Thursday, February 13, 2014

နောက်ထပ် စစ်တပ်ပိုင်ဘဏ် မြဝတီကို Mobile Banking လုပ်ခွင့် ဗဟိုဘဏ်ပေးဦးမည်


Posted by Kamayut Media on February 13, 2014 at 10:21 pm

မြန်မာနိုင်ငံမှာ ပထမဆုံး Mobile Banking အဖြစ် စစ်တပ်ပိုင် အင်းဝဘဏ်ကို လုပ်ကိုင်ခွင့်ပေးပြီး မကြာခင်မှာဘဲ နောက်ထပ် စစ်တပ်ပိုင် မြဝတီဘဏ်ကို လုပ်ငန်းလိုင်စင် ချပေးတော့မယ်လို့ ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

Mobile Banking နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပြီး ဘဏ်တွေနဲ့ ငွေကြေး ဝန်ဆောင်မှုအဖွဲ့အစည်းတွေ လုပ်ကိုင်ဖို့ ဗဟိုဘဏ်က ခွင့်ပြုလိုက်တာဖြစ်ပြီး ဘဏ်မဟုတ်တဲ့ ဆက်သွယ်ရေး ကုမ္ပဏီတွေကိုလည်း ဘဏ်တွေနဲ့ ပူးပေါင်းခွင့်ပေးမယ်လို့ ဆိုပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာနက မူဝါဒနဲ့ စည်းမျဉ်းကိုင်တွယ်သူအဖြစ် ရပ်တည်မှာဖြစ်ပြီး မိုဘိုင်းဖုန်းကနေ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေဟာ ၇ဝ%သော ကျေးလက်နေ ပြည်သူတွေ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အထောက်အကူပြုမှာဖြစ်တယ်လို့လည်း ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင်ကလည်း ဆိုပါတယ်။

Mobile Payment နဲ့ e-Commerce ဆိုင်ရာ် ၅ကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ကိုင်သူတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေအများအပြား တက်ရောက်ခဲ့ကြပါတယ်။

မြန်မာပြည်က အင်တာနက်နှေးကွေးမှုဟာ Mobile Banking လုပ်ကိုင်ဖို့ အဓိကအခက်အခဲဖြစ်နေတာဖြစ်ပြီး ငွေကြေးဝန်ဆောင်မှုနဲ့ လုံခြုံမှုအခက်အခဲကို ဘဏ်တွေဘက်က တာဝန်ယူရမှာမို့ ဆက်သွယ်ရေး အော်ပရေတာတွေက လုံခြုံရေးကို တာဝန်ယူရမယ်လို့ CB Bank က ဦးသိန်းမြင့်က ဆိုပါတယ်။

ဗဟိုဘဏ်ဟာ Debit Card လို့ခေါ်တဲ့ Prepaid Card တွေ သုံးစွဲမှုကို ခွင့်ပြုထားပြီး နည်းပညာဆိုင်ရာ အားနည်းချက်တွေကြောင့် အကြွေးဝယ်ကတ်ဖြစ်တဲ့ Credit Card သုံးစွဲမှုကို ၂ဝ၁၄ ကုန် ဒါမှမဟုတ် ၂ဝ၁၅မှသာ ခွင့်ပြုနိုင်မယ့်အနေအထားရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ Mobile Banking တွေကို ပိုင်းလော့ပရောဂျက်အဖြစ်သာ အစိုးရက ခွင့်ပြုထားဆဲဖြစ်ပြီး လိုင်စင်ရသွားတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီနှစ်ခုဖြစ်တဲ့ တယ်လီနော်နဲ့ အော်ရီဒူးကလည်း မိုဘိုင်းလ် ငွေကြေးဝန်ဆောင်မှုကိုပေးမယ်လို့ ပြောဆိုထားပါတယ်။

http://www.kamayutmedia.com/2014/02/13/myawaddy-bank-for-mobile-banking/

0 အကြံပြုခြင်း: