Tuesday, February 11, 2014

ကျနော်တို့နေတာ လူ့ပြည်ဆိုတာ ဟုတ်ရဲ့လား





------------------------------------------- [သွန်းနေစိုး]

မေမေကတော့ ပြောတာပဲ
ကျနော့်ကို လူအဖြစ်မွေးဖွားလိုက်တာတဲ့။

လူဆိုတာက ဦးဏှောက်ရှိတယ်
ခံစားတတ်တယ် မေမေ။
ဒါကြောင့်မို့လဲ
ဦးဏှောက်ရှိတဲ့ ခံစားတတ်တဲ့
သူတွေကြားမှာသာ မွေ့လျော်ချင်ခဲ့။

သား အခု လူလားမြောက်လာပြီလား
အခု လူပါးဝခဲ့ပြီလား
ဒါပေမဲ့ သားကျင်လည်နေရတာက
ကိုယ့်ဖို့ပဲ ကြည့်တဲ့သူတွေ
မခံစားတတ်သူတွေ
မှိုင်းတိုက်ရင် ယုံလွယ်လွန်းတဲ့
ဦးဏှောက်မဲ့သူတွေ ...။
ဒါ လူ့ဘုံဆိုတာ ဟုတ်ပါရဲ့လား မေမေ။

သားကို မညာပါနဲ့
နေ့စဉ် သားမှာခံစားနေရတဲ့စိတ်ဒုက္ခတွေ
ရက်စက်ယုတ်မာခြင်းဟာ
တိမ်တိုက်တစ်ခုလို ခေါင်းပေါ်အုံ့ဆိုင်းပေါ့

တရားကို နတ်စောင့်ပါသတဲ့
အဲဒီနတ်သေသွားတာကြာပြီထင်ပါရဲ့မေမေ။
စာထဲမှာသင်ရတာက
နေရောင်ခြည်ဟာ ရောဂါပိုးတွေကို သေစေတယ်
ဒါပေမဲ့ အဲဒီအဆိုမှားတယ်
နေဘယ်လောက်ပူပူ သူတို့မသေကြဘူးမေမေ

ဘီလူးစီးနေတဲ့အရပ်မှာ ကျနော်နေတယ်
အစွယ်ပေါက်နေတဲ့ ဘီလူးတွေနဲ့
ဘီလူးကို မော်ဖူးနေတဲ့ အရူးတွေလေ

ဘီလူးက သားတို့မြေကို ရောင်းစားတယ်
ဘီလူးက သားတို့သွေးကို ဖောက်ထုတ်တယ်
ဘီလူးက သားတို့အနာဂတ်ကို မောင်ပိုင်စီးတယ်
ဘီလူးက သားတို့နောက်ကျောဓားနဲ့ထိုးတယ်
ဒါပေမဲ့ အရူးတွေက ဘီလူးမှဘီလူး
ဘီလူးကိုပဲ ယုံသတဲ့ ...။

ကျေးဇူးပြုပြီး နောက်ဘ၀ဆိုတာ ရှိရင်
ကျနော် လူမဖြစ်ပါရစေတော့နဲ့
မေမေ့ကိုတော့ အားနာပါရဲ့
ဒါပေမဲ့
ဒါ လူ့ဘ၀ဆိုတာ ကျနော်မယုံတော့ဘူးမေမေ။

သွန်းနေ စိုး Thorn Nay Soe
[သမီးကလေးရွာအကြောင်းအသေးစိတ်သိရပြီးနောက် ရေးသည်။]

0 အကြံပြုခြင်း: