Wednesday, February 26, 2014

(ကာချုပ်)ကို ဘယ်သူဖြုတ်နိုင်သလဲ



 U Tun Kyi

အချုပ်အခြာအာဏာအကြောင်း
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာမှာ ခက်မ(၃)ဖြာရှိတယ်။
(၁) ဥပဒေပြုရေးအာဏာ (Legislative Power)
(၂) အုပ်ချုပ်ရေးအာဏာ (Executive Power)
(၃) တရားစီရင်ရေးအာဏာတို့ဖြစ်တယ်။ (Judicial Power)
(၁) ဥပဒေပြုရေးအာဏာ (The Legislative Power)
ဒီမိုကရေစီနိုင်ငံများမှာ ပြည်သူ့ကိုယ်စားလှယ်တွေက ဥပဒေတွေကို လွှတ်တော်များမှာ တင်ပြဆွေးနွေးပြီး အများစု သဘောတူညီချက်နဲ့ အတည်ပြုကြတယ်။ “ဥပဒေတို့သည် ပြည်သူတို့၏ သဘောဆန္ဒတွင် အခြေခံသည်” ဆိုတဲ့ မူအရဖြစ်တယ်။ ဒီမိုကရေစီ မဟုတ်တဲ့ တိုင်းပြည်တွေမှာ ဥပဒေ၊ အမိန့်တွေနဲ့ အုပ်ချုပ်ကြပေမဲ့ ဒီဥပဒေ၊ အမိန့်တွေဟာ ရှင်ဘုရင်တွေ၊ အာဏာရှင်တွေ၊ စစ်ဗိုလ်ချုပ်ကြီးတွေ၊ ဘာသာရေးအကြီးအကဲတွေရဲ့ အလိုဆန္ဒ၊ စိတ်ကူးပေါက်ရာ တဒင်္ဂစိတ်ခံစားချက် စိတ်ကူးတွေအတိုင်း ပြုလုပ်ပြဌာန်းခဲ့တာ တွေ့ရပါတယ်။ ပြည်သူတွေရဲ့ဆန္ဒ၊ သဘောထား မပါခဲ့ပါဘူး။ ဥပဒေပြုလွှတ်တော် ဆိုတာမျိုးတွေ တည်ထောင်ထားပေမဲ့၊ ဥပဒေပြုအမတ်တွေ၊ ကိုယ်စားလှယ်တွေဟာ ပြည်သူထဲက ပြည်သူ့ကိုယ်စား၊ ပြည်သူကရွေးချယ် လိုက်တဲ့၊ ပြည်သူ့အတွက် အမတ်တွေ၊ ကိုယ်စားလှယ်တွေမဟုတ်ဘဲ ဟန်ပြအမတ်၊ ကိုယ်စားလှယ်တွေနဲ့ ခန့်အပ်တဲ့ အဖွဲ့အစည်း ကိုယ်စားပြုသူတွေရဲ့ လွှတ်တော်တွေဖြစ်နေတတ်ပါတယ်။ ဒီလွှတ်တော်မျိုးတွေက ပြဠာန်းလိုက်တဲ့ ဥပဒေတွေဟာလည်း “ဘယ်ပြည်သူတွေရဲ့ ဆန္ဒ၊ ပြည်သူ့အသံမှ မဟုတ်နိုင်ပါဘူး” ။ From the people, by the people, of the peopel, for the people.
“ပြည်သူ့အသံ၊ လွှတ်တော်အသံ” ဖြစ်ဖို့အတွက် ဥပဒေပြုလွှတ်တော်မှာ ပြည်သူတွေရဲ့ ကိုယ်စားလှယ်အစစ်အမှန်များ ပါဝင်ကြရပါမယ်။ ပြည်သူများလိုလားတဲ့ ဥပဒေများကို ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း ပြုလုပ်ကြရပါမယ်။ ဥပဒေတွေ အတည်မဖြစ်မီ ကာလမှာလည်း၊ အများပြည်သူများ သိရှိခွင့်၊ အများပြည်သူများထဲက စိတ်ဝင်စားသူများ ပါဝင်ဆွေးနွေးခွင့်၊ ကျွမ်းကျင် ပညာရှင်များရဲ့ အယူအဆ၊ သဘောထား၊ ထောက်ပြဝေဖန်ခွင့်နဲ့ တင်ပြဆွေးနွေးခွင့်များ ပေးရပါမယ်။ ဒါမှသာ မိမိတို့ပါဝင် ဆွေးနွေး၊ ထောက်ပြဝေဖန်ထားတဲ့ ဥပဒေကို ပြဌာန်းတယ်လို့ ပြည်သူများ လက်ခံရှုမြင်နိုင်မှာ ဖြစ်ပါတယ်။
ဤပြည်ထောင်စု သမ္မတမြန်မာနိုင်ငံမှာ ပြည်ထောင်စုလွှတ်တော် တစ်ရပ်ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ် တော် နှစ်ရပ်ပေါင်း၍ ဖွဲ့စည်းတည်ထောင်ထားပြီး ဥပဒေပြုရေးအာဏာကိုကျင့်သုံးပါတယ်။
ပြည်သူ့လွှတ်တော်မှာ ပြည်သူ့လွှတ်တော်အမတ် (၃၃၀)နဲ့ တပ်ခန့်ကိုယ်စားလှယ် (၁၁၀) စုစုပေါင်း (၄၄၀) ရှိတယ်။ အမျိုးသားလွှတ်တော်မှာ အမျိုးသားလွှတ်တော်အမတ် (၁၆၈)နဲ့ တပ်ခန့်ကိုယ်စားလှယ် (၅၆) စုစုပေါင်း (၂၂၄) ရှိတယ်။ ဒါ ကြောင့် ပြည်ထောင်စုလွှတ်တော်မှာ အရပ်သားအမတ် (၄၉၈)ဦးနဲ့ တပ်ခန့်ကိုယ်စားလှယ် (၁၆၆)ဦး ပါဝင်တယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟာ သူရဦးရွှေမန်းဖြစ်တယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဟာ ဦးခင်အောင်မြင့်ဖြစ်တယ်။ ဒုတိယအလှည့်ကျ ပြည်ထောင်စုလွှတ်တော်နာယကဟာ သူရဦးရွှေမန်းဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်က ဥပဒေများကို ပြဌာန်းပါတယ်။ ပြဌာန်းတဲ့ ဥပဒေတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှု ရှိ/မရှိကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကစီစစ်နိုင်ပါတယ။ (ပုဒ်မ-၄၆၊ ၃၂၂) ပြည်ထောင်စုလွှတ် တော်ကလည်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို စွပ်စွဲပြစ်တင်ပြီး ရာထူးမှရပ်စဲနိုင်တယ်။ (ပုဒ်မ-၃၀၂၊ ၃၃၄)
(၂) အုပ်ချုပ်ရေးအာဏာ ။ (The Executive Power)
နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲဟာ နိုင်ငံတော်သမ္မတဖြစ်တယ်။ ဦးသိန်းစိန်ဟာ သမ္မတဖြစ်ပါတယ်။ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ဦးဥာဏ်ထွန်းတို့ဟာ နိုင်ငံတော် ဒုတိယသမ္မတများ ဖြစ်ကြပါတယ်။ သမ္မတကို သမ္မတရွေးချယ်တင်မြောက် ရေးအဖွဲ့နဲ့ ရွေးတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့ကတစ်ဦး၊ ပြည်သူ့လွှတ်တော်အစုအဖွဲ့က တစ်ဦး၊ လွှတ်တော်နှစ်ရပ်မှာ တပ်ခန့်ကိုယ်စားလှယ် အစုအဖွဲ့ကတစ်ဦး၊ ဒုတိယသမ္မတ(၃)ဦး ရွေးကြရတယ်။ သူတို့ထဲက တစ်ဦးကို သမ္မတအဖြစ် သမ္မတရွေးချယ်တင်မြောက်ရေးအဖွဲ့က ဆန္ဒမဲပေးပြီး ရွေးချယ်တယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းတယ်။
(က) နိုင်ငံတော်သမ္မတ ၊ (ခ) ဒုတိယသမ္မတများ၊ (ဂ) ပြည်ထောင်စုဝန်ကြီးများ (ဃ) ပြည်ထောင်စုရှေ့နေချုပ်
ဝန်ကြီးများခန့်အပ်ခြင်း
(က) ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ဒေသရေးရာဝန်ကြီးနဲ့ ဒုတိယ၀န်ကြီးများမှအပ ကျန်ဝန်ကြီး၊ ဒုတိယ ၀န်ကြီးများကို သမ္မတက အမည်စာရင်းတင်သွင်းခြင်း၊ ခန့်အပ်ခြင်း တာဝန်ပေးခြင်း ပြုနိုင်တယ်။
(ခ) (ပြည်၊ ကာ၊ နယ်) ၀န်ကြီး၊ ဒုဝန်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ အမည်စာရင်း ရယူ၍ခန့်ထားရမယ်။
(ဂ) အခြားဌာနများမှာ တပ်မတော်သားများကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုလျှင် (တပ်/ချုပ်) နှင့် ညှိနှိုင်းဆောင် ရွက်ရမယ်။
ယနေ့အထိ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ၀န်ကြီးနဲ့ဒုဝန်ကြီး (၉၇)ပါး ရှိကြောင်း သိရပါတယ်။
အုပ်ချုပ်ရေးမှာ “သက်ဦးဆံပိုင်မင်းတို့ရဲ့ အုပ်ချုပ်ရေး၊ စစ်အာဏာရှင်၊ တစ်ပါတီအာဏာရှင်တို့ရဲ့ တစ်ချက်လွတ်အာဏာ နဲ့ အုပ်ချုပ်တဲ့ အုပ်ချုပ်ရေး” စနစ်တွေဟာ အုပ်ချုပ်ခံပြည်သူများအတွက် အလွန်ခါးသီး၊ ဆိုးဝါးလှပါတယ်။ ကိုယ်ချင်းစာနာမှု ကင်းမဲ့သလို၊ တရားမျှတမှုလဲ ကင်းမဲ့ပါတယ်။ စစ်အာဏာရှင်တွေလက်ထက်မှာ ဥပဒေပြုရေးကိုလဲ သူတို့ပဲ အမိန့်တွေ၊ ဥပဒေ တွေနဲ့ ပြုခဲ့ကြတယ်။ ဥပဒေကို အကောင်အထည်ဖော်တဲ့ အုပ်ချုပ်သူ၊ အရေးယူသူဟာလဲ သူတို့ပဲဖြစ်တယ်။ ဥပဒေမှာ မပါရှိတဲ့၊ ဥပဒေနဲ့ မညီတဲ့ လုပ်ဆောင်မှုတွေကို ဥပဒေမဲ့စွာ အကောင်အထည်ဖေါ်၊ အရေးယူ၊ အပြစ်ပေး၊ ပြစ်ဒဏ်ခတ်၊ နှိပ်စက်၊ ဖမ်းဆီး၊ သတ်ဖြတ်တာတွေ ရှိလာခဲ့တယ်။ ပြည်သူတွေမှာ “ဥပဒေ” ဆိုရင်ကို “သူတို့လုပ်ချင်တိုင်း လုပ်ကြတော့မှာပဲ” လို့ အထင်ရောက် ပြီး ကြောက်လာခဲ့ကြရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီကော။ ကမ္ဘာပေါ်က ယဉ်ကျေးတဲ့၊ ဥပဒေစိုးမိုးတဲ့ နိုင်ငံတွေမှာ တိုင်းပြည် အုပ်ချုပ်တဲ့အလုပ်ကို သတ်မှတ်ပြဠာန်းထားတဲ့ ဥပဒေများနဲ့ အညီသာ အရေးယူ၊ အတည်ပြု၊ ဆောင်ရွက်လုပ်ကိုင်ရကြောင်း လက်ခံ၊ ခံယူ ထားကြပါတယ်။ အုပ်ချုပ်သူအကြီးအကဲ၊ သမ္မတ၊ ၀န်ကြီးချုပ်၊ ၀န်ကြီးများဟာလည်း တရားဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်ခွင့်မရှိပါ။ “ဥပဒေအထက်မှာ ဘယ်သူမှမရှိ” ဆိုတဲ့ ဆိုရိုးကို လက်ခံကြရပါတယ်။ (No one is above the law) ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အထက်မှာဆိုရင် ပိုပြီးမရှိသင့်ဘူးပေါ့။
အုပ်ချုပ်သူဟာ အများပြည်သူနည်းတူ တရားဥပဒေရဲ့ လက်အောက်မှာပဲ ရှိကြရပါတယ်။ ဒီမိုကရေစီနိုင်ငံကို ထူထောင် မယ်၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ် ကျင့်သုံးမယ်၊ ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရအဖွဲ့ တကယ်ဖြစ်စေချင်တယ်ဆိုရင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီသာ အုပ်ချုပ်ရမယ်လို့ ယုံယုံကြည်ကြည် ခံယူရမယ်။ ဒီအတိုင်းလဲ ကျင့်သုံးရမယ်။ ကျင့်သုံးဖို့ အားထုတ် ရပါမယ်။ “ရေးသားပြဌာန်းထားတာက ဒီမိုကရေစီနိုင်ငံတော်သစ်” ဆိုပေမဲ့ အာဏာရှင်ရဲ့လက္ခဏာ၊ အကျင့်၊ စရိုက်၊ လုပ်ပုံလုပ်နည်းကို မဖျောက်နိုင်ရင်တော့ ဘယ်ပြည်သူကမှ ကောင်းမွန်တဲ့အစိုးရလို့ ယုံကြည်မှာ မဟုတ်ပါဘူး။
ဒီမိုကရေစီနိုင်ငံများမှာ တရားဥပဒေစိုးမိုးတဲ့စနစ် (Rule of law) ခိုင်မာတောင့်တင်းအောင်၊ အစွမ်းကုန် ဂရုစိုက် တည် ဆောက်ကြပါတယ်။ တရားဥပဒေစိုးမိုးခြင်း ကသာလျှင်၊ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ရပိုင် ခွင့်များကို ထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်နိုင်လို့ဖြစ်တယ်။ အကျင့်ပါနေတဲ့ တစ်ချက်လွတ်အမိန့်တွေ၊ အာဏာတွေ၊ အင် အားသုံးမှုတွေ၊ ငြိမ်အောင်၊ ၀ပ်အောင်၊ ပိအောင်၊ ပြားနေအောင်လုပ်တဲ့ အလေ့အထတွေကို အမြစ်ကလှန်ပြီး အဟုတ်ပြောင်း ရပါမယ်။ (အဟုတ်မပြောင်းရင်) ဘယ်ပြည်သူကမျှ တရားမျှတတဲ့ လုပ်ဆောင်မှုလို့ လက်မခံကြပါဘူး။
မကြာမီကာလအထိ၊ အုပ်ချုပ်ရေးအာဏာကို ကိုင်တွယ်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီးများဟာ ဥပဒေပြုရေး အာဏာကိုလည်း ကိုင် တွယ်ခဲ့ကြတယ်။ တရားစီရင်ရေး ဆောင်ရွက်တဲ့ တရားရေးမဏ္ဍိုင်နဲ့၊ တရားသူကြီးများရဲ့ ခေါင်းပေါ်မှာလဲ တက်ထိုင်ခဲ့ကြတယ်။ ဘယ်လိုဆုံးဖြတ်၊ ဘယ်လိုပြစ်ဒဏ်ချ စတဲ့ တရားရုံး သက်သေခံချက်တွေမှာ မပါတဲ့၊ ဥပဒေပြဌာန်းချက်မှာမပါတဲ့ စီရင်ချက်တွေ ကို ချမှတ်ခိုင်းခဲ့ကြတယ်။ သမိုင်းတစ်ခုပါ။ ငြင်းကွယ်လို့ မရပါဘူး။ သူတို့ခိုင်းသမျှကို ပျော်ပျော်ကြီး လိုက်လုပ်ပြီး၊ အောက်လက်ကိုလည်း လိုက်လုပ်ဖို့ ညွှန်ကြားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးလည်း ရှိခဲ့တယ်။ သမိုင်းတစ်ခုပါ။ (မကြာမီကာလ) ဆိုတာနဲ့ (ယနေ့စနစ်သစ်အစိုးရ) ဆိုတဲ့ (ကာလ) လေးဟာ ဘာမှ မကြာသေးပါဘူး။ အုပ်ချုပ်သူရော၊ တရားသူကြီးရော မပြောင်းလဲကြသေးပါဘူး။ စနစ်သာ ပြောင်းလဲသွားပြီလို့ ပြောနေကြတာပါ။

(၃) တရားစီရင်ရေးအာဏာ ။ (The Judicial Power)
တရားစီရင်ရေးကဏ္ဍမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ထည်ထောင်ထားတယ်။ ပြည်ထောင်စုတရားသူကြီးချုပ် က ဦးထွန်းထွန်းဦး ဖြစ်ပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများက ဦးသာဌေး၊ ဦးစိုးညွန့်၊ ဦးမြသိမ်း၊ ဦးမြင့် အောင်၊ ဦးအောင်ဇော်သိန်းနဲ့ ဦးမြင့်ဟန်တို့ ဖြစ်ကြပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ (နိုင်ငံတော်ဖွဲ့စည်းပုံ အခြေ ခံခုံရုံးနဲ့ စစ်ဘက်ဆိုင်ရာ တရားရုံးများရဲ့ အာဏာကို မထိခိုက်စေဘဲ) နိုင်ငံတော်ရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ (ရှေ့တော်သွင်း၊ အာဏာပေး၊ တားမြစ်စေ၊ အာဏာပိုင်မေး၊ အမှုခေါ်) စာချွန် တော်များ ထုတ်ပိုင်ခွင့်ရှိတယ်။ (ပုဒ်မ-၂၉၆)
တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ တရားလွှတ်တော် (၁၄)ရပ်ရှိတယ်။ တရားသူကြီးချုပ် (၁၄)ဦးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တရားသူကြီး (၃၈)ဦး ရှိတယ်။ ဥပဒေချုပ် (၁၄)ဦးရှိတယ်။
ခရိုင်နဲ့ မြို့နယ်များမှာ တရားရုံးများ ရှိတယ်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဆိုတာရှိတယ်။ အဖွဲ့ဝင်(၉)ဦးရှိတယ်။ နိုင်ငံတော်သမ္မတက (၃)ဦး၊ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌက(၃)ဦး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက(၃)ဦး အမည်စာရင်းတင်သွင်းပြီး၊ ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်နဲ့ ခန့်ထားတယ်။ ပထမအကြိမ် ခန့်ထားခဲ့တဲ့ ခုံရုံးအဖွဲ့ဝင်များက နှုတ်ထွက်သွားခဲ့ပါတယ်။ ဒုတိယအကြိမ် (၂၅-၂-၂၀၁၃) နေ့က ပုဂ္ဂိုလ်(၉)ဦး ထပ်မံခန့်ထားခဲ့ပါတယ်။

စစ်ဘက်ဆိုင်ရာတရားရုံး
တပ်မတော်သားများအတွက် စစ်ဘက်ဆိုင်ရာ တရားရုံးများ ဖွဲ့စည်းထူထောင်ထားတယ်။ စစ်ဘက်ဆိုင်ရာ တရားစီရင် ရေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်ဟာ အပြီးအပြတ်ဖြစ်တယ်။ (ပုဒ်မ-၃၄၃)
တရားစီရင်ရေးမှာ တရားသူကြီးများဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အာဏာတို့နဲ့ သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်ရန် အရေးကြီးတယ်။ တရားသူကြီးများဟာ မိမိရဲ့လုပ်ငန်း၊ မိမိရဲ့အတတ်ပညာကို စနစ်တကျ လေ့လာဆည်းပူး တတ်မြောက်၊ ကျွမ်းကျင်သူများ ဖြစ်ရမယ်။ သီလ၊ သမာဓိ၊ ပညာသိက္ခာသုံးရပ် ပြည့်စုံရမယ်။ (ချစ်၊ မုန်း၊ ကြောက်၊ တုံး) အဂတိတရားလေးပါး ကင်းရမယ်။ သမာ သမတ်ကျတဲ့စိတ်၊ သူတစ်ပါးအလွှမ်းမိုး မခံလိုတဲ့စိတ်၊ ရဲရင့်၊ ပြတ်သားတဲ့စိတ်ရှိကြရမယ်။ တရားသူကြီးများဟာ ဥပဒေရဲ့ မျက်နှာမှအပ အခြားမည်သူရဲ့ မျက်နှာမှမကြည့်ဘဲ တည့်မတ်၊ မှန်ကန်စွာ တရားစီရင်ကြရမယ်။ အာဏာ၊ အင်အား တစ်စုံတစ်ရာရဲ့ လွှမ်းမိုးမှုအောက်မှာရောက်နေရင် တရားစီရင်ရေးမဏ္ဍိုင်အပေါ် ပြည်သူရဲ့ အယုံအကြည် ကင်းမဲ့သွားပါတယ်။ သမိုင်းမှာ တွေ့ခဲ့ မြင်ခဲ့ပြီးပါပြီ။ တရားသူကြီးများဟာ ပညာရှိ၊ သူတော်ကောင်း၊ ဂုဏ်အသရေရှိသူ၊ ဂုဏ်သိက္ခာမြင့်မားသူများ ဖြစ်တယ်လို့ မိမိကိုယ်ကိုယ်၊ ယုံယုံကြည်ကြည် ခံယူနိုင်တဲ့ အနေအထားမျိုး ရှိရပါမယ်။ အာဏာ၊ သြဇာရှိသူတွေရဲ့ ခိုင်းဖတ်၊ ခိုင်းတာမလုပ်ရင်၊ (ပြုတ်၊ ပြောင်း၊ ပြေး) ဖြစ်သွားမှာကို ကြောက်နေရတဲ့ဘ၀က လွတ်မြောက်ရပါမယ်။ အစိုးရ၊ အာဏာပိုင်၊ နိုင်ငံခေါင်းဆောင်၊ အကြီး အကဲ၊ ၀န်ကြီး စတဲ့ သူတွေပင်ဖြစ်သော်လည်း တရားရုံးကို ရောက်ရှိလာပြီး၊ ဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူရမယ်ဆိုရင်၊ တရား သူကြီးများဟာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ တရားရုံးကျင့်စဉ်များအတိုင်း တည်တည်တံ့တံ့ ဆက်ဆံဆောင်ရွက်နိုင်ကြမှသာ ဘယ်ပြည်သူမဆို တရားဥပဒေအရာမှာ တန်းတူညီမျှ ဖြစ်တယ်လို့ ပြည်သူများက ယုံကြည်ကြမှာပါ။ အာဏာပိုင်တွေရဲ့ ဥပဒေမဲ့ ပြု လုပ်မှု၊ မတရားမှုတွေကို ဘယ်သူမှ အရေးမယူရဲ၊ တရားမစွဲရဲရင်ဖြစ်စေ၊ ငါတို့ ဘာလုပ်ခဲ့လုပ်ခဲ့၊ တရားစွဲဆိုမှုမပြုလုပ်ရဘူး လို့၊ လုပ်ထားခဲ့ရင်ဖြစ်စေ၊ ပြည်သူတွေဟာ တရားစီရင်ရေးကို မယုံကြည်၊ မကိုးစားကြတော့ပါဘူး။
ဒါဟာ အချုပ်အခြာအာဏာ (၃)ရပ် အကြောင်း အကျဉ်းချုပ်ပါ။
ကိုဖြူ ။ ။ (ကာချုပ်)ကို ဘယ်သူဖြုတ်နိုင်သလဲဆရာ။
ယူတီကေ ။ ။ (ခြေဥ)မှာ မပါဘူးဗျ ။ အဲ . . . (ကာချုပ်) ကတော့ အာဏာ (၃)ရပ်ကို သိမ်းယူနိုင်တယ်တဲ့။
(ပုဒ်မ-၄၀(ဂ)၊ ၄၁၈၊ ၄၁၉)

UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

0 အကြံပြုခြင်း: