Tuesday, February 4, 2014

ပုဒ်မ၅၉ ဆိုတာကို မပြင်ဖို့ နေမျိုးဇင် ဆိုတဲ့ အကောင် က ပြောသွားတယ်လို့



Nay Myo Zin
ယနေ့ ကျနော့် မိတ်ဆွေ တဦးက အိမ်ကို လာပြောသည်။ သူ့ ၀မ်းနည်း စိတ်ပူသည့် အကြောင်း ကို ကြားသိရသော ကျနော်ပင် စိတ်မကောင်း။ မိတ်ဆွေသည် မနေ့က တက္ကစီ တစီးကို ငှားစီးကာ မြို့ထဲသို့ သွားရင်း ထို တက္ကစီဒရိုင်ဘာနှင့် ဟိုအကြောင်း သည်အကြောင်း ပြောမိရင်းက ကျနော့် နာမည် အကြောင်း စကားစပ်မိသွားခဲ့ကြသည်။ ကားဆရာက ကျနော့်ကို အလွန်မုန်းတီး ဒေါသထွက်နေကြောင်း ပြောသည့်အတွက် ဘာကြောင့်များ နေမျိုးဇင်ကို မုန်းတီးနာကျည်းနေရပါသလဲ စပ်စုလိုက်သောအခါ တနေ့တုန်းက ဗိုလ်စိန်မှန် ကွင်းမှာ နေမျိုးဇင် ဆိုတဲ့ အကောင်က ဒေါ်စုကို စိန်ခေါ်သွားပြီး ဒေါ်စုကို သမ္မတဖြစ်ခွင့် မရအောင် ကာကွယ်ထားတဲ့ ပုဒ်မ၅၉ ဆိုတာကို မပြင်ဖို့ နေမျိုးဇင် ဆိုတဲ့ အကောင် က ပြောသွားတယ်လို့ သူတို့ ဒရိုင်ဘာ အချင်းချင်း ကားစုရပ်ဆွေးနွေးပွဲမှာ ကြားခဲ့ရလို့ နေမျိုးဇင်ကို သတ်ချင်လောက်အောင် မုန်းတီးနေကြောင်း ပြောသော အခါ ကျနော့် မိတ်ဆွေ က စိုးထိတ်ပူပင်စွာနဲ့ ဖြစ်ရပ်မှန်ကို ရှင်းပြပေးခဲ့ရပါကြောင်း .................. ယနေ့ အိမ်သို့ လာပြောရှာပါသည်။ ဘုရား ...... ဘုရား နံမည်လေး ဆင်တူဖြစ်နေရတဲ့ အမေပေးသော နံမည်ကို ဘယ်လိုမှလည်း ပြန်မပြင်တော့နိုင် ......... သို့ နှင့်ပဲ ထို မိတ်ဆွေက ဥပမာလေးများ နှင့် ကားဆရာကို ရှင်းပြခဲ့ရပါကြောင်း အတိုချုံးပြိး ကျနော့်ကို ပြန်ပြောပြသည်။ သူပြောသော ဥပမာကိုပဲ အနှစ်ချုံ့ပြီး ကျနော်က ပြန်တင်ပြလိုက်ပါသည်။ နေမျိုးဇင် နှင့် နံမည် နောက်ဆုံး အလုံး တခုသာ ကွဲလွဲသော လူသည် ...... ဝေလည်း မမွှေး၊ ကြွေလည်း မမွှေးမည့် မလွန်ဆန်ရဲသူများ အသင်း ( မလွန် ဆန်လှူအသင်း မဟုတ်ပါ) က ဖြစ်ပါကြောင်း။ နေမျိုးဇင် ၏ ရပ်တည်ချက် လုပ်ဆောင်ချက်၊ ရည်မှန်းချက်နှင့် ပြည်သူအပေါ် ထားရှိသည့် စေတနာတို့သည် သံလိုက်တုံး၏ ဟိုဘက်ထိပ်နှင့် ဒီဘက်ထိပ် ဖြစ်ပါကြောင်း ရှင်းပြခဲ့သည်ဟု ဆိုပါသည်။ ကျနော့် ရင်ဝ မှ ထိတ်ကနဲဖြစ်သွားရသော ပြည်သူ့ အမုန်းတရားကို ကြောက်လန့်သည့် စိတ်လိပ်ပြာခုန်နှုန်းသည် ထိုမှ ပင် ပြန်လည် ငြိမ်သက်ပြီး အပြုံးရိပ် ပြန်ဆင်နိုင်ပါတော့သည်။ ဒါကြောင့် သရက်ပင် ဘယ်လောက်ချိုချို ဂွေးတောက် ပင် မြစ် အနားမှာ လာပေါက်လျှင် သရက်သီးလည်း ခါးလာတတ်သည်ဟု ဆိုကြသည်ဖြစ်ပေမည်။ ယခုကား နံမည်လေး အနည်းငယ် ဆင်ယုံရှိသေး ကျနော့်အား သတ်ချင်သည်အထိ မုန်းတီးသည့် ပြည်သူတို့ ပေါ်လာခဲ့သည်။ ထို ကားဆရာလို သတင်း ဇာစ်မြစ် အတိအကျမသိပဲ ကျနော် နေမျိုးဇင် ကိုသာလျှင် သတ်ချင်နေသည့် လူထု ဘယ်လောက်ပင် ပေါများ နေမည်မသိ။ သွားလေရာတွင် စာဆွဲသွားရတော့မည် ထင်ပါသည်။ ဇ ကွဲ သည် ၀လုံး နှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည် မတူကွဲပြားခြားနားပါသည် ဆိုသည့် အကြောင်း .....................

 နေမျိုးဇင် ( ဇကွဲ နှင့် ဇင် ပါသည်။)

0 အကြံပြုခြင်း: