Thursday, February 27, 2014

သမ္မတရုံးဝန်ကြီး ဦးစိုးမောင်အား လွှတ်တော်၏ ဂုဏ်သိက္ခာကို ထောက်ထား၍ ဖြေကြားခြင်းပြုရန် လွှတ်တော်ဥက္ကဋ္ဌ သတိပေး



Eleven Media Group

လွှတ်တော်သည် ဟန်ပြရုပ်ပြ တည်ဆောက်ထားခြင်း မဟုတ်ကြောင်း၊ ထို့ကြောင့် လွှတ်တော်၏ ဂုဏ်သိက္ခာကိုထောက်ကာ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်းများ ပြုလုပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်သို့ သတိပေး ပြောကြားသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးမင်းဆွေ၏ မေးမြန်းမှုကို သမ္မတရုံးဝန်ကြီး ဦးစိုးမောင်က ပြန်လည်ဖြေကြားပြီးနောက် ဥက္ကဋ္ဌက ထိုသို့သတိပေး ပြောကြားခဲ့ရခြင်းလည်း ဖြစ်သည်။

ဦးမင်းဆွေက မြန်မာနိုင်ငံမှ သယံဇာတများကို တစ်ဖက်နိုင်ငံသို့ တရားမ၀င် ထုတ်ယူနေမှုများအပေါ် တာဝန်မဲ့ ဆောင်ရွက်နေသည့် ၀န်ထမ်းများအား မည်ကဲ့သို့ အရေးယူမည်နှင့် ဆုံးရှုံးခဲ့သည့် နိုင်ငံသယံဇာတများနှင့် ပတ်သက်၍ ခိုးထုတ်သွားသည့် ကုမ္ပဏီများထံမှ ပြန်လည်ရရှိရေး ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် အဆိုပါကိစ္စအား မေးခွန်းမေးမြန်းရုံနှင့် မလုံလောက်ဘဲ ပြည်သူများ ပါဝင်ဆောင်ရွက်ရန် ကိုယ်စားလှယ်များအနေဖြင့် စည်းရုံးခြင်း၊ ပူးပေါင်းတားဆီးခြင်းနှင့် တင်ပြကာကွယ်ကြမှသာ ဖြစ်မည်ဟု ထည့်သွင်းပြောကြားသည်။

ဦးမင်းဆွေကလည်း ယင်းသို့ပြောကြားမှုကို ထပ်ဆင့်ပြန်လည်တုံ့ပြန် ပြောကြားခဲ့သည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မေးခွန်းမေးမြန်းသည်မှာ လွှတ်တော်ဥက္ကဋ္ဌက မေးသင့်သည်ဟု ထင်မြင်သောကြောင့် ခွင့်ပြုခြင်းဖြစ်ကြောင်း၊ အစိုးရအဖွဲ့ အနေဖြင့်လည်း ဖြေနိုင်သည်ဟု အကြောင်းပြန်လာသည့်အတွက် အစီအစဉ်တွင် ထည့်သွင်းခြင်းဖြစ်ကြောင်း၊ မေးမြန်းခြင်း၊ ဖြေကြားခြင်းမှာ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်သည် ဆိုသည်ကို နားလည်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်၏ ဂုဏ်သိက္ခာ၊ ဥက္ကဋ္ဌ၏ ဂုဏ်သိက္ခာကို နားလည်လက်ခံ ရမည်ဖြစ်ကြောင်း ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ်များကဲ့သို့ ကျင့်သုံးဆောင်ရွက်ရန်၊ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း လွှတ်တော်တွင်း၌ ဆောင်ရွက်ရမည့် ကိစ္စများကို တစ်ဖက်နှင့်တစ်ဖက် လေးစားတန်ဖိုးထား ဆောင်ရွက်ရန်လည်း ထည့်သွင်းပြောကြားသည်။

“မေးတဲ့နေရာမှာ မထီတထီ မေးသလို မထီတထီ ဖြေပြီးတော့ တစ်ဖက်ဖက်ကို ဂုဏ်သိက္ခာအားဖြင့် လည်းကောင်း၊ မထီမဲ့မြင်ဖြစ်တဲ့ အဖြစ်မျိုးတွေ မဖြစ်ဖို့ လိုပါတယ်။ ခုနကဖြေသွားတဲ့ နေရာမှာ မေးခွန်းကို မေးခွန်းလိုဖြေပြီးတဲ့ အခါမှာ နောက်ပိုင်းကိစ္စတွေက မလိုဘဲ ဆက်ပြောတဲ့ကိစ္စက တစ်ဖက်နဲ့တစ်ဖက် အထင်လွဲစရာတွေ ရှိပါတယ်။ မေးခွန်းဖြေပြီးပြီပဲ။ ကျန်တဲ့တာဝန်တွေ လုပ်စရာတွေကို ထည့်ပြီးတော့ ပြောစရာ သင့်မသင့် စဉ်းစားဖို့ လိုပါတယ်။ မေးခွန်းကို မေးခွန်းအတိုင်းပဲ ဖြေဖို့နဲ့ ရိုးသားစွာ ပွင့်လင်းစွာဖြေဖို့ပဲ လိုပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ထို့အပြင် မေးခွန်းမေးမြန်းသူကလည်း မေးခွန်းများမှာ ပြည်သူ့အကျိုး နိုင်ငံအကျိုးအတွက်ဖြစ်ရန်၊ လိုအပ်ပါက လွှတ်တော်ကကူညီရန် လိုအပ်သည်ဆိုသည်ကို သိရှိရန် လိုအပ်ကြောင်း၊ သို့မှသာ ဒီမိုကရေစီစနစ်ကို ပိုမိုပီပြင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံ့အကျိုး ပြည်သူ့အကျိုးအတွက် မဟုတ်ဘဲ မတင်ပြဖို့ လိုအပ်သကဲ့သို့ ဖြေကြားသူ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကလည်း တာဝန်အရ ပြန်လည်ဖြေကြားရာတွင် နည်းလမ်းမှန်ကန်စွာနှင့် ပြန်လည်ဖြေကြားရန် လွှတ်တော်ဥက္ကဋ္ဌက သတိပေးပြောကြားခဲ့ပြီး မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။

သမ္မတရုံးဝန်ကြီး ဦးစိုးမောင် ပြည်သူ့လွှတ်တော်၌ လာရောက်ဖြေကြားနေသည်ကို ဖေဖော်ဝါရီ ၂၆ ရက် လွှတ်တော်အစည်းအဝေး၌ တွေ့ရစဉ်


Eleven Media Group

သစ်နှင့် သတ္တုသယံဇာတများကို တရုတ်လူမျိုးများက တရားမ၀င် ထုတ်ယူနေမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တရားဝင်ကန့်ကွက်ထားကြောင်း သမ္မတရုံးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံရှိ သစ်နှင့်သတ္တု သယံဇာတများကို တရုတ်လူမျိုးများက တရားမ၀င် ထုတ်ယူနေမှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တရားဝင်ကန့်ကွက်ထားပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြောကြားသည်။
ဖေဖော်ဝါရီ ၂၆ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမဲဆန္ဒနယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေ မေးမြန်းသည့် “မြန်မာနိုင်ငံမှ သယံဇာတများကို တစ်ဖက်နိုင်ငံသို့ တရားမ၀င် ထုတ်ယူနေမှုများကို နိုင်ငံတော်အစိုးရမှ သိပါသလား”ဆိုသည့်မေးခွန်ကို ပြန်လည်ဖြေကြားရာတွင် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဦးစိုးမောင်က ပြောကြားရာတွင်“နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နယ်စပ် ကချင်ပြည်နယ်အတွင်း မြို့နယ်များရှိ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများတွင် တရားမ၀င်သစ်နှင့် သတ္တုများ ထုတ်ယူနေမှုနှင့် ပတ်သက်၍ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ခြင်း၊ ကန့်ကွက်ပြောကြားခြင်းများအပါအ၀င် နှစ်နိုင်ငံ နယ်စပ်ဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးခြင်းများအား ပုံမှန်ဆောင်ရွက်လျက် ရှိပါတယ်။ ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များနှင့် သစ်တောဝန်ကြီးဌာနမှ ရရှိသောအချက်အလက်များအရ ချီဖွေမြို့နယ်နှင့် ဆော့လော်တွင် တရုတ်နိုင်ငံဘက်မှ တရုတ်လူမျိုးများ တရားမ၀င် ၀င်ရောက်လုပ်ကိုင်မှုများနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရရှိထားသည့် ဓာတ်ပုံ၊ မြေပုံ၊ စာရွက်စာတမ်းများနှင့် တကွ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သံတမန် နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ပါတယ်”ဟု ပြောကြားသည်။
ဆက်လက်၍ “နိုင်ငံခြားရေးဝန်ကြီး ဌာန၊ နိုင်ငံတကာရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ရန်ကုန်မြို့ရှိ၊ တရုတ်နိုင်ငံသံရုံး၊ ယာယီတာဝန်ခံ မစ္စတာ ချန်ချန် အားဆင့်ခေါ်၍ ၁၃-၁၁-၂၀၁၃ ရက်တွင် တွေ့ဆုံခဲ့ပြီး တရားဝင် အသိပေးအကြောင်းကြား ကန့်ကွက်ခဲ့ပါတယ်။ ပေကျင်းမြို့၊ မြန်မာနိုင်ငံသံရုံးမှ သံမှူးကြီး ဦးစိုးဟန်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာပိုင်ထျန်းအား ပေကျင်းမြို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၁၈ -၁၁-၂၀၁၃ ရက် တွင် တွေ့ဆုံ၍ ကန့်ကွက် ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်မှလည်း နှစ်နိုင်ငံဆက်ဆံရေးအတွက် အစဉ်ရှေးရှုပါကြောင်း သက်ဆိုင်ရာသို့ ဆက်လက်အကြောင်းကြားမည် ဖြစ်ကြောင်းနှင့် အခြားသိရှိရသည့် အချက်အလက်များရှိပါက ထပ်မံဆက်သွယ် ပြောကြားစေလိုကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်”ဟု ဦးစိုးမောင်က ပြောကြားသည်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာဒေသများနှင့် ငြိမ်းချမ်းရေးရယူရန် ဆောင်ရွက်နေဆဲ နေရာဒေသများတွင် နိုင်ငံတော်၏ သယံဇာတများကို တရားမ၀င်ခိုးထုတ်ရောင်းချမှုများရှိသဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေဆဲ ဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားသည်။

ကချင်ပြည်နယ် ရေခူးမန်ခံကျေးရွာမှ တရုတ်နိုင်ငံသို့ တစ်နိုင်တစ်ပိုင် သစ်တင်ပို့နေသူများကို တွေ့ရစဉ်

1 အကြံပြုခြင်း:

Anonymous said...

Those chinese are thieves and they robbed from Myanmar. Why not the minister try to catch them and jail them according to our law. Are the ministers of Myanmar coward because they afraid chinese government. Bloody fool.