Wednesday, February 19, 2014

၅၀၀၀ တန်အတုတရွက်နဲ့  မြောက်ဥက္ကလာ က ကိုဘခက်



Myat Thu

မနေ့ညနေပိုင်း ကျနော် မြောက်ဥက္ကလာဖက်မှာ ဆိုက်ကားထည်လဲ စီးပြီးတနေရာပြီးတနေရာ သွားလိုက်လာလိုက်လုပ်နေရာကနေ နောက်ဆုံးတခေါက်မှာ ကိုဘခက်နဲ့ တွေ့ခဲ့တယ်..။

မိုင်တွေတွေ ညင်းသိုးသိုးနဲ့  ကိုဘခက် ဆိုက်ကားနင်းသာနင်းနေရတယ် စိတ်မပါဘူးထင်တယ်..။

ဟိုး....ဆရာ.... ရှေ့မှာ ကားလာနေတယ်.... ကျနော် အလန့်တကြားထအော်လိုက်တော့မှာ ခေါင်းငိုက်စိုက်ချပြီးနင်းနေတာက နေ ခေါင်းနဲနဲထောင်သွားတယ် ...

" ..ဆရာကြည့်လုပ်ပါဦးဗျာ.... ၂ ယောက်လုံး ကားကြိတ်ခံရလို့ နံပြားဖြစ်နေပါဦးမယ်..."

"....ဆောရီး ညီလေးရာ ကိုယ့်ဒီနေ့ စိတ်မပါဘူးဖြစ်နေတယ်.... တောက်....ကွာ....ဒီငါးထောင်တန် တရွက်ကတော့....."

ကျနော့်အား တောင်းပန်လိုက်ပြီး မဆီမဆိုင် အသက်မဲ့ငွေစက္ကူ ၅၀၀၀တန်ကို တဆက်ထဲ ဆဲလိုက်တယ်...

ကျနော် အဖို့ နည်းနည်းထူးဆန်း သွားတယ်...တခြားသူတွေသာဆို အခြေခံ မိသားစုတစုတနေ့အသုံးစရိတ်အတွက် လုံလောက်တဲ့ ငွေ ၅၀၀၀ ဆိုတာကို သူ့လို မြည်တွန်တောက်တီးနေမှာ မဟုတ်...ရခဲ့လျှင်တောင်မှ ၀မ်းသာနေကြမှာ..
ဒါ့ကြောင့် ကျနော် သူ့ဆီက ထူးဆန်းနေတဲ့ ငါးထောင်တန်ဆိုတာကို သိချင်တာနဲ့ အစဖော်ပေးလိုက်တယ် ဆိုရင်ပဲ ဘယ်တုန်းထဲက ပေါက်ကွဲချင်နေမှန်း မသိတဲ့ ကိုဘခက်က ခရားရေလွှတ်တတွတ်တွတ် အောက်ပါအတိုင်းပြောပါလေရောဗျို့....

ဒီမှာ ကိုယ့်လူရာ ခုနေများ ကျုပ်လိုတနေကုန်ဆိုက်ကားနင်းနေမှ မိသားစုထမင်းစားရတဲ့ လူတယောက်က ပိုက်ဆံအတုထုတ်ဖို့  စဉ်းစားမိနိုင်ပါ့မလား..

ဟ....စဉ်းစားမိနိုင်တာပေါ့ဗျ...သူသူကိုယ်ကိုယ် ပိုက်ဆံဆိုတာသည်းခြေကြိုက်ပဲလေ...ကျနော်ကလဲ သူမေးလာတာကို ကျနော် စိတ်ကူးအဖြေနဲ့ ကိုက်ပြီး ပြန်ဖြေလိုက်တယ်...

ကဲ ...ဟုတ်ပြီဗျာ...ဒါဆိုရင် ကျုပ်အနေနဲ့ ဘယ်လို နည်းလမ်းတွေနဲ့ အတုလုပ်မလဲဆိုတာကိုရော ခင်ဗျား..စဉ်းစားကြည့်ပေးဗျာ..

ကျုပ်လိုလူတယောက် အနေနဲ့  ငါးထောင်တန်တရွက်ကို အသေးစိတ်သေသေချာချာ ကြည့်ဘူး မယ်လို့  ခင်ဗျား ထင်သလား....

အဲလိုတော့  မထင်မိဘူးဗျ...ကျနော်လဲ သေသေချာချာ တခါမှ မကြည့်ဘူးသေးဘူး...

ခင်ဗျားတောင်မှ သေသေချာချာ မကြည့်ဖူးသေးတာဗျာ...ကျုပ်လိုဆိုက်ကားနင်းတဲ့ သူတယောက်ကို သေသေချာချာကြည့်ဖို့  ပိုဝေးသေးတာပေါ့ဗျ....မဟုတ်ဘူးလား...

အင်း ဟုတ်သားပဲဗျ...

ထားပါတော့ဗျာ...ဒါက ကိစ္စ မရှိသေးဘူး...ကျုပ်အနေနဲ့  ထုတ်မယ်ဆိုတောင် အတုထုတ်မယ့် နည်းစနစ်တွေ ၊ စက်ပစ္စည်းတွေ ၊ တခြားကုန်ကြမ်းတွေ အများကြီးလိုမှာ...အဲဒီတော့ ကျုပ်တို့ လို လူတွေက ပိုက်ဆံအတုထုတ်ဖို့ ဆိုတာ ဖြစ်နိုင်ပါတော့မလားဗျ...

ဟုတ်တယ်ဗျာ....မဖြစ်နိုင်ဘူး... ၁ ရွက် ၂ ရွက် ထုတ်လို့ လဲ ဖြစ်မယ့် ကိစ္စ မှ မဟုတ်တာ...သူ့မှာနည်း အရင်းအနှီး နည်းပညာ ကုန်ကြမ်း အများကြီးလိုတာပဲဗျ....ငါးထောင်တန်လောက် အတုထုတ်မယ်ဆိုရင်တော့ အရွက်ရေ သောင်း ဂဏန်း သိန်းဂဏန်းလောက် ထုတ်မှ မျိုးမျိုး မြတ်မြတ်ရမယ့် အလုပ်ဗျ..

အခု ကျုပ်မှာ ငါးထောင်တန် အတုတရွက် ရှိနေတယ်ဗျာ...ဒီနေ့ ကျုပ် နင်းတာ ခင်ဗျားပေးမယ့် ဆိုက်ကားခ အပါဆိုရင် ၆၈၀၀ ရပြီ...ဒါပေမယ့် အဲဒီထဲမှာ ၅၀၀၀ တန် အတုတရွက်ပါနေပြီး ကျုပ်ကိုကောင်းကောင်းကြီး ဒုက္ခပေးနေတယ်..
နေ့လည်ပိုင်းလောက်က လူတယောက် ကျုပ်ဆိုက်ကားကို ဌားစီးပြီးပေးသွားတာ..

ကျုပ်ကလည်း ၅၀၀၀တန် ဆိုတာကို တလလုံးနေလို့ မှ တခါ မမြင်ရတာ အတုမှန်း အစစ်မှန်း မသိဘူး.. ကျုပ်လဲ ယူထားလိုက်ပြီး ကျုပ် မနက်ပိုင်း နင်းလို့ ရထားတဲ့ ပိုက်ဆံကို သူ့ကို အကုန်အကြွေအမ်းလိုက်ရတယ်...သူထွက်သွားတော့ ကျုပ်မှာ သူပေးခဲ့တဲ့ ၅၀၀၀တန်ရယ် နောက်ထပ် တစ်ရာတန် တရွက်ရယ်ပြန် ကျန်တယ်..

ကွမ်းယာဆိုင်က ဆေးပေါ့လိပ်တရာဖိုးဝယ်ပြီး ကျုပ်ဂိတ်က သစ်ပင်ရိပ်မှာ အလှည့်စောင့်ရင်း ဆေးလိပ်ဖွာနေလိုက်တယ်....

သိပ်မကြာခင်မှာပဲ.. ကျုပ်အလှည့်ပြန်ရောက်လာတော့ မိန်းမ၀၀ကြီးတယောက်ကို ကန်သာယာမှတ်တိုင်ထိပ် လိုက်ပို့  ပေးဖို့  ဂိတ်ကနေထွက်ခဲ့တယ်...လေးလိုက်တဲ့ ခန္ဓာကိုယ်ကြီးဗျာ... ဘာတွေ ဘယ်လောက်တောင် စားထားပြီး ၀ဖီးနေလဲ မသိတော့ပါဘူး..ကျုပ်ခြေသလုံးတွေ တဆတ်ဆတ်တုန်အောင်ကို နင်းမှ ဆိုက်ကားက လိမ့်တယ်ဆိုယုံလောက်ပဲ သွားတယ်..

ကျုပ်လဲ အားကြိုးမာန်တက် နေပူပူမှာနင်းလာလိုက်တာ ဂိက ထွက်ပြီး ဓါတ်တိုင်ငါးတိုက်ကျော်လောက် အရောက်မှာ နောက်က အထိုင်ဘီးတာယာပွင့်ထွက်သွားတယ်...စပုတ်တံ ၂ ချောင်းလောက်ပါ အဆစ်ပါသွားသေးတယ်...

မမ၀၀ကြီးကို တောင်းတောင်းပန်ပန်နဲ့ တခြားဆိုက်ကား တစီးထပ်ဌားပေးလိုက်ရတယ်..ကျုပ်လဲစိတ်ပျက်လက်ပျက်နဲ့  ပြင်နေကြစက်ဘီးပြင်ဆိုင်ထိ ဆိုက်ကားကိုတွန်းလာခဲ့ပြီး ပွင့်သွားတဲ့ ကျွတ်ကို အစားထည့်ဖို့  စက်ဘီးအပိုပစ္စည်းရောင်းတဲ့ဆိုင်ဖက် ထွက်ခဲ့လိုက်တယ်...တော်သေးတာပေါ့ဗျာ မနက်ပိုင်းနင်းထားတဲ့ ငါးထောင်တန် တရွက်ရှိနေပေလို့ ....

စက်ဘီးအပိုပစ္စည်းဆိုင်ရောက်ပြီး လိုတာဝယ်ငွေရှင်းမယ်လုပ်တော့မှ ပြဿနာကစပါလေရောဗျို့

ဆိုင်ပိုင်ရှင်က ကျုပ်ကို ငါးထောင်တန်ပြန်လဲ ပေးပါဆိုပြီး ပြန်ပေးလာတယ်...ကျုပ်ကလဲ ပေးလိုက်တဲ့ ပိုက်ဆံက ဘာဖြစ်လို့  လဲ ဗျ...ဆိုတော့ အဲဒီငါးထောင်တန်က အတုကြီးဖြစ်နေလို့ တဲ့ဗျ.... ကျုပ်ခေါင်းက ဆံပင်တွေ ထောင်ထသွားသလားမှတ်ရတယ်...ရင်ထဲက တဒုန်းဒုန်း မြည်သွားသလားမှတ်ရတယ်....ဟုတ်တယ်လေ ကျုပ်မှာ လဲစရာမရှိ အဲဒီငါးထောင်တန်တရွက်က လွဲလို့  ငွေစက္ကူဆိုတာ နတ္တိ..

သေသေချာချာကြည့်ပါဦးဗျ...သေချာတယ် အတုကြီးပါဆိုပြီး ပြန်လာပေးတယ်...ကျုပ်က စောဒက တက်လိုက်တယ်...အတုအစစ် ဘယ်လိုခွဲလဲဗျာ....ကျုပ်ကို နမူနာပြ...

