Saturday, January 28, 2012

ရာထူးတိုးပြီ ကဲ ဘာလုပ်ချင်သလဲ...တဲ့



by May Thingyan Hein(facebook) on Saturday, January 28, 2012 at 7:41am
ကျမခင်ပွန်းရဲ့ အမျိုးအိမ်ကို ကျမတို့ ဒီနေ့သွားဖြစ်ခဲ့ပါတယ်။ လူမမာသွားမေးရင်း ရောက်ခဲ့ကြတာပါ။ အဲဒီမှာ ကျမခင်ပွန်းရဲ့အကိုနဲ့ မထင်မှတ်ဘဲ ဆုံခဲ့ပါတယ်။

သူက မကြာခင်ကမှ မိထ္တီလာကနေ ပြန်လာတာ မကြာသေးပါဘူး။ကျမ အမျိုးသားက မိထ္တီလာဇာတိပါ။
ကျမရဲ့ ခဲအိုက မိထ္ထီလာမှာ ငယ်သူငယ်ချင်း မောင်...နဲ့ တွေ့ခဲ့ကြောင်း၊ မောင်...က ငယ်စဉ်တုန်းက ဆင်းဆင်းရဲရဲနဲ့ နေထိုင်ကြီးပြင်းခဲ့ရပေမဲ့ ခုတော့ သူက အခု နေပြည်တော်က်.... ဌာနမှ ညွှန်ကြားရေးမှူး အဖြစ် ရာထူးရရှိနေပြီ ဖြစ်ကြောင်း ပြောပါတယ်။

အဲဒီထိ ကျမတို့တွေ ၀မ်းသာအားရနားထောင်ခဲ့ကြတယ်။ငယ်ငယ်တုန်းက ဆင်းရဲပေမဲ့ ကြိုးစားတယ်၊စာတော်တယ်၊ပြီးတော့ဘ၀ကို နားလည်ပြီး နေထိုင်ခဲ့တယ်၊ ၀န်ကြီးဌာနကြီး တခုမှာအလုပ်ဝင်ခဲ့တယ်။ခုချိန်မှာတော့  အဆင့်မြင့်အရာရှိ ဖြစ်နေတာ ၀မ်းသာစရာပါ။

ဒါပေမဲ့ သူ ဆက်ပြောလိုက်တဲ့ စကားတွေက ကျမနားထဲ အတောင့်လိုက်ကျသွားသလိုပါပဲ။ တော်တော်လေးလည်း စိတ်ပျက်သွားမိပါတယ်။

`သူက ပြောတယ်၊ သူက အခု နေပြည်တော်မှာတဲ့.....ဌာနက ညွှန်ကြားရေးမှူးလေ။ အဲဒါ ငါ့ကို ပြောတယ် မင်းဘာလုပ်ချင်သလဲ၊ မင်း စီးပွားရေလုပ်ငန်းတခုခု လုပ်ချင်လား လုပ်ချင်တာလုပ်လို့ရတယ် ပြောတဲ့ကွ သိလား။ သူတောင် ......ခြံ ဧက ၂၀ ကျော် ရှိနေပြီ တဲ့ ကွ ဒီကောင် ထောနေပြီ`တဲ့...။

ကျမ နားထဲကို ထောင်လိုက်ပြေးဝင်လာတဲ့ စကားသံပါပဲ။

အဆင့်မြင့် ရာထူးတခု ရတာ ဆွေစဉ်မျိုးဆက်သာမက သူငယ်ချင်းအပေါင်းသင်တွေအတွက်ပါ ခိုးပေးလို့ရပြီလို့ ဆိုလိုက်သလိုပါပဲ။

ဘယ်သူကတော့ ဘယ်အဆင့်မှာ ဘယ်လောက် ထောနေပြီ၊ပင်စင်ယူရင် နေဖို့ အိမ်နဲ့ ကား ဘယ်နှစ်စီးရှိနေပြီ။ ဘယ်သူရဲ့ ဆွေမျိုးတွေကိုတော့ ဘာလုပ်ပေးလိုက်ပြီ ဆိုတဲ့သတင်းတွေက အဆင့်မြင့်အရာရှိတွေရဲ့ အသိုင်းအ၀ိုင်းကနေ အမြဲ ကြားနေရတဲ့ စကားတွေပါပဲ။

