Friday, February 7, 2014

မန္တလေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် ပထမဆုံး လူထုထောင်ချီ ဆန္ဒဖော်ထုတ်ရန် စီစဉ်



The Voice Weekly

မန္တလေး မြို့တော်တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်အတွက် ပထမဆုံးသော လူအင်အား ထောင်ချီ လမ်းလျှောက် ဆန္ဒဖော်ထုတ်ပွဲကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း အဆိုပါ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်မည့် မန္တလေးမြို့ဒေသခံ အထက်တန်းရှေ့နေ ဦးဌေးဝင်းက ပြောကြားသည်။

အဆိုပါ လမ်းလျှောက် ဆန္ဒဖော်ထုတ်မှုကို ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင် ၈၆ လမ်း x ၁၂ လမ်းမှ စတင်ကာ ၁၉ လမ်း၊ ၈၉ လမ်း။ ၂၂ လမ်းမှ ၈၆ လမ်း x ၁၂ လမ်း တွင် အဆုံးသတ် ဆန္ဒဖော်ထုတ်ရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံထားပြီး အကြောင်းပြချက် ခိုင်လုံစွာမရှိဘဲ ခွင့်ပြုချက် မပေးလျှင်လည်း ဆန္ဒဖော်ထုတ် သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုတာ သိတယ်။ ဒါပေမဲ့ အမြန်ဆုံး ပြင်ဆင်စေချင်တဲ့အတွက် တိုက်တွန်းတဲ့ အနေနဲ့ ဆန္ဒထုတ်ဖော်တာပါ။ မန္တလေးမှာက ဒါနဲ့ပတ်သက်ပြီး လှုပ်ရှားမှု အားနည်းနေသေးတဲ့အတွက် အားလုံး သတိထားမိစေချင်လို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ဖို့ စီစဉ်တာပါ။ ဒီကိစ္စက နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် နယ်ပယ်အသီးသီးက အခြေခံဥပဒေကို ပြင်ဆင်စေချင်တဲ့ လူတိုင်း ပါဝင်ကြမှာပါ” ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ရာတွင် ပါဝင်သူတစ်ဦးက ဆိုသည်။

မန္တလေး ခြောက်မြို့နယ်နှင့် ပုသိမ်ကြီး မြို့နယ်တို့မှ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေး ပါတီဝင်များနှင့် ပြည်သူလူထုအင်အား တစ်ထောင်ခန့်က လမ်းလျှောက် ဆန္ဒဖော်ထုတ်ရာ လမ်းတစ် လျှောက်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး၊ လေးပွင့်ဆိုင် တွေ့ဆုံခွင့်ပေးရေး၊ တိုင်းရင်းသားအားလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိရေး စသည့် အချက်များကို ဗီနိုင်းများ ကိုင်ဆောင်ပြီး ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူများက ပြောကြားသည်။

“အဲဒီဆန္ဒပြဖို့တင်တဲ့ အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့ရုံးကတော့ ခွင့်ပြုမိန့် မပေးဘူး။ ယာဉ်ကြော ရှုပ်ထွေးတဲ့ နေရာတွေ ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးကိုတော့ ဆက်ပြီး တင်ပြထားတယ်။ ခွင့်ပြုမယ် မပြုဘူးဆိုတာတော့ မသိသေးဘူး” ဟု ယင်းဆန္ဒထုတ်ဖော်ကြရန် တင်ပြထားမှုနှင့် ပတ်သက်၍ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယ ရဲမှူးကြီး စိန်ထွန်းက ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် The Voice ၏ ဆက်သွယ် မေးမြန်းချက်ကို ပြန်လည် ဖြေဆိုသည်။

မန္တလေးမြို့တော်တွင် ဝံသာနုရက္ခိတ စနေလူငယ်များအသင်းက ဦးဆောင်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ လုံးဝ မပြင်ဆင်ရန် လူထု အစည်းအဝေးပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။


0 အကြံပြုခြင်း: