by Shwe Yinn Mar Oo on Tuesday, January 24, 2012 at 1:55am
လွတ်လပ်ရေးပိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သံအမတ်ကြီးဟောင်း သီရိသုဓမ္မ ဒေါ်ခင်ကြည်တို့မှ 1945ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။ ငယ်စဉ်က မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာများကို ရန်ကုန်မြို့ စိန့်ဖရန်စစ် (St. Francis Convent) ကျောင်း (တာမွေ)နှင့် Methodist English High School (ဒဂုံ)တို့တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး အဆင့်မြင့် ပညာရပ်များကို အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ် စိန့်ဟျူခ်ျကောလိပ် (St. Hugh's College) တွင် သင်ယူခဲ့ပြီး အမ်အေ (M.A) မဟာဝိဇ္ဖာဘွဲ့ကို ရရှိခဲ့သည်။
1969မှ 1971ခုနှစ်တွင် ဘူတန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအရာရှိအဖြစ်လည်းကောင်း၊ 1972 ခုနှစ်၌ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်၊ အုပ်ချုပ်ရေးနှင့် ဘတ်ဂျက်ဌာန အကြံပေးကော်မတီတွင် လက်ထောက် အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ထိုနှစ်တွင် ဒေါက်တာ မိုက်ကယ်အဲရစ်နှင့် အိမ်ထောင်ပြုပြီး သားနှစ်ဦးဖွားမြင်ခဲ့သည်။
1985-1986ခုနှစ်တွင် ဧည့်ပညာရှင်အဖြစ်နှင့် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်၊ အရှေ့တောင်အာရှ သုတေသနဌာနသို့ သွားရောက်ခဲ့၏။ 1987-1988ခုနှစ်အထိ Simla ရှိ အိန္ဒိယအဆင့်မြင့်ပညာ ဆည်းပူးရာဌာန၌ သုတေသနပြုလုပ်ခဲ့၏။
1988ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးတွင် လူထုခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ဖွဲ့စည်း ထူထောင်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုဗယ်လ် ငြိမ်းချမ်းရေးဆုအပါအ၀င် ဂုဏ်ထူးဆောင် ဆုတံဆိပ်မြောက်များစွာ ရရှိခဲ့သည်။
ယခုနောက်ဆုံး ပြင်သစ်နိုင်ငံမှ ချီးမြှင့်သော "Commandeur de Legion d' Honour"ဆုကို ရရှိခဲ့သည်။ 2012ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းပြီး မှတ်ပုံတင်သောအခါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်အပ်နှင်းခြင်းခံရသည်။
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ေ၀၀ည့် ဒီလှိုင်း D.Wave ဂျာနယ် အတွဲ (၁)၊ အမှတ် (၂)တွင် ဖော်ပြထားသည့် ကြားဖြတ်ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးမှတ်တမ်းကို ဖော်ပြခြင်းဖြစ်ပါသည်။)

0 အကြံပြုခြင်း:
Post a Comment