ဒီမှာ ဆရာကြီးရ ပိုက်ဆံရဲ့ ညာဖက် ထောင့်က ၅၀၀၀ ဆိုတဲ့ စာတန်းကို လက်ကလေးနဲ့  အသာပွတ်ကြည့်လိုက် အစစ်က ဖောင်းကြွစာလုံး နဲ့ ရေးထားပြီး အတုက ဗြောင်ချောကြီး ဘယ်လိုမှ မနေဘူး...

ကျုပ် သူပြောသလို လုပ်ကြည့်လိုက်တယ်...ဟုတ်နေတယ်...ကျုပ်ထပ်ပြီး စောဒကတက်လိုက်ပြန်တယ်..ကျုပ်ပိုက်ဆံက နဲနဲ နွမ်းနေလို့ ပါဗျာ...ဒီမှာကြည့်ပါလား ငွေကြိုးလဲ ပါနေတာပဲ အစစ်ပါဗျ....

ဟုတ်တယ် ဆရာကြီး အတုတွေမှာ လုံခြုံရေးကြိုးလို့ ခေါ်တဲ့ ငွေကြိုးလဲ အစစ်နဲ့ ခွဲမရအောင် ပုံတူပါပြီးသား...နောက်ထက်အတုအစစ် ခွဲ နိုင်တဲ့ တခုက ပိုက်ဆံအရွယ်အစားကွာတယ်ဗျ.. ဒီမှာကြည့် ဆိုပြီး တခြား၅၀၀၀တန်တရွက်ယူပြီး သေသေချာချာတိုင်းပြလိုက်တော့ ကျုပ်မငြင်းနိုင်တော့ဘူးဗျာ....သူပြောတာတွေ ဟုတ်နေတယ်...အတုဆိုတဲ့ ကျုပ်ပိုက်ဆံက အစစ်ထက်နဲနဲ ပိုသေးနေတယ်....

ကျုပ်လဲ လက်ထဲ က ဆိုက်ကားကျွတ်အသစ် ကို အသာပြန်ထားပြီး အဲဒီငါးထောင်တန်တရွက်ကို ဖင်တပြန်ခေါင်းတပြန်သေသေချာချာ ထပ်ခါထပ်ခါကြည့်ပြီး ပြန်ထွက်လာလိုက်တယ်ဗျာ...

အပြင်က နေပူသလို ကျုပ်ခေါင်းတွေ ပူနေပြီ...ကျုပ်ဆိုက်ကားကို ဘယ်လို ပြင်ရမှန်း မသိ...လက်ထဲက ပိုက်ဆံကလဲ သုံးမရတဲ့ ပိုက်ဆံ ဖြစ်နေပြန်တယ်...

ကျုပ်လဲ ဘာလုပ်ရမှန်း မသိဖြစ်နေတုန်း ဗိုက်ကလဲ ဆာလာတယ်...ဟုတ်ပြီ ကျုပ်အကြံရသွားပြီး ကျုပ်တို့  ဆိုက်ကားဂိတ်နားမှာ ထမင်းရောင်းတဲ့ ဒေါ်ကျင်စိန် ဆီမှာ ဒီငါးထောင်တန်နဲ့  ကျုပ်ထမင်းဝယ်စားလိုက်မယ်...ပြန်အမ်းတဲ့ ငွေတွေ နဲ့  ကျုပ် ဆိုက်ကားကျွတ်ကို ပြန်လာဝယ်လိုက်မယ်ဆိုပြီး... ကျုပ် ဒေါ်ကျင်စိန်ဆီက ၀က်သားနဲ့ ထမင်းတပွဲမှာပြီး စိတ်လွတ်ကိုယ်လွတ်စားပစ်လိုက်တာ လိုက်ပွဲ နှစ်ပွဲတောင်ထပ်ယူလိုက်တယ်....

ကျုပ်လဲ စားသောက်ပြီးတာနဲ့  ရုပ်တည်ကြီးနဲ့ ဒေါ်ကျင်စိန်ကို အိပ်ကပ်ထဲက ၅၀၀၀တန် ထုတ်ပေးလိုက်တယ်..ကျုပ်လက်ထဲက ငါးထောင်တန်ကို တွေ့ လိုက်တာနဲ့ ပဲ လှမ်းယူနေတဲ့ ဒေါ်ကျင်စိန်ရဲ့ လက်က နောက်ပြန်တွန့်သွားတယ်...

ဟဲ့ ဘခက် စောစောကပဲ ငါ ဆန်ဖိုးတွေလာတောင်းလို့  ရောင်းရတဲ့ပိုက်ဆံတွေအိတ်သွန်ဖာမှောက်ပေးလိုက်ပြီ...နင့်ငါးထောင်တန်ကို ပြန်အမ်းဖို့  အကြွေကို မကျန်တော့ဘူး...နောက်မှပေးလှည့်....ဆိုပြီး သူပိုက်ဆံထည့်နေကြ ဒန်အိုးအသေးလေး၇ဲ့  အဖုံးကိုဖွင့်ပြလိုက်တာ..တရာတန် တရွက်နဲ့ ၅၀ တန်အကြွေလေးတွေပဲတွေ့တယ်...

ကျုပ် ညစ်သွားတယ်ဗျာ...အကြံထပ်ထုတ်နေလိုက်မိတယ်...ပိုက်ဆံဆိုတာများ အရင်တုန်းကဆိုရင် လက်ထဲ ကြာကြာကိုင်ရတယ်ကို မရှိပါဘူး...လက်ထဲရောက်လာခဏပဲ တနေကုန်ရှာတဲ့ ပိုက်ဆံနောက်တနေ့ မကူးဘူး ကုန်တာပဲ...မဟုတ်လား..

ဟုတ်ပြီး ကျုပ်အကြံထပ်ရလာပြီ...ညနေအိမ်အတွက် ဆန်သွားဝယ်လိုက်မယ်..ဆန်ဆိုင်ဆိုရင်တော့...ကျိမ်းသေပေါက်ပြန်အမ်းနိုင်မှာပဲဆိုပြီး ဆန်ဆိုင်ဖက်လှည့်လိုက်တယ်....ဆန်ဆိုင်ရှေ့ရောက်တော့ ကျုပ်ကို ဧည့်မထဆန် ၂ပြည်ပေးဗျာဆိုပြီး ...အလုပ်သမားကောင်လေး ကိုပြောလိုက်တယ်...ကောင်လေးက ဆန် ၂ ပြည်ချင်ထည့်ပေးပြီး ကျုပ်ဆီက လှမ်းပေးလိုက်တဲ့ ငါးထောင်တန်ကို ဆိုင်ရှင်ဆီယူသွားပေးတဲ့.... အဲဒီအချိန်မှာ ကျုပ် ရင်ထဲတထိတ်ထိတ်နဲ့ ဗျာ...ကျုပ် မျက်နှာ အမူအရာတောင် ပျက်နေလားမသိ ကိုယ့်ကိုကိုယ် မလုံမလဲဖြစ်နေတယ်..

ဆိုင်ရှင်နဲ့  မျက်နှာခြင်းဆိုင်မိရင် ကျုပ်မျက်နှာပျက်နေရင် ရိပ်မိသွားမှာစိုးတာနဲ့ ဆိုင်ပြင်ဖက်ကို ရောက်တတ်ရာရာ လှမ်းကြည့်နေရင်း ဆေးပေါ့လိပ်တိုကို မီးညှိနေလိုက်တယ်...

အဲဒီအချိန်မှာ ဆိုင်ရှင်က ကိုဘခက် ဆိုပြီး လှမ်းခေါ်လိုက်တာမှာ ကျုပ်မီးညှိနေတဲ့ ဆေးလိပ်တိုက နှုတ်ခမ်းတေ့ထားတာက နေ ပြုတ်ကြသွားတယ်..
သူ့ခေါ်သံကြောင့် ကျုပ်လှမ်းကြည့်လိုက်တော့ ကျုပ်ရဲ့  မဟာမိတ်ဆွေတော်ကြီး ငါးထောင်တန် ကို ကျုပ်ဆီ ပြန်လှမ်းပေးနေတယ်...

ခင်ဗျား ၅၀၀၀တန်က နဲနဲနွမ်းနေတယ်ဗျ...နောက်နေ့မှာ ဆန်ဖိုးပေးဗျာ...၀ယ်နေကြပဲ ယူသာသွားဆိုပြီး ကျုပ်ကိုပြန်လှမ်းပေးနေတယ်...

ကျုပ်လဲ သူ့ကို စကားပြန်ပြောမိလေသလား...မပြောမိဘူးလားဆိုတောင် သတိမထားမိတော့ဘူး...ဆန်ထုတ်ဆွဲပြီး ဂိတ်ဆီပြန်ထွက်လာလိုက်တယ်....
ဂိတ်ရောက်တော့ စိတ်ညစ်ညစ်နဲ့  ၀ယ်လာတဲ့ ဆန်ထုတ်ဘေးနားချပြီး ထိုင်နေလိုက်တာ... ဆိုက်ကားပြင်ဆရာတော့ ကျုပ်ကို မျှော်နေရော့မယ်...
ကျွတ်ဝယ်မယ်ဆိုပြီး ထွက်လာလိုက်တာ အချိန်အတော်ကြာနေပြီလေ...

နောက်ဆုံး ကျုပ်ခေါင်းထဲမှာ ဖျက်ခနဲ့  အကြံတချက်ပေါ်လာတာက ကျုပ်ရဲ့  ၅၀၀၀တန်ကို မသုံးတော့ပဲ ငွေရမယ့်နည်းပဲ....ဘေးနားက အပင်ရိပ်မှာ ထမင်းစားပြီး ထမင်းလုံးစီနေတဲ့ ကျုပ်တို့ ဂိတ်မှုး ကိုဌေးကို မေးလိုက်တယ်...

ကိုဌေး ခင်ဗျား ညနေစာ ဆန်ဝယ်ပြီးပြီးလား ဆိုတော့  မ၀ယ်ရသေးဘူးတဲ့...ကျုပ်လဲ ဘေးနားချထားတဲ့ ဆန်ထုတ်ကို ကိုဌေးဆီဆွဲသွားရင်း ဆန်ကုန်သည်တွေ ငွေရှင်ကြေးရှင်တွေ ငွေကစားသလို ကိုဌေးနဲ့ ကျနော်ကြားမှာ ဆန်တထုတ်နဲ့ ငွေကစားလိုက်တာ ကိုဌေးအိပ်ကပ်ထဲက ငွေ ၁၅၀၀ က ကျုပ်ဆီရောက်လာပြီး ကျုပ်ရဲ့ ဆန်ထုတ်ကတော့  ကိုဌေးဆီရောက်သွားတယ်..ကျုပ်ရဲ့  အရောင်းအ၀ယ်လည်ပတ်မှုကြောင့် ချက်ချင်းလက်ငင်း ငွေလေးရာ အရှုံးပေါ်သွားတယ်

ပိုက်ဆံ ၁၅၀၀ ရရခြင်းပဲ ကျုပ် ဆိုက်ကားပြင်တဲ့ ဇါတ်လမ်းကို ပြန်စပြီး ခုလို ဆိုက်ကားပြန်နင်းနေနိုင်တာဗျ...

ခုထိ အဲဒီ ၅၀၀၀တန် အတုက ကျုပ်အိပ်ကပ်ထဲမှာ ရှိနေတုန်းပဲ...ညနေစောင်းနေပြီး အိမ်စရိတ်ခုထိမရသေးဘူး...ဗျာ...ကလေးတွေနဲ့  မိန်းမတော့ မျှော်နေရှာရော့မယ်..

ကျနော်က လဲ စနစ်ကျသေသပ်လှပါတယ် ဆိုတဲ့ သူ့ရဲ့  ငါးထောင်တန်အတုကို မြင်ဖူးချင်တာနဲ့  လက်ဖက်ရည်ဆိုင်ရှေ့မှာ ရပ်ခိုင်းလိုက်ပြီး လက်ဖက်ရည်သောက်ရင်း ပိုက်ဆံအတုကို ယူကြည့်လိုက်တယ်....တော်ယုံတန်ယုံခွဲမရ..ကျနော်မှာရှိတဲ့ ငါးထောင်တန်တွေထုတ်ပြီး တိုက်ကြည့်လိုက်တော့မှ ဟုတ်နေတယ်...

ကျနော်လဲ မြောက်ဥက္ကလာကနေ တာမွေကို ကားဌားပြီးပြန်မယ့် အစီစဉ်ကို ဖျက်ပြီး သူဆီက ငါးထောင်တန်ကို ကျနော့်ဆီက ငါးထောင်တန်အစစ်နဲ့ လဲပေးလိုက်မယ်ဆိုပြီးပြောတော့...သူက ကျနော့်ကို ပြူးကြောင်ကြောင်ပြန်ကြည့်နေပြီး အတန်ကြာမှ တဂယ်လား....လို့ ပြန်မေးတယ်....

ကျနော် ချက်ချင်းပဲ ငါးထောင်တန် တရွက်ထုတ်ပေးလိုက်တယ်...ကျနော်ထုတ်ပေးလိုက်တဲ့ ငါးထောင်တန်ကိုတောင်မှ သူက မယုံသလိုလိုနဲ့  ဖင်တပြန်ခေါ်င်းတပြန်ကြည့်နေလိုက်သေးတယ်...

ဟုတ်တယ်....ကျနော် မြောက်ဥက္ကလာကနေ တာမွေကို ပြန်ဖို့  လိုင်းကားစီးရင်လဲ အဆင်ပြေတယ်လေ...ညနေပိုင်းဆိုတော့ မြို့ ထဲ အတက်ကားတွေက လူချောင်တယ်..ကျနော် အဖို့ တော့  နည်းနည်း ခရီးထောက်တာက လွဲလို့...ကုန်ကျမယ့် ပိုက်ဆံကို...ကိုဘခက်တို့  မိသားစု အတွက် အများကြီးအဆင်ပြေသွားမယ်ဆိုတာ သေချာတယ်လေ....

ဒါ့ကြောင့်လဲ ကျနော် အတုနဲ့ အစစ်ကို လဲခဲ့တာ...နောက် တခုက စာဖတ်သူတွေအပြင် ပိုက်ဆံအတုထုတ်တဲ့သူတွေကို ၅၀၀၀တန်တရွက်ကြောင့် ကိုဘခက်တယောက် ဘယ်လိုတွေ ကြုံခဲ့ရတယ်ဆိုတာကို သိစေချင်တာ...

ခုတော့ ငါးထောင်မကတန်တဲ့ ပိုက်ဆံအတုအစစ်ဘယ်လို ခွဲနိုင်မလဲဆိုတာကိုစာဖတ်သူတွေကို လက်တွေ့ပြနိုင်ခဲ့ပြီးလေ...ဒါဟာ ငါးထောင်မကတန်တယ်ဆိုတာကို အားလုံးသိနိုင်ကြမည်ဟု ယုံကြည်ရင်း.........

မြတ်သူ

https://www.facebook.com/MgMyatThu


0 အကြံပြုခြင်း: