Saturday, June 23, 2012

ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာ Website များကို Hacker တို့ အပြန်အလှန် တိုက်ခိုက်

The Voice Weekly
2 hours ago


ရန်ကုန်၊ ဇွန် ၁၉


မြန်မာနိုင်ငံတွင်းရှိ Website များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Website များကို ဘင်္ဂလားဒေ့ရှ် Hacker အဖွဲ့နှစ်ဖွဲ့နှင့် မြန်မာ Hacker အချို့က ယခုလအတွင်း အပြန်အလှန်တိုက်ခိုက်ခဲ့ကြောင်း
၎င်း Hacker အဖွဲ့နှစ်ဖွဲ့၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါအဖွဲ့နှစ်ခုမှာ Bangladesh Cyber Army အဖွဲ့နှင့် Bangladesh Black Hat Hacker အဖွဲ့တို့ဖြစ်ပြီး ၎င်းတို့မှာ DDos (Distributed Denial of Service ) နှင့် လုံခြုံမှုအားနည်း သည့် Website များကို Hack ပြုလုပ်ခဲ့ကြ ကြောင်း Bangladesh Cyber Army စာမျက်နှာတွင် ရေးသား ထားသည်။

Bangladesh Cyber Army အဖွဲ့ က အစိုးရအဖွဲ့၏ တရားဝင် Website များဖြစ်သည့် www.myanmar.gov.mm အပါအဝင် Website ခြောက်ခုကို တိုက်ခိုက်ခဲ့ပြီး ပြည်တွင်းပုဂ္ဂလိက Website များဖြစ်သော နာမည်ကြီး ဟိုတယ်များနှင့် ခရီးသွားကုမ္ပဏီအချို့ ၏ Website များကိုပါ တိုက်ခိုက်ခဲ့ ကြောင်း ၎င်းတို့၏ Bangladesh Cyber Army Facebook စာမျက်နှာတွင် ရေးသားထားသည်။

''ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရပိုင် Website တွေကို မြန်မာတွေက တိုက် နေတာကိုအစက ဒီတိုင်း လျစ်လျူရှုနေခဲ့ပါ တယ်။ ဒါပေမဲ့ မသိသလိုနေနေတာကို ပိုပြီး ဆိုးလာတဲ့အတွက် လက်တုံ့ပြန်တဲ့ အနေနဲ့ တိုက်ခိုက်တာပါ'' ဟု Bangladesh Cyber Army ၏ Facebook စာမျက်နှာ တွင် ဖော်ပြထားသည်။

ယင်းအတူ ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန တရားဝင် Website ဖြစ်သော www.mpt.net.mm ကိုလည်း တိုက်ခိုက် ခဲ့ကြောင်း BC Army ၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ဘင်္ဂလားဒေ့ရှ် Website များကို တိုက်ခိုက်ခဲ့သည့် Blink Hacker Group ကို Email မှတစ်ဆင့် ဆက်သွယ်မေးမြန်းရာ ''ကျွန်တော်တို့ ရိုဟင်ဂျာတွေရဲ့ ဆိုက်တွေကိုပဲ တိုက် တာပါ။ နောက်ပိုင်း သူတို့အဖွဲ့နှစ်ဖွဲ့ က တိုက်ခိုက်လို့ ကျွန်တော်တို့ သူတို့ အစိုးရ ပိုင်ဆိုက်တွေကို ပြန်တိုက်ရ တဲ့သဘောပါပဲ'' ဟု Blink Hacker Group မှ တာဝန်ရှိသူတစ်ဦးက Email မှတစ်ဆင့် ပြန်လည် ဖြေကြား ခဲ့သည်။

''အင်တာနက်ကနေ DDos တွေ က ကိုယ်မကြိုက်တဲ့ Website တွေကို တိုက်လို့ရတယ်။ အဓိက Ddos ဆိုတဲ့ စနစ်ကလည်း Ping လုပ်တဲ့ပုံစံနဲ့ တူတူ ပါပဲ။ လူတစ်ယောက်ကို အလုပ်အများ ကြီးခိုင်းရင် မောသွား သလိုမျိုးပဲ။ စက်တွေ အများကြီးကနေ စက်တစ်လုံး ထဲကို Ping လုပ်တာများရင် စက်က မနိုင်တော့ဘဲ ရပ်သွားတာမျိုးပါ'' ဟု အိုင်တီကျွမ်းကျင်သူ တစ်ဦးက DDoS တိုက်ခိုက်နည်းအကြောင်းကို ရှင်းလင်း ပြောပြသည်။

''မြန်မာနိုင်ငံက Website တွေကို ဖြစ်သလိုမျိုးမလုပ်ဘဲနဲ့ သေသေချာချာ Security ယိုပေါက်ကို စစ်သင့်တယ်။ ပြီးမှ အင်တာနက်ပေါ်တင် သင့်တယ်။DdoS တိုက်ခိုက်လာရင်လည်း ဘာမှ မဖြစ်အောင် ကိုယ့်ဘက်ကနေကာကွယ် ထားသင့်တယ်။ ဥပမာ - Cloud နည်း ပညာကို သုံးတာတို့ပေါ့'' ဟု Blink Hacker Group မှ တာဝန်ရှိသူ Rat-2 အမည်ရှိ Hacker တစ်ဦးက မေးလ်မှ တစ်ဆင့် ပြောကြားခဲ့သည်။

ကမ္ဘာပေါ်၌ ICT နည်းပညာ တိုးတက်မှုကြောင့် မကြာမီတွင် Cyber War ဖြစ်ပွားလာနိုင်ကြောင်းနှင့် မြန်မာ နိုင်ငံတွင် Cyber Police နှင့်Cyber Law တို့ရှိရန် လိုအပ်ကြောင်းလည်း အိုင်တီ ပညာရှင်တစ်ဦးက အကြံပြုပြောဆိုခဲ့ သည်။

မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ Online Abuse ကို တားဆီးနိုင်သည့် ဥပဒေများကို ပြုလုပ်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းသို့ တင်ထား ပြီးဖြစ်ကြောင်း၊ ယင်းဥပဒေများ အသက် ဝင်စေရန်အတွက် အချိန်ယူရဦးမည်ဖြစ် ကြောင်း မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်း ရှင်များအသင်း Administration and Member's Affair ဆပ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းဦးက ပြောကြားသည်။

အဆိုပါ DDos တိုက်ခိုက်ရာတွင် အခြားသော ဘင်္ဂလားဒေ့ရှ်လူမျိုးများ၏ အကူအညီကိုလည်း ရယူခဲ့သေးကြောင်း ၎င်းတို့၏ဆိုက်တွင် ဖော်ပြပါရှိ သည်။

0 အကြံပြုခြင်း: