Saturday, January 28, 2012

ရာထူးတိုးပြီ ကဲ ဘာလုပ်ချင်သလဲ...တဲ့



by May Thingyan Hein(facebook) on Saturday, January 28, 2012 at 7:41am
ကျမခင်ပွန်းရဲ့ အမျိုးအိမ်ကို ကျမတို့ ဒီနေ့သွားဖြစ်ခဲ့ပါတယ်။ လူမမာသွားမေးရင်း ရောက်ခဲ့ကြတာပါ။ အဲဒီမှာ ကျမခင်ပွန်းရဲ့အကိုနဲ့ မထင်မှတ်ဘဲ ဆုံခဲ့ပါတယ်။

သူက မကြာခင်ကမှ မိထ္တီလာကနေ ပြန်လာတာ မကြာသေးပါဘူး။ကျမ အမျိုးသားက မိထ္တီလာဇာတိပါ။
ကျမရဲ့ ခဲအိုက မိထ္ထီလာမှာ ငယ်သူငယ်ချင်း မောင်...နဲ့ တွေ့ခဲ့ကြောင်း၊ မောင်...က ငယ်စဉ်တုန်းက ဆင်းဆင်းရဲရဲနဲ့ နေထိုင်ကြီးပြင်းခဲ့ရပေမဲ့ ခုတော့ သူက အခု နေပြည်တော်က်.... ဌာနမှ ညွှန်ကြားရေးမှူး အဖြစ် ရာထူးရရှိနေပြီ ဖြစ်ကြောင်း ပြောပါတယ်။

အဲဒီထိ ကျမတို့တွေ ၀မ်းသာအားရနားထောင်ခဲ့ကြတယ်။ငယ်ငယ်တုန်းက ဆင်းရဲပေမဲ့ ကြိုးစားတယ်၊စာတော်တယ်၊ပြီးတော့ဘ၀ကို နားလည်ပြီး နေထိုင်ခဲ့တယ်၊ ၀န်ကြီးဌာနကြီး တခုမှာအလုပ်ဝင်ခဲ့တယ်။ခုချိန်မှာတော့  အဆင့်မြင့်အရာရှိ ဖြစ်နေတာ ၀မ်းသာစရာပါ။

ဒါပေမဲ့ သူ ဆက်ပြောလိုက်တဲ့ စကားတွေက ကျမနားထဲ အတောင့်လိုက်ကျသွားသလိုပါပဲ။ တော်တော်လေးလည်း စိတ်ပျက်သွားမိပါတယ်။

`သူက ပြောတယ်၊ သူက အခု နေပြည်တော်မှာတဲ့.....ဌာနက ညွှန်ကြားရေးမှူးလေ။ အဲဒါ ငါ့ကို ပြောတယ် မင်းဘာလုပ်ချင်သလဲ၊ မင်း စီးပွားရေလုပ်ငန်းတခုခု လုပ်ချင်လား လုပ်ချင်တာလုပ်လို့ရတယ် ပြောတဲ့ကွ သိလား။ သူတောင် ......ခြံ ဧက ၂၀ ကျော် ရှိနေပြီ တဲ့ ကွ ဒီကောင် ထောနေပြီ`တဲ့...။

ကျမ နားထဲကို ထောင်လိုက်ပြေးဝင်လာတဲ့ စကားသံပါပဲ။

အဆင့်မြင့် ရာထူးတခု ရတာ ဆွေစဉ်မျိုးဆက်သာမက သူငယ်ချင်းအပေါင်းသင်တွေအတွက်ပါ ခိုးပေးလို့ရပြီလို့ ဆိုလိုက်သလိုပါပဲ။

ဘယ်သူကတော့ ဘယ်အဆင့်မှာ ဘယ်လောက် ထောနေပြီ၊ပင်စင်ယူရင် နေဖို့ အိမ်နဲ့ ကား ဘယ်နှစ်စီးရှိနေပြီ။ ဘယ်သူရဲ့ ဆွေမျိုးတွေကိုတော့ ဘာလုပ်ပေးလိုက်ပြီ ဆိုတဲ့သတင်းတွေက အဆင့်မြင့်အရာရှိတွေရဲ့ အသိုင်းအ၀ိုင်းကနေ အမြဲ ကြားနေရတဲ့ စကားတွေပါပဲ။

ရာထူးတိုးတယ်ဆိုတာကို ယနေ့ ခေတ် ၀န်ထမ်းတွေ ဘယ်လိုနားလည်ထားပါသလဲ။ ရာထူးအဆင့်တိုးခြင်းဟာ တာဝန်ကြီးကြီး ယူရခြင်းလို့ ကျမကတော့ နားလည်ထားတဲ့သူပါ။ ရာထူးတဆင့်တက်လေ ၊ တာဝန်ကြီး ကြီး ပိုတခု ယူရလေ၊ ပြည်သူ့အပေါ် ပိုပြီး တာဝန်ယူရလေလို့၊ ပြည်သူ့အတွက် ပိုပြီး တာဝန်ကျေဖို့ လိုအပ်လေလို့ပဲ နားလည်ထားပါတယ်။

အစိုးရ၀န်ထမ်းအချို့က ကုန်းကောက်စရာမရှိအောင် ဆင်းရဲပါတယ်။ပင်စင်ယူတဲ့အခါ နေစရာ အိမ်မပြောနဲ့ အိမ်လေးတလုံ ငှားနေရလောက်အောင် မရှိရှာပါဘူး။ ဒါပေမဲ့ အချို့ကတော့ ညွှန်ကြားရေးမှူး အဆင့်ရောက်ရုံနဲ့တင် သနပ်ခါးခြံ ဧက ၂၀ ကျော် ပိုင်သတဲ့။

အစိုးရ၀န်ထမ်းဘ၀မှာ လစာနဲ့ မလုံလောက်တဲ့ ပြသနာက ၀န်ထမ်းတွေကို ချစားစေတဲ့ ပြဿနာလား။ အဆင့်မြင့်လာလေ ခိုးဖို့ ပိုလွယ်လာလေ၊ ခိုးဖို့အတွက် တွန်းအားပေးမှု တွေ များလာလေ ဆိုတဲ့ ပြဿနာလား။ လစာနဲ့မလောက်လို့ဆိုတဲ့ အကြောင်းပြချက်ရဲ့ နောက်ဆက်တွဲတွေကလည်း အများကြီးပါ။

`အများမိုးခါးရေသောက်နေကြတာ ငါမသောက်ရင် ငါညံ့တာပေါ့`ဆိုတဲ့ အကျင့်ပျက်ဝန်ထမ်းတွေရဲ့ စကားတွေကိုလည်း ကျမရွံ့မုန်းလှတာ မရှိတော့ဘူး။ဒါ့အပြင် သတိပြုမိတာက အစိုးရ၀န်ထမ်းအချို့ရဲ့ ကိုယ်ကျင့်သိက္ခာဟာ ရစရာမရှိအောင် ပျက်ပြားနေကြတာကိုပါပဲ။

ပြည်သူနဲတိုက်ရိုက်ထိတွေ့ရသော ၀န်ကြီးဌာနတွေမှာ အလုပ်လုပ်နေကြတဲ့ ၀န်ထမ်းတွေရဲ့ စိတ်ဓါတ်တွေကလည်း သေးသိမ်လှပါတယ်၊  တာဝန်လည်း မသိဘူး၊ တာဝန်လည်း မကျေပွန်ဘူး၊ အလုပ်လည်း မလုပ်ကြပါဘူး။ သူတို့လုပ်တတ်တဲ့အလုပ်တခုတည်းက ပြည်သူတွေဆီက လည်ပင်ညှစ်မယ်၊ ရာထူးတိုးအောင် ဖားမယ် ဆိုတာပဲ လုပ်တတ်ကြတာ တွေ့ရပါတယ်။

သူတို့မှာ ပြည်သူ့အပေါ် ကျေပွန်ရမဲ့ တာဝန်ဆိုတာ မရှိဘူး။ ပြည်သူဆီကပဲ လည်ပင်းညှစ်ဖို့အတွက် ရာထူးတိုးတယ်လို့ ယူဆလက်ခံနေကြတာလဲ တွေ့ရပါတယ်။ အစိုးရ၀န်ထမ်းအချို့က   ပြည်သူတွေအတွက် အလုပ်လုပ်စရာမလိုဘူး ၊ကိုယ့်အထက်အရာရှိကို ဖားဖို့အလုပ်ကသာ ကိုယ့်အလုပ်၊ ပြည်သူတွေကို လည်ပင်းညှစ်ပြီး ရတဲ့ငွေနဲ့ အထက်အရာရှိကိုဖားတယ်။ ပြည်သူ့အတွက် တိုင်းပြည်အတွက်ဆိုတဲ့ စိတ်ဓါတ်တွေ ပျောက်ဆုံးကုန်ကြတာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။

ကျမတို့ တိုင်းပြည်ရဲ့ ပြုပြင်ပြောင်းလဲ ရေးမှာ ဒီလူတွေကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ ဒီလို လူတွေရဲ့ စိတ်တွေ၊ ဒီလိုလူတွေရဲ့ အတွေးအမြင်တွေ အားလုံးကို ပြောင်းဖို့အတွက်ကလည်း အရေးတကြီးလိုအပ်နေတဲ့ကိစ္စကြီးပါ။

ဒီလို ရေးလိုက်တဲ့ ကျမကို အချို့က စိတ်ဆိုးချင်ဆိုးပါမယ်၊ ရန်လုပ်ချင်လုပ်ပါမယ်။ ကျမ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုစိတ်လုံးဝ မရှိပါဘူး။

ကျမတို့ တိုင်းပြည်ကို၊ ကျမတို့ မြန်မာတွေကို  အရာရာမှာ အဆင့်တန်းရှိသော အဆင့်အတန်းမြင့်သော တိုင်းပြည်တခု ဖြစ်စေချင်ပါတယ်။

အုပ်ချုပ်ရေးရဲ့ တစိတ်တဒေသဖြစ်နေတဲ့ အစိုးရ၀န်ထမ်းတွေကိုလည်း  ကိုယ့်တာဝန်ကိုယ်ကျေ၊ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း တိုင်းပြည်အတွက် ပြည်သူအတွက် စိတ်စေတနာနဲ့ လုပ်ဆောင်နေကြသော   ဂုဏ်သိက္ခာရှိသော ၀န်ထမ်းတွေပဲ ဖြစ်စေချင်ပါတယ်။

အဲဒီအတွက် အားလုံးကလည်း ၀ိုင်းဝန်းပြုပြင်သင့်တယ်လို့မြင်မိပါတယ်။


မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ


မေသင်္ကြန်ဟိန်


1 အကြံပြုခြင်း:

Anonymous said...

ဒီလောက်ခိုးနေကြရင်ဒီတိုင်းပြည်မှမမွဲ-ဘယ်တိုင်းပြည်မွဲမလဲ။