Friday, February 28, 2014

အေအိုင်ဒီအက်လူနာ သုံးသောင်းကျာ်တော့ ဒုက္ခလှလှကြီးတွေ့ပြီ


ပြောပြချင်တဲ့ စကားတွေ။
မခင်ဦး။
( ၄၆၃)

MSF နယ်စည်းမထားဆရာဝန်များအဖွဲ့ရဲ့ မြန်မာပြည်မှာလုပ်နေတဲ့ NGO လုပ်ငန်းစဉ်များ အားလုံးကို ရပ်ဆိုင်း လိုက်ရတယ်လို့ သိရပါတယ်။

ဒီသတင်းက စစ်တွေမှာ နယ်စည်းမထားဆရာဝန်များအဖွဲ့ဟာ မျက်နှာလိုက်မှုတွေ ရှိတယ်ဆိုတဲ့ ဆန္ဒပြမှုတွေရဲ.နောက်ဆက်တွဲအနေနဲ့ ထွက်ပေါ်လာတဲ့ သတင်းဖြစ်ပါတယ်။

နိုင်ငံခြားသတင်းမီဒီယာတွေမှာပါတာက ရခိုင်မှာဘဲ ပိတ်တယ်လို့ပါရှိပါတယ်။

ဒီကနေ့တော့ ခိုင်လုံတဲ့ သတင်းရပ်ကွက်တခုဆီကရရှိတဲ့ သတင်းအရဆိုရင် တကယ်တော့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ရဲ. မြန်မာပြည်က လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်တယ်ဆိုတာ သိရပါတယ်။

အစိုးရဟာ အလုပ်တခုကိုလုပ်တိုင်း ရမ်းတုတ်တတ်တဲ့ သဘာဝရှိတယ်။ ညောင်ဦးကမ်းပါးပြိုတာနဲ့ စံပါနဂိုရ်က နွာမကြီးပေါင်ကျိုးခိုင်းတာနဲ့တူတယ်။ နွာမကြီးက ပေါင်မကျိုးတာကို အစိုးရက ပေါင်ရိုက်ချိုးတာနဲ့တူတယ်လို့ ပြောရတော့မယ်။

ရခိုင်မှာဖြစ်တဲ့ ကိစ္စကိုဇာချဲ့လိုက်တာနဲ့ ရန်ကုန်၊နဲ့ ကချင်က နယ်စည်းမထားကဆေးခန်းတွေကိုပါ ပိတ်လိုက်တယ်ဆိုတာဟာ စစ်တွေကကမ်းပါးပြိုတာကို ရန်ကုန်-ကချင်က နွားတွေပါ ပေါင်ကျိုးရမယ်။ ပေါင်မကျိုးရင် ရိုက်ချိုးမယ်ဆိုတဲ့သဘောပါဘဲ။

တကယ်တော့ ရန်ကုန်နဲ့ကချင်က သဇင်ဆေးခန်းတွေမှာ အေအိုင်ဒိအက်လူနာ သုံးသောင်းကျော်ကို ဆေးဝါးများထောက်ပံ့၊ စားသောက်နေထိုင်မှု၊ လမ်းစာရိတ်စကမှအစေ ထာက်ပံ့ပေးလှုနေတဲ့ ကျန်းမာရေး စောက်ရှောက်မှုလုပ်ငန်းစဉ်တွေကို အကြိးအကျယ်ထိခိုက်နစ်နာစေမှာအမှန်ပါဘဲ။

ဘယ်လောက်အထိ ထိခိုက်မလဲဆိုရင် ဝေဒနာရှင်လူသုံးသောင်းကျော်ရဲ. သေရေးရှင်ရေးထိခိုက် နစ်နာစေမှုဖြစ်ပါတယ်တော်။

ဒါဟာအလွန်ကြီးမားတဲ့ လူ့သားတွေရဲ.အသက်ရှင်သန်ခွင့်ကိုပိတ်ပင်မှုပါဘဲ။

တကယ်တော့ နယ်စည်းမထားဆရာဝန်များအဖွဲ့က ရခိုင်မှာ ဘက်လိုက်ပြီးစောင့်ရှောက်တာမျိုးရှိတယ်လို့ ရခိုင်များက စွပ်စွဲရင် ( ဘက်မလိုက်ပါနဲ့။. ဘက်လိုက်စောင့်ရှောက်တာမျိုးဖြစ်ရင် လုပ်ငန်းစဉ်ကိုရပ်ဆိုင်းမယ်။ ရခိုင်လူမျိုးတွေကိုပါ စွပ်စွဲမှုအတွက် ဘက်မလိုက်ကြောင်းဖြေရှင်းခိုင်းရမယ်။ ဘက်လိုက်မှုရှိခဲ့ရင်လဲ မျှမျှတတ လုပ်ပါလို့ သတိပေးရင်ရပြီထင်မိပါတယ်။

အခုတော့ ၀ါးလုပ် ချေးသုတ်၊ အားလုံးကို အကုန်ဖြုတ်ဆိုရင် အလွန်ကြီးမားတဲ့ NGO ကြီးတခုရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်တွေ ထိခိုက်နစ်နာကုန်တော့မယ်။

လက်ရှိ အခြေအနေမှာ နယ်စည်းမထားဆရာဝန်များအဖွဲ့က ထောက်ပံနေတဲ့ အေအိုင်ဒီအက်လူနာ သုံးသောင်းကျာ်တော့ ဒုက္ခလှလှကြီးတွေ့ပြီလို့ဘဲ ဆိုရတော့မယ်။

အေအိုင်ဒီအက်လူနာဆိုတာ စားသုံးနေတဲ့ ART ဆေးကို နေ့စဉ်သောက်သုံးရတာပါ။ တရက်ပြတ်လို့မရ။ သူ.အချိန်နဲ့သူ အတိအကျသောက်သုံးရတာဖြစ်ပါတယ်။

ခွတော့ကျကုန်ပြီး။ လုပ်လိုက်ရင် တလွဲ။ မလွဲရင် မလုပ်တတ်ဘူးထင်တယ်။

ကဲ ---ပြောကြဆိုကြပါဦး။ ကိစ္စတော့ရှိကုန်ပြီ။

သတင်းမီဒီယာများလည်း လူနာများရဲ့ အခက်အခဲကို သတင်းတိကျရယူပြီးရေးသားနိုးဆော်စေချင်ပါတယ်။

နယ်စည်းမထားဆရာဝန်များအဖွဲ့ကို ရခိုင်မှာ ဘက်လိုက်သလား။ ဘက်မလိုက်ပါနဲ့ပြောရင်တော်ပြီ။
တပြည်လုံးက ဆေးခန်တွေကို နေ့ညမဆိုင်းပြန်လည်ဖွင့်လှစ်ပေးဘို့ ၀ိုင်းဝန်းတောင်းဆိုကြပါဦး။

နယ်စည်းမထားဆေးခန်းများ ချက်ခြင်း ပြန်ဖွင့်ရေး---ဒို့အရေး။

( ၂၈-၂-၁၄)

1 အကြံပြုခြင်း:

Anonymous said...

ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

ကျန်းမာရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း များ၊ ပြည်တွင်း ပြည်ပမှ လူမှုရေး အသင်းအဖွဲ့များနှင့် လက်တွဲ၍ ပြည်သူများ ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ အသင်းအဖွဲ့များအနက် MSF Holland ( Medicins Sans Frontieres – Holland (AZG) အဖွဲ့၏ လုပ်ငန်းအားလုံးကို လုံးဝရပ် ဆိုင်းစေပြီး လူနာများအား ဆေးဝါးများ ထောက်ပံ့နေမှုများ ရပ်ဆိုင်းတော့ မည်ဟု သတင်းများထွက်ပေါ်လျက်ရှိရာ ပြည်သူများ အဖြစ်မှန်သိရှိစေရန် အောက်ပါအတိုင်း အသိပေးအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် MSF Holland ( AZG) အဖွဲ့၏ တာဝန်ရှိ သူများ ၂၈.၂.၂၀၁၄ ရက်နေ့ နံနက်ပိုင်း တွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ပါသည်။
ထိုဆွေးနွေးပွဲ၏ သဘောတူညီချက် အရ MSF Holland ( AZG) အဖွဲ့၏ ရခိုင်ပြည်န်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ပါသည်။

အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များးတွင် ဆောင်ရွက်လျက်ရှိသော MSF Holland ( AZG) လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူလူထု၏ လက်ခံမှု၊ တိုင်းရင်းသား အဖွဲ့အစည်းများ၏ အားပေး ထောက်ခံမှု တို့ကြောင့် ပြည်သူလူထုအကျိုးအတွက် ဆက်လက်ဆောင်ရွက် ခွင့်ပြုသွားမည် ဖြစ်ပါသည်။

နှစ်ဦးနှစ်ဖက် နားလည်မှုစာချွန်လွှာ (MoU) ကို လည်း နှစ်အပိုင်းအခြားလိုက် ဆက်လက်ညှိနှိုင်းရေးထိုးမည်ဖြစ်ပြီး ရခိုင်ပြည် နယ် အတွင်း အေးချမ်းတည်ငြိမ်မှု ရရှိလာသည့်အခါ MSF Holland (AZG) အဖွဲ့၏ အခြား တိုင်း ဒေသကြီးနှင့်ပြည်နယ်များအတွင်း စွမ်းဆောင် ချက်များကို ပြန်လည်သုံးသပ်ပြီး အချိန်ကာလအပိုင်း အခြား တစ်ခုအတွင်း ရခိုင်ပြည် နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည် ဆောင်ရွက် နိုင်ရေး စဉ်းစားဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန
The Irrawaddy