ရာထူးတိုးတယ်ဆိုတာကို ယနေ့ ခေတ် ၀န်ထမ်းတွေ ဘယ်လိုနားလည်ထားပါသလဲ။ ရာထူးအဆင့်တိုးခြင်းဟာ တာဝန်ကြီးကြီး ယူရခြင်းလို့ ကျမကတော့ နားလည်ထားတဲ့သူပါ။ ရာထူးတဆင့်တက်လေ ၊ တာဝန်ကြီး ကြီး ပိုတခု ယူရလေ၊ ပြည်သူ့အပေါ် ပိုပြီး တာဝန်ယူရလေလို့၊ ပြည်သူ့အတွက် ပိုပြီး တာဝန်ကျေဖို့ လိုအပ်လေလို့ပဲ နားလည်ထားပါတယ်။

အစိုးရ၀န်ထမ်းအချို့က ကုန်းကောက်စရာမရှိအောင် ဆင်းရဲပါတယ်။ပင်စင်ယူတဲ့အခါ နေစရာ အိမ်မပြောနဲ့ အိမ်လေးတလုံ ငှားနေရလောက်အောင် မရှိရှာပါဘူး။ ဒါပေမဲ့ အချို့ကတော့ ညွှန်ကြားရေးမှူး အဆင့်ရောက်ရုံနဲ့တင် သနပ်ခါးခြံ ဧက ၂၀ ကျော် ပိုင်သတဲ့။

အစိုးရ၀န်ထမ်းဘ၀မှာ လစာနဲ့ မလုံလောက်တဲ့ ပြသနာက ၀န်ထမ်းတွေကို ချစားစေတဲ့ ပြဿနာလား။ အဆင့်မြင့်လာလေ ခိုးဖို့ ပိုလွယ်လာလေ၊ ခိုးဖို့အတွက် တွန်းအားပေးမှု တွေ များလာလေ ဆိုတဲ့ ပြဿနာလား။ လစာနဲ့မလောက်လို့ဆိုတဲ့ အကြောင်းပြချက်ရဲ့ နောက်ဆက်တွဲတွေကလည်း အများကြီးပါ။

`အများမိုးခါးရေသောက်နေကြတာ ငါမသောက်ရင် ငါညံ့တာပေါ့`ဆိုတဲ့ အကျင့်ပျက်ဝန်ထမ်းတွေရဲ့ စကားတွေကိုလည်း ကျမရွံ့မုန်းလှတာ မရှိတော့ဘူး။ဒါ့အပြင် သတိပြုမိတာက အစိုးရ၀န်ထမ်းအချို့ရဲ့ ကိုယ်ကျင့်သိက္ခာဟာ ရစရာမရှိအောင် ပျက်ပြားနေကြတာကိုပါပဲ။

ပြည်သူနဲတိုက်ရိုက်ထိတွေ့ရသော ၀န်ကြီးဌာနတွေမှာ အလုပ်လုပ်နေကြတဲ့ ၀န်ထမ်းတွေရဲ့ စိတ်ဓါတ်တွေကလည်း သေးသိမ်လှပါတယ်၊  တာဝန်လည်း မသိဘူး၊ တာဝန်လည်း မကျေပွန်ဘူး၊ အလုပ်လည်း မလုပ်ကြပါဘူး။ သူတို့လုပ်တတ်တဲ့အလုပ်တခုတည်းက ပြည်သူတွေဆီက လည်ပင်ညှစ်မယ်၊ ရာထူးတိုးအောင် ဖားမယ် ဆိုတာပဲ လုပ်တတ်ကြတာ တွေ့ရပါတယ်။

သူတို့မှာ ပြည်သူ့အပေါ် ကျေပွန်ရမဲ့ တာဝန်ဆိုတာ မရှိဘူး။ ပြည်သူဆီကပဲ လည်ပင်းညှစ်ဖို့အတွက် ရာထူးတိုးတယ်လို့ ယူဆလက်ခံနေကြတာလဲ တွေ့ရပါတယ်။ အစိုးရ၀န်ထမ်းအချို့က   ပြည်သူတွေအတွက် အလုပ်လုပ်စရာမလိုဘူး ၊ကိုယ့်အထက်အရာရှိကို ဖားဖို့အလုပ်ကသာ ကိုယ့်အလုပ်၊ ပြည်သူတွေကို လည်ပင်းညှစ်ပြီး ရတဲ့ငွေနဲ့ အထက်အရာရှိကိုဖားတယ်။ ပြည်သူ့အတွက် တိုင်းပြည်အတွက်ဆိုတဲ့ စိတ်ဓါတ်တွေ ပျောက်ဆုံးကုန်ကြတာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။

ကျမတို့ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲ ရေးမှာ ဒီလူတွေကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ ဒီလို လူတွေရဲ့ စိတ်တွေ၊ ဒီလိုလူတွေရဲ့ အတွေးအမြင်တွေ အားလုံးကို ပြောင်းဖို့အတွက်ကလည်း အရေးတကြီးလိုအပ်နေတဲ့ကိစ္စကြီးပါ။

ဒီလို ရေးလိုက်တဲ့ ကျမကို အချို့က စိတ်ဆိုးချင်ဆိုးပါမယ်၊ ရန်လုပ်ချင်လုပ်ပါမယ်။ ကျမ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုစိတ်လုံးဝ မရှိပါဘူး။

ကျမတို့ တိုင်းပြည်ကို၊ ကျမတို့ မြန်မာတွေကို  အရာရာမှာ အဆင့်တန်းရှိသော အဆင့်အတန်းမြင့်သော တိုင်းပြည်တခု ဖြစ်စေချင်ပါတယ်။

အုပ်ချုပ်ရေးရဲ့ တစိတ်တဒေသဖြစ်နေတဲ့ အစိုးရ၀န်ထမ်းတွေကိုလည်း  ကိုယ့်တာဝန်ကိုယ်ကျေ၊ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း တိုင်းပြည်အတွက် ပြည်သူအတွက် စိတ်စေတနာနဲ့ လုပ်ဆောင်နေကြသော   ဂုဏ်သိက္ခာရှိသော ၀န်ထမ်းတွေပဲ ဖြစ်စေချင်ပါတယ်။

အဲဒီအတွက် အားလုံးကလည်း ၀ိုင်းဝန်းပြုပြင်သင့်တယ်လို့မြင်မိပါတယ်။


မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ


မေသင်္ကြန်ဟိန်


အစိုးရ နဲ့ ကေအန်ယူ အပစ်အခတ်ရပ်စဲရေး

စနေ, 28 ဇန်နဝါရီ 2012

By ဦးအောင်ခင် & မညိုညိုလွင်
အနှစ် (၆၀) ကျော် လက်နက်ကိုင်တော်လှန်နေတဲ့ ကေအန်ယူ - ကရင်အမျိုးသားအစည်းအရုံးနဲ့ ဦးသိန်းစိန် အစိုးရတို့ အပစ်အခတ်ရပ်စဲဖို့ ဇန်နဝါရီလ (၁၂) ရက်နေ့က သဘောတူလိုက်တဲ့သတင်းကို အပြည်ပြည်ဆိုင်ရာက ကြိုဆိုထောက်ခံကြတာ တွေ့ရပါတယ်။ အရင်ကလည်း ကေအန်ယူ နဲ့ စစ်အစိုးရ တွေ့ဆုံဆွေးနွေးပြီး ယာယီအပစ်အခတ် ရပ်စဲနိုင်တာမျိုး ရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် အစောပိုင်းက ဗိုလ်ချုပ်ကြီးစောဗိုလ်မြ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သွားပြီး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနိုင်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ်နောက်ပိုင်းမှာ သဘောတူချက် လက်မှတ်ထိုးဖို့ စီစဉ်နေကြတုန်း ဗိုလ်ချုပ်ကြီးခင်ညွှန့် အဖမ်းခံရလို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပါတယ်။ မကြာမီက ပြုလုပ်ခဲ့တဲ့ ဘားအံဆွေးနွေးပွဲရဲ့  ထူးခြားချက်တခုက ဆွေးနွေးတဲ့အကြောင်းအရာကို နှစ်ဘက်စလုံး ထုတ်ဖော်ပြောဆိုတာ ဖြစ်ပါတယ်။ RFA သတင်းထောက်နဲ့ The Voice စာစောင်က မေးမြန်းစဉ် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ရှင်းပြသလို KNU ဘက်ကလည်း သူတို့တင်ပြတဲ့ အချက် (၁၁) ချက်ကို ကြေညာပါတယ်။ ဒါပေမဲ့ ဇန်နဝါရီ (၁၄) ရက်ထုတ် အစိုးရသတင်းစာမှာတော့ သတင်းအကြောင်းအရာကို မဖော်ပြဘဲ ဆွေးနွေးပွဲ တက်ရောက်သူတွေရဲ့  အမည်ကိုသာ ဖော်ပြထားတာ တွေ့ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်ကိစ္စမှာ သမ္မတဦးသိန်းစိန် ချပေးလိုက်တဲ့ လမ်းညွှန် (၃) ဆင့်အတိုင်း ဆောင်ရွက်ကြောင်း ဦးအောင်မင်း က ရှင်းပြပါတယ်။ ပထမအဆင့်က အပစ်အခတ် ရပ်စဲဖို့ ဖြစ်ပါတယ်။ ဒုတိယအဆင့်မှာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံရေးတိုးတက်ဖို့ ဆောင်ရွက်ပြီး နောက်ဆုံးတတိယအဆင့်က လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆုံးဖြတ်ပြီး ဥပဒေပြရေး ဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားတွေဘက်က တောင်းဆိုတဲ့ ပင်လုံညီလာခံသဘောမျိုးကို တတိယအဆင့်မှာ ကျင်းပဖွယ်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ဦးအောင်မင်းတို့အဖွဲ့နဲ့ KNU ခေါင်းဆောင်ပိုင်း ပဏာပဆွေးနွေးပွဲ ကျင်းပပြီး မကြာမီမှာ ပထမအဆင့်ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူချက်ကို လက်မှတ်ရေးထိုးနိုင်တာ ဖြစ်ပါတယ်။ KNU တောင်းဆိုတာကို အစိုးရကမူအားဖြင့် သဘောတူလိုက်ပါတယ်။

အလားတူ အပစ်အခတ် ရပ်စဲရေးသဘောတူချက်ကို ဦးရွက်ဆစ် ဦးဆောင်နေတဲ့ ရှမ်းပြည်တပ်ဖွဲ့နဲ့ ဒီဇင်ဘာလက်မှတ်ထိုးခဲ့ပြီး ဇန်နဝါရီ (၆) ရက်မှာ ချင်းအမျိုးသားတပ်ဦးနဲ့ လက်မှတ်ထိုးပါတယ်။ နှစ်လအတွင်း လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ (၃) ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲဖို့ လက်မှတ်ထိုးနိုင်ခဲ့တာဟာ အပြန်အလှန်ယုံကြည်မှု ရှိလာတဲ့အတွက် ဖြစ်တယ်လို့ ဦးအောင်မင်းက ဆိုပါတယ်။ ရှေ့ ဆက်ပြီး ကယား၊ မွန်၊ ပအို့ စတဲ့ လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့နဲ့ ဆွေးနွေးမယ်လို့ ဆိုပါတယ်။ သူ တာဝန်ယူထားတဲ့ လက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့စလုံးနဲ့ အပစ်အခတ်ရပ်စဲနိုင်လိမ့်မယ်လို့ ဦးအောင်မင်းက ယူဆပါတယ်။ ဟန်ဆောင်မှုမရှိဘဲ ရင်ထဲမှာရှိတဲ့အတိုင်းပြောပြီး လိုက်လိုက်လျောလျော တန်းတူရည်တူ ဆက်ဆံနိုင်တဲ့အတွက် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့တာကို ဦးအောင်မင်း က ရှင်းပြပါတယ်။

KNU အဖွဲ့က တင်ပြတဲ့ ရည်မှန်းချက် (၁၁) ချက်ထဲမှာ တပြည်လုံး အပစ်အခတ်ရပ်စဲရေး၊ အခြေခံပြည်သူ့ ဝန်ဆောင်လုပ်ငန်းဆောင်ရွက်ရေး၊ အဓမ္မခိုင်းစေမှုနဲ့ ငွေကြေးကောက်ခံမှု ရပ်ဆိုင်းရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သတင်းမီဒီယာပါဝင်ရေး၊ ပြည်သူ့ဘဝ ပြန်လည်ထူထောင်ရေး၊ မြေယာကိစ္စ ဖြေရှင်းရေး စတာတွေပါဝင်ပါတယ်။ အစိုးရတပ်က ဖြတ် (၄) ဖြတ်လမ်းစဉ် ကျင့်သုံးတဲ့ဒဏ်ကို အနှစ် (၄၀) ကျော်ခံလာရတဲ့နယ်မြေကို ပြန်လည်ထူထောင်တာဟာ အလွန်ကြီးမားတဲ့ တာဝန်ဖြစ်ပါတယ်။ KNU တောင်းဆိုတာကို အစိုးရက မလုပ်ပေးနိုင်စရာတခုမှာ မရှိပါဘူး။ ချက်ချင်းလုပ်ပေးနိုင်တဲ့ကိစ္စနဲ့ တဖြည်းဖြည်းချင်း လုပ်ပေးရမယ့်ကိစ္စပဲ ကွာခြားတယ်လို့ ဦးအောင်မင်း က ဆိုပါတယ်။ အခြေအနေ ကောင်းလာရင် လက်နက်ကိုင်ချင်စိတ် ကွယ်ပျောက်သွားလိမ့်မယ်လို့ ဆိုပါတယ်။

ကရင့်အကျိုးစီးပွား မြှင့်တင်ဖို့ ရည်ရွယ်ပြီး ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကရင်နိုင်ငံရေးပါတီ (၃) ခု ရှိပါတယ်။ ပိုးကရင် ဒီမိုကရေစီပါတီက (၉) နေရာ၊ ကရင်ပြည်သူ့ပါတီက (၆) နေရာ၊ ကရင်ပြည်နယ်ဖွံ့ဖြိုးရေးပါတီက (၂) နေရာ ရွေးကောက်ပွဲမှာ အနိုင်ရရှိပါတယ်။ အရင်ကတည်းက အပစ်အခတ်ရပ်စဲထားတဲ့ KNU အဖွဲ့ ခွဲလည်းရှိပါတယ်။ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့တပ်ဖွဲ့ဟာ ဗိုလ်ချုပ်ကြီးစောဗိုလ်မြ ကွယ်လွန်သွားတဲ့နောက်ပိုင်း သူတို့ထိန်းချုပ်ရာ နယ်မြေမှာအစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး KNU ငြိမ်းချမ်းရေးကောင်စီကို တည်ထောင်ထားပါတယ်။ ၁၉၉၅ ခုနှစ်မှာလည်း KNU က ခွဲထွက်သွားတဲ့ DKBA ဗုဒ္ဓဘာသာတပ်ဖွဲ့နဲ့ အစိုးရတပ် အပစ်အခတ်ရပ်စဲခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ မူဝါဒသဘောတရားအပေါ်မှာ အခြေမခံဘဲ လူပုဂ္ဂိုလ်ပေါ်မှာ အခြေခံတဲ့ ဓလေ့က ကြီးစိုးတတ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့အခါမှာ သူရည်မှန်းချက်ကို အကောင်အထည် မဖော်နိုင်တာဟာ ထင်ရှားတဲ့ သာဓက ဖြစ်ပါတယ်။ စစ်မြေပြင်ဖြစ်ခဲ့တဲ့ ကရင်တို့ဌာနေကို ပြန်လည်ထူထောင်ရေးဟာ အချိန်ကြာညောင်းနိုင်ပါတယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန် လက်ထက်မှာ ကရင်တိုင်းရင်းသားအရေးကို အလုံအလောက် ဖြေရှင်းနိုင်ပါ့မလားဆိုတာ စဉ်းစားစရာ ဖြစ်နေပါတယ်။
http://www.voanews.com/burmese/news/news-analysis/news_analysis_uak_01-28-2012-138235309.html

ဇေကမ္ဘာ ကန်သင်းတွေဖြိုလိုက်ပြန်ပြီ

28.1.2012 မှာ ဇေကမ္ဘာ ကန်သင်းတွေဖြိုလိုက်ပြန်ပြီ
By: Nay Wai
ကျွန်တော်တို့ ဟာ ဦးခင်ရွှေနဲ့ ဇေကမ္ဘာ ကုမ္ပဏီကို တိုက်ခိုက်နေကြတာမဟုတ်ဘူး ။ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် အစိုးရကိုလည်းတိုက်ခိုက်နေကြတာမဟုတ်ဘူး ။ အမှန်တကယ် လိမ်ညာလှည့်ဖြား - ရပ်ကွက် ဥက္ကဌအဟောင်း ဦးထွန်းနိုင် နဲ့ ဇေကမ္ဘာ ကုမ္ပဏီကပူးပေါင်းပြီး မြေယာမတရားရယူမှုကြောင့် နစ်နာသူ တောင်သူတွေအတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ် ။ ဇေကမ္ဘာ ကုမ္ပဏီမဟုတ်ဘဲ ပေတရာကုမ္ပဏီဆိုလည်း ကျွန်တော်တို့ နစ်နာမှုအတွက် တိုက်ပွဲဝင်ရမယ် ။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရမဟုတ်ဘဲ - ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်နေရင်လည်း နစ်နာမှုအတွက် တိုက်ပွဲဝင် ရမှာဘဲ စစ်သားလူထွက် အစိုးရမဟုတ်ဘဲ ကျောင်းသား လူထွက် အစိုးရဖြစ်နေရင်လည်း ကျနော်တို့ လယ်သမားတွေ နစ်နာမှုအတွက် တိုက်ပွဲဝင်ရမယ် ။ နစ်နာသူတွေထဲမှာ ကျနော့်အမျိုးတွေမပါသလို - နောင်လာမဲ့ ရွေးကောက်ပွဲတွေအတွက် ကြိုတင်မဲဆွယ်နေတာလည်းမဟုတ်ဘူး ( အဲသလိုအထင်ခံရပြီး လှုပ်ရှားမှုရဲ့ တန်ဖိုး ကျမှာစိုးလို့ ကျနော်သစ္စာဆိုတယ် ။ နောင်အစဉ်အဆက် နေမျိုးဝေ မည်သည့်ရွေးကောက်ပွဲမှ မ၀င်ပါ ။ ဤစာကို အားလုံးမှတ်တမ်းတင်ပေးကြပါ ) ဒီနေ့ ( ၂၈ . ၁. ၂၀၁၂ ) ညနေ ၅း၃၀ ) မှာ ရွှေနံ့သာ အုပ်ချုပ်ရေးမှူးနဲ့တွေ့ဆုံခဲ့ပါတယ် စာနဲ့ ဗီဒီယို အခွေပေးခဲ့ပါတယ် ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေနဲ့ တည်ဆဲ ၁၉၅၃ ခု နှစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေကို မသိပါ ။ ၁၉၆၃ ခု နှစ် သီးစားချထားရေးဥပဒေပါ လုပ်ပိုင်ခွင့်ကို မသိပါ ။ သူ လုံးဝဆုံးဖြတ်ခွင့်မရှိကြောင်း ပြောပါတယ် - ဒီနေ့ ည ၇ နာ၇ီခန့်မှာဘဲ ရွာသား ၃၀ လောက်နဲ့ ဇေကမ္ဘာ မန်နေဂျာ ဦးမြင့်ဇော်ကို သွားတွေ့ပါတယ် ။ ကန်သင်းတွေ မြေတူးစက်နဲ့ မထိုးဖို့ ညှိကြည့်ပါတယ် ( နေ့လည် ကတည်းက အခုထိ ဆက်တိုက် ဘူဒိုဇာနဲ့ထိုးနေပါတယ် ) ။ လုံးဝ အဆင်မပြေခဲ့ပါဘူး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ကန်သင်းတွေကို ထိုးနေတယ်လို့ဖြေပါတယ် ။ ကျနော်တို့ ကုမ္ပဏီနဲ့ ဥက္ကဌဟောင်း ကို တရားစွဲဖို့ ဆုံးဖြတ် လိုက်ပါပြီ ။

နေမျိုးဝေ







ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း



by Shwe Yinn Mar Oo on Tuesday, January 24, 2012 at 1:55am
လွတ်လပ်ရေးပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သံအမတ်ကြီးဟောင်း သီရိသုဓမ္မ ဒေါ်ခင်ကြည်တို့မှ 1945ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ ငယ်စဉ်က မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာများကို ရန်ကုန်မြို့ စိန့်ဖရန်စစ် (St. Francis Convent) ကျောင်း (တာမွေ)နှင့် Methodist English High School (ဒဂုံ)တို့တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး အဆင့်မြင့် ပညာရပ်များကို အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ် စိန့်ဟျူခ်ျကောလိပ် (St. Hugh's College) တွင် သင်ယူခဲ့ပြီး အမ်အေ (M.A) မဟာဝိဇ္ဖာဘွဲ့ကို ရရှိခဲ့သည်။

1969မှ 1971ခုနှစ်တွင် ဘူတန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအရာရှိအဖြစ်လည်းကောင်း၊ 1972 ခုနှစ်၌ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်၊ အုပ်ချုပ်ရေးနှင့် ဘတ်ဂျက်ဌာန အကြံပေးကော်မတီတွင် လက်ထောက် အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထိုနှစ်တွင် ဒေါက်တာ မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ပြုပြီး သားနှစ်ဦးဖွားမြင်ခဲ့သည်။

1985-1986ခုနှစ်တွင် ဧည့်ပညာရှင်အဖြစ်နှင့် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်၊ အရှေ့တောင်အာရှ သုတေသနဌာနသို့ သွားရောက်ခဲ့၏။ 1987-1988ခုနှစ်အထိ Simla ရှိ အိန္ဒိယအဆင့်မြင့်ပညာ ဆည်းပူးရာဌာန၌ သုတေသနပြုလုပ်ခဲ့၏။

1988ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် လူထုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ဖွဲ့စည်း ထူထောင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုဗယ်လ် ငြိမ်းချမ်းရေးဆုအပါအ၀င် ဂုဏ်ထူးဆောင် ဆုတံဆိပ်မြောက်များစွာ ရရှိခဲ့သည်။

ယခုနောက်ဆုံး ပြင်သစ်နိုင်ငံမှ ချီးမြှင့်သော "Commandeur de Legion d' Honour"ဆုကို ရရှိခဲ့သည်။ 2012ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းပြီး မှတ်ပုံတင်သောအခါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်အပ်နှင်းခြင်းခံရသည်။

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ေ၀၀ည့် ဒီလှိုင်း D.Wave ဂျာနယ် အတွဲ (၁)၊ အမှတ် (၂)တွင် ဖော်ပြထားသည့် ကြားဖြတ်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးမှတ်တမ်းကို ဖော်ပြခြင်းဖြစ်ပါသည်။)