Thursday, February 6, 2014

ပြည်ခိုင်ဖြိုး ဂဝံလမ်း

The Voice Weekly

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ မြို့သစ် ၁၀ လမ်းကို လမ်းခင်းပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က လမ်းဖွင့်ပွဲ လုပ်ရာတွင် ပြည်ခိုင်ဖြိုး ဂဝံလမ်းဟု အမည်တပ်ကာ လမ်းဖွင့်ခဲ့သည့် အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ပါတီစုံ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် အဖွဲ့ခွဲနှင့် ဒိုက်ဦးမြို့နယ် ရှိ နိုင်ငံရေးပါတီများသို့ ကန့်ကွက်စာများ ပေးပို့သွားမည် ဖြစ်ကြောင်း ဒိုက်ဦးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး က ပြောကြားသည်။

“နာမည်ကတော့ တစ်နိုင်ငံလုံးမှာ ကြံ့ခိုင်ရေးလမ်း၊ ကြံ့ခိုင်ရေးရွာ၊ ကြံ့ခိုင်ရေး တံတားဆိုပြီးတော့ ယခင် အသင်းတုန်း ကတည်းက နာမည်တွေ ပေးထားကြတာ။ အခုလည်း မုခ်ဦးဆိုင်းဘုတ်မှာ စာသား အထားအသို မှားသွားတာပါ။ ဒီငွေက လွှတ်တော်ခွင့်ပြုငွေ ပြည်သူ့ ဘဏ္ဍာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီရဲ့ငွေမဟုတ်ပါဘူး” ဟု ပြည်ခိုင်ဖြိုးပါတီဝင် ဒိုက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဆွေက ဆိုသည်။

ဒေသဖွံ့ဖြိုးရေးအတွက် လွှတ်တော်က ချထားပေးသောငွေဖြင့် လမ်းခင်းခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့က ပြုလုပ်သည့် လမ်းဖွင့်ပွဲတွင် ယင်းသို့ အမည်တပ်လိုက်ခြင်းမှာ ပါတီငွေဖြင့် လုပ်သည့် သဘော သက်ရောက်သည့်အပြင် အခြားပါတီများထက် အခွင့်အရေး ပိုယူသည့်သဘော ဖြစ်နေ သည့်အတွက် ထိုသို့ကန့်ကွက်စာ ပို့ခြင်း ဖြစ်ကြောင်း (NLD) မှ အလုပ်အမှုဆောင် အဖွဲ့ဝင်က ဆိုသည်။


0 အကြံပြုခြင်း: