Tuesday, February 18, 2014

အာဏာရှင် လူ့အဖွဲ့အစည်းကို ပြန်သွားချင်နေကြတာလား။ မသီတာ (စမ်းချောင်း)



ပြီးခဲ့တဲ့လက ပေါင်းတည်မှာ လုပ်မယ့် စာပေဟောပြောအတွက် ဖိတ်ကြားခံရတဲ့ မသီတာ (စမ်းချောင်း) ကို မျိုးစောင့်ဥပဒေ မထောက်ခံတဲ့အတွက်၊ မူဆလင် ကုသိုလ်ဖြစ် ဆေးရုံမှာ လုပ်အားပေးတဲ့အတွက် ဟောပြော ခွင့်မပြုနိုင်ဘူး လို့ ဒေသခံ သံဃာတစ်ချို့က ကန့်ကွက် အကြပ်ကိုင်တာကြောင့် စီစဉ်သူတွေ ကနေ ဟောပြောပွဲ ဖျက်သိမ်းပေးလိုက်ရပါတယ်။ ခုတလော အဲလို အဖြစ်အပျက် မျိုးတွေ ခပ်စိတ်စိတ် ဖြစ်လာနေပြီပါ။ ဘယ်လို ဖြစ်တာပါလဲ၊ ဒါဟာ ဘာသဘော ဆောင်တာပါလဲ၊

“ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ဟောပြောခွင့်၊ ဘယ်လို ကာကွယ်ရမလဲ ”
စည်သူအောင်မြင့်
မြန်မာပို့စ်ဂျာနယ်၊ ၁၇-၂-၁၄။ မျက်နှာဖုံးဆောင်းပါး။


burma.irrawaddy.org/
မသီတာ (စမ်းချောင်း) ၏ ဖြေကြားချက်

ဟောပြောပွဲ ကိစ္စက ကျမတို့ဘက်က ဖျက်လိုက်တာ။ ဆရာသင်းရီပဲ သိတယ်။ ကျမတောင် မသိ လိုက်ဘူး။ ဆရာသင်းရီကို အဲဒီမြို့က ဘုန်းကြီးက ပြောတယ်တဲ့။ လူလဲပေးပါ ဆိုပြီးတော့တဲ့။ အဲလို ဆိုရင်တော့ လဲမပေးနိုင်ဘူး။ ဘယ်သူမှလာမဟောတော့ ဘူးဆိုပြီးတော့ ဖျက်လိုက်တာ ။ ပေါင်းတည်နဲ့ ပေါက်ခေါင်း ၂ ရက်ဆက်တိုက်လုပ်ဖို့ လုပ်တဲ့ အစီအစဉ်က ပေါင်းတည်မှာ ပျက်သွားတယ်။ ပေါက်ခေါင်းမှာ ဟောဖြစ်တယ်။ နောက်ပိုင်းမှာတော့ ဘုန်းကြီးနဲ့ ပွဲစီစဉ်တဲ့
ကလေးတွေနဲ့ ပြဿနာ တော်တော်တက်တယ်လို့ ကြားတယ်။ အဲဒီက ကလေးတွေ က ပေါက်ခေါင်းကို လာပြီးတော့ နားထောင်တော့ သူတို့က ဖိတ်ချင်တယ်။ နောက်ပိုင်းတော့ ပြန် လုပ်မယ်။ ပြန်ခေါ်ပေးပါလို့ ပြောတယ်။ ဒါပေမယ့် ဆရာသင်းရီက စိုးရိမ်လို့ မလုပ်တော့တာပါ။

အခုဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောရရင် တစုတဖွဲ့က ရည်ရွယ်ချက်ရှိရှိနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု မရှိအောင် လုပ်နေတာလို့ ပြောရမှာပဲ။ နောက်တပိုင်းက ပညာရည် နိမ့်ကျမှုပေါ့။ တသက်လုံး Isolate (အထီးကျန်) ဖြစ်နေတာကနေ ကမ္ဘာကြီးနဲ့ အဆက်အသွယ် ပြတ်နေတယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားတွေကို မျက်ခြေပြတ်နေရတဲ့ လူထုက ပညာရည်နိမ့်ကျမှုကြောင့် တခုခုဆိုလို့ရှိရင် ကိုယ့်ရဲ့စိတ်ခံစားချက်ကို ဦးစားပေးတယ်။ ပြောင်းလဲ ပြုပြင်လို့ မရတဲ့အရာတွေကို ပိုပြီးတော့ တန်ဖိုးထားနေကြတယ်။ အဲဒီပြဿနာတွေက အရင်းခံတယ်ပေါ့။ အပေါ်ယံကြည့်လိုက်ရင်တော့ ဘာသာရေးအရ သဘောထားကွဲလွဲတယ်လို့ ထင်ရပေမယ့် တကယ်တမ်းက နိုင်ငံရေး ပြဿနာပါ။

နိုင်ငံတခုက သူ့ရဲ့ လူထုကို အခြေခံအခွင့်အရေးတွေရယ်၊ ဒီမိုကရေစီ သဘောတရားတွေရယ်ကို လုံလုံလောက်လောက် အသိမပေးနိုင်ခင်မှာ အဲဒီလို အသိပေးဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့ Failed State တခုရဲ့ လက္ခဏာတွေပေါ့။ ဒါဟာ ကျဆုံးသွားတဲ့ နိုင်ငံတခုရဲ့ လက္ခဏာတွေပါပဲ။ လူမျိုးနဲ့ ဘာသာဆိုတာကို တခုတည်း၊ တထပ်တည်း ဆွဲသွင်းထားလို့ မရဘူးလေ။ ဆိုပါတော့ ဗမာလူမျိုးမှာ ဆိုရင်လည်း ဗမာတိုင်းက ဗုဒ္ဓဘာသာမှ မဟုတ်တာ။ ကျမတို့ တိုင်းရင်းသားထဲ မှာလည်း ကရင်လူမျိုးဆိုရင် ဗုဒ္ဓဘာသာကရင် ရှိတယ်။ ခရစ်ယာန် ကရင်ရှိတယ်။ ကိုးကွယ် ယုံကြည်မှု ဆိုတာက လူတယောက်ချင်းစီပဲလေ။ မိသားစုတခု ထဲမှာတောင် အဖေကတမျိုး သမီးကတမျိုး ဖြစ်နိုင်တာပဲ။ ကိုးကွယ်ယုံကြည်မှုက အင်မတန်မှ ပုဂ္ဂလိကဆန်ပါတယ်။ လူမျိုး ဆိုတဲ့ အရာမှာလည်း ပြောင်းလဲလို့မရဘူးလေ။ မွေးကတည်းက ဗမာဆိုရင် ဗမာပဲလေ။ အဲဒီလို ပြုပြင်ပြောင်းလဲလို့ မရတဲ့ အရာတွေအပေါ်မှာ လိုက်ပြီးတော့ ခွဲခြားကန့်သတ်တယ်ဆိုရင် ဒီမိုကရေစီ လူ့ဘောင်နဲ့ လုံးဝ မလျော်ညီတဲ့ကိစ္စပါ။ တသွေး၊ တသံ၊တမိန့်ဆိုတဲ့ အာဏာရှင် လူ့အဖွဲ့အစည်းကို ပြန်သွားချင်နေကြတာလား။ ဒီမိုကရေစီလို့ ပြောရင် မတူခြားနားမှုတွေကို လက်ခံနိုင်ဖို့။ လက်ခံပြီးတော့မှ အကောင်းဆုံး ဆုံးဖြတ်သင့်တာပေါ့။ အဓိကကတော့ ပညာပေးဖို့ လိုတာပါ။ အကုန်လုံး ဝိုင်းအားထုတ်မှ ရမှာ။


Nay P Latt's status.

မန္တလေးက စာပေဟောပြောပွဲကို သင်္ကန်းရုံထားသူအချို့(ဘုန်းကြီးဟူသည့်ဝေါဟာရ မသုံးချင်ပါ) လာတားတဲ့ ဗွီဒီယိုဖိုင်ကိုကြည့်နေရင်း ကျနော်စဉ်းစားခန်းဝင်မိတယ်။ ကျနော်သာ အဲဒီ့နေရာမှာဆို ဘာလုပ်မလဲပေါ့ ...။ သေချာတာကတော့ ... စာရေးဆရာတွေတက်ဟောခွင့်ရှိတဲ့ စင်မြင့်ပေါ်မှာ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ကိုမြအေးက လူလူချင်းအတူတူ ဘာလို့ ဟောခွင့်မရှိရတာလဲ ဘုရား(ဒီနေရာမှာ ကိုမြအေးရဲ့ဟောပြောချက်တွေနဲ့ပတ်သက်ပြီး လက်မခံနိုင်လို့ မဟောစေချင်တာမျိုးဆိုရင် ကျနော် နားလည်ပေးနိုင်ပါတယ်)၊ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းနဲ့ လူတစ်ယောက်ကို လူအဖြစ်ကနေနှိမ်ချဆက်ဆံတဲ့လုပ်ရပ်မျိုးကို ဗုဒ္ဓကအားပေးပါသလား ဘုရား ... စသဖြင့် မေးခွန်းတွေများစွာမေးချင်မိပါတယ်။ ဒါပေမယ့် အဲဒီ့နေရာမှာဆိုရင်တော့ ကျနော် မေးရဲပါ့မလား မသေချာပါဘူး။ ဝေဖန်ပိုင်းခြားခြင်းကို အားပေးတဲ့ ဗုဒ္ဓဘာသာဝင် စစ်စစ်တွေ၊ သံဃာတော်အစစ်တွေဆိုရင်တော့ ကျနော့်ရဲ့မေးခွန်းတွေကို မေတ္တာရှေ့ထားပြီး ကျနော် နားလည်တဲ့အထိ ဖြေကြားပေးမှာ သေချာပါတယ်။ ဒါပေမယ့် အဲဒီ့နေရာမှာ "မြအေးကိုဖယ်ပေး"ဆိုတဲ့ အမိန့်ကိုမနာခံပဲ အဲဒီ့လိုမေးခွန်းတွေသွားမေးရင် ကျနော်ဘာဖြစ်သွားမလဲ။ မသေချာပါဘူး။ ကျနော်သာ ပွဲစီစဉ်သူဆို ပွဲကိုဖျက်လိုက်ရမှာပါပဲ။ ကျနော်သာ အတူပြောရမယ့် စာရေးဆရာဆိုရင် ကျနော်လဲ မပြောတော့ဘူးလို့ ပြောလိုက်ရမှာပါပဲ။ ကျနော်သာ စာချစ်သူ ပရိသတ်ဆိုရင်တော့ ဝမ်းနည်းခြင်း ကြီးစွာ၊ ရှက်ရွံ့ခြင်းကြီးစွာနဲ့ လှည့်ပြန်လာရမှာပါပဲ။

အခုလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကျနော် ရှက်ရွံ့နေမိပါတယ်။

0 အကြံပြုခြင်း: