ဇန်န၀ါရီ ၂ ရက်၊ ၂၀၁၂ (YPI)
ယနေ့ညနေ ကြေညာလိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရဆိုပါက နိုင်ငံရေး အကျဉ်းသားများ လွတ်လာရန် အခွင့်အလမ်းနည်းပါးသဖြင့် “သီးခြားစဉ်းစားရန်ရှိသည့် စာရင်း” ဟူသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။
ယနေ့ည ၁၀နာရီက နိုင်ငံရေး အကျဉ်းသားမိသားစုဝင် တဦးက နယ်ဝေးအကျဉ်းထောင်မှ ထောင်အရာရှိတဦးအား လှမ်းမေးရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများအား သီးခြားစာရင်းဖြင့် ဖက်စ်ထိုးပြီးလာရန် ရှိသည်မှာ ဟုတ်ပါသလား ဟုမေးမြန်းရာ ဟုတ်မှန်ကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံရေး အကျဉ်းသားများနှင့်ပတ်သက်သည့် စာရင်းယခုအချိန်ထိ မရရှိသေးသဖြင့် စောင့်ဆိုင်းနေကြောင်း ဖြေကြားသည်ဟု ယင်းမိသားစုဝင်က YPI သို့ပြောသည်။
အကျဉ်းဦးစီး အရာရှိက ၎င်းအနေဖြင့် အကောင်းဆုံး မျှော်လင့်ပါကြောင်း သူတို့အတွက်က သီးခြားလာရန်ရှိသည်ဟု မိသားစုဝင်အား အတည်ပြုပြောဆိုသည်ဟု သိရှိရသည်။ ။
Yangon Press International
Monday, January 2, 2012
နိုင်ငံရေး အကျဉ်းသားများ သီးခြားစာရင်းဖြင့်လွတ်လာရန်ရှိနေ
အစိုးရ၏လိုင်ဇာမြို့သိမ်း စီမံချက် ပေါက်ကြားမှုဖြစ်

လိုင်ဇာ ဇန်န၀ါရီ ၂ ရက်နေ့
၂၀၁၂ ခုပွင့်လင်းရာသီမှာ အစိုးရစစ်တပ်က တိုက်ခိုက်ချေမှုန်းမယ့် လိုင်ဇာမြို့သိမ်းရေးထိပ်တန်းလျှို့ဝှက် စီမံချက်တစ်ခုကို လိုင်ဇာရုံးချုပ်ကရရှိထားတယ်လို့ KIA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ရဲ့ လူယုံတစ်ဦးထံမှ သိရှိရပါတယ်။ အဲ့ဒီစီမံချက်မှာစစ်ဆင်ရေးလုပ်မဲ့ တပ်မများနဲ့ တိုက်ခိုက်မှုပြုလုပ်မယ့် အသေးစိတ်အစီအစဉ်များ ပါရှိပြီး လေကြာင်းတိုက်ခိုက်မှုများ ပါဝင်တယ်လို့ဆိုပါတယ်။ အမည်မဖော်လိုတဲ့ KIA အရာရှိငယ်တစ်ဦးကတော့
“ဘယ်နေ့ကရတယ်ဆိုတာတော့ အတိအကျမသိဘူး။ နေပြည်တော် စစ်ရုံးနဲ့ နီးစပ်သူတွေဆီက ရလာတဲ့ အချက်အလက်တွေဖြစ်တာကြောင့် လိုင်ဇာဌာနချုပ် မှာ အဲ့ဒီကိစ္စအစည်းအဝေးလုပ်နေတယ်။ သူတို့ကအင်အားသုံးပြီး လိုင်ဇာနယ်မြေကိုသိမ်းမယ်လို့ဆိုထားပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အခုပြင်ဆင်မှုတွေစလုပ်နေပြီ။ စီမံချက်တွေလည်းရေးဆွဲနေတယ်။ ကျွန်တော်တို့ဆီက စစ်ပွဲအတွေ့အကြုံ ရှိသူတွေကို စုစည်းထားပြီး တရုတ်အစိုးရဘက်က စစ်ရေးကျွမ်းကျင်သူ စစ်မှုထမ်းဟောင်း ပညာရှင် (၃)ယောက်ငှားထားပါတယ်။ အဲ့ဒီလူတွေနဲ့ ဘယ်လိုပြန်တိုက်ရမယ် ဆိုတာတွေကို ရေးဆွဲနေတာပါ။ တစ်ခုရှိတာက စစ်တပ်ကလေယာဉ် တွေသုံးမယ်လို့ပြောတယ်။ ဒါကြောင့်ကျွန်တော်တို့ ကလည်း အရင် တရုတ်အစိုးရက ‘၀’ ဘက်ကိုထောက်ပံ့ ပေးထားတဲ့ (SAM-7) Surface to Air Missile တွေကို အသုံးပြုနိုင်အောင် ၀ယ်ယူဖို့ချိတ်ဆက်ထားပြီးပါပြီ။ အဲ့ဒါကိုတော့ စီးမောက်ခရိုင်ဘက်က အဆက်အသွယ်တွေက တဆင့်ဝယ်ယူနိုင်အောင်လုပ်ထားတယ်။ ဒါပေမယ့် စစ်တပ်ဘက်ကလေယာဉ်တွေသုံးစွဲဖို့ကို တရုတ်အစိုးရ ကခွင့်မပြု သေးဘူးလို့လည်း သိထားပါတယ်။” လို့ပြောပါတယ်။
ဒီလိုတိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေပျံနှံ့နေတာကြောင့် လိုင်ဇာမြို့ပေါ်ရှိ KIA မိသားစုဝင်များက စိုးရိမ် နေကြပါတယ်။ အစိုးရအနေနဲ့ ဘယ်လောက်ပဲပစ်ခတ်မှုတွေရပ်စဲဖို့ အမိန့်တွေထုတ်ထားပါစေ စစ်တပ်ဘက်က ဆွဲထားတဲ့ စီမံချက်ပေါက်ကြားမှုကြောင့် ဒေသခံပြည်သူတွေနဲ့ KIA မိသားစုတွေကတော့ တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်ဖို့ပြင်ဆင်နေကြပါတယ်။ KIA ခေါင်းဆောင်ပိုင်းကတော့ ခုခံရေးမဟာဗျူဟာ စီမံချက်ကိုရေးဆွဲ ထားပြီးဖြစ်လို့ စိုးရိမ်မှုမရှိကြောင်း၊ ယခင်ကတည်းက အစိုးရတပ်ရဲ့ အမြှောက်ဒဏ်၊ လေယာဉ်ဗုံးကြဲဒဏ်များက ကာကွယ်ဖို့ လုပ်ထားတဲ့ ဗုံးခိုကျင်းများကို အသင့်ပြင်ဆင်ထားကြောင်းသိရှိရပါတယ်။
သတင်းစာဆရာတွေ၊ စာရေးဆရာတွေနဲ.စာနယ်ဇင်းသမားတွေဟာ အမှန်တရားဘက်က ရပ်တည် ရုံမကပဲ အမှားတရားတွေကိုလည်း တိုက်ထုတ်ရမယ်
DVB TV News
သတင်းစာဆရာတွေ၊ စာရေးဆရာတွေနဲ.စာနယ်ဇင်းသမားတွေဟာ အမှန်တရားဘက်က ရပ်တည် ရုံမကပဲ အမှားတရားတွေကိုလည်း တိုက်ထုတ်ရမယ်လို. ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောကြား လိုက်ပါတယ်။
ဂျာနယ်ကျော် ဦးချစ်မောင် နှစ် ၁၀၀ ပြည့်အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပ
ရန်ကုန်၊ ဇန်န၀ါရီ ၂၊ ၂၀၁၂
တာရာဝေယံ

“သတင်းစာဟာ အမှန်တရားကို ရှေ့နေလိုက်ပြီး အမှားကို ရှုတ်ချလေ့ရှိတယ်” လို့ ကဗျာဆရာ ငြိမ်းသစ်ဖတ်ကြားတဲံ “ဂျာနယ်ကျော် ဦးချစ် မောင်၏ စိတ်ဓာတ်နှင့် ဘ၀ပုံရိပ်” ဆိုတဲ့ စာတမ်းမှာ ဖော်ပြခဲ့ပါတယ်။

ဖျာပုံ လုံနီဦး
သတင်းစာဆရာ၊ စာရေးဆရာ၊ ဂျာနယ်ကျော် ဦးချစ်မောင် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို ဇန်န၀ါရီလ ၁ ရက်၊ ၂၀၁၂ ခုနှစ်၊ တနင်္ဂနွေနေ့ နေ့လည် (၁) နာရီတိတိမှ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။

မုံရွာအောင်ရှင်
ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ စာပေအနုပညာရှင်များ၊ နိုင်ငံရေးအင်အားစုအသီးသီးမှ ပုဂ္ဂိုလ်များနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၁၅၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

ကဗျာဆရာ နေထက်နိုင်

ကဗျာဆရာ ငြိမ်းသစ်
အခမ်းအနားမှူးအဖြစ် ဖျာပုံနီလုံဦးက ဆောင်ရွက်ခဲ့ပါတယ်။ အခမ်းအနားမှာ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဆရာမောင်မိုး၊ ဆရာမုံရွာအောင်၊ ဆရာ ငြိမ်းသစ်၊ ဆရာနေထက်နိုင်၊ ဆရာ ရင်နီ စသူတို့က အမှာစကားပြောကြားခြင်း၊ စာတမ်းဖတ်ခြင်းနဲ့ ကဗျာရွတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပါတယ်။
အခမ်းအနားကို နေ့လည် (၃) နာရီမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။
အခမ်းအနား မှတ်တမ်းဓာတ်ပုံများ>


ကဗျာဆရာ ရင်နီနဲ့ ကဗျာ

ကဗျာဆရာ နေထက်နိုင်ရဲ့ ဗျာ

http://moemaka.com
အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများစာရင်း နိုင်ငံရေးအကျဉ်းသားဟောင်းများမှထုတ်ပြန်
ရန်ကုန်၊ ဇန်န၀ါရီ ၂၊ ၂၀၁၂
တာရာဝေယံ
နိုင်ငံရေးအကျဉ်းသားဟောင်းများမှ ၃၁၊ ၁၂၊ ၂ဝ၁၁ နေ့ကအထိ စုဆောင်းရရှိထားတဲ့ အချက်အလက်များအရ နိုင်ငံရေးအကျဉ်းသားများစာရင်းကို ပြုစုထားပြီးဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ ဒေသအသီးသီးမှာရှိတဲ့ အကျဉ်းထောင် (၄၂) ထောင်အနက် ထောင်ပေါင်း (၃ဝ) က နိုင်ငံရေးအကျဉ်းသားများ (၆၀၂) ယောက် စာရင်းကိုပြုစုပြီးတာဖြစ်ကြောင်း၊ ကျန်တဲ့ အကျဉ်းထောင် (၁၂) ထောင်မှ နိုင်ငံရေးအကျဉ်းသားများစာရင်းကိုလည်း ဆက်လက်စုစည်းနေပြီး မကြာခင် ရက်ပိုင်းအတွင်းပြုစုပြီးစီးမှာဖြစ်ကြောင်း သိရပါတယ်။
ဖော်ပြပါစာရင်းပြုစုရာမှာ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားမိသားစုများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုထောက်ကူအဖွဲ့မှ စာရင်းများ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) မှစာရင်း များကိုတိုက်ဆိုင်စစ်ဆေးကာ အတည်ပြုထားသည့် စာရင်းများဖြစ်ကြောင်း သိရပါတယ်။
အခုစာရင်းပြုစုရာမှာ လိုအပ်ချက်များ၊ မပြည့်စုံမှုများ တွေ့ရှိပါကနိုင်ငံရေး အကျဉ်းသားဟောင်းများ(နိုင်/ကျဉ်း) မှ အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ် ဖြည့်ဆည်းပေးကြပါရန် မေတာရပ်ခံထားကြောင်း သတင်းရရှိပါတယ်။
၁။ ကိုဗမျိုးသိန်း – ၀၉ ၄၃၁ ၅၄၉၄၉
၂။ ကိုကျော်ထွေး – ၀၉ ၄၃၁ ၆၄၇၈၈
၃။ ကိုကြည်လွင် – ၀၉ ၄၉၂ ၁၃၃၉၀
၎။ မနှင်းနှင်းမွှေး – ၀၉ ၇၃၀ ၅၁၉၉၆
အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများ အရေအတွက်
၁။ ဗန်းမော် – ၉ ယောက်
၂။ တောင်ကြီး – ၃၆ ယောက်
၃။ ဘားအံ – ၁၁ ယောက်
၎။ မိတ္ထီလာ – ၇ ယောက်
၅။ ကသာ – ၇ ယောက်
(ကသာထောင်မှာရှိတဲ့ သင်းသင်းအေး (ခ) မီးမီးကို ဒီရက်ပိုင်းထဲမှာပဲ ရွှေဘိုထောင်ကို ပို့လိုက်ပါတယ်။)
၆။ ပူတာအို – ၁၂ ယောက်
၇။ မုံရွာ – ၃ ယောက်
၈။ ပခုက္ကူ – ၃ ယောက်
၉။ ကျိုင်းတုံ – ၄ ယောက်
၁ဝ။ သီပေါ – ၂ ယောက်
၁၁။ နမ္မတူ – ၁ ယောက်
၁၂။ ပြည် – ၇ ယောက်
၁၃။ ရမည်းသင်း – ၅ ယောက်
၁၄။ မအူပင် -၂ ယောက်
၁၅။ ဟင်္သာတ – ၃ ယောက်
၁၆။ သာယာဝတီ – ၃၆ ယောက်
၁၇။ သထုံ – ၂ ယောက်
၁၈။ ဘူးသီးတောင် – ၂၉ ယောက်
၁၉။ မိုင်းဆတ် – ၁ ယောက်
၂ဝ။ ရွှေဘို – ၁၉ ယောက်
၂၁။ လားရှိုး – ၁၁ ယောက်
၂၂။ မော်လမြိုင် – ၁၅ ယောက်
၂၃။ မန္တလေး – ၁ဝဝ ယောက်
၂၄။ သရက် – ၂၁ ယောက်
၂၅။ ပေါင်းတည် – ၁ ယောက်
၂၆။ ခန္တီး – ၁ဝ ယောက်
၂၇။ ကျောက်ဖြူ – ၉ ယောက်
၂၈။ တောင်ငူ – ၅၉ ယောက်
၂၉။ မြင်းခြံ – ၃၃ ယောက်
၃ဝ။ အင်းစိန် – ၁၄၄ ယောက်
စုစုပေါင်း – ၆ဝ၂ ယောက်
http://moemaka.com/
ဦးခင်ရွှေနှင့် စာနယ်ဇင်းသမားများကိစ္စ ကော်မတီ ရှင်းလင်း
Published on January 2, 2012 by ကိုထွေး
အမျိုး သားလွှတ်တော်က ကော်မတီတခုနဲ့ စာနယ်ဇင်းမီဒီယာတွေအကြား လွှတ်တော် အမတ်တဦးကိစ္စနဲ့ ပတ်သက်လို့ ဒီကနေ့ အချေအတင် ဆွေးနွေးခဲ့ပြီးနောက် အမျိုးသားလွှတ်တော် တာဝန်ရှိသူတွေက စာနယ်ဇင်းသမားတွေကို ပြန်လည် တောင်းပန်သွားပါတယ်။

ဇေကမ္ဘာ ဦးခင်ရွှေ
အမျိုးသား လွှတ်တော် ပြည်သူသို့ တိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာ ကော်မတီက တာဝန်ရှိသူတွေနဲ့ စာနယ်ဇင်းသမားတွေကို မီဒီယာဥပဒေနဲ့ ပတ်သက်ပြီးတော့ အကြံဉာဏ်တောင်းခံဖို့ ရန်ကုန်တိုင်း ဒေသကြီး ဆီဒိုးနားဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံပါတယ်။
ဒါပေမယ့် ဒီတွေ့ဆုံပွဲမှာ ကော်မတီ ဥက္ကဋ္ဌ လွှတ်တော်အခွင့်အရေးဆိုင်ရာ အတွင်းရေးမှူး ဦးအောင်ငြိမ်းနှင့် အတွင်းရေးမှူး ဦးရှုမောင်တို့ တက်ရောက်ပြီးတော့ ဆယ်ဂဏန်းနဲ့ ချီတဲ့ မီဒီယာသမားနဲ့ ဇေကမ္ဘာ ဦးခင်ရွှေတို့အကြား အရင်က ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒီအကြောင်း ကို ဆရာဖေမြင့်က “ကာကွယ်ပြောဆိုတာထက် ဦးခင်ရွှေကိုယ်စား ရှင်းလင်းပြောဆိုတယ်ပေါ့ဗျာ၊ ကျနော်ကတော့ အဲဒီလောက်ပဲ ပြောချင်ပါတယ်။ တချို့က ပြောတာက ဒီကိစ္စဟာ မီဒီယာ ဥပဒေနဲ့ ပတ်သက်ပြီးပြောတာ ဖြစ်ပေမယ့် ဦးခင်ရွှေအကြောင်းပြောတာ တော်တော်များတယ်ပေါ့ဗျာ။ ဦးခင်ရွှေ ကိုယ်စား ရှင်းလင်းပြောတာ ဖြစ်နေတဲ့အတွက် ဒီပုဂ္ဂိုလ်တွေကနေ တဆင့် မပြောဘဲနဲ့ ဦးခင်ရွှေကိုယ်တိုင် သတင်းသမားတွေနဲ့ တွေ့ဆုံရင် ပိုပြီးတော့ အဆင်ပြေမယ်ဆိုတဲ့ သဘောမျိုး ပြောကြတယ်။ ”
အရင်က ဇေကမ္ဘာဦးခင်ရွေက မီဒီယာသမားတွေရဲ့ သိက္ခာကို ထိပါးတဲ့ အပြောအဆိုရှိခဲ့တယ်ဆိုပြီး စာနယ်ဇင်းသမားတွေနဲ့ ပြဿနာဖြစ်ပွားခဲ့ပါတယ်။
ဒါကို ဦးခင်ရွှေက သဘောရိုးနဲ့ ပြောဆိုတာကို စာနယ်ဇင်းသမားများက နားလည်မှုလွဲမှားခဲ့တယ်လို့ ကော်မတီက သုံးသပ်ခဲ့တဲ့အတွက် အချေအတင် ဆွေးနွေးမှုတွေရှိတယ်လို့လည်း တက်ရောက်တဲ့သူတွေက ပြောပါတယ်
“ဆွေးနွေး တာကတော့ တော်တော် တန်တန်ပေါ့ဗျာ၊ သိပ်ပြင်းပြင်းထန်ထန်တော့ မဟုတ်ပါဘူး၊ တော်တော်များများတော့ ပြောကြဆိုကြတယ်ဗျ။”
အစည်းအဝေး ပြီးခါနီးမှာ ကော်မတီက ဦးခင်ရွှေကိုယ်စား စာနယ်ဇင်းသမားတွေကို တောင်းပန်ခဲ့တယ်လို့ တက်ရောက်သူတွေက ပြောပါတယ်
http://burmese.dvb.no/archives/19456
တရားသူကြီးတွေကို အရေးယူဆောင်ရွက်တယ်ဆိုတာ အင်မတန် ရှားရှားပါးပါးပဲ
Published on January 2, 2012 by အေးနိုင်
ဦးအောင်သိန်း
ဥပဒေနဲ့မညီညွတ်ဘဲ အဂတိလိုက်စားစီရင်ချက်ချတဲ့ တရားသူကြီးတွေကို အရေးယူမယ့် ဥပဒေတရပ်ကို ပြည်သူ့လွှတ်တော်မှာ ပြဋ္ဌာန်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက သတင်းမီဒီယာတွေကို ပြောပါတယ်။
အစိုးရသစ် လက်ထက်မှာ တရားဥပဒေဆိုင်ရာ ကြိုးပမ်းချက်တရပ်ဖြစ်ပြီး လက်ရှိကာလ တည်ဆဲဥပဒေတွေမှာ သတ်သတ်မှတ်မှတ် ပြဌာန်းထားတာမရှိသေးလို့ ဖြစ်တယ်လို့ မနှစ်ဒီဇင်ဘာ ၂၉ ရက်နေ့က ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုရဲ့ ပြောစကားကို အလဲဗင်းဂျာနယ်က ရေးပါတယ်။
ဒီပြောကြားချက်အပေါ် နိုင်ငံရေးသမားတွေဘက်က ရှေ့နေလိုက်ရင်း ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရတဲ့ ရန်ကုန်မြို့က ဥပဒေအကျိုးဆောင် ဦးအောင်သိန်းကို မေးမြန်းထားပါတယ်။
ဒီမိုကရေစီ စနစ်မှာလည်း တရားဥပဒေ စိုးမိုးရေးက အခရာကျတယ်ဆိုတော့ ကော်မတီ ဥက္ကဋ္ဌရဲ့ ပြောဆိုချက်နဲ့ လုပ်ဆောင်ချက်ကို ဘယ်လိုမြင်ပါသလဲ။
“အဂတိ လိုက်စားမှု တားမြစ်ရေး ဥပဒေပုဒ်မ ၄၊ ၁၉၄၈ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ ဥပဒေတွေပေါ့။ ဒါတွေနဲ့ တရားသူကြီးပဲဖြစ်ဖြစ် ပြည်သူ့ဝန်ထမ်းပဲ ဖြစ်ဖြစ်၊ မည်သူမဆို အရေးယူတဲ့ပုဒ်မတွေ ရှိဖူးပါတယ်။ အဲဒါတွေကတော့ ၄၁ စီ ၄၂ လို့ ခေါ်တယ်။
“ဒီဘက် နောက်ပိုင်းမှာလည်း အဲဒီ ဥပဒေအပြင်ကို အဂတိ လိုက်စားမှု တားမြစ်ရေးဥပဒေ ပုဒ်မနဲ့ပတ်သက်ပြီးတော့ ပြည်သူ့ဝန်ထမ်းနဲ့ သက်ဆိုင်သော ပြစ်မှုများဆိုတာလည်း ရာဇသတ်ကြီးတွေမှာ ပြဋ္ဌာန်းထားတာရှိတယ်။ အဲဒါက ရာဇသတ်ကြီးပုဒ်မ ၁၆၁၊ ၁၆၂၊ ၁၆၃၊ ၁၆၅ ပေါ့ဗျာ။ အဲဒီတွေမှာလည်း သူတို့က ဥပဒေနဲ့ မညီတဲ့ အခကြေးငွေယူတဲ့ ကိစ္စရပ်တွေ၊ ဖောက်လွဲ ဖောက်ပြန်လုပ်တာတွေ နည်းလမ်းတကျ မဆောင်ရွက်ဘဲနဲ့ လာဘ်လာဘကို မျှော်မှန်းပြီးတော့ သဘောတူညီချက်လုပ်ပြီး ယူတဲ့ကိစ္စရပ်တွေ၊ ရာဇသတ်ကြီးလို စာအုပ်တွေမှာလည်း ဒီရာဇသတ်ကြီး ပြစ်မှုအရ စွဲမယ်ဆိုရင်လည်း ၃ နှစ်လောက်ထိ ပြစ်ဒဏ် တမျိုးမျိုး ပေးလို့ရတဲ့အပြင် အထူးဥပဒေအရ ပြဋ္ဌာန်းထားတဲ့ ဥပဒေများအရဆိုရင် ၇ နှစ်လောက်ထိ ပြစ်ဒဏ်တွေပေးနိုင်တယ်ဆိုတာ တွေ့ရတယ်။
“ဒါပေမယ့် ကျနော်တို့ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ဒီဘက်ခေတ်မှာ ဒီလို ပြည်သူ့ဝန်ထမ်းတွေကို အထူး ဥပဒေအရဖြစ်စေ၊ ရာဇသတ်ကြီး ဥပဒေအရဖြစ်စေ အရေးယူဆောင်ရွက်တာ အင်မတန်မှရှားပါးတယ်။ ရှင်းရှင်းပြောရရင် မရှိသလောက်ပဲလို့ ပြောလို့ရနိုင်တဲ့ အနေအထားတွေ ရှိပါတယ်။ အခုလို အချိန်အခါမျိုးမှာ တရားသူကြီးတွေကို သီးသန့်အရေးယူနိုင်လောက်တဲ့ အထောက်အထား၊ အကျင့် ဖောက်လွဲဖောက်ပြန်မှုနဲ့ လုပ်နိုင်လောက်တဲ့ အထောက်အထား ကိစ္စတွေကို ဥပဒေတခု ပြဋ္ဌာန်းပြီးတော့ ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းအဖြစ် တင်သွင်းပြီးတော့ ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စက အင်မတန်သင့်လျော်ပြီး အချိန်အခါနဲ့ ကိုက်ညီပါတယ်လို့ ကျနော်ပြောချင်ပါတယ်။”`
တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်အောင်ထိန်းကျောင်းဖို့ တာဝန်ကြီးတဲ့ တရားသူကြီး ကိုယ်တိုင်ကနေ အဂတိလိုက်စားပြီးတော့ စီရင်ချက်ချတဲ့ ပြစ်မှုမျိုးတွေက မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးခေတ်နဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်၊ စစ်ကောင်စီ အုပ်ချုပ်တဲ့ စစ်အစိုးရခေတ်၊ အဲဒီခေတ်တွေထဲမှာ အဘအနေနဲ့ လက်လှမ်းမီသလောက် ကြုံသလောက်ကို အကြမ်းဖျဉ်းလေး ရှင်းပြပေးပါလား။ ဘယ်လိုမျိုးရှိခဲ့လဲ။
“၁၉၄၈ ခုနှစ် အဂတိလိုက်စားရေး တားမြစ်ရေးဥပဒေ ပုဒ်မ ၄ အရဆိုရင် သက်ဆိုင်ရာကနေ ခန့်အပ်နိုင်တဲ့ ပြည်သူ့ဝန်ထမ်းပေါ့။ ထုတ်ပစ်နိုင်တဲ့ ခန့်အပ်နိုင်တဲ့ အဆင့်ရှိတဲ့သူရဲ့ ကြိုတင်ခွင့်ပြုမိန့်တွေ ယူပြီးမှသာလျှင် သူ့ကို တရားစွဲဆို အရေးယူနိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်။ ဆိုကြပါစို့၊ အမှုတခုကို အရေးယူ ဆောင်ရွက်တော့မယ်ဆိုရင် ကျနော်တို့ တရားခံ တဦးမှာ ထင်ရှားသိရှိရတဲ့ ဝင်ငွေရလမ်းတွေ၊ အဆမတန် ငွေကြေးအင်အားတွေ ဒါမှမဟုတ် ပစ္စည်းပိုင်ဆိုင်ကြောင်း အခြေအနေတွေ၊ ပိုင်ဆိုင်ခဲ့ဖူးကြောင်းဆိုတဲ့ ကိစ္စရပ်တွေ၊ ငွေကြေးအင်အားတွေ၊ ပစ္စည်းအင်အားတွေ ဖောက်လွဲဖောက်ပြန် လုပ်လို့ရရှိထားတဲ့ ငွေကြေးတွေဖြစ်နိုင်တယ်။ အဲဒါကို တရားသဖြင့် ရရှိထားတဲ့ ငွေကြေးလို့ မဖော်ပြနိုင်ဘူးဆိုရင် ရာဇသတ်ကြီးပုဒ်မ ပြည်သူ့ဝန်ထမ်းရဲ့ ဖောက်လွဲဖောက်ပြန်မှု ဥပဒေပုဒ်မအရ ၁၆၁၊ ၁၆၂၊ ၁၆၃၊ ၁၆၅ တို့အရ။ အရေးယူ ဆောင်ရွက်နိုင်တာပေါ့။ အဲဒီလို အမှုအခင်းတွေက တရားသူကြီးတွေကို အရေးယူဆောင်ရွက်တယ်ဆိုတာ အင်မတန် ရှားရှားပါးပါးပဲ မရှိသလောက်။ စောစောက ကျနော်ပြောသလိုပေါ့။”
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ စစ်အစိုးရအုပ်ချုပ်တဲ့ကာလ အတွင်းမှာ နိုင်ငံရေး အရတက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ် ၆၅ နှစ်၊ ၁၀၃ နှစ်တို့ ချထားတာတွေက တရားသူကြီးတွေကိုယ်တိုင် ဥပဒေကြောင်းအရ ချမှတ်တယ်လို့မြင်လား၊ ဒါမှမဟုတ် နောက်ကွယ်ကနေ မမှန်မကန် အဂတိလိုက်စားပြီးတော့ ဖိအားတခုခုကြောင့် ချတယ်လို့ မြင်လား။
“အဲဒါကတော့ ရှင်းပါတယ်။ ဒီလိုနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုအခင်း အားလုံးကတော့ တရားသူကြီးတွေကို ညွှန်ကြားချက်တမျိုးနဲ့ အဲဒီညွှန်ကြားချက်အတိုင်းပဲ သူတို့က အမိန့်ချတာပါပဲ။ အဲဒီမှာက တရားသူကြီးတယောက်က သူက လွတ်လပ်တဲ့ တရားစီရင်ရေး ဖြစ်တယ်၊ မဖြစ်ဘူးဆိုတာကို သူချတဲ့စီရင်ချက်ကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ပေးထားတဲ့ အပြစ်ဒဏ်တွေက သတ်မှတ်ထားတဲ့ အပြစ်ဒဏ်တွေရဲ့ အမြင့်ဆုံး အပြစ်ဒဏ်တွေကိုပဲ သူတို့ပေးလေ့ပေးထ ရှိတယ်ဆိုတာ ဒါက ခေါက်ရိုးကျိုးနေတဲ့ အယူအဆတခုလို ပုံစံမျိုးနဲ့ လုပ်နေကြတာပါ။ အုပ်စုလိုက်ဖြစ်ပေမယ့် ဘယ်သူက အဓိကကျတယ်။ ဘယ်သူက သာမန်ဖြစ်တယ်ဆိုတဲ့ အနေအထားမဟုတ်ဘဲနဲ့ အုပ်စုလိုက်ဆို အုပ်စုလိုက်ပဲ ဒီပုဒ်မနဲ့ ထောင်ဒဏ် ၁၅ နှစ်ဆို ၁၅ နှစ်။ ၇ နှစ်ဆို ရနှစ်။ ထောင်ဒဏ် ၆၅ နှစ်ဆို ၆၅ နှစ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် တရားစီရင်ရေး ကိုယ်တိုင်က တရားမျှတမှု မရှိဘူး။ အဲဒါ တရားသူကြီးကလုပ်နိုင်တာလားဆိုတော့ သူက လိုလိုလားလား လုပ်ပေးချင်လည်း လုပ်ပေးမယ်။ သူ့ရဲ့ လုပ်ပိုင်ခွင့်မရှိဘဲနဲ့ အထက်က ညွှန်ကြားချက်အရ သူလုပ်ရတာတွေလည်း ရှိမယ်။ အဲဒီသဘောက တရားသူကြီးတယောက်မှာက ပြစ်ဒဏ်က လွှတ်လိုက်တယ်ဆိုရင် သူက အစီရင်ခံစာရေးရတယ်။ ပြစ်ဒဏ်ချလိုက်ရင် အစီရင်ခံစာ ရေးတင်စရာ မလိုဘူးလို့ သတ်မှတ်ချက်တွေ ရှိနေတယ်။ ကျနော်တို့နိုင်ငံရဲ့ တရားစီရင်ရေးက ဥပဒေအရ တရားစီရင်တာနဲ့ ညွှန်ကြားချက်တွေနဲ့ အထက်အမိန့်နဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ လှည့်ပတ်တဲ့ ညွှန်ကြားမှုပေါ်မှာ အခြေပြုပြီးတော့ နိုင်ငံရေးမှုတွေမှာ များသောအားဖြင့် အဆုံးအဖြတ်ပြုတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ဘူး။”
တရားဥပဒေ မဏ္ဍိုင်တခုလုံး လူထုကနေပြီးတော့ ယုံကြည်စိတ်ချရတဲ့ မဏ္ဍိုင်တခုအဖြစ် ရောက်ဖို့၊ ရပ်တည်နိုင်ဖို့အတွက်ဆိုရင် ဘာတွေထပ်ပြင်ဖို့ လိုပါသေးလဲ။
“အဓိကတော့ ပြည်သူ့ဝန်ထမ်းတွေက ပြည်သူ့အကျိုးစီးပွားတခုအတွက် ဆောင်ရွက်ရတယ်ဆိုတဲ့ အသိရှိဖို့လိုတယ်။ သို့သော်လည်း အဲဒီလို ပြည်သူ့အကျိုးအတွက်လို့ ဆိုတာထက် အဂတိ မကင်းတဲ့ လုပ်ဆောင်ချက်တွေဟာ နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ အလေ့အကျင့်တွေ ဖြစ်နေတယ်။ ဒါက တရားစီရင်ရေး စနစ် တခုတည်းတင် မဟုတ်ပါဘူး။ ဘယ်ဝန်ကြီးဌာန ဘယ်အုပ်ချုပ်ရေး စနစ်တခုမှမလွဲ ဒါတွေက ရှိနေဆဲပါ။ လူထုအင်အားနဲ့ ဆောင်ရွက်ရမယ်။ မရနိုင်ဘူးဆိုရင် ကျနော်တို့ စတုထ္တမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ လွတ်လပ်ခွင့်ပေါ် အခြေပြုပြီးတော့ ဒါတွေကို ဖော်ထုတ်လာမယ်ဆိုရင် တဖြည်းဖြည်းနဲ့တော့ လျော့နည်းသွားနိုင်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”
http://burmese.dvb.no/archives/19449
နေအိမ်ရှိ တိုင်ခြေရင်းမှ ထူးဆန်းစွာ ပူလောင်သော အငွေ့အသက်များထွက်ပေါ်
ဒေါပုံမြို့နယ်၊ ဇေယျာသီရိ(၃)လမ်း၊ အိမ်အမှတ်(၃၉-က) တွင် နေအိမ်ရှိ တိုင်ခြေရင်းမှ ထူးဆန်းစွာ ပူလောင်သော အငွေ့အသက်များထွက်ပေါ်နေသောကြောင့် အနီးအနားတွင်နေထိုင်သူအများအပြား လာရောက်ကြည့်ရှုနေကြပြီး သက်ဆိုင်ရာမှလည်း ဖြစ်ပွားရသည့် အကြောင်းရင်းကို အဖြေရှာမရသေးကြောင်း သိရသည်။ ဓာတ်ပုံ-ဥက္ကာကိုကို





ဒ်ါပုံမြို့နယ်၊ ဇေယျာသီရိ-၃လမ်းရှိ နေအိမ်တစ်အိမ်တွင် နေအိမ်ရှိ ကြမ်းပြင်တိုင်ခြေရင်းမှ ပူလောင်နေသောကြောင့် အနီးအနားတွင်နေထိုင်သူအများအပြား လာရောက်ကြည့်ရှုနေကြပြီး သက်ဆိုင်ရာမှလည်း ဖြစ်ပွားရသည့် အကြောင်းရင်းကို အဖြေရှာမရသေးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီခန့်က အဆိုပါနေအိမ်အတွင်းရှိ အိမ်တိုင်တစ်လုံးခြေရင်းတွင် လွန်ကဲစွာပူလောင်လာသောကြောင့် နေအိမ်နှင့် အနီးအနားရှိလူများ အထိတ်တလန့်ဖြစ်ခဲ့ကြရသည်။
ဖြစ်စဉ်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဘူမိဗေဒဦးစီးဌာန၊ လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးခဲ့ပြီး အကြောင်းရင်းကို မသိရှိရသေးပေ။ ပူလောင်နေသည့် တိုင်ခြေရင်းအား နှစ်ပေခန့်အနက်တူးဖော်ကြရာ မီးခိုးများထွက်ရှိလာခဲ့ပြီး တူးဖော်ထားသည့် မြေနေရာအား ရေများနှစ်ကြိမ်လောင်းထည့်ထားရကြောင်း သိရသည်။
မီးသတ်ကတော့ စိုးရိမ်စရာမရှိပါဘူးလို့ ပြောသွားတာပဲဓဓဟု အိမ်ပိုင်ရှင် ဒေါ်ခင်ပြည့်စုံက ပြောသည်။
အဆိုပါနေအိမ်မှာ ရေသန့်ရောင်းဝယ်ရေးနှင့် လက်ဖွဲ့ပစ္စည်းများထုပ်ပိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ကြောင်း သိရသည်။
မနက်ကျမှပဲသိမယ်။ အကုန်စောင့်ကြည့်နေတယ်။ စိုးရိမ်စရာမရှိဘူးလို့ အထက်အရာရှိတွေပြောသွားတယ်ဓဓဟု အဆိုပါနေရာတွင် စောင့်ကြပ်ပေးနေသော မီးသတ်ရဲဘော်တစ်ဦးက 7DayNews သို့ ပြောသည်။
MRTVလွတ်ငြိမ်းချမ်းသာခွင့် သတင်း
Burma VJ Media Network
နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ထုတ်ပြန်သော ပြစ်ဒဏ်ကျခံနေရသူများနှင့် ပါတ်သတ်သည့် ကြေညာချက်အပေါ် ထင်မြင်ယူဆချက်များ PDF Print
Monday, 02 January 2012 20:12
AddThis Social Bookmark Button
ဒီကြေညာချက်ကြောင့် နှစ်ပေါင်း ၅၀လုံးလုံး ဗြောင်လိမ်ခဲ့တဲ့ အစိုးရရဲ့ လုပ်ရပ်တွေဟာ တကျော့ပြန်လာပြီလားလို့ စိတ်ထဲမှာ တွေးမိပါတယ်။ အခုချိန်မှာ ဟိုဝန်ကြီးက ပြောလိုက်၊ ဒီဝန်ကြီးက ပြောလိုက်၊ လူ့အခွင့်အရေး ကော်မရှင်က ပြောလိုက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတော့မလိုလိုနဲ့ ပြောခဲ့ကြပြီးမှ မလွှတ်ချင်တဲ့အတွက် တိုင်းပြည်ကို ဗြောင်လိမ်သလိုဖြစ်နေပြီး ဘာကိုမှ မယုံကြည်ရတော့သလို ဖြစ်သွားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကိစ္စဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် အခုကြေညာချက်ဟာ အစိုးရကို သိက္ခာကျစေခဲ့သလို ယုံကြည်မှုလည်း ကင်းမဲ့စေပါတယ်။ ဒီကြေညာချက်ကြောင့် အစိုးရအဖွဲ့သစ်ရဲ့ လုပ်ဆောင်မှုတွေအပေါ် ယုံချင်သလိုဖြစ်နေတဲ့ စိတ်တွေတောင် ပျောက်ဆုံးသွားပါတယ်။ ဒါကိုမှ မယုံရရင် ဒေါ်စုကို ဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပါဝင်ခွင့်ပေးတာတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်တာတွေကို ဘယ်လိုလုပ်ပြီး ယုံကြည်ရတော့မလဲ။ အစိုးရအတွက်တော့ အင်မတန်အရှက်ကွဲပြီး သိက္ခာကျစေတဲ့ ကြေညာချက်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ဒါဟာ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ပါဘူး။ လုပ်ရိုးလုပ်စဉ် လျော့ရက်ပေးတာမျိုးပါ။ ဒီလိုမျိုးဆိုတာ ထောင်ထဲမှာ ရှိပြီးသားပါ။ နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ်သားတွေနဲ့ တန်းတူသဘောထားပြီး လုပ်နေတာတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို သိက္ခာချနေတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးပဲနဲ့တော့ ဒီမိုကရေစီဖြစ်ထွန်းရေးကို မလုပ်နိုင်ပါဘူး။
လူထုဦးစိန်ဝင်း (ဝါရင့်သတင်းစာဆရာ)
အခုလို နားလှည့်ပါးရိုက်တဲ့ ပုံစံမျိုးတွေ လုပ်တဲ့ဟာက ရှင်းရှင်းပြောရရင် ဘာနဲ့တူသလဲဆိုတော့ သူတို့ကိုယ်သူတို့ အရှက်ကွဲနေသလိုဖြစ်နေတယ်။ ကမ္ဘာ့အလယ်မှာရော ပြည်သူလူထုအလယ်မှာရော သူတို့သိက္ခာမရှိသလိုဖြစ်နေတယ်။ ဒီလူတွေဟာ ဘယ်လောက်အထိ အငြိုးအာဃာတ ကြီးနေသလဲ၊ အရပ်စကားနဲ့ပြောရရင် ကလိမ်ကကျစ်တွေ များနေသလဲဆိုတာ လူတွေက အဲလိုပဲဖြစ်ကုန်တာပေါ့။ ဒါဟာ သိပ်မကောင်းဘူးလို့ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီပြဿနာဟာ တိုင်းပြည်မှာ အရေးကြီးဆုံး ပြဿနာလိုလဲ ဖြစ်တယ်။ လူတိုင်းရဲ့ခေါင်းထဲမှာ ရင်ထဲမှာ ရောက်နေတဲ့ ပြဿနာလည်းဖြစ်တယ်။ ဒီပြဿနာမျိုးကို ကျွန်တော်ထင်တယ် တစ်ခါထဲကို ခဝါဖွတ်သလို လျှော်ချလိုက်ပြီးတော့ ရှင်းလိုက်ရင်တော့ သူတို့အဖို့လည်း အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော်တို့ထင်တယ်။ လူတွေက အခု ဦးသိန်းစိန်တို့ ဘာတို့ကို လူတွေက လေးစားနေတဲ့ အထင်ကြီးနေတဲ့ ဝမ်းသာအားရ ဖြစ်နေတဲ့ဟာတွေ အကုန်လုံးအဲဒါတွေ ဆုံးရှုံးသွားအောင် လုပ်နေတာပဲဗျ။ အဲဒီတော့ ကျွန်တော့်အထင်ကတော့ ဒီပြဿနာကို အခုလို နှစ်ပေါင်း၆၀ကနေ၃၀ရောက်၊ ၆၀နဲ့ ၆၀ခံနေရတာကနေ ၃၀ပဲခံရခံရ ခွန်ထွန်းဦးလိုလူမျိုး နှစ်ပေါင်း ၉၀ ကနေပြီးတော့ ၃၀ပဲခံရခံရ တူတူပဲဗျ၊ နှစ်ပေါင်း ၃၀ ဆိုတာကလည်း နည်းနည်းနောနောနှစ်မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်က ဒီဟာတွေလုပ်မနေဘဲနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို လွှတ်ဖို့ကိစ္စကို စဉ်းစားဖို့လိုတယ်။ နောက်တစ်ခါ အခြေအနေကြုံခဲ့သော်၊ ကြုံမှကြုံဦးမလားတောင် မသိပါဘူး။ ပေါ်ခဲ့သော် တစ်ခါတည်း လွှတ်ပေးဖို့ တစ်ခါတည်း ဒီပြဿနာတွေကို ရှင်းဖို့ စဉ်းစားဖို့ကောင်းတယ်လို့ ကျွန်တော်ကထင်ပါတယ်။
ဦးဝင်းတင် (ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်, NLD)
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာNLD ပါတီရွေးကောက်ပွဲဝင်ရုံလောက်နဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပြန်လည်တည်ဆောက်တယ် ဆိုတာကလည်း လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်ရုံနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး တည်ဆောက်တာမဟုတ်ဘူး။ တကယ်အနှစ်သာရရှိတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အစိုးရအနေနဲ့ စစ်စစ်မှန်မှန် လုပ်ဆောင်ဖို့ လိုနေပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ သူတွေကိုသီးသန့်လွှတ်ပေးမှ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ် ရောက်မယ်လို့ ပြည်သူတွေက ယူဆနေကြတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူတွေကို ထိန်းသိမ်းတာတွေ ရပ်စဲခြင်းမရှိရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေတယ်လို့ လုံးဝယူဆလို့မရနိုင်တဲ့ အခြေအနေမျိုးတွေ ဖြစ်သွားနိုင်တယ်။
ဒေါက်တာ သန်းထွဋ်အောင် (CEO, Eleven Media Group)
ဒီကြေညာချက် ထွက်လာပြီးနောက်မှာ ကျွန်တော်နားလည်မိတာကတော့ အနှစ် ၂၀အောက် ထောင်ဒဏ်ကျခံနေရတဲ့သူတွေကို ပြစ်ဒဏ် လေးပုံတစ်ပုံ လျော့မယ်ဆိုတာ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်တို့ အပါအဝင် ထောင်ဒဏ် ၆၅နှစ် အထက်ကျခံနေရသူတွေဟာ အမှုတစ်ခုချင်းစီအလိုက် ထောင်ဒဏ် ၁၅နှစ်နဲ့ လေးမှုအထက် ကျသူတွေ ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် သူတို့တွေဟာ အနှစ် ၂၀အောက် လေးပုံတစ်ပုံထဲပါနေတယ်လို့ နားလည်ပါတယ်။ အခု လျော့ချလိုက်တဲ့အတွက် ထောင်ထဲမှာ ၄၈နှစ်နဲ့ ၄ လကျော်ကျော်လောက် ဆက်ရှိနေရမဲ့ သဘောဖြစ်နေပါတယ်။ ဒါကြောင့် သူတို့တွေ လွတ်လာဖို့ မလွယ်ပါဘူး။ ဒီလို လေးပုံတစ်ပုံ လျော့ချပုံအရကြောင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးလွတ်လာဖို့ မမျှော်လင့်ရပါဘူး တစ်ချို့လွတ်ရက်နီးလို့ ရက်စေ့တဲ့သူတွေတော့ ပါကောင်းပါလာနိုင်ပေမဲ့ ခေါင်းဆောင်တွေကတော့ ကျန်နေခဲ့ရမဲ့ သဘောရှိပါတယ်။ အစိုးရအနေနဲ့ကတော့ ဒီမိုကရေစီစနစ်ကို သွားနေတယ်၊ ပြုပြင်ပြောင်းလဲမှုအတွက် ကောင်းတာတွေလည်း လုပ်သင့်သလောက် လုပ်နေတဲ့အချိန်မှာ ဒီလူတွေကို လွှတ်ပေးတာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်နေပါတယ်။ နောက်တစ်ချက်ကတော့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ဝိသေသတွေ၊ ဒီမိုကရေစီ ဖြစ်ထွန်းမှုတွေမှာ ဒီလူတွေ ပါဝင်ခွင့်မရသေးတာကြောင့် အနှောက်အယှက် ဖြစ်နေဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။
ကိုမြတ်သူ (ကိုမင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသား အဖွဲ့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်)
အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ခိုးဆိုးဓားပြမှုတွေနဲ့ ရာဇ၀တ်မှု ကျူးလွန်နေသူတွေကို နိုင်ငံတော်အတွက် စွန့်လွတ်အနစ်နာခံထားတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေနဲ့ တစ်တန်းတည်းထားပြီး သတ်မှတ်မယ်ဆိုရင် လုံးဝမတရားပါဘူး။ ဒီလိုရာဇ၀တ်မှု ကျူးလွန်သူတွေကို ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူတွေနဲ့ တစ်တန်းတည်း ထားလိုက်တာဟာ နိုင်ငံတော်သစ်အတွက် အန္တရာယ်အရမ်းကြီးပါတယ်။ ဖြစ်စေချင်တာက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို တရားရှင် လွှတ်ပေးသင့်တာပါပဲ။ ဒီလိုမှ မဟုတ်ရင် ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ ထင်သာမြင်သာမရှိဘဲ ပွင့်ပွင့်လင်းလင်းလည်း မရှိဘူး။ ဒီမိုကရေစီနိုင်ငံသစ်ကို သွားနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဘယ်လိုဆက်ပြီး ယုံကြည်ရမှာလဲ။
ဒါရိုက်တာ ၀ိုင်း
ဒီလိုလျော့ချမှုတွေကို ဘယ်သူတွေကမှ ထောက်ခံမှာ မဟုတ်သလို ဘယ်သူတွေကမှ သဘောကျမှာလည်း မဟုတ်ဘူးလို့ ထင်ပါတယ်။ ဖြစ်သင့်တာကတော့ case တစ်ခုချင်းစီကို case by case ပြန်ပြီး စဉ်းစားသင့်တယ်၊ သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ ဒီအမှုတွေကို စီရင်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြီး စိစစ်သင့်တယ်။ အမှုတွေဟာ တရားဝင်၊ မဝင်၊ တကယ်ရှိ၊ မရှိ ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီးတော့၊ အစိုးရကို မကောင်းပြောခဲ့တာလေး တစ်ခုနဲ့ ဒီလူတွေကို ၆၅နှစ်လောက် ထောင်ထဲမှာ မထားသင့်တော့ပါဘူး။ မုဒိမ်းမှုကျူးလွန်တဲ့သူတွေတောင် ဆယ်နှစ်လောက်ပဲ ထောင်ကျတာ။ ဟိုအရင်ခေတ်က အစိုးရကို မကောင်းပြောခဲ့တာပဲ။ ဒီဘက်ခေတ် အစိုးရလက်ထက်မှာ ဒီလူတွေကို လွှတ်ပေးလိုက်ပြီး ဒီမိုကရေစီ အခင်းအကျင်းမှာ ပါခိုင်းလိုက်ပေါ့။ ဒီဘက်ခေတ်မှာ ဒီလူတွေက ဥပဒေနဲ့ မညီတာတွေလုပ်ရင် ဒီဘက်ခေတ်ဥပဒေနဲ့ ပြန်ပြီး အရေးယူပေါ့။ နိုင်ငံရဲ့ အပြောင်းအလဲမှာ ဒီလူတွေကို ပါဝင်ခွင့်မပေးတာဟာ ဒီမိုကရေစီစနစ်နဲ့ ဆီလျော်မှုမရှိပါဘူး။ လွှတ်ပေးစေချင်ပါတယ်။ ဒီလိုတွေကို လွှတ်ပေးခြင်းအားဖြင့် ဒီမိုကရေစီဖြစ်ထွန်းရေးမှာ ပိုကောင်းတာတွေ ဖြစ်လာလိမ့်မယ်လို့လည်း ယူဆပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေအတွက် သူတို့ရဲ့ မိသားစုဝင်တွေရော အများပြည်သူတစ်ရပ်လုံးကပါ လွတ်စေချင်နေကြပါပြီ။ သူတို့တွေက ရာဇ၀တ်မှု ကျူးလွန်ထားတာ မဟုတ်ဘဲ နိုင်ငံအတွက် အနစ်နာခံပြီး ရောက်နေကြရတာလေ။ အခုကြေညာသွားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ရာဇ၀တ်မှု ကျူးလွန်ထားသူတွေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို ရောနှောပြီး သုံးနှုန်းပြောဆိုတာ ခွဲခွဲခြားခြား မသိရတာတွေကို တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါကို ကြည့်ချင်အားဖြင့် ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့ အစိုးရသစ်တစ်ရပ်ဆိုတာကို ယုံကြည်နိုင်ဖို့ အရမ်းကို ခက်ခဲနေပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး
ဒီကြေညာချက် ထွက်လာတဲ့အခါမှာ Something is better than nothing လို့ ထင်ပေမဲ့ ပြည်သူတွေကရော၊ နိုင်ငံခြားမှာရှိနေတဲ့သူတွေကရော လွတ်လွတ်ကျွတ်ကျွတ် လွတ်လာမှာကို မျှော်လင့်နေကြတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ အခုလို ဈေးဆစ်ပြီး လုပ်နေတာတွေကို လျော့ပြီး ဒီလူတွေ (ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ) ဒီမိုကရေစီဖြစ်ထွန်းမှုမှာ ပါလာပြီဆိုရင် ပိုပြီး အကျိုးရှိတာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ပြီး အခုချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်နေတယ်။ NLD နဲ့ ဒေါ်စုကို ရွေးကောက်ပွဲဝင်ဖို့ အခင်းအကျင်းတွေ လုပ်ပေးခဲ့တယ်။ ဒါတွေဟာ နိုင်ငံတကာ ပြည်သူတွေရော၊ ပြည်တွင်း ပြည်သူတွေအတွက်ပါ မျှော်လင့်ချက်တွေ ဖြစ်စေခဲ့တယ်။ သူတို့တွေ ဖြစ်ချင်နေတဲ့ မျှော်လင့်ချက်တွေကို ပြည့်စေချင်တယ်။ NLD မှတ်ပုံတင်ဖို့နဲ့ ဒေါ်စုကို ရွေးကောက်ပွဲဝင်စေဖို့ အကြာကြီးစောင့်ပေးခဲ့တာပဲဗျာ။ အဲသလောက်တောင် စောင့်ပေးခဲ့ပြီးခါမှာ ဒီလူတွေကိုလည်း နိုင်ငံရေးအခင်းအကျင်းထဲ ပြန်ပြီးတော့ ပါဝင်နိုင်အောင် လုပ်ပေးရင် ပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။
ဦးကြည်မြင့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေတုန်းကလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့ ပါတ်သတ်ပြီး အဆိုတင်သွင်းကြသလို တပ်မတော်သားကိုယ်စားလှယ်တွေရော အာဏာရ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်တွေပါ ထောက်ခံဆွေးနွေးခဲ့ကြတယ်။ လွှတ်တော် ဥက္ကဋ္ဌတွေကလည်း ဒီကိစ္စကို ပြောခဲ့တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေကို လွှတ်ပေးဖို့ ယခင်ကထက် နီးကပ်လာပြီလို့ ဒီဇင်ဘာလဆန်းတုန်းက ပြောထားပါတယ်။ ဟီလာရီကလင်တန်လာတုန်းကလည်း ဒီကိစ္စကို အဓိက ကိစ္စတစ်ခုအဖြစ် ဆွေးနွေးခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် မဏ္ဍိုင်တစ်ခုနဲ့တစ်ခု အပြန်အလှန်လေးစားမှုရှိဖို့ လိုပါတယ်။ ဥပဒေပြုရေး မဏ္ဍိုင်ထဲမှာပါဝင်တဲ့ လွှတ်တော်တွေ၊ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ၊ ပဉ္စမမဏ္ဍိုင်ဖြစ်တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အုပ်ချုပ်ရေးမဏ္ဍိုင်က အသိအမှတ်ပြု လေးစားသင့်ပါတယ်။ အခုထုတ်ပြန်ချက်က အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရအပေါ်မှာပဲ မူတည်နေပါတယ်။
ဝေဖြိုး (အယ်ဒီတာချုပ်၊ Weekly Eleven News Journal)
NLD ပါတီမှ တာဝန်ရှိသူများအပါအဝင် အခြားပုဂ္ဂိုလ်များ၏ ထင်မြင်ယူဆချက်များအား ရရှိနိုင်ရန် ဆက်သွယ်လျက်ရှိပါသည်။ ထပ်မံရရှိပါက ဆက်လက်တင်ပြပေးသွားပါမည်။
http://news-eleven.com/index.php?option=com_content&view=article&id=11734&Itemid=112
ပင်လုံညီလာခံ နဲ့ စစ်မှန်သော ပြည်ထောင်စုအရေး
တနင်္ဂနွေ, 01 ဇန်နဝါရီ 2012
By ဦးစံမိုးဝေ
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးသုံးသပ်ချက်အစီအစဉ်မှာ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ (၂၁) ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံ နဲ့ မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ် ပြောဆိုနေတဲ့ ပင်လုံညီလာခံလို ညီလာခံမျိုးဆိုတာတွေမှာ ဘယ်လိုများ ခြားနားမှုတွေ ရှိနေသလဲဆိုတာနဲ့အတူ တိုင်းရင်းသားအရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မကြာခင်ပေါ်ပေါက်လာတော့မယ့် တရားဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တို့ရဲ့  အမြင်သဘောထားတွေကို ဦးစံမိုးဝေ က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင် နဲ့ ဆွေးနွေးထားပါတယ်။
ဦးစံမိုးဝေ ။ ။ ပြီးခဲ့တဲ့နှစ် အခုလို အချိန်မျိုးက မြန်မာအစိုးရလက်ထက် အကောင်အထည်မဖော်နိုင်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ကို အခြေခံပြီး ဒုတိယအကြိမ် ပင်လုံညီလာခံကို ခေါ်ယူရေးကြေညာစာတမ်းတခု ထွက်ပေါ်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း (၂၁) ရာစုနဲ့ ကိုက်ညီတဲ့ (၂၁) ရာစု ပင်လုံညီလာခံ အကောင်အထည်ဖော်မယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီတုန်းက တိုင်းရင်းသားအင်အားစု အများအပြားကလည်း ကြိုဆိုခဲ့ကြပါတယ်။ အခုအချိန်အထိ အဲဒီရည်ရွယ်ချက် ရှိနေသေးသလားဆိုတာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ဗဟိုကော်မတီဝင် ဦးဝင်းတင် ကို ကျနော် မေးကြည့်ခဲ့ပါတယ်။
ဦးဝင်းတင် ။ ။ အမှန်အတိုင်း ပြောရရင် ဒုတိယ ပင်လုံညီလာခံ ကျင်းပမယ်ဆိုတာက ဇိုမီး ချင်းအမျိုးသားညီလာခံကနေ ကလေးမြို့  ညီလာခံကနေ ဆုံးဖြတ်လိုက်တဲ့ကိစ္စ။ ဒါက တစ်။ နှစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အခါ ဒီကိစ္စကို သူ တာဝန်ယူပြီး ဆောင်ရွက်ပါမယ့်လို့ ပြောတယ်။ ဒါက ဒုတိယတချက်။ နောက်တချက်က ဘာပြောစရာ ရှိသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ဟာက ဒီခေတ်မှာ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဘာတွေ ခက်ခဲလို့ ဒုတိယပင်လုံညီလာခံ ညှိနှိုင်းရေးရာ ခက်ခဲနေမယ်ဆိုရင် ဒီဟာကို (၂၁) ရာစု ပင်လုံညီလာခံဆိုပြီး နံမည်ပြောင်းပြီးတော့ နံမည်တပ်ပြီးတော့ အဲဒီ (၂၁) ရာစုနဲ့ ကိုက်ညီတဲ့ နည်းပညာတွေနဲ့ သုံးပြီးတော့ ကျနော်တို့ အချင်းချင်းကြားမှာ ညှိနှိုင်းမှုတွေလုပ်သွားမယ်။ အဲဒီ လုပ်သွားမယ့် ပေါ်ပေါက်လာတဲ့ ရလဒ်တွေနဲ့ ပင်လုံညီလာခံရဲ့  ဆုံးဖြတ်ချက်တွေကို resolution တွေကို ကျနော်တို့ ဖော်ထုတ်မယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။
ဦးစံမိုးဝေ ။ ။ အခု မကြာခင်က မီးရထားဝန်ကြီး ဦးအောင်မင်း က တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို အပစ်ရပ်ရေးဆိုပြီး လိုက်ပြီးတော့ ဆွေးနွေးမှုတွေလုပ်ကိုင်နေရာမှာ သူ့ရဲ့  ရည်မှန်းချက်ထဲမှာ တချိန်ကျရင် နေပြည်တော်မှာ တိုင်းရင်းသားအဖွဲ့တွေကို ဒုတိယပင်လုံညီလာခံသဘောမျိုး တွေ့ဆုံပြီး လက်မှတ်ရေးထိုးကြဖို့ဆိုတာ ပါဝင်ပါတယ်။ အဲဒီတော့ အခုန ဒေါ်အောင်ဆန်းစုကြည်ရဲ့  (၂၁) ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံဆိုတာနဲ့ မီးရထားဝန်ကြီးနဲ့ NGO လူတစုပြောနေတဲ့ ဒုတိယ ပင်လုံညီလာခံဆိုတာ ဘာတွေများ ကွာခြားမှု ရှိပါသလဲ။
ဦးဝင်းတင် ။ ။ ကျနော်ထင်တယ် သူတို့ပြောတဲ့စကား အပြည့်အစုံ မသိရတဲ့အတွက် ပင်လုံညီလာခံလိုဟာမျိုး ကျင်းပမယ့်ဆိုတဲ့ စကားလုံးကြားရတာပဲရှိတယ့်အတွက် ကျနော်တို့ အတိအကျတော့ ကျနော်တို့နဲ့ သူတို့နဲ့ ဘယ်လို ခြားနားမှုရှိမယ်ဆိုတာတော့ ကျနော် မသိဘူး။ ဒါပေမဲ့ ကျနော်ပြောချင်တာက ကျနော်တို့ရဲ့  ရည်မှန်းချက်၊ တိုင်းရင်းသားတွေအားလုံးရဲ့  ရည်မှန်းချက်။ နောက် ဒုတိယ ပင်လုံညီလာခံခေါ်ဖို့ စိုင်းပြင်းနေတဲ့ တိုင်းရင်းသားပါတီအဖွဲ့အစည်းများရဲ့  ရည်မှန်းချက်က ဘာလဲဆိုတော့ ဒီညီလာခံမှာ ကျနော်တို့ဟာ တိုင်းရင်းသားများရဲ့  တန်တူအခွင့်အရေးကို ကျနော်တို့ ဖော်ထုတ်မယ်။ ဆွေးနွေးမယ်၊ ညှိနှိုင်းမယ်၊ ဆုံးဖြတ်မယ်။ နောက်တခုက တိုင်းရင်းသားများရဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျနော်တို့ ဆွေးနွေးမယ်၊ ပြဌာန်းမယ်၊ ညှိနှိုင်းမယ်၊ ဖော်ထုတ်မယ် ဒီ နှစ်ချက်က အဓိကပါ။ အဲဒီ နှစ်ချက်သာ ကျနော်တို့ဆီမှာရှိမယ်ဆိုရင် စစ်မှန်တဲ့ ပြည်ထောင်စုဆိုတာကြီးက အလွယ်တကူနဲ့ တက်လှမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ သူတို့က ဘယ်လို ယုံကြည်ပါသလဲဆိုတာကိုတော့ မသိပါဘူး။ အဲဒီ နှစ်ချက်ကို သူတို့လည်း ယုံကြည်မယ်ဆိုလို့ရှိရင် ကျနော်တို့နဲ့ သူတို့ဟာ ခရီးတူနေတဲ့အတွက်၊ လမ်းတူနေတဲ့အတွက် ခရီးဆုံးကို အတူတူ ရောက်ကြမှာပဲလို့ ပြောလို့ရပါတယ်။ အဲဒါပေမယ့် ကျနော်တို့ရဲ့  ယုံကြည်ချက်ဟာ ဖယ်ဒရယ် ယူနီယံ (Federal Union) စစ်မှန်သောပြည်ထောင်စု ကို ဆိုလိုခြင်း ဖြစ်တယ်ဆိုတာကိုတော့ ကျနော်ထင်တယ် စကားခံပြီးတော့ ပြောရလိမ့်မယ်။
ဦးစံမိုးဝေ ။ ။ ဖယ်ဒရယ် - ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရအဆက်ဆက်လက်ထက်မှာ လက်တွန့်ခဲ့ကြပါတယ်။ နိုင်ငံရပ်ခြားဒေသက ကိုယ်စားလှယ်တွေနဲ့ စကားပြောဆိုရင် စိုးရိမ်စရာကိစ္စ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံကို ရုရှားနိုင်ငံလို ကွဲပြဲသွားတာမျိုး အဖြစ်မခံနိုင်ကြောင်း စတာတွေ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဆရာတို့အနေနဲ့ အဲဒီလိုမျိုး စိတ်ပူပန်မှု မရှိဘူးလား။
ဦးဝင်းတင် ။ ။ ကျနော်ပြောချင်တာက အစောကပြောခဲ့သလို ဖယ်ဒရယ်နဲ့ ပတ်သက်လို့ အစိုးရအဆက်ဆက် လက်တွန့်တယ်ဆိုတာက ဖယ်ဒရယ်လို သူတို့က ဟိုးရှေ့ အဆက်ဆက်က စတင်ပြီးတော့ စစ်အစိုးရတွေအဆက်ဆက်က ဖယ်ဒရယ်ဆိုတာ ခွဲထွက်ရေးဖြစ်တယ်ဆိုပြီး ပြောခဲ့တာ။ ကျနော်တို့မှာ အခုလည်း ခင်များတို့ ကြားမိမှာပေါ့ တိုင်းရင်းသားခေါင်းဆောင်တွေအသီးသီးကနေ အတိအလင်း ထုတ်ဖော်ပြောကြားနေချက်။ သို့မဟုတ် အာမဘန္တ ခံနေတဲ့အချက်က ဘာလဲဆိုတော့ ကျနော်တို့ဟာ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ လုံးဝကို ရည်မှန်းချက် မရှိပါဘူးဆိုတာကို အတိအလင်းပြောနေပါတယ်။ ဒါကတချက်။ အဲဒါကြောင့် ဖယ်ဒရယ်ဆိုတာ ပြည်ထောင်စုကနေ ခွဲထွက်ရေးဆိုတာ လုံးဝမဟုတ်ဘူးလို့ အာမခံပြီးတော့ ပြောလို့ရတဲ့အခြေအနေမျိုး ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒုတိယတချက် ပြောချင်တာကတော့ ဖယ်ဒရယ်လုပ်ရင် ရုရှားတို့ ဘာတို့လို့ ခွဲထွက်မယ်ဆိုတာက ရုရှားတို့နဲ့ ကျနော်တို့နဲ့က မတူဘူး။ ဖယ်ဒရယ်ဆိုတဲ့ကိစ္စက ကျနော်တို့က ဒီမိုကရေစီ စနစ်အောက်မှာလုပ်မယ့် Federal State ဖြစ်တယ်။ ရုရှားတို့ လုပ်တယ်ဆိုတာ ကွန်မြူနစ်စနစ်အောက်မှာ လုပ်တဲ့ ဖယ်ဒရယ်ပုံသဏ္ဍာန် အဲဒီတော့ ကွန်မြူနစ်စနစ်အောက်မှာ လုပ်တယ်ဆိုတာ သူတို့ဆီမှာ လွတ်လပ်မှုတွေ မရှိဘူး၊ ဖိနှိပ်မှုတွေ အများကြီးရှိမယ်ဆိုတဲ့ အခါကြတော့ တိုင်းရင်းသားတွေအနေနဲ့က ဒီလို ကွန်မြူနစ်စနစ်အောက်မှာ ဖယ်ဒရယ်ပြည်တခု (federal state) ထူထောင်ဖို့၊ ရပ်တည်ဖို့ ခဲယဉ်းလိမ့်မယ်။ ဒါကြောင့် ပြိုကွဲတာ။ နောက်ဆုံး ပြိုကွဲတဲ့အဆင့်ကို ရောက်သွားတယ် ပြောလို့ရတယ်။ ကျနော်တို့လုပ်မယ့် Federal State ဆိုတာက ဒီမိုကရေစီအောက်မှာ တည်ဆောက်မယ့် Federal State ဆိုတော့ ကျနော်တို့ကတော့ ရရှားလို ကံကြမ္မာမျိုး ကြုံနိုင်လိမ့်မယ်လို့ မယူဆဘူး။ ထင်လည်းမထင်ပါဘူး။
ဦးစံမိုးဝေ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တရားဝင် နိုင်ငံရေးပါတီတခုအဖြစ် မှတ်ပုံမတင်ခင်က သပိတ်မှောက်ထားတုန်းက နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ရတဲ့အချိန်မှာ အခက်အခဲတွေရှိမယ်။ အခုတော့ တရားဝင် နိုင်ငံရေးပါတီ ဖြစ်လာတော့မယ်ဆိုတော့ ပါတီဖြစ်လာရင် တိုင်းရင်းသားအရေးသည် စည်းလုံးညီညွှတ်ရေးကိစ္စတွေအတွက် စပြီးလုပ်ဖို့ ရည်ရွယ်ထားတာများ ရှိပါသလား။
ဦးဝင်းတင် ။ ။ ကျနော်တို့ ရည်ရွယ်ပါတယ်။ အခုတောင် ကျနော်ထင်တယ် ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လိုပြောရမလဲဆိုရင် ကျနော်တို့ပါတီဟာ လှုပ်ရှားနိုင်တဲ့အချိန်ကြမှ တရားဝင်ပါတီအဖြစ်နဲ့ လှုပ်ရှားနိုင်တဲ့အချိန်မှ တိုင်းရင်းသားကိစ္စကို အလေးထား ဆောင်ရွက်မယ်ဆိုတာမျိုး မဟုတ်ဘူး။ ကျနော်တို့မှာ နဂိုပါတီ စတင်ထူထောင်တဲ့အချိန်ကတည်းက တိုင်းရင်းသားတွေအပေါ်မှာ ထားတဲ့သဘောထားက တလျှောက်လုံး ဗိုလ်ချုပ်အောင်ဆန်းလက်ထက်တုန်းက ထားခဲ့တဲ့သဘောထားအတိုင်းပဲ ထားပါတယ်။ တိုင်းရင်းသားတွေအားလုံးဟာ ကျနော်တို့ရဲ့  ညီနောင်ရင်ခြားတွေဖြစ်တယ်။ တိုင်းရင်းသားညီအကိုတွေ ဖြစ်တယ်။ ဒီ ညီအကိုတွေကြားမှာ လိုအပ်ချက်က စစ်မှန်သောပြည်ထောင်စုကို အားလုံးတည်ဆောက်ဖို့ဆန္ဒ သဘောထားတွေ တူညီစွာ ရှိပြီးသာဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ ဆက်ဆံတဲ့အခါမှာ အထူးတလည် ပါတီပြန်လည်ပြီးတော့ ရပ်တည်နိုင်တဲ့အချိန်ကြမှ ဒီကိစ္စကို ကိုင်တွယ်စဉ်းစားမယ်ဆိုတာ မဟုတ်ပါဘူး။ နဂိုအတိုင်းပဲ ဆက်လက်ပြီး ရပ်တည်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဦးစံမိုးဝေ ။ ။ ဒီနေရာမှာ တခုမေးချင်တာက တိုင်းရင်းသားလူမျိုးစုတချို့ ဟာ မြန်မာအစိုးရအဆက်ဆက်ဟာ ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးတယ်ဆိုတာ အယူအဆတွေ ကြားနေရပါတယ်။ တန်တူမူ မရှိဘူး။ ဆရာအနေနဲ့ အဲဒီ ပြောဆိုချက်အပေါ် ဘယ်လိုအမြင် ရှိပါသလဲ။
ဦးဝင်းတင် ။ ။ အတိုချုပ် ပြောရရင်တော့ ကျနော်တို့ တိုင်းရင်းသားတွေ ယူဆသလိုပဲ ကျနော်တို့လည်း တိုင်းရင်းသားပေါ့။ ဗမာလူမျိုးဆိုတာကလည်း တိုင်းရင်းသားပေါ့။ လူမျိုးကြီးဆိုတာကို လက်မခံပါဘူး။ လူမျိုးကြီးတို့၊ ပါတီကြီးတို့ ဘာကြီးတို့ညာကြီးတို့ ဆိုတာတွေ ဘယ်ဟာကြီးမှ လက်မခံဘူး။ ကျနော်တို့တွေဟာ အားလုံးတန်တူညီတူ ရှိမယ်။ လက်တွဲလုပ်၊ ပူးပေါင်းလုပ် သွားကြမယ်။ တယောက်နဲ့တယောက် ကူညီရိုင်းပင်ပြီးတော့ လုပ်သွားကြမယ်ဆိုတဲ့သဘောထားကို လက်ခံတဲ့အတွက် ကျနော်တို့တတွေဟာ ဗမာဟာ လူမျိုးကြီးဆိုတာကို လုံးဝလက်မခံပါဘူး။ အဲဒါကြောင့် ကျနော်တို့မှာတော့ လူမျိုးကြီးဆိုတဲ့ စနစ်လည်းမရှိဘူး။ ကျနော်တို့ ရည်မှန်းတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုဆိုတဲ့ နေရာမှာလည်း တိုင်းရင်းသားတမျိုးပဲ တိုင်းရင်းသားလူမျိုးတမျိုးပဲ ဖြစ်မှာပဲ။ လူမျိုးကြီးမဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ပြည်ထောင်စုကို ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားများအထဲမှာ တိုင်းရင်းသားတခုအပါအဝင်ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။
ဦးစံမိုးဝေ ။ ။ ကျနော်တို့ နိုင်ငံမှာ သံယဇာတတွေ ပေါကြွယ်ဝတယ်။ တိုင်းရင်းသားဒေသတွေမှာ အဲဒီ သံယဇာတတွေ ရှိတယ်။ ဒါပေမဲ့ ဒီ သံယဇာတက ရရှိတဲ့ အကျိုးအမြတ်တွေကိုတော့ တိုင်းရင်းသားဒေသခံတွေ မခံစားရဘူးဆိုတဲ့ အယူအဆတွေ ရှိပါတယ်။ တိုင်းရင်းသားပါတီတခုကဆိုရင် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ညီလာခံခေါ်ပြီး ဆွေးနွေးမှုပြုလုပ်ဖို့ဆိုပြီး ကြားနေရပါတယ်။ အဲဒီလိုမျိုး အခြေအနေတွေ ရှိနေသမျှ စည်းလုံးညီညွှတ်ရေးရဖို့ဆိုတာလည်း မလွယ်ဘူးလို့ ပြောကြပါတယ်။ ဆရာတို့အနေနဲ့ကော အဲဒီကိစ္စအပေါ်မှာ ဘယ်လိုသဘောထား ရှိပါသလဲ။
ဦးဝင်းတင် ။ ။ ဒီလို ပြောချင်ပါတယ် - သူတို့ ဘာဆွေးနွေးမယ်ဆိုတာ မသိသေးတဲ့အခါကြတော့ ဘယ်လိုပြောရမယ်ဆိုတာတော့ ကျနော်တို့ မသိသေးဘူး။ ဒါပေမဲ့ အခုနပြောတဲ့ သံယဇာတတွေကို ပြည်မ၊ ဗမာတွေကပဲ ထုတ်ယူသုံးစွဲနေတာမျိုး မဖြစ်စေဘဲနဲ့ မျှမျှတတ သံယဇာတတွေ ထွက်တဲ့ ဒေသခံတွေ၊ တိုင်းရင်းသားတွေလည်း ခံစားခွင့်ရှိတယ်ဆိုတာကိုတော့ သူတို့ မူအားဖြင့် လုံးဝကို လက်ခံပါတယ်။ အဲဒီအတွက် သူတို့ ညီလာခံမှာ ဘာဆွေးနွေးမယ်ဆိုတာကို အသေးစိတ်တော့ မသိဘူး။ ဒါပေမဲ့ သူတို့ ဦးတည်ပြောတဲ့အချက်ုဖြစ်တဲ့ ဒေသခံတွေဟာ ဒေသကထွက်တဲ့ သံယဇာတတွေကိုလည်း သင့်တင့်တဲ့ အချိုးအစားအလျောက် ခံစားခွင့်ရှိတယ်ဆိုတာကိုတော့ လက်ခံပါတယ်။
ဦးစံမိုးဝေ ။ ။ ဗိုလ်ချုပ်အောင်ဆန်း လက်ထက်တုန်းက ရခဲ့တဲ့ ပင်လုံသဘောတူညီမှုမျိုး ရဖို့အတွက် အခုအချိန်မှာ အရေးကြီးဆုံး လိုအပ်ချက်က ဘယ်လိုအချက်မျိုးလို ယူဆပါသလဲ။
ဦးဝင်းတင် ။ ။ အရေးကြီးဆုံးကတော့ ပထမဦးဆုံး တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်သွားဖို့က ပထမဆုံး လိုအပ်ချက်။ ဒုတိယလိုအပ်ချက်က တိုင်းရင်းသားဒေသတွေမှာ နိုင်ငံရေးဆွေးနွေးချက်တွေ ဖော်ထုတ်ဖို့ဖြစ်တယ်။ အဲဒါတွေက တိုင်းရင်းသားဒေသတွေက နိုင်ငံရေးခေါင်းဆောင်တွေ၊ ပြည်သူတွေရဲ့  ဆန္ဒသဘောထားနဲ့အညီ ကျနော်တို့ဟာ ပြည်နယ်တွေမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ဖြစ်တယ်။ အဲဒီနှစ်ခုသာ လုပ်သွားနိုင်မယ်ဆိုရင် စောစောကပြောတဲ့ နောက်ဆုံးပိတ် အဆင့်ဖြစ်တဲ့ ဒုတိယ ပင်လုံကဲ့သို့သော ညီလာခံတရပ် ကျင်းပနိုင်ပြီးတော့ အဲဒီညီလာခံမျိုးမှာ တိုင်းရင်းသားတွေရဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားတွေရဲ့  တန်တူမှုဆိုတဲ့အချက်တွေကို ဖော်ထုတ်သွားနိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်မှာ အကောင်းဆုံးနဲ့ စစ်မှန်ဆုံး ပြည်ထောင်စုတခုကို ဖော်ထုတ်နိုင်မှာဖြစ်တယ်လို့ ယူဆပါတယ်။
ဦးစံမိုးဝေ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင် ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာနှစ်သစ် ဖြစ်ကြပါစေ။
http://www.voanews.com/burmese/news/democracy-forum/burma_forum_01-01-2011-136504128.html
အိမ်ရှင်မရှိတုန်းဝင်ခိုးတဲ့သူခိုးလူဟစ်..
တနင်္လာ, 02 ဇန်နဝါရီ 2012
NLD ခွပ်ဒေါင်းတံဆိပ် မှတ်ပုံတင် ကန့်ကွက်ခံရ

By မစုမြတ်မွန်
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ထားချိန်မှာ NLD ပါတီက အသုံးပြုတဲ့ အမှတ်တံဆိပ် ခွပ်ဒေါင်းဟာ သူတို့ပါတီက တံဆိပ်နဲ့ ဆင်တူနေတယ်ဆိုပြီး ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက ကန့်ကွက်လိုက်ပါတယ်။ NLD ကတော့ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ် စာရင်းပေးရမယ့်ရက် မတိုင်ခင် မှတ်ပုံတင်ခွင့် ကျမယ်လို့ မျှော်လင့်နေသလို ပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် လုပ်စရာရှိတာတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့ ပါတီပြောရေးဆိုခွင့် ရှိသူက ပြောခဲ့တဲ့အကြောင်း ဘန်ကောက်ရုံးကနေ ဆက်သွယ်မေးမြန်းထားတဲ့ မစုမြတ်မွန်က တင်ပြထားပါတယ်။
NLD ပါတီက ၁၉၈၈ ခုနှစ်မှာ ပါတီ စတင်ထူထောင်ပြီး ပထမတစ်ကြိမ် မှတ်ပုံတင်ကတည်းက အလံမှာ အသုံးပြုခဲ့တဲ့ ခွပ်ဒေါင်းပုံကို အခုတခါ ထပ်ပြီး ပါတီမှတ်ပုံတင်တဲ့အခါမှာ ပါတီအမှတ်တံဆိပ်နဲ့ ပါတီသင်္ကေတအဖြစ် ထည့်သွင်းထားတာကို ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက ရွေးကောက်ပွဲ ကော်မရှင်မှာ ကန့်ကွက်လိုက်တာဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေ ထင်ယောင်ထင်မှား ဖြစ်မှာစိုးတဲ့အတွက်လို့ အဲဒီပါတီ ဒုတိယဥက္ကဋ္ဌ ကိုသန်းဦးက ဆိုပါတယ်။


“ကျနော်တို့ပါတီရဲ့ အလံနဲ့သင်္ကေတက ခွပ်ဒေါင်းတံဆိပ်ကို သုံးထားတယ်။ အခုလည်းပဲ NLD ပါတီက တင်တဲ့ဟာက ခွပ်ဒေါင်းတံဆိပ် ဖြစ်နေတယ်ဗျ။ အဲဒါကြောင့် မဲဆန္ဒရှင် ပြည်သူတွေကနေပြီးတော့မှ ထင်ယောင်ထင်မှား ဖြစ်လာနိုင်တယ်ပေါ့လေဗျာ။ ပြီးတော့ NLD ကို ပေးတဲ့မဲတွေက ကျနော်တို့ပါတီကို ရောက်လာနိုင်သလိုပဲ ကျနော်တို့ပါတီကို ပေးမယ့်မဲတွေကလည်း NLD ကို ရောက်သွားနိုင်တယ်ပေါ့။ အဲဒါကြောင့် လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲက ဖြစ်မလာနိုင်ဘူးပေါ့ဗျာ။ ပြီးတော့ ပြည်သူတွေကလည်း ကိုယ်ပေးချင်တဲ့ပါတီကို တိုက်ရိုက်ပေးခွင့် မရနိုင်ဘူးပေါ့။ အဲဒါကြောင့် ကျနော်တို့က ကန့်ကွက်တာပါ။”
တကယ်တော့ NLD က သူ့အလံမှာပါတဲ့ ခွပ်ဒေါင်းပုံကို သုံးတာက လွန်ခဲ့တဲ့ ၂၃ နှစ်ကတည်းက သုံးနေတာပဲ မဟုတ်ဘူးလားရှင့်။
“မှန်ပါတယ်ခင်ဗျ။ နောက်ပိုင်းမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံကလည်း အသစ်ပြောင်းသွားတယ်။ နောက်ပြီးတော့ မှတ်ပုံတင်တာတွေလည်း အသစ်ပြောင်းသွားတဲ့အခါမှာ ပြန်ပြီး မှတ်ပုံတင်တဲ့အခါမှာကျတော့ ကျနော်တို့ ပါတီက register ကို စောစောစီးစီး ရထားတယ်ပေါ့ဗျာ။ နောက်ပိုင်းကျမှ ပြန်ပြီးတော့တင်ရတဲ့ ပါတီ ဖြစ်တဲ့အတွက်ကြောင့် သူက ဒီဟာတွေကို စဉ်းစားပြီးမှ လုပ်ရမယ့်အနေအထား ရှိပါတယ်ခင်ဗျ။”
NLD ဘက်ကတော့ အခုလို တခြားပါတီက ကန့်ကွက်နေတာကို တရားဝင် မသိရသေးဘူးလို့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“တရားဝင်တော့ မသိဘူး။ ကြားတော့ တံဆိပ်ကို ကန့်ကွက်တယ်ဆိုလား၊ ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။ ကျနော်တို့ တံဆိပ်ကလည်း ဘာမှတူတာလည်း မဟုတ်ပါဘူး။ ဘယ်လို အကြောင်းပြချက်နဲ့ ကန့်ကွက်သလဲတော့ ကျနော်လည်း မသိဘူး။”
တကယ်တော့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်တုန်းက သူတို့ပါတီက ခွပ်ဒေါင်းတံဆိပ်ကို သုံးခဲ့လို့ ဒါဟာ ကျောင်းသားလှုပ်ရှားမှုသမိုင်း အစဉ်အလာကို ထိခိုက်စေတယ်လို့ ဆိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကရော လက်ရှိ အကျဉ်းကျနေဆဲဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ကိုယ်စားပြုတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကရော ကန့်ကွက်ခဲ့ကြပါတယ်။ NLD ပါတီကတော့ ကိုသန်းဦးတို့၊ ကိုအေးလွင်တို့ ပါတီက ကန့်ကွက်နေပေမဲ့ ပါတီမှတ်ပုံတင်ထားတာ အချိန်မှီကျမယ်လို့ မျှော်လင့်ပါတယ်။ ဇန်နဝါရီက ၁၆ ရက်နေ့ကနေ ၃၁ ရက်နေ့ကြားမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေ စာရင်းပေးရတော့မှာမို့ အဆိုပြုချင်သူတွေရှိရင် သိနိုင်အောင် ဒီနေ့ပဲ NLD တာဝန်ရှိသူတွေ စည်းဝေးခဲ့ကြပါတယ်။
“သက်ဆိုင်ရာတိုင်း၊ သက်ဆိုင်ရာမြို့နယ်က သူတို့ အဆိုပြုချင်တာရှိရင် တင်နိုင်အောင်ဆိုပြီး ကျနော်တို့ ဒီနေ့ပဲ စာထုတ်ပြီးတော့ မေးပါမယ်။”
ဘယ် ကိုယ်စားလှယ်လောင်းတွေက ဘယ်မြို့နယ်မှာ ကိုယ်စားပြုပြီးတော့ ၀င်အရွေးခံမယ်ဆိုတာကို ဘယ်တော့လောက် ဆုံးဖြတ်ပါမလဲ။
“ကျနော် ပြောနိုင်တာကတော့ အဲဒီ ၀င်မယ့်ပုဂ္ဂိုလ်တွေကို ဆုံးဖြတ်ဖို့က ကျနော်တို့ ဒီလ ၁၆ ရက်နေ့ မတိုင်ခင်ပေါ့ဗျာ။ အဲဒီလောက်ကျမှ ဆုံးဖြတ်နိုင်မယ်။ ကျနော်တို့ ပြည်နယ်တိုင်းတွေရဲ့ မြို့နယ်တွေရဲ့ ဆန္ဒကိုလည်း တောင်းထားတယ်။ အဲဒီတော့ ဆုံးဖြတ်တာက အဲဒီရက်လောက်ကျမှ ဆုံးဖြတ်နိုင်မယ်။”
ရွေးကောက်ပွဲဝင်မယ့် မြို့နယ်တွေမှာ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တွေ ဆက်ပြီး ဖွဲ့သွားဖို့ကိုလည်း NLD က စီစဉ်နေပါတယ်။ လောလောဆယ်မှာတော့ ပါတီဝင်သစ် မှတ်ပုံတင်တဲ့ ကိစ္စတွေကြောင့် လမ်းပေါ်ထွက် စည်းရုံးမဲဆွယ်မှုတွေ မလုပ်နိုင်သေးဘူးလို့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“အမှန်အတိုင်းပဲ ပြောပါမယ်။ မလုပ်နိုင်သေးဘူး။ ကျနော်တို့ ဒီမှာ ပါတီမှတ်ပုံတင်ကျရင် လုပ်ရမယ့် ပါတီဝင်လျှောက်လွှာ ကိစ္စတို့၊ အောင်နိုင်ရေး မြို့နယ်အဆင်အထိ ကိစ္စတို့ လုပ်ငန်းတွေကလေ အပြင်ထွက် မလုပ်နိုင်သေးဘူး။ ဒီမှာပဲ ညှိနှိုင်းပြီး လုပ်နေရတာတွေက သိပ်များတယ်။ အလုပ် သိပ်များနေပါတယ်။”
NLD က ရွေးကောက်ပွဲတွေ ဝင်မယ်လို့ တရားဝင် ကြေညာခဲ့ပြီးတဲ့နောက် ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် ဒီဇင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်သွားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲတွေကို ဒီနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အစိုးရက ကြေညာထားပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်မှာ နေရာ ၄၀၊ အမျိုးသားလွှတ်တော်မှာ ၆ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော်မှာ ၂ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၄၈ နေရာ လစ်လပ်ပါတယ်။
http://www.voanews.com/burmese/news/NLD-01-02-12-136526953.html
လွတ်လပ်ရေးအကြို လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်
တနင်္လာ, 02 ဇန်နဝါရီ 2012
By မသိင်္ဂီထိုက်
အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ဒီကနေ့ ညနေ ၄ နာရီခွဲလောက်မှာ မြန်မာအစိုးရက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကတော့ အခု လွတ်ငြိမ်းချမ်းသာခွင့် အပေါ် အပြည့်အ၀ အားရကျေနပ်မှု မဖြစ်ဘူးဆိုပြီး ပြောဆိုလိုက်ပါတယ်။ ယတိပြတ် လွှတ်ပေးလိုက်တာမျိုး မဟုတ်ဘဲ ထောင်ဒဏ်တွေကို အသီးသီး လျှော့ချပေးလိုက်တာ ဖြစ်လို့ ထောင်နဲ့ချီ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဘယ်သူတွေ ပါလာမလဲ ဆိုတာ မသိရသေးပါဘူး။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့တွေကရော ဘယ်လို တုံ့ပြန်လိုက်သလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ရုံးသည် အမိန့်အမှတ် (၁/၂၀၁၂) ကို ၁၃၇၃ ခုနှစ် ပြာသိုလဆန်း ၉ ရက်၊ ခရစ်နှစ် ၂၀၁၂ ခုနှစ် ဇန်ဝါရီလ ၂ ရက် ဒီကနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီကြေညာချက် အပြည့်စုံမှာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း၊ (၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တို့အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ…..”
သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာသွားတာ ဖြစ်ပါတယ်။
သေဒဏ် ကျခံနေရသူတွေကို ထောင်ဒဏ်တစ်သက်၊ ထောင်ဒဏ် နှစ် ၃၀ အထက် ကျခံနေရသူတွေကို နှစ် ၃၀၊ နှစ် ၃၀ ကနေ နှစ် ၂၀ အတွင်း ကျခံနေရသူတွေကို ထောင်ဒဏ် နှစ် ၂၀ နဲ့ ထောင်ဒဏ် နှစ် ၂၀ အောက် ကျခံနေရသူတွေကို ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံ လျှော့ပေါ့ပေးမယ့်အကြောင်း ဒီကနေ့ ညနေပိုင်းကပဲ သမ္မတ ဦးသိန်းစိန်က (၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုအဖြစ် ဒီကနေ့ လက်မှတ် ရေးထိုး ထုတ်ပြန်လိုက်တာပါ။ ဒီအမိန့်ကြောင့် နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရတဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေ လွတ်မလာနိုင်သလို ထောင်နဲ့ချီ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ဆယ်ဂဏန်းလောက်ပဲ လွတ်လာနိုင်တယ်ဆိုပြီး ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသားက အကျဉ်းထောင်ထဲမှာ ၁,၅၀၀ ကျော်လောက်ပဲ ရှိတာပါ။ ဆိုတဲ့အခါကျတော့ ထောင်ဒဏ်တွေ လျှော့ပေါ့တယ်ဆိုတဲ့ဟာနဲ့ ပတ်သက်ပြီးတော့ အများဆုံး လွတ်လာနိုင်တာက ကျနော်တို့ အယောက် ၁၀၀ မပြည့်ပါဘူး။ အယောက် ၁၀၀ ပြည့်မှာမဟုတ်ပါဘူး။”
နိုင်ငံတော် တည်ငြိမ်ရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးကို ထိပါးခြင်းမရှိတဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က နိုင်ငံတော်သမ္မတထံကို တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုထွက်ပေါ်လာတဲ့ လွတ်ငြိမ်းချမ်းသာခွင့် အပေါ်မှာတော့ အားရကျေနပ်မှု အပြည့်အ၀ မရှိဘူးလို့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။
“အားလုံးကတော့ စောင့်မျှော်နေကြတာပေါ့နော်။ အပြည့်အ၀တော့ အားရကျေနပ်တယ်လို့တော့ ပြောလို့မရဘူးပေါ့။ ကျနော်တို့အနေနဲ့ကတော့ တင်ပြနိုင်ခွင့်ပဲရှိတာကိုး။ ဆုံးဖြတ်ပိုင်ခွင့်မှ မရှိဘဲ။ လျှော့ပေါ့တယ် ဆိုတဲ့အတွက်ကြောင့်မို့တော့ နည်းနည်း တိုးတက်မှုရှိတယ် ဆိုပေမဲ့ အားရစရာ ကောင်းလောက်အောင်တော့ မဟုတ်ဘူးပေါ့။ အဲဒီတော့ နောက်တစ်ခေါက်ကျမှပဲ အားလုံး လွတ်လာမလားလို့ပဲ ကျနော်တို့ မျှော်လင့်ရတာပေါ့။ အခု ကျနော်တို့ ကြားနေတဲ့သတင်းကတော့ နှစ်သုတ် ခွဲလွှတ်မယ်လို့ ဆိုပြီးတော့ သတင်းတွေက ကြားနေတယ်။ ဒါကြောင့်မိုလို့ နောက်တစ်ကြိမ်ဆိုတာပါ။ အခုဟာက လျှော့တာပဲ ပါပါတယ်။ လွှတ်တာ ပါမလာဘူးပေါ့နော်။ အဲဒီတော့ တနည်းအားဖြင့်ပြောရင် မျှော်လင့်တဲ့အတိုင်းတော့ ဖြစ်မလာဘူးပေါ့လေ။ ဒါကြောင့်မိုလို့ နောက်တစ်ကြိမ် ဆိုတာကို ပြောတာပါ။”
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကတော့ လွတ်ငြိမ်းချမ်းသာခွင့်က ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ အတွက် လွတ်လာမလား မလွတ်ဘူးလား မသေချာသေးဘူးလို့ ပြောဆိုကြပါတယ်။ တောင်ကြီး အကျဉ်းထောင်မှာ ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇော်သက်ထွေးရဲ့ ဇနီးဖြစ်သူကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“နှစ် ၂၀ အောက်ဆိုရင် လေးပုံတစ်ပုံတို့ ဘာတို့ အဲဒီလိုမျိုး ပြောတယ်။ လွတ်မယ်မလွတ်ဘူး ဆိုတာ သေချာမသိသေးဘူး။ လေးပုံတစ်ပုံ လျှော့ပေးမှာလား၊ လေးပုံတစ်ပုံ ကျခံရမှာလား ဆိုတာမသိဘူး။ ကျခံရမယ်ဆိုရင် သူနေထားတဲ့နှစ်ကို တွက်မယ်ဆိုရင်တော့ လေးပုံတစ်ပုံ ကျခံရမယ်ဆိုရင် လွတ်မယ်။ ကျန်တဲ့ပြစ်ဒဏ်ကို လုပ်မှာဆိုရင် မလွတ်ဘူး။ တစ်နှစ်ခွဲလောက် နေရဦးမယ်။ အဲဒါကို အစ်မ နားမလည်သေးဘူး။”
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းကတော့ အခု လွတ်ငြိမ်းချမ်းသာခွင့်က အစိုးရရဲ့ ခေါင်းဆောင်ပိုင်းတွေ နိုင်ငံတကာကိုပေးထားတဲ့ ကတိကို ဖောက်ဖျက်လိုက်တာ ဖြစ်တယ်လို့ပြောဆိုပါတယ်။
“လက်ရှိအစိုးရရဲ့ ခေါင်းဆောင်ပိုင်းတွေက ကတိတွေ အမျိုးမျိုး ပေးခဲ့တာတွေ ရှိပါတယ်။ လွှတ်ပေးမယ်။ ဟီလာရီကလင်တန် လာတုန်းကလည်း လွှတ်ပေးပါမယ် ဆိုတဲ့ဟာမျိုး။ အခုတော့ လွှတ်ပေးတာမျိုး မဟုတ်ဘဲ အကျဉ်းသား အားလုံးကို ထောင်ဒဏ်တွေ လျှော့ပေါ့တယ်ဆိုတဲ့ ကိစ္စမျိုးပေါ့။ ဆိုတဲ့အခါကျတော့ သူတို့ပြောနေတဲ့ ယုံကြည်ချက်အရပဲဖြစ်ဖြစ်၊ နိုင်ငံရေးကို စိတ်ဝင်စားပြီး ဆက်လုပ်မယ့်သူတွေကို ဦးစားပေးပြီး လွှတ်ပေးမယ်တို့ ပြောနေတာတွေက ဘာတစ်ခုမှ မဟုတ်ဘူး ဆိုတာကို ငြင်းလိုက်သလိုပါပဲ။”
နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့် လွှတ်ပေးတာမျိုး မဟုတ်ဘဲ ထောင်ဒဏ် ကျခံနေရသူ အားလုံးကို ထောင်ဒဏ်တွေ လျှော့ချပေးလိုက်တဲ့အတွက် အစိုးရရဲ့ အခု လွတ်ငြိမ်းချမ်းသာခွင့်အရဆိုရင် ရာဇ၀တ် အကျဉ်းသားတွေ အများစု လွတ်မြောက်လာမှာ ဖြစ်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်သူတွေက ပြောဆိုကြပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းသားတွေ ထားနိုင်တာထက် များနေတဲ့အတွက် နေရာထိုင်ခင်း အဆင်မပြေမှုတွေကို အရေးယူ လုပ်ဆောင်ကြဖို့နဲ့ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က သမ္မတကို တင်ပြထားတဲ့ နိုင်ငံတော်ကို အနှောင့်အယှက် မပေးနိုင်တဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ တင်ပြထားချက်ကို ၂၀၁၁ နှစ်ကုန်မှာ ထပ်ပြီး တောင်းဆိုတဲ့အကြောင်း သတင်းထုတ်ပြန်ပြီး ရက်ပိုင်းအတွင်း အစိုးရရဲ့ အခု လွတ်ငြိမ်းချမ်းသာခွင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဥပဒေကြောင်းအရ ဆိုရင်တော့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီး ၂၄ နာရီအတွင်း လွတ်မြောက်ခွင့်ရှိတဲ့ အကျဉ်းသားတွေကို လွှတ်ပေးရမှာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/Burma-Amnesty-01-02-12-136526458.html
အကျဉ်းသားများအား ‘လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း’ ထပ်မံကြေညာ
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၂ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အကျဉ်းသားများအား ‘လွတ်ငြိမ်းချမ်းသာခွင့်’ ပြုကြောင်း သမ္မတ ဦးသိန်းစိန်က အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် တနင်္လာနေ့ ညနေက ထုတ်ပြန်လိုက်သည်။
အဆိုပါအမိန့်ကို ၂.၁.၂၀၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနဖြစ်သော MRTV-4 မှ ထုတ်လွှင့်သွားခြင်းဖြစ်သည်။
ဤလွတ်ငြိမ်းချမ်းသာခွင့်တွင် သေဒဏ်ကျခံနေရသော အကျဉ်းသားများအား တသက်တကျွန်းအဖြစ် လည်းကောင်း၊ အနှစ် ၃၀ နှင့်အထက် အကျဉ်းကျခံနေရသူများကို နှစ် ၃၀ သို့ လည်းကောင်း၊ နှစ် ၂၀ နှင့်အထက် နှစ် ၃၀ အထိ အကျဉ်းကျခံနေရသူများကို နှစ် ၂၀ သို့ လည်းကောင်း၊ နှစ် ၂၀ အောက် အကျဉ်းကျခံနေသူများ ကို ပြစ်ဒဏ်၏ လေးပုံတပုံသို့ လည်းကောင်း ပြစ်ဒဏ်လျှော့ချလိုက်ကြောင်း ပါရှိသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂ ရက် မတိုင်မီ ပြစ်မှုကျူးလွန်ခဲ့သူအားလုံး အကျုံးဝင်သည်ဟုလည်း ပါရှိသည်။
ထောင်ဒဏ် ၆၅ စီ နှစ် ကျခံနေရသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ မနီလာသိန်းတို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ နှင့် ထောင်ဒဏ် ၉၃ နှစ် ကျခံနေရသော တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် ထောင်ဒဏ် ၁၀၆ နှစ် ကျခံနေရသော စ၀်ဆေထင်တို့ လွတ်မြောက်လာနိုင်ဖွယ်မရှိပေ။
ယင်းလျှော့ပေါ့ပေးမှုကြောင့် လွတ်မြောက်ခွင့်ရလာသူများကို အင်္ဂါနေ့တွင် စတင်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဤအစိုးရသစ်လက်ထက်တွင် မေလ ၁၆ ရက်နေ့နှင့် အောက်တိုဘာ ၁၂ ရက်နေ့တို့တွင်လည်း အလားတူ ပြစ်ဒဏ်လျှော့ပေါ့ ‘လွတ်ငြိမ်းချမ်းသာခွင့်’ ပေးခဲ့ဖူးသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/8834-2012-01-02-12-44-17.html
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီရေး သဘောထား
ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီရေး သဘောထားများကို နှစ်သစ်အစီအစဉ်မှာ ပြောကြား
2012-01-02
၂ဝ၁၂ ခုနှစ်အတွက် အာအက်ဖ်အေရဲ့ အစီအစဉ်သစ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သူ့ရဲ့ ဘဝ အတွေ့အကြုံတွေနဲ့ ဒီမိုကရေစီရေး သဘောထားတွေ အတွေးအခေါ်တွေ အကြောင်းကို ထုတ်ဖော် ပြောကြားသွားပါတယ်။
၂ဝ၁၁ စက်တင်ဘာ ၁၅ ရက် နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်။
တိုင်းပြည်မှာ ပြည်သူတွေ ဆင်းရဲတွင်း နစ်နေတာကို စိတ်ပျက်လက်ပျက် ဖြစ်မနေကြ ဘဲ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက် ကနေ့ အချိန်မှာပဲ စတင်ပြီး တက်တက်ကြွကြွ လက်တွဲ လုပ်ကိုင်စေချင်တယ်လို့လည်း ပြောပါတယ်။
လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားပုံတွေနဲ့ ဒီမိုကရေစီ နည်းကျတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ပြည်သူတွေအနေနဲ့ သိနားလည် ထားသင့်တာတွေ ရှိတယ်လို့ လည်း ရှင်းလင်း ပြောကြားသွား ပါတယ်။
အာအက်ဖ်အေ ဦးခင်မောင်စိုး တင်ဆက်တဲ့ ဒီအစီအစဉ်ကို နားဆင်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီရေး သဘောထား။
အသံဖိုင်ယူရန်။
http://www.rfa.org/burmese/news/assk-road-democracy-01022012073453.html
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မိသားစုတွေမျှော်လင့်
2012-01-01
လာမယ့် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာမယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့ ဆိုင်ရာ အကျဉ်းထောင်တွေကို ကြိုတင်သွားရောက် စောင့်ဆိုင်းဖို့ ထွက်ခွာသွားခဲ့ကြပါတယ်။
AFP
အကျဉ်းသားများ၏ မိသားစုဝင်တဦး မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် စောင့်နေပုံ ဖြစ်ပါသည်။ အကျဉ်းသားအားလုံးကို ထောင်ဒဏ်တနှစ်စီ လျှော့ပေါ့ပေးပြီး အင်္ဂါနေ့မှစပြီး အကျဉ်းသား ၁၇ ၀၀၀ ကို စတင် လွှတ်ပေးနေကြောင်း ဦးသိန်စိန် အစိုးရက ကြေငြာခဲ့ပြီး သော်လည်း နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင်တွင်း ကျန်ရှိနေသေးသည့်အပေါ် ပြည်တွင်းပြည်ပ အဖွဲအစည်းများက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။ ဓါတ်ပုံ (AFP)
နယ်ဝေး အကျဉ်းထောင်တွေဆီ အပို့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား တွေရဲ့ မိသားစုဝင်တချို့ ဒီကနေ့ မနက်က ထောင်တွေဆီ ထွက်ခွာ သွားခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင် ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။
“မျှော်လင့်လို့ပေါ့ဗျာ။ ၃ ရက်နေ့ ကြေညာမယ်၊ ၄ ရက်နေ့ လွှတ်မယ် လို့ ကြားနေရတာကိုး။ ကျနော် သိသလောက် အတော်များများ သွားကြ တယ်။ ဒီနေ့မနက်က ဆိုရင် ပူတာအို ဗျာ။ ကျနော် လေယာဉ်ကွင်း လိုက်ပို့လိုက်တာ။ မနက်ဖြန် ကျောက်ဖြူ သွားကြမယ့်သူတွေ ရှိတယ်”
လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာ နောက်ထပ် အကျဉ်းသားတွေ လွှတ်ပေးဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေရာမှာ ၈၈ ကျောင်းသားခေါင်းဆောင် တချို့လည်း ပါလိမ့်မယ်လို့ မျှော်လင့်နေ ကြပါတယ်။ ဒါပေမယ့် ၈၈ ကျောင်းသားခေါင်းဆောင်တွေထဲက သရက်အကျဉ်းထောင်မှာ ရှိနေတဲ့ ကိုမင်းကိုနိုင်နဲ့ မိုင်းဆတ် အကျဉ်းထောင်မှာ ရှိနေတဲ့ ကိုကိုကြီး တို့ရဲ့ မိသားစုတွေကတော့ အိမ်မှာပဲ ရှိနေကြကြောင်း ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။
http://www.rfa.org/burmese/news/prisoner-families-hope-01012012083803.html










