Thursday, March 6, 2014

၂၆ နှစ်မြောက် တံတားနီအရေးအခင်း


 မျိုးသက်ဆွေ

စစ်သားတယောက် စစ်မြေပြင်မှာကျဆုံးတာ မဆန်းပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ မြို့တော်ကျောင်းပရ၀ဏ်မှာ ကျောင်းသားတယောက် သေနတ်ကျည်ဆန် ထိပြီး
ကျဆုံးတာကတော့ လက်ခံနိုင်စရာမရှိပါဘူး။

၈၈ ကျောင်းသား ကိုကိုကြီး
၁၆-၃-၂၀၁၃
(၂၅ နှစ်မြောက် တံတားနီအရေးအခင်း ငွေရတု အထိမ်းအမှတ် အခမ်းအနား)

တံတားနီဖြစ်စဉ်၏ နေ့စွဲများ
၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်။

၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်နေ့မှာ လုံထိန်းတွေရဲ့လက်ချက်နဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတဲ့အပေါ်ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေက မတ်လ ၁၆ ရက်နေ့မှာ စက်မှုတက္ကသိုလ် အာရ်အိုင်တီကို ချီတက်ဆန္ဒပြစဉ် ပြည်လမ်း
တံတားဖြူမှတ်တိုင်မှာ လုံထိန်းတွေနဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ် နှိမ်နင်းခဲ့မှုတွေကြောင့် တံတားဖြူကနေ သွေးနီစွန်းထင်းပြီး တံတားနီအရေးအခင်းအဖြစ် အမှတ်ရစရာ သမိုင်းဖြစ်ရပ်ကို မှတ်တမ်းတင်ခဲ့တာ အခုဆိုရင် ၂၆ နှစ်မြောက် ပြည့်တော့မှာ ဖြစ်ပါတယ်။ ကိုဖုန်းမော်ကျဆုံးခဲ့တဲ့ မတ်လ(၁၃)ရက်နေ့ကို ကိုဖုန်းမော်နေ့@မြန်မာနိုင်ငံလူ့ အခွင့်အရေးနေ့ အဖြစ်၁၉၈၉ကစပြီး သတ်မှတ်ကျင်းပခဲ့ပါတယ်။ ရန်ကုန်ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ကျောင်းသားတွေ သွေးမြေကျခဲ့တဲ့ ၂၅ နှစ်မြောက် တံတားနီ နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို အင်ယားကန်ဘောင် တံတားဖြူ မှတ်တိုင်တွင် ၂၀၁၃ မတ်လ ၁၆ရက်နေ့တွင်ညနေ ၄ နာရီတွင် ကျင်းပခဲ့သည်။

၁၉၈၈ ခုနှစ် မတ်လ (၁၄) ရက်နေ့။

၁၉၈၈ ခုနှစ် မတ်လ (၁၄) ရက်နေ့ တနင်္လာနေ့ မှာ ကျောင်းပြန်ဖွင့်တော့ ကျောင်းသားတွေ စာသင်ခန်းကို ပြန်သွားကြပါတယ်။ အားလုံးကတော့ လေးလံသော ခြေလှမ်း ညှိုးနွမ်းသော စိတ်နှလုံးတွေ နဲ့ မတ်လ ရဲ့ နွေအပူ ရော ရင်ထဲကအပူမီး ပါရောပေါင်းပြီး တိတ်ဆိတ်စွာ စာသင်ခန်းဆီကို ရွေ့လျားကြပါတယ်။ အားလုံးရဲ့ စိတ်အစဉ်က နေ့လည် မြန်မာ့အသံမှ သတင်းကြေငြာချက်ဆီ အာရုံတွေလွှင့်ထားကြတယ်။

နေ့လည် (၁) နာရီမှာ သတင်းကြေငြာတော့ စက်မှုတက္ကသိုလ်ကျောင်းသားများနဲ့ အနောက်ကြို့ကုန်း ရပ်ကွက်သားများ ခိုက်ရန် ဖြစ်ပွားမှုကြောင့် ကျောင်းသား မောင်ဖုန်းမော် သေဆုံးပြီး၊ မောင်စိုးနိုင်မှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် ကုသထားရကြောင်း သတင်းကို မလှိမ့်တစ်ပတ် လုပ်ပြီး ကြေငြာလာတယ်။ ပညာရေးဝန်ကြီး ဦကျော်ငြိမ်း နေရာမှာ ဒေါက်တာကျော်စိန် ကို ပြောင်းလဲ ခန့်ထားလိုက်ကြောင်း ကြေညာတယ်။

ကျောင်းသားများရဲ့ ဒေါသတွေ ပေါက်ကွဲကုန်ပြီ။ တောင်းဆိုချက် (၇) ရပ်နဲ့ ကိုဖုန်းမော် ကျဆုံးခဲ့ရသော ဖြစ်ရပ်မှန်ကို ကြေညာချက် ၂ စောင် ထုတ်ပြီး စာရိုက်ထုတ်ဝေကြတယ်။ အစည်းဝေးတွေ စတင်ကျင်းပကြတယ်။ အခြားသော တက္ကသိုလ်တွေကို သွားပြီး စာရွက်စာတမ်းတွေ ဝေငှကြတယ်။ ဖြစ်ရပ်မှန်တွေကို လိုက်လံဟောပြောကြတယ်။

ရန်ကုန်စက်မှုတက္ကသိုလ်ဝင်း အတွင်းမှာလည်း ကျောင်းသားတွေက တောင်းဆိုချက် (၇)ချက် နဲ့ အတူ ကိုဖုန်းမော် ကျဆုံးရခြင်းမှာ မ.ဆ.လ အစိုးရ၏ လုံထိန်းများ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဖြစ်ကြောင်းကို ပါမောက္ခချုပ် ဦးခင်အောင်ကြည်အား အတည်ပြု လက်မှတ်ရေးထိုးခိုင်းခဲ့ပြီး ပညာရေးဝန်ကြီး ထံသို့ တင်ပြတောင်းဆိုခိုင်းခဲ့တယ်။ မော်ကွန်းထိန်း ဦးဘိုအေးက တာဝန်ယူ လက်မှတ်ရေးထိုးပေးခဲ့တယ်။ ပညာရေးဝန်ကြီး ဒေါက်တာကျော်စိန်က (၁၄) ရက်မှ တာဝန်များကို စတင်ထမ်းဆောင်တာဖြစ်တဲ့အတွက် သူနဲ့ မသက်ဆိုင်ကြောင်း၊ အထက်ကို တင်ပြပေးမည် ဖြစ်ကြောင်း အကြောင်းပြန်ခဲ့တယ်။

ထို့နောက် ကျောင်းသားများက မော်ကွန်းထိန်း ဦးဘိုအေး အား ထပ်မံ လက်မှတ်ရေးထိုးစေပြီး တတိယမြောက် ကြေညာချက် ဖြစ်သော ရန်ကုန်စက်မှု တက္ကသိုလ်ဝင်း အတွင်း ကျောင်းသားများ သွေးမြေကျခဲ့ရသော ဖြစ်ရပ်မှန်မှာ လုံထိန်းများ၏ သေနတ်ဖြင့် ပတ်ခတ်မှု နှင့် မျက်ရည်ယိုဗုံး များကြောင့် ဖြစ်ကြောင်း ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဌာနမှုးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ကိုယ်စား ၀န်ခံ အတည်ပြုကြောင်း ကြေညာစာတမ်းကို ထုတ်ဝေခဲ့တယ်။ အခြားသော ကောလိပ်များ နှင့် တက္ကသိုလ်များကိုလည်း လိုက်လံ ဖြန့်ဝေခဲ့တယ်။

ကျောင်းသားများအားလုံး ည (၈) သတင်းကို စိတ်ဝင်တစား စောင့်မျှော်နေကြတယ်။ အစိုးရက သတင်းထုတ်ပြန်ချက်ကို ည (၈) နာရီ သတင်းမှာ ကြေညာလိုက်တာကတော့ .. စက်မှုတက္ကသိုလ်ကျောင်းသားများ နဲ့ ကြို့ကုန်းသားများ ရန်ဖြစ်ကြရာမှာ ကျောင်းသားမောင်ဖုန်းမော်မှာ ဓားထိုးခံရပြီး သေဆုံးခဲ့ပါတယ်လို့ ပစ်ခတ်သတ်ဖြတ်မှု ကို မတောင်းပန် မကြေညာတဲ့ အပြင် ပြောင်ပြောင်တင်းတင်း ဗြောင်လိမ်လိုက်တယ်။ ကျောင်းသားများ အားလုံး ဒေါသထွက် ပေါက်ကွဲပြီး အဆောင်ပြူတင်းပေါက်တွေကို ရိုက်ချိုးကြတယ်။ အဆောင်မှာ လူစုကြတယ်။ အစည်းအဝေးတွေ ကျင်းပြကြတယ်။ လုံထိန်းများကလည်း ညဘက်မှာ ကျောင်းကို သေနတ်တွေနဲ့ ချိန်ထားခဲ့တယ်။

၁၉၈၈ ခုနှစ် မတ်လ (၁၅) ရက်။

၁၉၈၈ ခုနှစ် မတ်လ (၁၅) ရက် မနက်မှာ ၉ နာရီ လောက်တည်းက ရန်ကုန်စက်မှုတက္ကသိုလ်ကို လုံထိန်းတွေ၊ ရဲတွေ ၊ သံချပ်ကာ ကားတွေက ၀ိုင်းထားလိုက်ပါတယ်။ သမိုင်းဝင်းတွင်းမှ ကျောင်းသားများကလည်း လိုက်လံလူစုပြီး အာအိုင်တီ ဆီကို ချီတက်လာကြပါတယ်။ သမိုင်းလမ်းဆုံ အရောက်မှာ ရဲများ လုံထိန်းများက သံဆူးကြိုးများ နဲ့ ကာပြီး လမ်းပိတ်ထားတာကို တွေ့ရတယ်။ ခဏ ကြာတာ့ လမ်းဖွင့်ပေးပြီး ကျောင်းသားတွေကို သွားစေတယ်။ ကျောင်းသားတွေ သွားပြီးတာနဲ့ သံဆူးကြိုးတွေ ပြန်ပိတ်ပြီး လုံထိန်းတွေက နောက်က လိုက်လာပါတယ်။

သံဆူးကြိုးတွေ ကို တစ်ဆင့်ခြင်း ကာရံရင်း လမ်းပိတ်ရင်း၊ ကျောင်းသားများကလည်း မကြောက်မရွံ့ မတုန်လှုပ် ဆက်လက်ချီတက်ရင်း အာအိုင်တီ ကျောင်းဝင်းရှေ့ ကိုရောက်လာခဲ့တယ်။ ကျောင်းဝင်းရှေ့မှာလည်း လုံထိန်းတွေ ရဲတွေ က အပြည့် နေရာယူထားတယ်။ ချီတက်လာတဲ့ ကျောင်းသားတွေ ပိတ်မိနေပြီ။ ကျောင်းဝင်းထဲလည်း ၀င်လို့ မရ ၊ နောက်လည်း ပြန်ဆုတ်လို့ မရအောင် ညှပ်ပူးညှပ်ပိတ် ပိတ်မိထားပြီ၊။ ကျောင်းသားများ လမ်းမှာ ထိုင်ချသူထိုင် ရပ်သူရပ်နဲ့ ပေကပ်ပြီး နေကြတယ်။

ခဏကြာတော့ အဓိကရုဏ်းနှိမ်နှင်းရေး ခေါင်းဆောင်ဆိုသူက လာရောက် အမိန့်ပေးတယ်။ ကျောင်းသားတွေကို ကျောင်းဆောင်တွေကို ပြန်ခိုင်းတယ်။ မပြန်ရင် ပစ်မိန့်ပေးထားတယ်လို့လည်း ခြိမ်းခြောက်ပြောဆိုတယ်။ ရပ်ကွက်တွင်းက လူတွေကိုလည်း ကျောင်းသားများက ရန်ပွဲအတွက် ကျောင်းသားတစ်ယောက် သေရတာကို မကျေနပ်လို့ ရက်ကွက်ကို ဖျက်ဆီးမီရှို့ဖို့ လာတယ်လို့ မဟုတ်မမှန် လီဆယ် သတင်းလွှင့်ထားတဲ့အတွက် ရပ်ကွက်သားများကလည်း တုတ် ဓားတွေ နဲ့ ကျောင်းသားတွေဆီကို ထွက်လာကြတယ်။ ကျောင်းသားများလည်း တိုင်ပင်ဆွေးနွေးကြပြီး လှိုင် ကောလိပ် နဲ့ ရန်ကုန်တက္ကသိုလ် (ပင်မ) ဆီကို အင်အားစုရန် သွားဖို့ ဆုံးဖြတ်လိုက်ကြပြီး နေ့လည် (၂) နာရီ ကျော်လောက်မှာ ကျောင်းရှေ့က ပြန်လှည့်ခဲ့ကြတယ်။

နေ့လည် (၃) နာရီ (၁၅) မိနစ်တွင် လုံထိန်း များ၊ စစ်ကား များနှင့် အတူ စစ်သားများက ကျောင်းဝင်းတွင်းကို ညာသံပေး ၀င်လာကြတယ်။ စစ်သား များက ကားပေါ်က ခုန်ဆင်းလာပြီး နံပါတ်တုတ်များ ၀င့်ရင်း ကျောင်းသားတွေ ဆီကို ပြေးဝင်လာကြတယ်။ ကျောင်းသားများ ထိတ်လန့် တကြားနဲ့ ထွက်ပြေးကြတာကို လိုက်ရိုက်ရင်း ဖမ်းမိသူများ ဒဏ်ရာရသူများကို စစ်ကားပေါ် ဆွဲတင်ကြတယ်။ ကန်တင်း စားသောက်ဆိုင်တွင် ထိုင်နေသော ကျောင်းသားများကိုပါ ၀င်ဆွဲကြတယ်။ ဆရာများအဆောင်နှင့် ကျောင်းသားဆောင်တွေကိုပါ ပိတ်လိုက်ကြပြီး ကျောင်းဝင်း တစ်ခုလုံးကို ၀င်စီးလိုက်ကြတယ်။

ပြန်လည်း ခုခံဖို့ ကြိုးစားတဲ့ ကျောင်းသားတွေကို အကြမ်းပတမ်း ရိုက်နှက်ဖမ်းဆီးကြတယ်။ ကျောင်းသားတွေကိုလည်း ကျောင်းရှေ့  မြက်ခင်းပြင်မှာ စုပြီး ထိုင်ခိုင်းစေတယ်။ သြဘာလမ်းထိပ်က သွေးမြေကျ အထိမ်းအမှတ် ကြယ်ကိုလည်း ဖျက်ဆီးလိုက်ကြတယ်။ ကျောင်းသား (၆၀၀) ကျော်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်။

ည (၈) နာရီ သတင်းမှာတော့ အရေးအခင်း ဖြစ်ပွားမှု အကြောင်းကို သတင်းထုတ်ပြန် ကြေငြာခဲ့သည်မှာ “ကျောင်းသားများ ဆူပူမှုကြောင့် တပ်မတော်သားများနှင့် ပြည်သူ့ရဲများက ကျောင်းဝင်းအတွင်းသို့ ၀င်ရောက်ကာ ကျောင်းသားများကို ဆွေးနွေး၍ အခြေအနေကို ထိန်းသိမ်းလိုက်ရကြောင်း၊ ရပ်ရွာအေးချမ်းသာရေးနှင့် တရားဥပဒေစိုးမိုးရေးကို နှောက်ယှက်ဆူပူ ကြသူများအား ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း” မဟုတ်မမှန် ပြောဆိုခဲ့သည်။

၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက်

၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက် နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့မှုများအကြောင်း အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့တယ်။ ရန်ကုန်တက္ကသိုလ် (ပင်မ) ၀င်းအတွင်းမှာ ကျောင်းသားထောင်ပေါင်းများစွာ စုရုံးကြပြီး မဆလအစိုးရ၏ လုပ်ရပ်ကို ကန့်ကွက်ဆန္ဒပြကြတယ်။

ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြတယ်။ မွန်းလွဲ (၁) နာရီမှာ ရန်ကုန်တက္ကသိုလ် ဒုပါမောက္ခချုပ် ဦးဘသန်းဟက် က ကျောင်းသားများကို စကားပြောခဲ့ပါတယ်။ အာဏာပိုင်များ၏ ကိုယ်စားလှယ်ဆိုသူက ကျောင်းသားများရဲ့ လိုလားချက်ကို မေးမြန်းတဲ့အခါ ကျောင်းသားအုပ်ကြီးက “ဖက်ဆစ်အစိုးရ ဖြုတ်ချရေး .. ဒို့အရေး” လို့ သံပြိုင်ဖြေကြားခဲ့တယ်။ ပါမောက္ခချုပ် ဒုပါမောက္ခချုပ် ဦးဘသန်းဟက်လည်း ကျောင်းသားများရဲ့ စိတ်ကို နားလည်သွားပြီး တားမရတဲ့အဆုံး ကျောင်းဝင်းတွင်းက မထွက်ရင် ဘာမှ မဖြစ်စေရဘူးလို့လည်း အာမခံချက် ပေးခဲ့ပါသေးတယ်။

အဲ့ဒီနောက် ကျောင်းသားတွေလည်း တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းဆောင်များဖြစ်တဲ့ မန္တလေး၊ အမရ၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက် လူစုရင်း ဆန္ဒပြခဲ့ကြတယ်။ ကျောင်းဆောင်တွင်းမှာ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ကြတယ်။ ဆေးတက္ကသိုလ် ကျောင်းသားအချို့လည်း ပါဝင်လာကြတယ်။

ကျောင်းသားများထဲမှ အလှည်ကျ ဟောပြောသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်သို့ ချီတက်ကြရန် လှုံ့ဆော်လိုက်ရာ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာ တပြိုင်နက် ထောက်ခံခဲ့ကြတယ်။ ကျောင်းသားများအားလုံး စုစည်းကြပြီး ညီညွတ်စွာနဲ့ ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမှ စတင်ထွက်ခွာခဲ့ကြပါတယ်။

ပြည်လမ်းတလျှောက် ချီတက်ကြပြီး လှိုင်ကောလိပ်ကိုဝင်ပြီး သမိုင်းဝင်းတစ်ခုလုံးရှိ ကျောင်းသားအင်အားစုရန် ခရီးစဉ် ရေးဆွဲခဲ့ကြတယ်။ ပြည်လမ်းတခုလုံး ကျောင်းသားများနဲ့ ပြည့်နှက်နေပြီး အစိုးရ ဆန့်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်ကာ ရန်ကုန်စက်မှုတက္ကသိုလ် ဆီသို့ ဦးတည်ပြီး ချီတက်ကြတာ အလွန်တက်ကြွဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။

အဓိပတိလမ်းမထိပ် ကျောင်းသားထုကြီးရဲ့ ရှေ့ဆုံးမှာတော့ ခေတ်အဆက်ဆက် ကျောင်းသားတော်လှန်ရေးတိုင်းမှာ အသုံးပြုခဲ့ကြသော ခွပ်ဒေါင်းအလံကြီးကို စတင် တင်လွှင့် ခဲ့ကြတယ်။ ကျောင်းသားများ ချီတက်ရာ ပြည်လမ်းတောက်လျှောက်တွင် အထက်တန်းကျောင်းသားများလည်း ကျောင်းဝတ်စုံများနဲ့ ၀င်ရောက်ပူးပေါင်း ပါဝင်လက်တွဲလာကြတယ်။ ကျောင်းသားအုပ်ကြီးလည်း တဖြည်းဖြည်း အင်အားကြီးမားလာခဲ့ပြီး အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကို ညီညွတ်စွာ သံပြိုင်ကြွေးကြော်လာကြတယ်။

ကျောင်းသားအုပ်ကြီး ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့် တံတားဖြူကန်ဘောင်ကို ကျော်လိုက်တာနဲ့ ရုတ်တရက် ကျောင်းသားထုကြီး ရပ်တန့်သွားခဲ့တယ်။ တံတားဖြူကန်ဘောင် အကျော်မှာ သံဆူးကြိုးခွေများနဲ့ ပိတ်ဆို့ ကာရံထား တာကို တွေ့လိုက်ရတယ်။ စစ်သားမြောက်များစွာက ကျောင်းသားအုပ်ဆီကို သေနတ်များနဲ့ ချိန်ထားပြီး တိုက်ပွဲဝင် အသင့်အနေအထားနဲ့ စောင့်နေကြတယ်။ ဘရင်းကယ်ရီယာများကလည်း စစ်သားများနောက်ကနေ ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားတယ်။ ကျောင်းသားများ အားလုံး အမျိုးသားသီချင်းနဲ့ တပ်မတော်သီချင်းကို သံပြိုင် သီဆို ဟစ်ကြွေးလိုက်ကြတယ်။

အဲ့ဒီ အချိန်မှာပဲ ကျောင်းသားအုပ်ရဲ့ နောက်ဖက်ကနေ ရာပေါင်းများစွာသော လုံထိန်းများက သေနတ်များ ဒိုင်းများ တုတ်များနဲ့ ပိတ်ဆို့ ၀ိုင်းရံလိုက်ကြတယ်။ ကျောင်းသားများ အသက်ရှုရပ်မတတ် ရုတ်တရက် ကြက်သေသေသွားကြတယ်။ ပိတ်မိနေကြပြီ။ အရှေ့မှာ စစ်တပ်၊ အနောက်မှာ လုံထိန်းတပ်၊ ညာဘက်မှာ အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ ကာရံထားသော ခြံစည်းရိုးများ နဲ့ လေးဘက်လေးတန် ပိတ်မိနေကြကာ သတ်ကွင်းထဲ သို့ အလိုလို ရောက်သွားရတယ်။

ထိုအချိန်မှာပဲ အမိန့်ပေးသံ ထွက်ပေါ်လာပြီး လုံထိန်းများက ကျောင်းသားအုပ်ထဲသို့ နံပါတ်တုတ်များ နဲ့ ၀င်ရိုက်ကြတော့တယ်။ နံပါတ်တုတ်များ နဲ့ ရိုက်သံက ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသံနဲ့ အတူ အတိုင်းသား ကြားနေရတယ်။ ကျောင်းသားများ ခြေဦးတည့်ရာကို ထွက်ပြေးကြတယ်။ ကန်ဘောင်ပေါ်တက်ပြေးကြတယ်။ အချို့လည်း အင်းလျားကန်ထဲ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာကြတယ်။ လုံထိန်းများက မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ကြတယ်။

ပြည်လမ်းမပေါ်မှာ ကျောင်းသူကျောင်းသားများ သွေးအလိမ်းလိမ်းနဲ့ အတုန်းအရုံး လဲကျကုန်ကြတယ်။ ကျောင်းသားအချို့ကလည်း နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြတယ်။ ကန်ဘောင်ပေါ် တက်ပြေးကြတဲ့ ကျောင်းသားတွေနောက်ကို လိုက်ရိုက်ပြီး မပြေးနိုင်သူ ဖမ်းမိသူ ကျောင်းသားကျောင်းသူတွေကို အင်းလျားကန်ထဲ မောင်းသွင်းပြီး ခေါင်းကို ရေနှစ်သတ်ကြတယ်။ အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီလို့ တံတားဖြူ ကန်ဘောင်လည်း ကျောင်းသားကျောင်းသူဆို့ ရဲ့ သွေးတွေနဲ့  တံတားနီအဖြစ် ရောက်ခဲ့ရတယ်။

အဲ့ဒီနောက် အသင့်စောင့်နေသော လုံထိန်းကားများက မောင်းဝင်လာကာ လမ်းမတလျှောက် လဲကျနေသူ၊ ဒဏ်ရာရသူနဲ့ သေဆုံးသူများကို ကားပေါ်ပစ်တင်လိုက်ကြတယ်။ ဖမ်းဆီးမိတဲ့ ကျောင်းသားတွေကိုလည်း ကားပေါ်ဆွဲတင်သွားကြတယ်။ ကားတွေ မောင်းထွက်သွားတဲ့ အခါမှာတော့ မီးသတ်ကားတွေ ချက်ချင်းဆိုသလို စောင့်ဆိုင်းရာက ၀င်ရောက်လာကြပြီး မီးသတ်ပိုက်များနဲ့ ပြည်လမ်းတလျှောက် အင်းလျားကန်ဘောင် နဲ့ တံတားဖြူ ကို ဆေးကြောသုတ်သင် လိုက်ကြပြန်တယ်။

ထိုသို့ ကျောင်းသားများအား ရိုက်နှက်သတ်ဖြတ်ရန်မှာ ကြိုတင်စီစဉ် အကွက်ချထားပြီး မြန်မာ့အသံ အဆောက်အဦးအတွင်းမှ အမိန့်ပေး ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အမိန့်ပေး ညွှန်ကြားခဲ့သူမှာ မဆလ အစိုးရ အရှင်သခင် ဦးနေ၀င်း၏ ညာလက်ရုံး ဦးစိန်လွင် ( စိန်လွင် ၆ တန်း တစ်ဇောက်ကန်း ဟု အမည်တွင်ခဲ့သူ) ဖြစ်တယ်။

တံတားဖြူ လူသတ်ပွဲကြီး ဖြစ်ပွားခဲ့ပြီး မတ်လ (၁၆) ရက်နေ့ ည (၁၂) နာရီ ခန့်မှာ အနီရောင် ပစ်ကပ်ကား တစ်စီး အင်းလျားကန်ဘောင်မှာ ရပ်လိုက်ပါတယ်။ ကားပေါ်တွင် ပါလာသော လုံထိန်းမျာက မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲချပြီး ကန်ဘောင်ပေါ်မှာ ပစ်ထားခဲ့တယ်လို့ မျက်မြင် သက်သေများက ပြောပါတယ်။ မိန်းကလေး (၃) ယောက်မှာ အောက်ပိုင်း တစ်ခုလုံး သွေးများနှင့် မြင်မကောင်းအောင် ဖြစ်နေရတယ်။ အသက်တော့ ရှိနေသေးတယ်။ သတိရ တစ်ချက် မရတစ်ချက် ဖြစ်နေတဲ့ မိန်းကလေး (၃) ယောက်ကို တွေ့ခဲ့တဲ့ ကျောင်းသားအချို့က အနီးဆုံး လဘက်ရည်ဆိုင်ထဲ တိတ်တဆိတ် သယ်လာခဲ့တယ်။

မနက်မိုးလင်းတဲ့အထိ စောင့်ပြီး မနက် (၅) နာရီ လောက်မှာ ဆေးရုံကြီးကို ပို့ခဲ့ရတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း အခြားသော မတရားပြုကျင့်ခံရတဲ့ မိန်းကလေးများ ရောက်လာခဲ့တယ်လို့ သူနာပြုဆရာမ တစ်ယောက်က ပြောပြပါတယ်။ မိန်းကလေးတစ်ယောက်မှာ အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရတဲ့အတွက် သားအိမ်ကွဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

၁၉၈၈ ခုနှစ် မတ်လ (၁၇) ရက်။

၁၉၈၈ ခုနှစ် မတ်လ (၁၇) ရက်နေ့ တွင် ရန်ကုန်တက္ကသိုလ် (ပင်မ) မှာ ကျောင်းသားများ ထောင်နဲ့ ချီပြီး ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ စုဝေးခဲ့ကြပြီး၊ လွတ်လပ်သော ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ကြတယ်။ အဲဒီနောက် အပန်းဖြေရိပ်သာအနီးမှာရှိတဲ့ စင်မြင့်ပေါ်မှာ ဟောပြောပွဲများ ပြုလုပ်ခဲ့ပြီး ကျောင်းသားဖြစ်သော ကိုမင်းဇေယျာ (ယခု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်)၊ ကိုမောင်မောင်ကျော် နှင့် မယုယုမော်တို့က ဟောပြောခဲ့ကြတယ်။

ကိုဖုန်းမော်၏ ဈာပနကို ကြံတောသုဿာန်တွင် မီးသင်္ဂြိုဟ်မှာဖြစ်လို့ ကျောင်းသား ထောင်ပေါင်းများစွာက ကြံတောသုဿာန်မှာ အကြာကြီး စောင့်နေခဲ့ကြတယ်။ ဒါပေမယ့် မွန်းလွဲ (၁) နာရီခန့်မှာ ကိုဖုန်းမော်အလောင်းကို တာမွေသင်္ချိုင်းမှာ မဆလအာဏာပိုင်တွေက တိတ်တဆိတ် သင်္ဂြိုဟ်လိုက်ကြတယ်။ ကျောင်းသားများ အကြီးအကျယ် ပေါက်ကွဲခဲ့ကြတယ်။

ကျောင်းသားများ ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းတွင်းကို ပြန်လာသောအခါ ကျောင်းဝင်းတစ်ခုလုံးကို လုံထိန်းများ ထောင်နဲ့ချီပြီး ဘရင်းကယ်ရီယာများ နဲ့ ၀ိုင်းရံပိတ်ဆို့ထားတာ တွေ့လိုက်ရတယ်။ ဒုပါမောက္ခချုပ် ဦးဘသန်းဟက် က မိန့်ခွန်းပြောကြားခဲ့ပြီး ကျောင်းဝင်းပြင်ကို မထွက်ပါက လုံခြုံပါတယ်လို့ ပြောခဲ့ပါတယ်။

ကျောင်းဝင်းကို ၀ိုင်းထားတဲ့ စစ်သားတွေ လုံထိန်းတွေက နေ့လည် (၂) နာရီလောက်မှာ ကျောင်းဝင်းထဲ သေနတ်များ နံပါတ်တုတ်များနဲ့ ကျောင်းဝင်းကို ၀င်စီးလိုက်ကြတယ်။ မျက်ရည်ယိုဗုံးတွေကို ကျောင်းသားအုပ်ထဲ ပစ်သွင်းကြတယ်။ အချုပ်ကားတွေလည်း ကျောင်းဝင်းထဲ ၀င်လာပြီး ကျောင်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ ကျောင်းဆောင်တွေထိပါ ၀င်လာပြီး ကျောင်းသားတွေကို ထွက်ခိုင်းကာ အချုပ်ကားပေါ် တင်သွားကြတယ်။ အချုပ်ကားထဲကို ကျောင်းသားကျောင်းသူများ အဆမတန် တင်ဆောင်လာတဲ့အတွက် ကားထဲမှာ မွန်းကျပ်ပြီး သေဆုံးခဲ့တဲ့ ဒဏ်ရာရ ကျောင်းသားတွေလည်း ရှိခဲ့ပါတယ်။ ဖမ်းဆီခေါ်လာတဲ့ ကျောင်းသားတွေကို အင်းစိန်ထောင်ထဲ ပို့လိုက်ကြတယ်။

၁၉၈၈ ခုနှစ် မတ်လ (၁၈) ရက်။

၁၉၈၈ ခုနှစ် မတ်လ (၁၈) ရက်နေ့မှာ အသစ်ဖွဲ့စည်းလိုက်တဲ့ ကျောင်းသားသမဂ္ဂက ကိုဖုန်းမော် အရေးအခင်းနှင့် တံတားဖြူအရေးအခင်းအပြင် ဆက်စပ်နေသော ပြသနာများကို ဖြစ်ရပ်မှန်အတိုင်း ကြေညာပေးရန် မ.ဆ.လ အစိုးရကို တောင်းဆိုလိုက်တယ်။ အစိုးရက အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တစ်လအတွင်း အစီရင်ခံစာ တင်ပြရန် တာဝန် လွှဲပြောင်းပေးလိုက်တယ်။ (ဒီ မဆလအာဏာရှင်ရဲ့  အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ လိမ်ညာသောချက်အလက်များနဲ့  အစီရင်ခံစာထုတ်ပြန်ခဲ့တယ်)။

အဲဒီနောက် တက္ကသိုလ်ပေါင်းစုံ ကျောင်းသားများက မြို့ထဲသို့ ၀င်ရောက်ဆန္ဒပြရန် ဆုံးဖြတ်လိုက်ကြတယ်။ ကျောင်းသားကျောင်းသူများက အုပ်စုလိုက် အစုငယ်လေးတွေ ကိုယ်စီနဲ့ ဆူးလေဘုရားမှာ မွန်းတည့် (၁၂) နာရီမှာ စုစည်းခဲ့ကြတယ်။ အဲဒီနောက် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆူးလေဘုရားကို ပတ်ပြီး စီတန်းလှည့်လည် ဆန္ဒပြကြတယ်။ နာရီအနည်းငယ် အတွင်း ပြည်သူတွေပါ ပူးပေါင်းပါဝင်လာပြီး ထောင်နဲ့ချီတဲ့ ဆန္ဒပြလူအုပ်ကြီး ဖြစ်ခဲ့တယ်။

ဒီလိုနဲ့  ကျောင်းသူကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုကြီးဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဆီကို အရှိန်အဟုန်ပြင်းစွာနဲ့  အာဏာရှင်တွေရဲ့  ရက်စက်ကြမ်းကြုတ်မှုတွေကို ကြံ့ ကြံ့ ခံရင်း မဆလတစ်ပါတီစနစ်ကို ပျက်သုံးစေပြီး အာဏာရှင် နေ၀င်း ပြုတ်ကျတဲ့အထိ ဆောင်ရွက်နိုင်ခဲ့တယ်။

(အဖြစ်အပျက်အား ပြန်လည်ဖေါ်ပြ ရေးသားပေးသော မပျိုပျိုမေ အား အထူး ကျေးဇူးတင်ကြောင်း မှတ်တမ်းတင် ပြောကြားအပ်ပါသည်)။

၁၉၈၉ ခုနှစ် မတ်လ (၁၆) ရက်နေ့ မှာ တံတားနီနေ့  တစ်နှစ်မြောက်နဲ့  ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းဝင်းအတွင်း ဗိုလ်အောင်ကျော် အုတ်ဂူရှိရာ မြေကွက်လပ်မှာ နှစ်ပတ်လည် ကျင်းပခဲ့ပါတယ်။

niknayman.blogspotအပါအ၀င်ဘလော့ခြောက်ခုလောက်က စာတွေကို စုစည်းထားတာပါခင်ဗျာ။ လိုအပ်ချက်တွေ ရှိခဲ့ရင်လည်း ဖြည့်စွက်ပြောကြားပေးရန် မေတ္တာရပ်ခံပါတယ်...။

၁၆-၃-၂၀၁၄တွင်ကျရောက်မည့်၂၆ နှစ်မြောက် တံတားနီအရေးအခင်း
အထိမ်အမှတ် အခမ်းအနားကို ကြိုဆိုလျက်

မျိုးသက်ဆွေ

0 အကြံပြုခြင်း: