Wednesday, February 5, 2014

နိုင်ငံရေးအရအားကောင်းဖို့လိုအပ်လျက်ရှိ



Yan Myo Thein

ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ မျိုးဆက်(ပွင့်လင်းနှင့်ငြိမ်းချမ်းရေး)အဖွဲ့၏ ခေါင်းဆောင်များအကြား နေပြည်တော်တွေ့ဆုံဆွေးနွေးမှုသည် မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းကို အတန်အသင့်လှုပ်နှိုးခဲ့သည်ဟု သုံးသပ်နိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များအကြား ယခုတွေ့ဆုံဆွေးနွေးမှုသည် ယခင်တွေ့ဆုံမှုများထက် နိုင်ငံရေးအရ အနှစ်သာရမြင့်မားနိုင်ခြေရှိသည်ဟု သုံးသပ်နိုင်သည်။ လေ့လာသူအချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်၊ ဒီချုပ် နှင့် ၈၈ မျိုးဆက်များအကြား နိုင်ငံရေးအရပူးပေါင်းဆောင်ရွက်မည့် အဆင့်တစ်ခုကို တက်လှမ်းလာနိုင်ဖွယ်ရှိသည်ဟု ကောက်ချက်ပြုကြသည်။ ယခုတွေ့ဆုံမှုနှင့်ပတ်သက်သော နှစ်ဘက်သဘောထားထုတ်ပြန်ချက်ကို အမြန်ဆုံးထုတ်ပြန်သင့်သည်ဟု ထင်မြင်မိသည်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုကို အကြောင်းပြုလျက်၊ စနစ်ကျသော၊ ဗျူဟာမြောက်သော၊ ရေရှည်အမြင်ရှိသော နိုင်ငံရေးစီမံချက်၊ နိုင်ငံရေးရှေ့လုပ်ငန်းစဉ်တစ်ရပ်ကို ရေးဆွဲချမှတ်သဘောတူနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ သို့သော် တစ်ဖက်တွင်လည်း မျှော်လင့်ချက်များကို မြင့်မြင့်မားမားထားရှိရန် တွန့်ဆုတ်နေမှုများ ရှိကောင်းရှိနေနိုင်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် ဆွေးနွေးမည့်အကြောင်းအရာများထဲတွင် အဓိကတစ်ခုဖြစ်လိမ့်မည်ထင်သည်။ အထူးသဖြင့်၊ ဒေါ်အောင်ဆန်းစုကြည် ပြောလက်စရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုပူးပေါင်းပါဝင်နိုင်မည့် အခင်းအကျင်းများကို စဉ်းစားမှုနှင့်လည်း ဆက်စပ်နေနိုင်သည်။ ပြည်သူလူထုအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆန္ဒသဘောထားကောက်ယူသည့် လက်မှတ်ထိုးလှုပ်ရှားမှုများကို ဒီချုပ်နှင့်၈၈ တို့ပူးပေါင်းဖော်ဆောင်ကောင်း ဖော်ဆောင်လာနိုင်သည်။ ပုဒ်မ (၄၃၆) လို ပုဒ်မမျိုးကို ပြင်ဆင်နိုင်ရန် ဆော်သြလာနိုင်ခြေရှိနေသည်။ အဆိုပါလှုပ်ရှားမှုသည် စနစ်ကျ၊ ထိရောက်ပြီး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနီးပါး အခင်းအကျင်းကြီးတစ်ခုကို ဖော်ဆောင်နိုင်မည်ဆိုလျှင် အကောင်းဆုံး ဖြစ်သည်။ တွေ့ဆုံမှုအလွန်၊ ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်မှုအလွန်ကာလတွင် နိုင်ငံရေးအရ ပိုမိုအားကောင်းသော၊ နားလည်မှုရှိသော၊ ပူးပေါင်းဆောင်ရွက်မည့်အသွင်ဆောင်သော အနေအထားတွင် ဒီချုပ်နှင့်၈၈ တို့အနေဖြင့် ရပ်တည်နိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။ သို့မဟုတ်ပါက ပြည်သူလူထုအတွက် ခဲလေသမျှသဲရေကျရဦးမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်၈၈ တွေ့ဆုံပွဲတွင် ကိုမင်းဇေယျ၊ ကိုဋ္ဌေးကြွယ်တို့ မတက်ရောက်ခဲ့ခြင်းသည်လည်းကောင်း၊ တွေ့ဆုံပွဲကို စည်ပင်လွှတ်တော်ကိုယ်စားလှယ်များအဆောင်တွင်ပြုလုပ်ခဲ့ခြင်းသည်လည်းကောင်း ထူးခြားမှုဖြစ်သည်ဟု မှတ်ချက်ပြုနိုင်သည်။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

0 အကြံပြုခြင်း: