုံခြုံရေးကို အမေရိကန်က ထိန်းချုပ်မှုမပြုနိုင်ရန် ရည်မှန်းသော ပုလဲသွယ် မဟာဗျူဟာသည် အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်ရန်ဖြစ်သည်။ မဟာဗျုဟာအရ တရုတ်နိုင်ငံမှ ပါရှန်းပင်လယ်ကွေ့အထိ ရေပိုင်နက်အားလုံးကို တရုတ်က လွှမ်းမိုးရန် ရည်ရွယ်သည်။ ပုလဲသွယ် မဟာဗျူဟာအရ ပါကစ္စတန်၊ သိရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့တွင် အဓိကဆိပ်ကမ်းများကို တရုတ်က တည်ဆောက်မည်ဖြစ်သည်။ မြန်မာသည် တရုတ်နိုင်ငံအတွက် ရေကြောင်းနှင့် ကုန်းတွင်းထွက်ပေါက်အတွက် အရေးပါသော ဗဟိုချက် ဖြစ်လာသည်။

ကျောက်ဖြူသည် ပုလဲသွယ် မဟာဗျူဟာတွင် အရေးပါသော ဆိပ်ကမ်းတစ်ခု ဖြစ်လာသည်။ မြန်မာနိုင်ငံ၏ ကမ်းလွန်လုပ်ကွက်များမှ ရေနံသဘာဝဓာတ်ငွေ့ကို သင်္ဘောဖြင့် သယ်ယူနိုင်ပါသည်။ သို့သော် မြန်မာကုန်းတွင်းကိုဖြတ်ပြီး ကျောက်ဖြူ-ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်လုပ်ခဲ့သည်။ နောက်တစ်ဆင့်အနေဖြင့် အမြန်ရထားလမ်း စီမံကိန်း ဖောက်လုပ်ရန် ပြင်ဆင်ခဲ့သည်။ ထိုစီမံကိန်းက ပုလဲသွယ်ဗျူဟာအတွက် အကြိုခြေလှမ်းများ ဖြစ်လာသည်။

ထို့ပြင် ပုလဲသွယ် မဟာဗျူဟာအရ မြန်မာ့ရေပိုင်နက် အတွင်းရှိ ကိုကိုးကျွန်းသည် တရုတ်ရေတပ်အတွက် မျက်စိကျစရာ နေရာတစ်ခု ဖြစ်လာပြီး ဇာဒက်ကြီးကျွန်းမှာလည်း တရုတ်ရေတပ် အခြေစိုက်ရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်လာသည်။

အမြန်ရထားလမ်းနှင့် ပြည်ထောင်စုတည်တံ့ခိုင်မြဲမှု

လက်ရှိအချိန်မှာပင် ကျောက်ဖြူ-ကူမင်း ရထားလမ်းဖောက်လုပ်ရန် တရုတ်နိုင်ငံ၏ လေ့လာချက်များကို မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ပြန်လည်စိစစ် ဆွေးနွေးနေသည်ဟု ဆိုသည်။ ရထားလမ်းအတွက် ကုန်ကျမည့် စရိတ်များကို တရုတ်က ရင်းနှီးမြှုပ်နှံမည်ဖြစ်ကာ နှစ် ၅၀ BOT စီမံကိန်းဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံတွင်းကို ဖြတ်သန်းဖောက်လုပ်မည့် တရုတ်ပိုင် စီမံကိန်းဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် အမြန်ရထားလမ်း စီမံကိန်းအတွက် အစပျိုးခြင်းဖြစ်သည်။ ရထားလမ်းစီမံကိန်း စတင်သည်နှင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှာ စီမံကိန်း၏ ဆိုးကျိုးများကို ခံစားရမည်ဖြစ်သည်။


တရုတ်နိုင်ငံ၏ ပုလဲသွယ် မဟာဗျူဟာစီမံကိန်း လမ်းကြောင်းပြမြေပုံ (Source:American Action's Blog)

“ဒီရထားလမ်းကို တရုတ်နိုင်ငံက အဓိကထား အသုံးပြုမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ပြီးတော့ တရုတ်ကုမ္ပဏီတွေကနေ ကျောက်ဖြူမှာ ဆောက်လုပ်နေတဲ့ စီးပွားရေးဇုန်အပေါ် လွှမ်းမိုးလာနိုင်ပါတယ်ဟု မြန်မာ့အရေးကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလစ်တနာက ပြောကြားသည်။

ထိုထက်ပိုဆိုးသည်မှာ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးကို ခြိမ်းခြောက်လာမည့် အန္တရာယ် ဖြစ်ပါသည်။    

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြား၌ တရုတ်စီမံကိန်းများ အခိုင်အမာ အခြေချထားပြီးဖြစ်သည်။ ထို့နည်းတူ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်မှတစ်ဆင့် တရုတ်လူမျိုးများ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ စိမ့်ဝင်မှုများမှာလည်း မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးကိုပင် ကျော်ဖြတ်လာခဲ့ပြီဖြစ်သည်။

ထိုအချိန်တွင် ကျောက်ဖြူ-ကူမင်း အမြန်ရထားလမ်း စီမံကိန်း စတင်လိုက်သည်နှင့် တစ်ပြိုင်နက် မြန်မာနိုင်ငံ၏ အရှေ့ဘက်တံခါး မရှိတော့ဘဲ ပြည်ထောင်စု တည်တံ့မှုအတွက် စိုးရိမ်စရာ ဖြစ်လာတော့မည် ဖြစ်ပါသည်။

“အနောက်ဘက်တံခါး လုံခြုံရေးလို့ အကြီးအကျယ် ၀ါဒဖြန့်နေတဲ့ အချိန်မှာ အရှေ့ဘက်မှာ တံခါးတောင်မရှိတဲ့ အဖြစ်မျိုး ရောက်သွားမယ့် စီမံကိန်း ဖြစ်ပါတယ်။ နှစ် ၅၀ BOT ကို တရုတ်ငွေနဲ့ဆောက်တဲ့ ဒီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်ရာရောက်ပါတယ်။ အသေအချာ လေ့လာသုံးသပ်ပြီးတဲ့အခါ ဒီစီမံကိန်းကို လက်ခံခဲ့သူ၊ အကောင်အထည်ဖော်တဲ့ သူတွေဟာ မြန်မာနိုင်ငံသားမှ ဟုတ်ရဲ့လားလို့တောင် သံသယရှိပါတယ်။ မျိုးချစ်စိတ် တစ်စက်မှမရှိတဲ့ ဒီလုပ်ရပ်ကို ကျွန်တော်တို့ ၀ိုင်းကန့်ကွက်ကြရမယ်” ဟု Eleven Media Group မှ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

“ကျောက်ဖြူ-ကူမင်း ရထားလမ်းပဲဖြစ်ဖြစ် ယေဘုယျအားဖြင့်ပြောရင် တရုတ်နိုင်ငံရဲ့ စီမံကိန်းကြီးတွေ အားလုံးကို ဒီအချိန်မှာ အတော်စဉ်းစားဖို့ ကောင်းပါတယ်။ တိုင်းပြည်မှာ အမျိုးသားရေး ခံစားမှုနဲ့ စိုးရိမ်စိတ်တွေ အပြည့်ရှိနေချိန်မှာ မစဉ်းစားလို့မရပါဘူး။ လမ်းဖောက်တာ ကောင်းတာပဲလို့ တွေးပေးချင်ပေမယ့် အခုချိန်မှာ ပြဿနာတွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ အကောင်းမြင်ပေးလို့ မရဘူး။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာလည်း လမ်းပန်းဆက်သွယ်ရေး ကောင်းအောင်လုပ်ခဲ့တယ် ဆိုပေမယ့် သူတို့ရည်ရွယ်ချက်ကို ပြန်ကြည့်တဲ့အခါ အဓိပ္ပာယ်က စီးပွားရေးအမြင်ထက် မဟာဗျူဟာအရ လုပ်တာဖြစ်နေတယ်။ အခုချိန် တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ အမျိုးသားရေး ခံစားချက်နဲ့ စိုးရိမ်စိတ်တွေ ရှိနေတာကြောင့် စီမံကိန်းကို ရပ်ဆိုင်းထားသင့်တယ်ပဲ မြင်ပါတယ်” ဟု စာရေးဆရာ သန်းစိုးနိုင်က ပြောကြားသည်။

“ရထားလမ်းစီမံကိန်းဟာ စီးပွားရေးအရ လက်ခံနိုင်ပေမယ့် တရုတ်မှာ ဒီထက်မကတဲ့ ရည်ရွယ်ချက်တွေ ရှိလာနိုင်ပါတယ်” ဟု စာရေးဆရာထက်မြက်က ပြောကြားသည်။

မြန်မာ-တရုတ် ဆက်ဆံရေး သမိုင်းကြောင်းအရ တရုတ်နိုင်ငံသည် မြန်မာပြည်တွင်းရေးကို ၀င်မစွက်ဟူသည့်မူ ရှိသော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းသို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ကျူးကျော်ဝင်ရောက်ခဲ့သည့် သမိုင်းများ ရှိခဲ့ဖူးသည်။ ထိုဝင်ရောက်မှုများမှာ ကူမင်တန်များကို တိုက်ခိုက်ရန် အကြောင်းပြချက်ဖြင့် ၁၉၆၀ ပြည့်နှစ်တွင် တစ်ကြိမ်ဝင်ရောက်ခဲ့ဖူးပြီး ၁၉၆၇ ခုနှစ် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းအပြီး ၁၉၆၈ နှစ်ဆန်းပိုင်း၌ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာသည့် ဗမာပြည်ကွန်မြူနစ်ပါတီ တပ်ဖွဲ့ဝင်များနှင့်အတူ ၀င်ရောက်ခဲ့ခြင်းများ ရှိခဲ့သည်။

“တရုတ်နဲ့မှ မဟုတ်ပါဘူး။ ဘယ်နိုင်ငံနဲ့မဆို လုပ်ကိုင်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ အမျိုးသားစီးပွားရေး၊ အမျိုးသားကျန်းမာရေး၊ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားလုံခြုံရေး အမြင်တွေနဲ့ ကြည့်ပြီးမှ ဆုံးဖြတ်ရမှာ” ဟု စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

လာအို ဥပမာ  

မြန်မာနိုင်ငံအတွင်း တရုတ်၏ လွှမ်းမိုးမှု ရှိနေသည်မှာ ဆယ်စုနှစ်မက ကြာမြင့်ခဲ့ပြီဖြစ်သည်။ တရုတ်တို့သည် မြန်မာနိုင်ငံ၌သာ မကဘဲ အရှေ့တောင်အာရှဒေသ နိုင်ငံများအပေါ်တွင် စစ်ရေးအရ လွှမ်းမိုးမှု ကျယ်ပြန့်ခြင်းမှာ ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်းကပင် အစပြုခဲ့သည်။

ထိုအချိန်မှာပင် မြန်မာနှင့် လာအိုနိုင်ငံတို့၏ အချုပ်အခြာအာဏာအပေါ် တရုတ်၏ လွှမ်းမိုးမှုအား စိုးရိမ်စိတ်များနှင့်အတူ မေးခွန်းထုတ်မှုများလည်း ရှိခဲ့သည်။

    ရခိုင်ပဋိပက္ခ၊ ပြည်တွင်းမွတ်စလင် အဓိကရုဏ်းတွေကြားထဲမှာ ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းပြီးသွားတယ်။ အခု ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲတွေကြားထဲမှာ ဒီရထားလမ်းကြီး ပြီးသွားလို့ မဖြစ်ဘူး။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ဘက်ပေါင်းစုံက . . . . .

“လာအိုနိုင်ငံ အနေနဲ့ နိုင်ငံတကာအဆင့် အခမ်းအနားတစ်ခု ကျင်းပဖို့ရှိတိုင်း တရုတ်နိုင်ငံဆီက ငွေကြေးနဲ့ အဆောက်အအုံ တည်ဆောက်ဖို့ အကူအညီ တောင်းခံလေ့ရှိပါတယ်။ ဥပမာအနေနဲ့ အရင်ဆုံး အာဆီယံအားကစားပွဲတွေ ကျင်းပဖို့ အားကစားကွင်းအသစ် တည်ဆောက်ဖို့နဲ့ နောက်တစ်ခုက ၂၀၁၂ ခုနှစ်အတွင်းမှာ ASEM ညီလာခံစင်တာနဲ့ ညီလာခံတက်ရောက်သူတွေ နေထိုင်ဖို့ အဆောက်အအုံတွေကို တရုတ်က ဆောက်လုပ်ပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်တန်းတစ်ခုလည်း မြို့တော်ဗီယန်ကျင်းမှာ ထွက်ပေါ်လာပါတယ်” ဟု အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ သတင်းစာဆရာ Tom Fawthrop ကဆိုသည်။

ထို့ပြင် ကူမင်းနှင့် ဗီယန်ကျင်းကို ဆက်သွယ်မည့် အမြန်ရထားလမ်းဖောက်လုပ်မှု စီမံကိန်းကို စတင်လျက်ရှိပြီး ထိုစီမံကိန်း ပြီးစီးပါက တရုတ်နိုင်ငံမှ တရားဝင်နှင့် တရားမ၀င် နည်းလမ်းများဖြင့် ရွှေ့ပြောင်းနေထိုင်သူများ လာအိုနိုင်ငံသို့ အများအပြား ရောက်လာမည်ဖြစ်သောကြောင့် လာအိုတိုင်းရင်းသားလူမျိုး ၅၀ အကြား စည်းလုံးညီညွတ်မှုအတွက် ခြိမ်းခြောက်မှု ဖြစ်နေသည်ဟု Tom Fawthrop က ဆက်လက်ပြောကြားသည်။

“ရွှေတြိဂံနယ်မြေ အတွင်းမှာဆိုရင် လာအိုကွန်မြူနစ် အစိုးရကနေ ဟက်တာပေါင်း ၁၆၀၀၀ ကျယ်ဝန်းတဲ့ ပမာဏကို တရုတ်ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် Chao Wei နဲ့ သူ့ King Romans Group ဆီ လက်လွှဲထားပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးပုံစံတွေ ပေါ်ပေါက်လာနေပါတယ်” ဟု ၎င်းကဆိုသည်။

အငြင်းပွားဆဲ တရုတ်စီမံကိန်းများ

မြန်မာ-တရုတ် ဆက်ဆံရေး သမိုင်းအရ အစိုးရနှစ်ရပ်အကြား အပေးအယူ ပြုလုပ်ခဲ့ခြင်း များစွာရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် တာဝန်ယူခဲ့သည့် မြန်မာအစိုးရက မြန်မာနိုင်ငံကို တရုတ်နိုင်ငံက ကျူးကျော်ဝင်ရောက်မည်ကို စိုးရိမ်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တာဝန်ယူခဲ့သည့် အစိုးရများ လက်ထက်တွင် တရုတ်နိုင်ငံအပေါ် လုံးလုံးလျားလျား မှီခိုအားထားမှုများ ရှိလာခဲ့ပြီး ချေးငွေရယူခြင်းများ၊  စီမံကိန်းဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်းများကို ချုပ်ဆိုခဲ့ကြသည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) အစိုးရလက်ထက်နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရလက်ထက်များတွင် တရုတ်ထံမှ အကူအညီရယူမှု၊ မြန်မာနိုင်ငံ၌ စီမံကိန်းလုပ်ကိုင်ခွင့်ပေးမှုတို့ ပွင့်လင်းမြင်သာခဲ့ခြင်း မရှိပေ။


မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များပြမြေပုံ (Source:Myanmar Peace Monitor)

ထို့ကြောင့် တရုတ်နိုင်ငံနှင့် ချုပ်ဆိုထားသော စာချုပ်စာတမ်းတိုင်းသည် တစ်ဖက်စောင်းနင်းဖြစ်ပြီး တရားမျှတမှု မရှိသော စာချုပ်များ ဖြစ်နေခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ တရုတ်အစိုးရ အဓိကထား လုပ်ကိုင်နေသော စီမံကိန်းကြီး ငါးခုရှိနေသည်။ ထိုစီမံကိန်းများမှာ လက်ပံတောင်းတောင်စီမံကိန်း၊ မြစ်ဆုံစီမံကိန်း၊ တာပိန်ရေအားလျှပ်စစ် စီမံကိန်း၊ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းစီမံကိန်းနှင့် တကောင်းနီကယ်သတ္တု တူးဖော်ရေး စီမံကိန်းတို့ဖြစ်သည်။
  
ထိုစီမံကိန်းများအနက် မြစ်ဆုံစီမံကိန်းသည် ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် သမ္မတဦးသိန်းစိန် လက်ထက်တွင် ယာယီရပ်ဆိုင်းထားသည်။ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းမှာ ပြီးစီးခဲ့ပြီး လက်ပံတောင်းတောင် စီမံကိန်းမှာ ကန့်ကွက်မှုများ ရှိခဲ့သော်လည်း လုပ်ကိုင်ခွင့်ရရှိခဲ့သည်။

“မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေနဲ့ ရေအားလျှပ်စစ် ဆောက်လုပ်ရေး လုပ်ငန်းတွေကို တရုတ်ကနေ လွှမ်းမိုးလာနေပါတယ်။ ဒီလိုမျိုး အငြင်းပွားစရာ စီမံကိန်းတွေက တရုတ်နိုင်ငံအတွက် အကျိုးကျေးဇူး အများကြီးဖြစ်ထွန်းစေတယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ အနေနဲ့ ဒီလိုမျိုး သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ ရေကာတာ စီမံကိန်းတွေနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ သတ္တုတူးဖော်ရေး စီမံကိန်းတွေဆီကနေ ကောင်းကျိုးထက်စာရင် ဘယ်လိုဆိုးကျိုးတွေ ပိုရနေသလဲ။ ရရှိတဲ့ အကျိုးကျေးဇူးက တရုတ်အတွက် ပိုများပါတယ်” ဟု သတင်းစာဆရာ Tom Fawthrop ကပြောကြားသည်။ 

“တရုတ်ကို အားကိုးမှုရှိနေရင်တော့ တရုတ်က အသုံးချမှာပဲ။ ဗိုက်နာရင် ဆရာကြိုက်တယ် ဆိုသလိုပေါ့။ ဆရာမကြိုက်ဖို့ဆိုရင် ကျွန်တော်တို့ဘက်က ဗိုက်မနာအောင် လုပ်ဖို့ပဲရှိတယ်” ဟု ဒေါက်တာအောင်ကိုကိုက ဆိုသည်။

“သူတို့ကြားမှာ ဘာတွေအပေးအယူ လုပ်ထားလဲ ကျွန်တော်တို့ မသိရဘူး။ လက်လှမ်းမမီနိုင်တာတွေ ရှိတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က နောက်ဆုံးမှ သိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စတိုင်းကိုတော့ အမျိုးသား အကျိုးစီးပွားကနေ ကြည့်ရမှာပဲ။ အမျိုးသားလုံခြုံရေး ရှုထောင့်ကကြည့်ဖို့ အစိုးရမှာ တာဝန်ရှိတယ်” ဟု ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေက ပြောကြားသည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းနှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးရှုထောင့်မှ စဉ်းစားသူများက ခွင့်မပြုသင့်ကြောင်း ပြောကြားထားသည်။

သာမန်အားဖြင့် စီးပွားရေးရှုထောင့်မှကြည့်ပြီး ခွင့်ပြုလိုက်မည်ဆိုပါက ဖြစ်ပေါ်လာမည့် အကျိုးဆက် ပြဿနာများမှာ မှန်းဆရန် ခက်ခဲသည်အထိ ကျယ်ပြန့်သွားမည်ဖြစ်သည်။

“ရခိုင်ပဋိပက္ခ၊ ပြည်တွင်းမွတ်စလင် အဓိကရုဏ်းတွေကြားထဲမှာ ဓာတ်ငွေ့နဲ့ ရေနံပိုက်လိုင်းပြီးသွားတယ်။ အခု ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲတွေကြားထဲမှာ ဒီရထားလမ်းကြီး ပြီးသွားလို့ မဖြစ်ဘူး။ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ဘက်ပေါင်းစုံက အနေအထားကို တွက်ဆထားရမယ်” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။

လွတ်လပ်ရေးရရှိပြီးနောက် မြန်မာ-တရုတ် ဆက်ဆံရေး ရက်စဉ်သမိုင်း

၁၉၄၉ ခုနှစ်
အောက်တိုဘာ ၁ - မော်စီတုံး၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်။
ဒီဇင်ဘာ ၁၈    - တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မြန်မာအသိအမှတ်ပြု။ မြန်မာနိုင်ငံသည် တရုတ်ကွန်မြူနစ် အစိုးရကို အသိအမှတ်ပြုသည့် ဆိုရှယ်လစ်မဟုတ်သော ပထမဆုံးနိုင်ငံဖြစ်ခဲ့။

၁၉၅၀ ပြည့်နှစ်
ဇန်န၀ါရီမှ မတ် - ယူနန်မှ ကူမင်တန်တပ်ဖွဲ့ဝင် ၂၀၀၀ ကျော် မြန်မာနိုင်ငံတွင်း ဖြတ်ကျော်ဝင်ရောက်လာပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၌ အခြေစိုက်စခန်းတစ်ခု ထူထောင်။
ဇွန် ၈ - တရုတ်နှင့် မြန်မာသံအမတ်ကြီးအဆင့် သံအဆက်အသွယ်ပြုလုပ်။ မြန်မာနိုင်ငံသည် ပေကျင်းနှင့် သံအဆက်အသွယ်ပြုလုပ်သော ၁၆ ခုမြောက်နိုင်ငံဖြစ်လာ။

၁၉၅၁ ခုနှစ်
အောက်တိုဘာ ၂၀ - မြန်မာ-တရုတ် မိတ်ဆွေဖြစ်အသင်းကို ရန်ကုန်မြို့၌ ထူထောင်။ ၁၉၅၂ ခုနှစ် မေ ၁၁ ရက်တွင် ပေကျင်း၌ ထူထောင်ခဲ့။

၁၉၅၃ ခုနှစ်
မတ်- အကြောင်းမဲ့ ကျူးကျော်မှုပြုလုပ်သည် တရုတ်အမျိုးသားအစိုးရအား မြန်မာစွပ်စွဲ။

၁၉၅၄ ခုနှစ်
ဧပြီ ၂၂ - တရုတ်နှင့်မြန်မာ ပထမဆုံး စီးပွားကုန်သွယ်မှုစာချုပ် ချုပ်ဆို။
ဇွန် ၂၈ မှ ၂၉ - တရုတ်ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ချူအင်လိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်။ ပူးတွဲကြေညာချက်တွင် ‘ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက်ကို’ ထောက်ခံပြောဆိုပြီး တရုတ်-မြန်မာ ဆက်ဆံရေးအတွက် လမ်းညွှန်အဖြစ် သဘောထား။
ဒီဇင်ဘာ ၁ မှ ၁၆ - မြန်မာဝန်ကြီးချုပ်ဦးနု တရုတ်နိုင်ငံသို့ သွားရောက်။ မြန်မာသည် တရုတ်ရန်သူများ၏ နောက်လိုက်မဖြစ်စေရ၊ တရုတ်နိုင်ငံကို တိုက်ခိုက်ရန် စစ်စခန်းအဖြစ် အသုံးချ မခံစေရဟု ဦးနုကတိပေး။ မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မည် မဟုတ်ဟု မော်စီတုံးပြောကြား။

၁၉၅၅ ခုနှစ်
ဧပြီ ၁၄ မှ ၁၆ - အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းတွင်ပြုလုပ်သည့် အာရှ-အာဖရိက ညီလာခံသို့ မတက်ရောက်မီ ဦးနု၏ ဖိတ်ခေါ်ချက်ဖြင့် ရန်ကုန်သို့ ချူအင်လိုင်းရောက်လာ။
သြဂုတ် ၂၆ - ကူမင်း၌ မြန်မာကောင်စစ်ဝန်ရုံးဖွင့်။   

၁၉၅၆ ခုနှစ်
အောက်တိုဘာ ၂၂ မှ နိုဝင်ဘာ ၈ - ဖဆပလဥက္ကဋ္ဌ ဦးနုအား နယ်စပ်ကိစ္စဆွေးနွေးရန် ပေကျင်းသို့ဖိတ်ခေါ်။ တရုတ်က နယ်စပ်ကိစ္စကို ပိုနေမြဲကျားနေမြဲအတိုင်း လက်ခံပြီး အစောပိုင်းတောင်းဆိုမှု အများစုကို စွန့်လွှတ်။ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (PLA) ကို ‘၁၉၄၁ မျဉ်းကြောင်း’ အရှေ့ဘက်သို့ ဆုတ်ခွာပေးရန် တရုတ်သဘောတူ။
ဒီဇင်ဘာ ၁၀ မှ ၂၀ - ၀န်ကြီးချုပ် ချူအင်လိုင်းနှင့် ဒုတိယ၀န်ကြီးချုပ်တို့ မြန်မာနိုင်ငံလာရောက်။ နယ်စပ်ပြဿများ ဆွေးနွေး။ တရုတ်အစိုးရ၏ ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ မူဝါဒကို ရှင်းပြ။

၁၉၅၇ ခုနှစ်
မတ် ၂၂ မှ ဧပြီ ၂ - မကျူးကျော်ရေးစာချုပ် ချုပ်ဆိုရန် ဦးနုအဆိုပြု။ ဇူလိုင် ၉ ရက်တွင်ပြုလုပ်သော တရုတ်အမျိုးသားကွန်ဂရက် မျက်နှာစုံညီ အစည်းအဝေးတွင် ချူအင်လိုင်းက မြန်မာ-တရုတ် နယ်စပ်ပြဿနာ အစီရင်ခံစာ တင်သွင်း။

၁၉၅၈ ခုနှစ်
ဒီဇင်ဘာ ၁၂ - မဟာခုန်ပျံကျော်လွှား အစီအစဉ်ကို အကြောင်းပြုပြီး ယူနန်ပြည်နယ်ဒေသခံ တစ်သိန်းကျော် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေး။ ၎င်းတို့အနက် ရာခိုင်နှုန်း ၈၀ သည် မြန်မာနိုင်ငံတွင်းသို့ ထွက်ပြေးဝင်ရောက်လာခြင်းဖြစ်။

၁၉၅၉ ခုနှစ်
မတ် - ကူမင်တန်တပ်များကို တိုက်ခိုက်ရန် မြန်မာစစ်တပ်၏ နွေဦးစစ်ဆင်ရေးစတင်။

၁၉၆၀ ပြည့်နှစ်
ဇန်န၀ါရီ ၂၄ မှ ၂၉ - ၀န်ကြီးချုပ် ဗိုလ်ချုပ်နေ၀င်း တရုတ်နိုင်ငံသို့သွားရောက်။ နှစ်နိုင်ငံ မိတ်ဆွေဖြစ်ရေးနှင့် မကျူးကျော်ရေးစာချုပ် ချုပ်ဆိုပြီး နယ်စပ်ပြဿနာအပေါ် သဘောတူညီမှုရ။
စက်တင်ဘာ ၈ မှ အောက်တိုဘာ ၄ - ဦးနုခေါင်းဆောင်ပြီး ဗိုလ်ချုပ်နေ၀င်း အပါအ၀င် အဖွဲ့ဝင် ၃၅၀ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်အမျိုးသားနေ့ အခမ်းအနား တက်ရောက်။
ဒီဇင်ဘာ ၂၂ မှ ဖေဖော်ဝါရီ ၉ - မြန်မာနိုင်ငံထဲသို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် နှစ်ကြိမ်တိုင်ဝင်ရောက်ပြီး ကူမင်တန်များကို တိုက်ခိုက်။

၁၉၆၁ ခုနှစ်
ဇန်န၀ါရီ ၂ မှ ၉ - ချူအင်လိုင်းဦးဆောင်ပြီး အဖွဲ့ဝင် ၄၀၀ ကျော်ပါသော တရုတ်ကိုယ်စားလှယ်အဖွဲ့ အုပ်စုကိုးစုခွဲကာ မြန်မာနိုင်ငံသို့ လာရောက်။ လွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ရန်နှင့် နယ်စပ်စာချုပ် လဲလှယ်ရန်ဖြစ်။ ခရီးစဉ်တွင်း တရုတ်က မြန်မာသို့ အမေရိကန်ဒေါ်လာ သန်း ၃၀ ချေးမည့် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းမှုစာတမ်း လက်မှတ်ထိုး။

၁၉၆၂ ခုနှစ်
မတ် ၂ - ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်း
မတ် ၇ - တရုတ်သံအမတ်ကြီး လီယီမန်းက မြန်မာနိုင်ငံခြားရေးဝန်ကြီးထံ အသိအမှတ်ပြုလွှာပေးပို့ပြီး ဗိုလ်ချုပ်နေ၀င်းထံ ၀မ်းမြောက်ကြောင်း ကြေးနန်းပေးပို့။ တရုတ်နိုင်ငံသည် အာဏာသိမ်း ဗိုလ်ချုပ်နေ၀င်းအစိုးရကို အသိအမှတ်ပြုသည့် စတုထ္ထမြောက်နိုင်ငံဖြစ်လာ။

၁၉၆၃ ခုနှစ်
မတ် ၁၂ - မြန်မာ့နိုင်ငံခြားရေး မူဝါဒနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တိုက်ရိုက်ဝေဖန်ခြင်း မပြုရန် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ရန်ကုန်ရှိ တရုတ်သံရုံးသို့ ညွှန်ကြား။
ဧပြီ ၂၀ မှ ၂၆ - ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မြန်မာအစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဆက်သွယ်ပေးရန် တရုတ်သမ္မတ လျူလျောက်ချီ မြန်မာနိုင်ငံသို့ လာရောက်။
ဇွန် ၂၈ - ဗမာပြည်ကွန်မြူနစ်ပါတီ ဒုတိယဥက္ကဋ္ဌ သခင်ဗသိန်းတင်နှင့် မြန်မာသံအမတ်ကြီး ဦးမောင်မောင်ကျော်ဝင်းတို့ ပေကျင်း၌ ဆွေးနွေး။
နိုဝင်ဘာ ၁၅ - ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ကြောင်း တော်လှန်ရေးကောင်စီ ကြေညာ။

၁၉၆၄ ခုနှစ်
ဖေဖော်ဝါရီ ၁၄ မှ ၁၈ - ချူအင်လိုင်းနှင့် ချင်ယီတို့ မြန်မာနိုင်ငံသို့ လာရောက်ပြီး ခရီးစဉ်အတွင်း ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ပြည်တွင်းရေး၌ မစွက်ဖက်ရေးမူကို ထပ်မံအတည်ပြု။
မတ် ၁၉ - တရုတ်လူမျိုးပိုင် စတိုးဆိုင် ၆၇၀၀ အပါအ၀င် စတိုးဆိုင် ၁၀၀၀၀ ကျော်ကို ပြည်သူပိုင်သိမ်း။
ဇူလိုင် ၁၀ မှ ၁၁ - ရန်ကုန်သို့ ချူအင်လိုင်း လျှို့ဝှက်လာရောက်ပြီး ဗိုလ်ချုပ်နေ၀င်းနှင့် သုံးကြိမ်ဆွေးနွေး။

၁၉၆၅ ခုနှစ်
ဧပြီ ၁ - တရုတ်စာသင်ကျောင်း ၁၆ ကျောင်း အပါအ၀င် ပုဂ္ဂလိကပိုင် အလယ်တန်းကျောင်း ၁၂၉ ကျောင်းကို ပြည်သူပိုင်သိမ်း။
ဧပြီ ၃ မှ ၄ - ရန်ကုန်သို့ ချူအင်လိုင်း ရောက်လာပြီး ဗိုလ်ချုပ်နေ၀င်းနှင့် ဆွေးနွေး။
ဇူလိုင် ၁၄ မှ သြဂုတ် ၁ - တရုတ်နိုင်ငံသို့ ဗိုလ်ချုပ်နေ၀င်း သွားရောက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက်ကို ထပ်မံအတည်ပြုသည့် ပူးတွဲကြေညာချက် ထုတ်ပြန်။

၁၉၆၇ ခုနှစ်
ဇန်န၀ါရီမှ ဇွန် - မော်စီတုံးအတွေးအခေါ်၊ ဆိုဗီယက်ဆန့်ကျင်ရေး၊ ယဉ်ကျေးမှုတော်လှန်ရေးနှင့် မြန်မာနိုင်ငံတွင် မော်စီတုံးအား ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတို့နှင့် စပ်လျဉ်းသည့် ဆောင်းပါးများ၊ သတင်းများကို ပြည်သူ့နေ့စဉ် သတင်းစာတွင် အဆက်မပြတ်ဖော်ပြ။
ဇွန် ၂၆ မှ ၂၈ - ရန်ကုန်တွင် တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွား။ တရုတ်တန်း၊ စာသင်ကျောင်းများနှင့် တရုတ်သံရုံးတို့ တိုက်ခိုက်ခံရ။
ဇွန် ၂၉ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို မြန်မာနိုင်ငံ ပြန်မလွှတ်ရန် တရုတ်အစိုးရ ဆုံးဖြတ်၊ နှစ်လအကြာတွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို မြန်မာအစိုးရ ပြန်ခေါ်၊ ပေကျင်းရှိ မြန်မာသံရုံး အပြင်ဘက်တွင် လူနှစ်သိန်းခန့် ဆန္ဒပြ။
ဇွန် ၃၀ မှ ဇူလိုင် ၃ - ပေကျင်းရှိ မြန်မာသံရုံးရှေ့တွင် လူတစ်သန်းကျော် ဆန္ဒပြ၊ ဇူလိုင် ၃ ရက်တွင် သံရုံးထဲသို့ ဆန္ဒပြသူများ အဓမ္မ၀င်ရောက်ပြီး မြန်မာအလံနှင့် နိုင်ငံတော်တံဆိပ်ကို ဖျက်ဆီး။
ဇူလိုင် ၇ - တရုတ်စီးပွားရေး အကူအညီကို မြန်မာရပ်စဲ။ တရုတ်လူမျိုး ကျွမ်းကျင်သူအားလုံး ပြန်လည်ရုပ်သိမ်းရန် အကြောင်းကြား။ တရုတ်ကျွမ်းကျင်သူ ၄၁၂ ဦး တရုတ်နိုင်ငံသို့ပြန်။

၁၉၆၈ ခုနှစ်
ဇန်န၀ါရီ ၁ - တရုတ်နိုင်ငံရှိ ဗမာပြည်ကွန်မြူနစ်ပါတီ တပ်ဖွဲ့ဝင်များ မြန်မာနယ်စပ်ကို ကျော်ဖြတ်ပြီး လမ်းကြောင်းသုံးကြောင်းဖြင့် ၀င်ရောက်လာ။ လမ်းကြောင်းတစ်ကြောင်းစီတွင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှ လူမျိုးစုစစ်သားများ တာဝန်ယူသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တပ်ခွဲတစ်ခွဲစီ ပါဝင်။ ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပုန်ကန်မှုအတွက် တရုတ်၏ အကူအညီ စတင်။

၁၉၆၉ ခုနှစ်
ဇန်န၀ါရီ - ဗိုလ်ချုပ်နေ၀င်း ပါကစ္စတန်နိုင်ငံသို့ သွားရောက်ပြီး ဆက်ဆံရေး ပြန်လည်စတင်ရန် ဖြစ်နိုင်ခြေများကို တရုတ်အရာရှိများနှင့် ဆွေးနွေး။
နိုဝင်ဘာ ၆ - မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ၏ လေးကြိမ်မြောက် ညီလာခံတွင် တရုတ်နှင့် ပြန်လည်စတင်လိုကြောင်း ဗိုလ်ချုပ်နေ၀င်းပြော။

၁၉၇၀ ပြည့်နှစ်
ဇန်န၀ါရီ ၃ - တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ပေကျင်းရှိ မြန်မာသံရုံးတွင် ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်။
မေ ၁ - တိအန်မင်ရင်ပြင် မေဒေးနေ့ အခမ်းအနားတွင် မော်စီတုံးက မြန်မာသံရုံး ယာယီတာဝန်ခံအား နှုတ်ဆက်ခဲ့ပြီး ဗိုလ်ချုပ်နေ၀င်းအား သတိရကြောင်းပြောရန် မှာကြား။
နိုဝင်ဘာ ၂၂ - ကုလသမဂ္ဂတွင် တရုတ်အဖွဲ့ဝင်ဖြစ်ရေး မြန်မာထောက်ခံမဲပေး။

၁၉၇၁ ခုနှစ်
သြဂုတ် ၆ မှ ၁၂ - ဗိုလ်ချုပ်နေ၀င်း တရုတ်နိုင်ငံသို့ ရောက်ရှိ။ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ အရေးကို ဗိုလ်ချုပ်နေ၀င်းနှင့် ချူအင်လိုင်းတို့ ငါးကြိမ်ဆွေးနွေး။
အောက်တိုဘာ ၉ - ကုလသမဂ္ဂတွင် တရုတ်အဖွဲ့ဝင်ဖြစ်မှုနှင့် လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်ဖြစ်မှုကို နှင်းအပ်ရန် မြန်မာနှင့် အခြားနိုင်ငံ ၂၀ က ကုလသမဂ္ဂတွင် အဆိုပြု။

၁၉၇၅ ခုနှစ်
နိုဝင်ဘာ ၁၁ မှ ၁၅ - တရုတ်နိုင်ငံသို့ ဗိုလ်ချုပ်နေ၀င်း သွားရောက်လည်ပတ်။ ကျန်းမာရေးမကောင်းသော မော်စီတုံးက လက်ခံတွေ့ဆုံ။ မြန်မာ့မြေပေါ်တွင် မည်သည့်နိုင်ငံကိုမျှ စစ်စခန်းဆောက်ခွင့်ပြုမည် မဟုတ်ဟု ဗိုလ်ချုပ်နေ၀င်း ကတိပေး။

၁၉၇၇ ခုနှစ်
ဧပြီ ၂၇ - တရုတ်နိုင်ငံသို့ ဗိုလ်ချုပ်နေ၀င်းသွားရောက်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ ပြဿနာကို ဆွေးနွေး။
စက်တင်ဘာ ၁၈ - ဗိုလ်ချုပ်နေ၀င်း ကိုရီးယားသို့အသွား ပေကျင်း၌ ခေတ္တရပ်နားပြီး ဟွာကိုဖုန်း၊ တိန့်ရှောင်ဖိန်တို့နှင့် တွေ့ဆုံ။

၁၉၇၈ ခုနှစ်
ဇန်န၀ါရီ ၂၆ မှ ၃၁ - တရုတ်ဒုတိယ၀န်ကြီးချုပ် တိန့်ရှောင်ဖိန် မြန်မာနိုင်ငံသို့ ရောက်ရှိ။

၁၉၇၉ ခုနှစ်
ဇူလိုင် ၉ မှ ၁၃ - မြန်မာဝန်ကြီးချုပ် ပေကျင်းသို့ရောက်ရှိပြီး စီးပွားရေးနှင့် ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ရေးထိုး။ မြန်မာသို့ အတိုးမဲ့ချေးငွေ ယွမ်ငွေတစ်ဘီလျံကို ခုနစ်နှစ်ဖြည့်ဆည်းပေးရန် သဘောတူ။

၁၉၈၀ ပြည့်နှစ်
အောက်တိုဘာ ၂၀ မှ ၂၃ - တရုတ်နိုင်ငံသို့ ၁၁ ကြိမ်မြောက်အဖြစ် ဗိုလ်ချုပ်နေ၀င်း သွားရောက်။

၁၉၈၁ ခုနှစ်
ဇန်န၀ါရီ ၂၆ - ၃၀ - တရုတ်ဝန်ကြီးချုပ် ကျောက်ကျိယန် မြန်မာနိုင်ငံသို့ လာရောက်။

၁၉၈၄ ခုနှစ်
အောက်တိုဘာ ၂၈ - မြန်မာသမ္မတ ဦးစန်းယု တရုတ်နိုင်ငံသို့ သွားရောက်။

၁၉၈၅ ခုနှစ်
မတ် ၄ မှ ၈ - တရုတ်သမ္မတလီရှန့်နင် ရန်ကုန်သို့ရောက်ရှိပြီး ချူအင်လိုင်းလက်ထက်က ချမှတ်ခဲ့သည် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများမူကို ထပ်မံအတည်ပြုပြောဆို။
မေ ၄ မှ ၉ - တိန့်ရှောင်ဖိန်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်နေ၀င်း တရုတ်နိုင်ငံသို့ သွားရောက်။

၁၉၈၆ ခုနှစ်
ဧပြီ ၁၀ မှ ၁၈ - မြန်မာဝန်ကြီးချုပ် ဦးမောင်မောင်ခ တရုတ်နိုင်ငံသို့ သွားရောက်။

၁၉၈၇ ခုနှစ်
နိုဝင်ဘာ ၁၆ - တရုတ်-မြန်မာ စီးပွားရေးနှင့်ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို ရန်ကုန်မြို့၌ ချုပ်ဆို။ ရန်ကုန်-သန်လျင် တံတားအတွက် နောက်ဆက်တွဲ ရန်ပုံငွေအဖြစ် အတိုးမဲ့ချေးငွေ ယွမ်သန်း ၈၀ ကို တရုတ်ကချေးရန် ကတိပြု။

၁၉၈၈ ခုနှစ်
စက်တင်ဘာ ၂၂ - တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောခွင့်ရသူ ကျင်ကွေ့ဟွာက တရုတ်သည် မြန်မာပြည်တွင်းရေးကို ၀င်မစွက်ဖက်ကြောင်း၊ သို့သော် ပုံမှန်အခြေအနေသို့ ပြန်ရောက်မည်ဟု မျှော်လင့်ကြောင်း ပြောဆို။

၁၉၈၉ ခုနှစ်
မေ ၂၅ - အသစ်ခန့်အပ်လိုက်သည့် မြန်မာသံအမတ်ကြီးအား တရုတ်ဝန်ကြီးချုပ် လီပင်းက တရုတ်၏ နိုင်ငံခြားရေးမူဝါဒကို ထပ်မံအတည်ပြုပြောဆို။
ဇွန် ၁၃ - နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့ (န၀တ) အတွင်းရေးမှူး ဗိုလ်ချုပ်ခင်ညွန့်က တရုတ်သံအမတ်ကြီး ချင်ရွေ့စဲင်အား ခေါ်ယူတွေ့ဆုံကာ တိန်အန်မင်ရင်ပြင် ဆန္ဒပြပွဲတွင် တရုတ်အစိုးရက အင်အားသုံးနှိမ်နင်းခဲ့မှုကို စာနာနားလည်ကြောင်း ပြောကြား။
အောက်တိုဘာ ၁၈ မှ ၂၉ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းရွှေခေါင်းဆောင်သည့် ၂၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်။

၁၉၉၀ ပြည့်နှစ်
ဒီဇင်ဘာ ၂၇ - စီးပွားရေးနှင့်ကျွမ်းကျင်မှု ပူးပေါင်းဆောင်ရွက်ရေးစာချုပ် လက်မှတ်ရေးထိုး၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ငါးနှစ်အတိုးမဲ့ ချေးငွေပေးရန် သဘောတူ။

၁၉၉၁ ခုနှစ်   
ဇန်န၀ါရီ ၂၈ မှ ဖေဖော်ဝါရီ ၁ - တရုတ်နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံသို့ လာရောက်ပြီး န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့်တွေ့ဆုံ။ တရုတ်အကူအညီဖြင့် ဆောက်လုပ်သည့် အမျိုးသားဇာတ်ရုံကို မြန်မာအစိုးရသို့ လွှဲပြောင်း။
သြဂုတ် ၂၀ မှ ၂၅ - ဗိုလ်ချုပ်မှူးကြီးစောမောင် တရုတ်နိုင်ငံသို့ သွားရောက်။

၁၉၉၃ ခုနှစ်
ဖေဖော်ဝါရီ ၁၁ - ပုသိမ်တွင် တရုတ်ရေတပ်စခန်းတစ်ခု အသုံးပြုရန် ရည်ရွယ်သည်ဆိုခြင်းကို တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ငြင်းဆို။
ဇူလိုင် ၃၀ - တရုတ်က မြန်မာကို အတိုးမဲ့ချေးငွေ ယွမ်သန်း ၅၀ ပေးအပ်။
ဇူလိုင် ၃၁ - တရုတ်ချေးငွေယွမ် ၀ ဒသမ ၁ ဘီလျံဖြင့် ဆောက်လုပ်သော သန်လျင်တံတားပြီးစီး။

၁၉၉၄ ခုနှစ်
သြဂုတ် ၁၀ မှ ၁၅ - တရုတ်အစိုးရ ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်။
သြဂုတ် ၂၂ - မန္တလေးမြို့တွင် တရုတ်ကောင်စစ်ဝန်ရုံးဖွင့်။
စက်တင်ဘာ ၇ မှ ၁၄ - န၀တ အတွင်းရေးမှူး-၁ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် တရုတ်နိုင်ငံသို့ သွားရောက်။
ဒီဇင်ဘာ ၂၆ မှ ၂၈ - တရုတ်ဝန်ကြီးချုပ်လီပင်း မြန်မာနိုင်ငံသို့ လာရောက်ပြီး န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံ။ အဓိက ပရောဂျက်များတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် PRC ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများကို အားပေးမည်ဟု လီပင်းပြောကြား။ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်မှု၊ နယ်စပ်ကုန်သွယ်ရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးချက်၊ ပင်လယ်ရပ်ခြား တရုတ်လူမျိုးများ အရေးတို့နှင့် စပ်လျဉ်းပြီး တရုတ်၏ ကြောင့်ကြမှုများကို လီပင်းက ထပ်မံပြောဆို။

၁၉၉၆ ခုနှစ်
ဇန်န၀ါရီ ၇ မှ ၁၃ - န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့ သွားရောက်။ ချေးငွေသဘောတူညီမှု မူကြမ်းတစ်စောင်ကို လက်မှတ်ရေးထိုး။
ဧပြီ ၂၈ မှ မေ ၃ - တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာ၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် မူငါးချက်ကို လိုက်နာကြောင်း ထပ်မံပြောကြား။
အောက်တိုဘာ ၂၂ မှ ၂၉ - န၀တဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်အေး စစ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံသို့ သွားရောက်။

၁၉၉၇ ခုနှစ်
မတ် ၂၄ မှ ၂၇ - တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် လူဝေါ်ကန်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ။ နယ်စပ်ဒေသ အုပ်ချုပ်မှု သဘောတူညီချက်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နားလည်းမှုစာချွန်လွှာများ လက်မှတ်ရေးထိုး။ လယ်ယာကဏ္ဍအတွက် စက်ကိရိယာနှင့် အပိုပစ္စည်းများ ၀ယ်ယူရန် ယွမ်ငွေငါးသန်း ချေးယူခွင့်ပြု။
ဒီဇင်ဘာ ၁၆ - မလေးရှားနိုင်ငံ ကွာလာလမ်ပူ၌ပြုလုပ်သော တရားဝင်မဟုတ်သည့် တရုတ်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ သမ္မတ ကျန်ဇီမင်းက န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တွေ့ဆုံပြီး  အာဆီယံအဖွဲ့ဝင် ဖြစ်လာသည့်အတွက် ၀မ်းမြောက်ကြောင်းပြောကြား။

၁၉၉၈ ခုနှစ်
ဖေဖော်ဝါရီ ၃ - တရုတ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ထန်းကျားရွှမ် ရန်ကုန်သို့ရောက်ရှိ။ သံတမန်၊ အစိုးရအမှုထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ် လက်မှတ်ရေးထိုး။

၁၉၉၉ ခုနှစ်
ဇွန် ၇ မှ ၁၁ - န၀တ အတွင်းရေးမှူး-၁ ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့် တရုတ်နိုင်ငံသို့ သွားရောက်။

၂၀၀၀ ပြည့်နှစ်
ဇွန် ၅ မှ ၁၂ - န၀တဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမောင်အေး တရုတ်နိုင်ငံသို့ သွားရောက်။
ဇူလိုင် ၁၆ မှ ၁၈ - တရုတ်ဒုတိယသမ္မတ ဟူကျင်တောင် မြန်မာနိုင်ငံသို့ရောက်ရှိ။
စက်တင်ဘာ ၁၈ - ပေါင်းလောင်းရေအားလျှပ်စစ်စက်ရုံ စီမံကိန်းအတွက် တရုတ်ပို့ကုန်-သွင်းကုန်ဘဏ်မှ ယွမ်ငွေတစ်ဘီလျံ ထုတ်ယူ။

၂၀၀၁ ခုနှစ်
ဒီဇင်ဘာ ၁၂ မှ ၁၅ - တရုတ်သမ္မတ ကျန်ဇီမင်းနှင့် အဖွဲ့ဝင် ၁၃၅ ဦး မြန်မာနိုင်ငံသို့ ရောက်ရှိ။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း စာချုပ်များချုပ်ဆို။

၂၀၀၃ ခုနှစ်
ဇန်န၀ါရီ ၆ မှ ၁၁ - န၀တဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့ သွားရောက်ပြီး ကျန်းမာရေး ပူးပေါင်းဆောင်ရွက်ရေး အပါအ၀င် အခြားစာချုပ်များ ချုပ်ဆို။ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အတိုးနှုန်းလျှော့ချေးငွေ အမေရိကန်ဒေါ်လာ ၀ ဒသမ ၂ သန်းချေးမည်ဟု ကျန်ဇီမင်းကတိပြု။
ဇူလိုင် ၃ မှ ၅ - နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထူးသံတမန်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်။
သြဂုတ် ၂၂ - တရုတ်သမ္မတ ဟူကျင်းတောင် တရုတ်နိုင်ငံသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးအားတွေ့ဆုံ။
အောက်တိုဘာ ၆ - တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌တွေ့ဆုံ။

၂၀၀၄ ခုနှစ်
ဇူလိုင် ၁၁ မှ ၁၇ - ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့် တရုတ်နိုင်ငံသို့ သွားရောက်ပြီး စာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၁၂ ခု လက်မှတ်ရေးထိုး။
ဇူလိုင် ၂၁ မှ ၂၈ - နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီးစိုးဝင်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်။
နိုဝင်ဘာ ၂ မှ ၆ - ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်။

၂၀၀၅ ခုနှစ်
ဧပြီ ၂၃ - သမ္မတ ဟူကျင်းတောင်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ ပြုလုပ်သည့် အာရှ-အာဖရိက ထိပ်သီးအစည်းအဝေးတွင် တွေ့ဆုံ။
ဇူလိုင် ၄ - တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ ကူမင်းတွင်ပြုလုပ်သော ဂျီအမ်အက်စ် ထိပ်သီးဆွေးနွေးပွဲ၌ တွေ့ဆုံပြီး စာချုပ်တစ်ခု လက်မှတ်ရေးထိုး။
ဒီဇင်ဘာ ၁၄ - ၀န်ကြီးချုပ် ၀မ်ကျားပေါင်နှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ တွေ့ဆုံ။

၂၀၀၆ ခုနှစ်
ဖေဖော်ဝါရီ ၁၄ မှ ၁၈ - ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် သမ္မတဟူကျင်းတောင်တို့ တရုတ်နိုင်ငံ၌ တွေ့ဆုံပြီး စာချုပ်နှင့် နားလည်မှုစာချွန်လွှာရှစ်ခု လက်မှတ်ရေးထိုး။
အောက်တိုဘာ ၂၂ - နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်တို့ တွေ့ဆုံ။
အောက်တိုဘာ ၃၁ - ၀န်ကြီးချုပ် ၀မ်ကျားပေါင်နှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းတို့ တရုတ်- အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် တွေ့ဆုံ။

၂၀၀၇ ခုနှစ်
ဇန်န၀ါရီ ၃၁ မှ ဖေဖော်ဝါရီ ၂ - ဗိုလ်ချုပ်ကြီးသူရရွှေမန်း တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် တွေ့ဆုံ။
ဧပြီ ၃ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့ သွားရောက်။
ဇွန် ၅ မှ ၁၀ - နအဖ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးသိန်းစိန် တရုတ်နိုင်ငံသို့သွားရောက်။
ဇူလိုင် ၁၂ - မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထပ်လောင်းအတည်ပြုကြောင်းနှင့် ကုလသမဂ္ဂအဖွဲ့သို့ ၀င်ရောက်ရန် ထိုင်ဝမ်၏ကြိုးပမ်းမှုကို ဆန့်ကျင်ကြောင်း ကြေညာချက်ထုတ်ပြန်။
စက်တင်ဘာ ၁၃ - ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အထူးသံတမန်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တရုတ်နိုင်ငံသို့ သွားရောက်။
စက်တင်ဘာ ၁၃ - မြန်မာနိုင်ငံတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် အစိုးရ၏ အင်အားသုံး နှိမ်နင်းမှုအပေါ် နိုင်ငံတကာ၏ စိုးရိမ်ပူပန်မှုများနှင့် စပ်လျဉ်းပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက ထုတ်ဖော်ပြောကြား။
အောက်တိုဘာ ၂၄ မှ ၂၅ - တရုတ်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး အီဘရာဟင်ဂမ်ဘာရီတို့ ပေကျင်း၌ဆွေးနွေး။
နိုဝင်ဘာ ၁၄ မှ ၁၆ - တရုတ်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံ။
နိုဝင်ဘာ ၁၉ - ၀န်ကြီးချုပ်ဝမ်ကျားပေါင်နှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ စင်ကာပူ၌ တွေ့ဆုံ။

၂၀၀၈ ခုနှစ်
ဖေဖော်ဝါရီ ၁၈ မှ ၁၉ - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး အီဘရာဟင်ဂမ်ဘာရီ ပေကျင်းသို့ရောက်ရှိ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ ဒုတိယနိုင်ငံခြားရေး ၀န်ကြီးတို့နှင့် တွေ့ဆုံ။
မတ် ၁၈ - မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာက သတင်းကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး ထိုင်ဝမ်လွတ်လပ်ရေးနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်ဖြစ်ရေး ထိုင်ဝမ်၏ ဆန္ဒခံယူပွဲကို ဆန့်ကျင်ကြောင်းဖော်ပြ။
မေ ၂၅ - တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်တို့ တွေ့ဆုံ။
သြဂုတ် ၂၁ - ဒုတိယဗိုလ်ချုပ်ကြီးတင်အေး တရုတ်နိုင်ငံသို့ သွားရောက်ပြီး တရုတ်ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံ။
နိုဝင်ဘာ ၂၉ - ဗိုလ်ချုပ်ကြီးသူရရွှေမန်း တရုတ်နိုင်ငံသို့ သွားရောက်။
ဒီဇင်ဘာ ၄ မှ ၅ - တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ရောက်ရှိပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံ။

၂၀၀၉ ခုနှစ်
မတ် ၁၈ - မြန်မာနိုင်ငံသို့ရောက်ရှိလာသော CCP ဗဟိုကော်မတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် လီချန်းချွန်နှင့် နအဖအတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးတို့ ဆွေးနွေး။
အောက်တိုဘာ ၂၄ - မြန်မာသည် ပြဿနာများကို ထိန်းသိမ်းနိုင်ပြီး နယ်စပ်တည်ငြိမ်မှုရရှိအောင် လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၀န်ကြီးချုပ် ၀မ်ကျားပေါင်ပြောကြား။
ဒီဇင်ဘာ ၁၉ မှ ၂၀ - တရုတ်ဒုတိယသမ္မတ ရှီကျင်းပင် မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့်ဆွေးနွေး။

၂၀၁၀ ပြည့်နှစ်
ဇွန် ၂ မှ ၃ - ၀န်ကြီးချုပ်ဝန်ကျားပေါင် မြန်မာနိုင်ငံသို့ရောက်ရှိ။ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုအပေါ် စာချုပ်စာတမ်း ၁၅ ခု လက်မှတ်ရေးထိုး။
ဇူလိုင် ၃ မှ ၁၂ - နအဖ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး တရုတ်နိုင်ငံသို့ သွားရောက်။ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်ဒုတိယ၀န်ကြီး ကတိပေး။
စက်တင်ဘာ ၁၆ မှ ၂၀ - ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့သွားရောက်။ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလျံ ချေးငွေရယူ။
နိုဝင်ဘာ ၉ ရက် - မြန်မာရွေးကောက်ပွဲကို တရုတ်အစိုးရ ကြိုဆို။

၂၀၁၁ ခုနှစ်
ဧပြီ ၂ မှ ၅ - CPPCC အမျိုးသားကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် ဆွေးနွေး။ ခရီးစဉ်အတွင်း စာချုပ်ငါးစောင်ချုပ်ဆို။
မေ ၁၂ မှ ၁၅ - တရုတ် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သမ္မတဦးသိန်းစိန်၊ သူရဦးရွှေမန်းနှင့် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ။
မေ ၂၆ မှ ၂၈ - သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ သွားရောက်။ အမေရိကန်ဒေါ်လာ ၇၆၅ သန်းချေးငွေ အပါအ၀င် စာချုပ်ကိုးစောင်ချုပ်ဆို။
စက်တင်ဘာ ၃၀ - မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို မိမိအစိုးရသက်တမ်းတွင် ရပ်နားထားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်ကြေညာ။ တရုတ်အစိုးရက ထိုအမိန့်ကို စစ်ဆေးလျက်ရှိသည်ဟု ဖော်ပြခြင်းဖြင့် တုံ့ပြန်။
အောက်တိုဘာ ၁ - တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောခွင့်ရသူက မြစ်ဆုံဆည်စီမံကိန်းသည် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းဖြစ်ပြီး နှစ်ဖက်စလုံးတွင် သိပ္ပံနည်းကျ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်ဟု ပြောကြား။
အောက်တိုဘာ ၇ - တရုတ်သံအမတ်ကြီး လီကျွင်းဟွာ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် မြန်မာဝမ်ပေါင်က ဆောင်ရွက်နေသည့် မုံရွာကြေးနီတူးဖော်ရေး လုပ်ငန်းခွင်များသို့ သွားရောက်။
အောက်တိုဘာ ၁၀ - နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သမ္မတ၏ အထူးသံတမန်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်။
အောက်တိုဘာ ၂၀ မှ ၂၇ - ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး တရုတ်နိုင်ငံသို့ သွားရောက်။
နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၂ - ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားရောက်။
ဒီဇင်ဘာ ၁၅ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ဖော်ပြောဆို။
ဒီဇင်ဘာ ၁၉ မှ ၂၀ - တရုတ်နိုင်ငံတော်ကောင်စီဝင် နေပြည်တော်တွင် ပြုလုပ်သော ဂျီအမ်အက်စ် အစည်းအဝေးသို့ တက်ရောက်။ သမ္မတဦးသိန်းစိန်၊ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးတို့နှင့် တွေ့ဆုံပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု၊ ဆောင်ရွက်ဆဲ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်မှုနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ကာကွယ်စောင့်ရှောက်မှုတို့ကို မြှင့်တင်ဆောင်ရွက်ရန်လိုကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်က ပြောကြား။

၂၀၁၂ ခုနှစ်
ဖေဖော်ဝါရီ ၂ - နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တွေ့ဆုံ။
ဖေဖော်ဝါရီ ၃ - ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီးကိုကိုအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တွေ့ဆုံ။
ဧပြီ ၄ - ကြားဖြတ်ရွေးကောက်ပွဲ ရလာဒ်များက နိုင်ငံရင်ကြားစေ့ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပံ့ပိုးပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် မြန်မာအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ အပြီးတိုင်ရုပ်သိမ်းပေးရန် တရုတ်အစိုးရ တောင်းဆို။
မေ ၂၁ မှ ၂၆ - ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် တရုတ်နိုင်ငံသို့ သွားရောက်။
နိုဝင်ဘာ ၁၂ - ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း တရုတ်နိုင်ငံသို့ သွားရောက်။

၂၀၁၃ ခုနှစ်
ဖေဖော်ဝါရီ ၂၈ - ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တွေ့ဆုံ။
ဇူလိုင် ၂၃ - သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် နေပြည်တော်၌ တွေ့ဆုံ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့။
အောက်တိုဘာ ၁၂ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားရောက်။

၂၀၁၄ ခုနှစ်
ဖေဖော်ဝါရီ ၁၈ - ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တွေ့ဆုံ။
ဖေဖော်ဝါရီ ၁၉ - ဒုတိယသမ္မတ ဦးဉာဏ်ထွန်းအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တွေ့ဆုံ။
ဖေဖော်ဝါရီ ၂၄ - တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဒုတိယ၀န်ကြီး မြန်မာနိုင်ငံသို့ လာရောက်၊ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံ။

ကိုးကား - Modern China-Myanmar Relations by David I.Steinberg and Hongwei Fan၊ နေ့စဉ်ထုတ် သတင်းစာများ။

0 အကြံပြုခြင်း: