Monday, February 17, 2014

ပုဒ်မ ၄၃၆ ကိုပြင်ဖို့




နိုင်ငံသားတိုင်း နိုင်ငံတော်သမ္မတဖြစ်ခွင့် ရှိရမယ်

(Written by: မောင်တင်ဦး (မြောင်းမြ))

နိုင်ငံသားတစ်ယောက်ဒီမြေမှာမွေး၊ဒီမြေမှာကြီးပြင်း၊ဒီမြေမှာခေါင်းချမယ့်လက်ရှိနေထိုင်နေသူ နိုင်ငံသားတစ်ယောက်အနေနဲ့ မွေးဖွားရာမှ နောက်ဆုံးထွက်သက်အထိ နိုင်ငံတော်ရဲ့ စောင့်ရှောက်ခြင်း၊ ဖေးမကူညီခြင်း၊ စားဝတ်နေရေး အစစအရာရာ တာဝန်ယူခြင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တန်းတူရည်တူ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိကြရမှာပါ။

အချို့နိုင်ငံသားဆို ဘိုးစဉ်ဘောင်ဆက် ဓားမဦးချ နေထိုင်လာတာ မျိုးဆက်ပေါင်း ၁၀ ဆက် မကတော့ပါဘူး။ ဒီလို နိုင်ငံတော်ကို သစ္စာရှိရှိ နေထိုင်လာတဲ့ နိုင်ငံသားတစ်ယောက်ဟာ နိုင်ငံတော်ကပေးလာတဲ့ အခွင့်အရေးများကို တန်းတူရည်တူရခွင့် ရှိရပါမယ်။ ဘာအကြောင်းပြချက်နဲ့မှ ခွဲခြားသတ်မှတ်ခြင်း မရှိရပါဘူး။ ခွဲခြားမှု (discrimination) တစ်ခုခု လုပ်လာပြီဆိုကတည်းက ခွဲခြားဆက်ဆံခံရတဲ့ နိုင်ငံသားဟာ သူ့ရဲ့ နိုင်ငံသားရပိုင်ခွင့်တစ်ခုခု ချိုးဖောက်နှိမ့်ချ ဆက်ဆံခံလိုက်ရတာပါ။

ဒီလို ခွဲခြားဆက်ဆံခံလာရတာ နှစ်တွေတော်တော် ကြာခဲ့ပါပြီ။

ရန်ကုန်-မန္တလေး ရထားလက်မှတ်ဝယ်ရင် သာမန်ပြည်သူတွေက နံနက် ၄ နာရီကတည်းက တန်းစီပြီး ၀ယ်ရပါတယ်။ လက်မှတ်ပေါက်နားရောက်မှ ကုန်ပြီဆိုလို့ ပြန်ခဲ့ရတဲ့ရက်တွေ အတော်များခဲ့ပါတယ်။ ဒီအခြေအနေမျိုးမှာ တချို့ကအိမ်မှာ အခန့်သားနေရုံနဲ့ ရထားလက်မှတ်က အိမ်တိုင်ရာရောက် ရောက်လာပါတယ်။

ပြည်သူ့ဆိုင်တွေမှာသာ ဆေးဝယ်လို့ရတဲ့ခေတ်တုန်းက ဆေးတစ်ခါဝယ်ချင်ရင် ဆရာဝန်ထောက်ခံချက်၊ ပြည်သူ့ကောင်စီ ထောက်ခံချက်တွေ တစ်ထပ်ကြီးရယူပြီးမှ ဆေးတစ်ဘူး ၀ယ်လို့ရပါတယ်။ ဆေးထောက်ခံစာ လိုက်ယူနေတုန်း အသက်မမီလိုက်တဲ့ လူနာတွေ ၀ိညာဉ်ပြန်ခေါ်မေးလို့ရရင် ခေါ်မေးပြချင်ပါတယ်။ ဒါပေမဲ့ ဆေးဆိုင်တာဝန်ခံ အသားလွတ်ချမ်းသာကုန်တာတွေ၊ ဗွီအိုင်ပီတွေနဲ့ပေါင်းပြီး ဆေးအရောင်းအ၀ယ်လုပ်ရင်း သူဌေးဖြစ်ကုန်တာတွေ စတဲ့ခေတ်ပျက်သူဌေး လူတန်းစားတစ်ရပ် ပေါ်ထွန်းခဲ့ပါတယ်။

အစိုးရ ရုံးဝန်ထမ်းတွေ ခမျာလည်း ရာထူးတိုးတာ၊ နေရာကောင်းရတာဟာလည်း တစ်ဦးနဲ့တစ်ဦး မတူပြန်ပါဘူး။ တစ်ဦးကပါတီ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ။ ထိုစဉ်က မြန်မာနိုင်ငံတွင် တစ်ခုတည်းသောပါတီ၊ အာဏာရပါတီ) ၀င်၊ နောက်တစ်ဦးက ပါတီမိတ်ဆွေ၊ နောက်တစ်ဦး ပါတီစိတ်အတွင်းရေးမှူး။ ထိုထိုသော ပါတီဝင်များရဲ့ အဆင့်အတန်းဟာ အလုပ်ထဲအထိ လာရောက်လွှမ်းမိုးပါတယ်။

ပါတီမ၀င်ရသေးရင် ရာထူးတိုးခံရဖို့ ဝေးပါသေးတယ်။ ပါတီဝင်ချင်း တူပေမယ့် တင်းပြည့်နဲ့ အရန်ပေါ်မူတည်ပြီး ရာထူးတိုးခံရဖို့ ခွဲခြားခံရပြန်ပါတယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း ကာလပိုင်းများကို သိမီလိုက်ရတဲ့ ပြည်သူတိုင်း တစ်ခုမဟုတ်တစ်ခု ခွဲခြားဆက်ဆံခံခဲ့ရတာ ကြုံဖူးကြမှာပါ။

ခွဲခြားသတ်မှတ်ခြင်း

ကြုံခဲ့သမျှ ပြန်ရေးပြနေလို့ ပြီးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကြုံခဲ့ရတဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် နိုင်ငံတော်မှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ။ တိုးတက်ခဲ့ပါသလား။ ဆုတ်ယုတ်ခဲ့ပါသလား။ ညီညွတ်ခဲ့ပါသလား။ စိတ်ဝမ်းကွဲပြား ခဲ့ပါသလား။ ငြိမ်းချမ်းရေး ရခဲ့ပါသလား။ စစ်ပွဲတွေ ဆက်နွှဲနေပါသလား။

အဲဒီအကျိုးဆက်က လက်တွေ့ခံစားနေကြရပါပြီ။ ခွဲခြားဆက်ဆံခံခဲ့ရလို့၊ မွဲတေဆင်းရဲနေတဲ့ လူတန်းစားက ပိုလို့ ဆင်းရဲတွင်းနက်လာပါတယ်။ အခွင့်ထူးခံ လူတန်းစားကလည်း ကျိကျိတက်ချမ်းသာပြီး နိုင်ငံတော်ကိုရော နိုင်ငံတော်ရဲ့ သယံဇာတကိုပါ လုပ်ချင်သလို လုပ်နေကြတာ အထင်အရှား မြင်တွေ့နေရမှာပါ။ ခေတ်သစ်ဝေါဟာရ တစ်ခုဖြစ်တဲ့ ခရိုနီဆိုတဲ့ လူတန်းစားသစ်တွေ ပေါ်ထွက်လာပါတယ်။

နိုင်ငံရဲ့ ကံကြမ္မာက ပြည်သူအများစု အနေနဲ့ တန်းတူညီမျှ မခံစားရဘဲ ဆင်းရဲတွင်းထဲကျရောက်ပြီး ကယ်သူမဲ့သူ၊ မြေနိမ့်ရာ လှံစိုက်ခံရသူ၊ နူရာဝဲစွဲခံရသူတွေ ဘ၀မှာ ၀ဲလည်နေကြပါတယ်။

တန်းတူညီမျှ မရှိခြင်းဟာ အာဏာရှိပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက်ရှိရှိ ကြံဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။ အာဏာရှိပုဂ္ဂိုလ် ဆိုတာကလည်း အာဏာကို ကိုယ့်ဘာသာတက်သိမ်းပြီး ကိုယ့်ဘာသာ အစိုးရဖွဲ့၊ ထောက်ခံသူ ရှိရှိ၊ မရှိရှိ ပြည်သူ့ဆန္ဒကို ထည့်တွက်ခဲ့တာ၊ ငဲ့ကွက်ခဲ့တာ မရှိခဲ့ပါဘူး။

ကိုယ့်ဘာသာ ကိုယ့်လူနဲ့ကိုယ် ဖွဲ့လိုက်တဲ့ပါတီကိုလည်း နိုင်ငံရဲ့ တစ်ပါတီစနစ်ကို ထူထောင်ပြီး အဲဒီပါတီက ကိုယ့်ပါတီသာ ဖြစ်စေခဲ့ပါတယ်။

ယခုအခါမှာ ၀န်ထမ်းတိုင်း ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ သတ်မှတ်နေတဲ့ ပုဂ္ဂိုလ်တွေက ယခင်အခါက ၀န်ထမ်းတိုင်း မြန် ဆိုရှယ်လစ်လမ်းစဉ်ပါတီ မ၀င်မနေရ ၀င်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်နေပြန်ပါတယ်။ တတ်လည်းတတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေပါပဲ။

ဒီလိုမျိုး ပြောချင်သလိုပြော လုပ်ချင်သလို လုပ်လာခဲ့တာ၊ ထင်တိုင်းကြဲလာခဲ့တာ ဘယ်သူကမှ မဟန့်တားခဲ့ပါလျက်နဲ့ တိုင်းပြည်က ဘာတွေများ တိုးတက်လာပါသလဲ။ ယခင်က အာဏာရှင်ဗဟိုပြု စည်းရုံးသိမ်းသွင်းခြင်းခံထားရတဲ့ စစ်တပ်သည်ပင်လျှင် စစ်သားဘ၀နဲ့ အရာရှိဘ၀တွေ ခြားနားကုန်ပါတယ်။ စစ်သားတွေခမျာ စစ်တန်းလျားထဲမှာ ကုတ်ကုတ်ကတ်ကတ်နေပြီး အငတ်ငတ်အပြတ်ပြတ် ရုန်းကန်နေကြရပါတယ်။

ဆိုတော့ ခွဲခြားဆက်ဆံလာတာဟာ ဘာကောင်းကျိုးမှမပေးမှန်း သိသာထင်ရှားနေပါပြီ။ ပြည်သူမပါဘဲ ကိုယ့်အဖွဲ့အစည်း တစ်ခုတည်းနဲ့ တိုင်းပြည်ကိုတိုးတက်အောင် တည်ဆောက်လို့ မရနိုင်ခဲ့တာ အထင်အရှားကြီးပါ။

ဒါဆို တန်းတူညီမျှ အခွင့်အရေးတွေ အတူတူရကြရင် မကောင်းပေဘူးလား။ ကောင်းတယ်လို့ သိနေကြဟန် တူပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်တဲ့။ ဒါပေမဲ့ ကျင့်သုံးမယ့် ဒီမိုကရေစီက ဒီလို။ “ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၇) နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” တဲ့။ စစ်မှန်၍ဆိုတဲ့ စကားလုံးက အတုတွေထဲမှာမှ အစစ်ကို ရှာဖွေရဦးမယ့်သဘော ဖြစ်နေပါတယ်။ ဒီမိုကရေစီအတုဆိုတာ ရှိနေပြီလား။ ဘယ်သူက ဒီမိုကရေစီ အတုတွေကို ဖန်တီးနေပါသလဲ။

စည်းကမ်းပြည့်ဝသောဆိုတဲ့ စကားလုံးကလည်း ဘယ်စည်းကမ်းတွေ ပြည့်ဝစေချင်တာလဲ။ စည်းကမ်းတွေကို ဘယ်သူက သတ်မှတ်နေတာလဲ။ သူတို့သတ်မှတ်တဲ့စည်းကမ်း မ၀င်တိုင်း ဒီမိုကရေစီ မဟုတ်တော့ဘူးလား။

အစကတည်းက ယဉ်သကို ဖြစ်နေပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်လို့ ရေးထားတဲ့ ဖွဲ့စည်းပုံမှာကိုယ်နှိုက်က ဒီမိုကရေစီမဆန်တဲ့ အသုံးအနှုန်းတွေ၊ အရေးအသားတွေနဲ့ တန်းတူညီမျှမှုကို စတင်ယိမ်းယိုင် ချည့်နဲ့စေပါတယ်။

ဒီလိုအစချီထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လိုတစ်မျိုးမလိုတစ်မျိုး လိုရာဆွဲရေးထားတာ တွေ့လာရပါတယ်။

အခွင့်အရေး ပေးလိုသူအတွက် သီးသန့်ပုဒ်မတွေရေးဆွဲပြီး အခွင့်အရေး ပေးထားကြပါတယ်။ နိုင်ငံသားချင်းအတူတူ အချို့သောပုဂ္ဂိုလ်တွေက အလိုအလျောက် စင်ပေါ် (လွှတ်တော်တွေထဲ)ရောက်နေကြပါတယ်။ ဒါ့အပြင် သီးသန့်ပုဒ်မတွေတပ်ပြီး အခွင့်အရေးမတူအောင် ရေးဆွဲထားပါသေးတယ်။ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း ခေါင်းစဉ်အောက်မှာ ပုဒ်မ ၂၃၂ (ည) (၁) ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးခန့်အပ်ခြင်း ခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။ (၂) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ခံရသော တပ်မတော်သားများသည် တပ်မတော်မှ အငြိမ်းစားယူရန်မလို။

ထင်ရှားစွာ ခွဲခြားရေးဆွဲထားတာကို တွေ့နေရပါတယ်။

ပုဒ်မ ၄၃၆ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ ထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ (ဆန္ဒခံယူပွဲ ကျင်းပရုံသာမက) ဆန္ဒမဲပေးခွင့်ရှိသူရဲ့ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။. . .လို့ ခွဲခြားသတ်မှတ်ထားပါတယ်။

စာဖတ်သူတို့ ဖော်ပြပါ ပုဒ်မ ၄၃၆ (က) ကို သေသေချာချာသာ ဖတ်ကြည့်ကြပါ။ ပုဒ်မချင်းအတူတူ ကျန်ပုဒ်မတွေကိုတော့ ပုဒ်မ ၄၃၆ (ခ) အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲနဲ့ ပြင်နိုင်ပေမယ့် ပုဒ်မ ၄၃၆ (က)ပါ ပုဒ်မတွေကိုတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရုံသာမက ဆန္ဒမဲပေးခွင့်ရှိသူရဲ့ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမယ်လို့ ခွဲခြားသတ်မှတ်ထားပါတယ်။

ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်နှိုက်က တန်းတူညီမျှမှုရှိတဲ့ ဥပဒေမဟုတ်ဘဲ လိုရာဆွဲဥပဒေ ဖြစ်နေတယ်ဆိုတာ ထင်ရှားစေတာပါပဲ။

ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်လို့ ကြွေးကြော်သီဆိုနေတဲ့ နိုင်ငံတော်သီချင်းစာသား အဓိပ္ပာယ်နဲ့အညီ ဖွဲ့စည်းပုံဥပဒေ ပြန်လည်ဖြစ်အောင် ပြင်ဆင်ရေးဆွဲရေးဖြစ်လာတာဟာ သဘာဝကျတဲ့ ဖြစ်စဉ်ပါ။

တန်းတူရည်တူ မပေးထားတာရယ်၊ တစ်ဖက်သတ် ခွဲခြားရေးဆွဲထားတာရယ်၊ ဖွဲ့စည်းပုံကို ပြင်ဆင်ရေး တောင်းဆိုလာတာဟာ မလွဲမသွေ ကြုံတွေ့လာရတဲ့ အချိုးအကွေ့ပါ။ ဒါကြောင့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မလွဲမသွေ ပြင်ဆင်ရပါမယ်။

အထူးသဖြင့် ပုဒ်မ (၅၉) (စ) ကို ပြင်ဆင်ရပါမယ်။ ထိုပုဒ်မက နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့်ကို တားမြစ်ပိတ်ပင်ထားလို့ ဖြစ်ပါတယ်။

အရေးကြီးတာက ၅၉ ပါ (က)၊ (ခ)၊ (ဂ) နဲ့ (င) တို့ဟာ ပြည့်စုံလုံလောက်နေတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းအတွက် လွှမ်းခြုံမိစေပါတယ်။ ဒါထက်ကျော်လွန်ပြီး ပုဒ်မ (ဃ)နဲ့ (ခ) ဟာ လိုရာကိုဆွဲ ရေးဆွဲထားတဲ့ တရားမျှတမှု (Fair and Justice) မရှိတဲ့ ဥပဒေ ဖြစ်နေပါတယ်။

နိုင်ငံတကာအလယ်မှာ ထည်ထည်ဝါ၀ါ နေထိုင်လိုတဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ခြောက်ပြစ်ကင်း သဲလဲစင်မဟုတ်တောင်မှ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဟူသော လောကပါလတရား ထွန်းကားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး ဖြစ်နေသင့်ပါတယ်။

ဒါကြောင့် နိုင်ငံတော်အကျိုးကို စွမ်းစွမ်းတမံ ထမ်းဆောင်လိုတဲ့ နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့်ရှိရမှာ ဖြစ်တဲ့အတွက် အခြေခံဥပဒေကိုယ်နှိုက်က တန်းတူရည်တူ အခွင့်အရေးပေးရမှာ ဖြစ်ကြောင်းပါ။


0 အကြံပြုခြင်း: