ဝတ်မှုံ၊ စင်ကာပူ၊ ဒီဇင်ဘာ ၂၇၊ ၂၀၁၁
အသင့်တင့်ခိုင်လုံသော သတင်းဌာနမှ သတင်းအရ၊ ရွှေရတနာမိန်းမနှင့် အဖွဲ့သည် စနေ၊ တနင်္ဂနွေနေ့များက လက်ခံရရှိသည့် ငွေလွဲရန် ငွေဒေါ်လာများကို ဒီဇင်ဘာ
၁၉ (တနင်းလာနေ့) တွင် စတိသဘော ဘဏ်တွင်သွင်းပြခဲ့ပြီး၊ တနင်းလာ၊ အင်္ဂါနေ့တွင် ထပ်မံဝင်ရောက်လာသည့် ငွေများစွာ စုစည်းပြီး အစဖျောက်သွားခဲ့သည်။
အင်္ဂါနေ့ညတွင် ခန့်မှန်းချေ စင်ကာပူ ဒေါ်လာ သန်း ၄၀ ခန့်ဖြင့် ထွက်ပြေး၊ အစဖျောက်သွားသည်။ လန်ဒန်တွင် ဖမ်းမိသည် ဆိုသည်မှာ မဟုတ်ပါ။ လွတ်နေဆဲ ဖြစ်သည်။
ထိုအမျိုးသမီး ထွက်ပြေးသွားသည်ကို လွိုင်ဟိန်း ဇနီးမောင်နှံက သိလျှက်နှင့် ပင်နီစူလာဆိုင်များမှ ငွေများကို ဆက်လက် လက်ခံယူပြီး လက်ကျန် ဒေါ်လာ ၂ သန်းခန့်ကို
လက်ကျန်ရှင်းပြီး အလစ်သုတ်၊ အစဖျောက်သွားပါသည်ဟု သတင်းများတွင် ထပ်မံပေါ်ပေါက်လာပြန်သည်။
(မှတ်ချက် – သတင်းထွက်ကာစက ဒေါ်လာ ၄ သန်း ခန့် လိမ်ခံရသည် ဟု ဆိုပြီး၊ ယခုအခါ သန်း ၄၀ ကျော် ဖြစ်လာပါသည်။ အချို့ကလည်း ဘီလျှံဒေါ်လာဟု ဖေါင်းပွ
ပြောဆိုနေကြပါသည်။)
စူပါရိုင်ရယ် မှ အမျိုးသမီးကလည်း လန်ဒန်သို့ထွက်ပြေးသွားပြီး ပြန်လာပြီး ရှင်းရန်ရှိသည်။ သီရိမွန်မှ အမျိုးသမီးတစ်ယောက်သာ စင်ကာပူတွင် ဒိုင်ခံဖြေရှင်းနေရပါသည်။
ငွေလွှဲလုပ်ငန်းကို ဆိုင်များစွာက လုပ်ကိုင်နေရာ ထပ်ဆုံးခေါင်မှ ဒိုင်ကြီးများက ဈေးကစားပြီး သိမ်းဆည်းပါသည်။ ရွှေရတနာအမျိုးသမီးအုပ်စုက ငွေဈေး ကစားနိုင်သောကြောင့် လူများ အထင်ကြီး၊ ယုံကြည်မှုကို ရအောင်လုပ်ပြီး အပိုင် လိမ်လည်သွားခြင်းဖြစ်သည်။
မြန်မာပြည်သို့ ငွေပို့သူများ ဒေါ်လာသိန်း၊ သန်းချီသော လုပ်ငန်းရှင်ကြီးများစွာ “လူယုံသတ်” ခံလိုက်ရပါသည်။ အဓိက ရွှေရတနာဆိုင်မှာ ခပ်တည်တည် ဆက်လက်ဖွင့်ထားဆဲဖြစ်ပြီး၊ လွိုင်ဟိန်းဆိုင်မှာ ပင်နီစူလာငွေလွှဲဆိုင်အသေးများမှ ငွေ စုစုပေါင်း ၂သန်းခန့်ကို ရွှေရတနာအကြောင်းပြပြီး ထပ်မံလိမ်သွားသောကြောင့် ခရစ်စမတ်နေ့ နေ့ခင်းမှာ ဆိုင်တွင “လူလိမ်လင်မယားစာ” နှင့် “လင်မယားဓါတ်ပုံကြီး” ပါကပ်ထားခြင်းခံရပါသည်။ ညပိုင်းတွင် လုံခြုံရေးမှ ခွာယူသွားပါသည်။
စုစုပေါင်း ဒေါ်လာ (သန်း ၄ ၊ ၅ သန်း သို့မဟုတ်က) သန်း ၄၀ ခန့်မှာ မြန်မာ – စင်ကာပူနိုင်ငံ စီးပွားရေးအတွက် ထိခိုက်မှုမရှိသော်လည်း၊ ခံလိုက်ရသောသူများမှာ တသက်စာ၊ ချွေးနှီးစာ များဖြစ်ပါသည်။
မြန်မာပြည်တွင်းမှ ခံလိုက်ရသော ငွေရှင်ကြီးများကလည်း တရားစွဲရေးအတွက်၊ မည်သို့လုပ်ရမည်ကို မသိကြသေးပါ။ ထိုငွေများအား ရွှေရတနာနှင့် လွိုင်ဟိန်း
ထွက်ပြေးသွားသူများထံမှ ပြန်လည်ဖေါ်ထုတ်ရန် နည်းလမ်း ရှာနေဆဲပင်ဖြစ်သည်။
ငွေလွှဲခြင်းမှာ တရားမ၀င်လုပ်ငန်းဖြစ်သောကြောင့် သတင်းအတိအကျ ရယူစွဲဆွဲပြီး အစိုးရအမှု၊ တရားမမှု၊ ရာဇ၀တ်မှု တခုမဟုတ် တခုခု ဖြစ်ရန်မှာ ခက်ခဲနေပါသည်။
၂၆ ဒီဇင်ဘာ ရန်ကုန်မှ ELEVEN MEDIA သတင်းအရ၊ စင်ကာပူအစိုးရနယ်မြေတွင် အခြေပြု ဖြစ်ပွားသောကြောင့် စင်ကာပူအစိုးရ၏ ငွေကြေးဆိုင်ရာနံပါတ် (၁)
အဖွဲ့ကြီးဖြစ်သော M.A.S Monetary Authority of Singapore မှ တာဝန်ယူ စစ်ဆေးဖွယ်ရာ ရှိသည်ဟု ရေးသားထားပါသည်။
မြန်မာအစိုးရက အပြန်အလှန်ကူညီပြီး ငွေကြေး လောင်ဒရီ၊ ဟွန်ဒီလုပ်ငန်းများတွင် မသမာလုပ်သူများအား အရေးယူမည့် အလားအလာရှိသည်။ ထိုအမျိုးသမီးသည် စင်ကာပူနိုင်ငံသားဖြစ်ပြီး၊ တရုပ်နိုင်ငံကူးလက်မှတ်ကိုလည်း တရားမ၀င်ကိုင်ဆောင်ဟန် ရှိသောကြောင့် တရုပ်ပြည်အစိုးရနှင့်လည်း ဆက်နွယ်လျှက်ရှိသဖြင့် နိုင်ငံတကာ မသမာလုပ်ရပ်ကြီးဖြစ်သည်။
သင်ခန်းစာယူစရာအဖြစ် – ငွေကြေး၏ သားကောင်၊ လောဘသားကောင် ဖြစ်ခဲ့သူများ တခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသကဲ့သို့ ငွေကြေးနဲ့ လောဘဇော သားကောင်များဘ၀မှ လွတ်မြောက်စေလိုပါသည်။
ယခုနှစ် ဒီဇင်ဘာလ၊ ခရစ်စမတ်ပွဲတော်အတွင်း စင်ကာပူတွင် ၀မ်းနည်း၊ ၀မ်းသာ သတင်း၂ ခုသိရသည်။ ၀မ်းသာခြင်းမှာ ကျွန်တော် အနှစ် ၂၀ ကျော် ဆောင်ခဲ့သော
ပြည်ပရောက် မြန်မာများဝင်ငွေခွန် နောက်လမှစပြီး ဆောင်စရာမလိုတော့ ဟူသောသတင်းဖြစ်ပါသည်။
ဝမ်းနည်းခြင်းမှာ မိတ်ဆွေများစွာ ငွေကြေး၏ သားကောင်ဘ၀တွင် ဒုက္ခရောက်သွားသောကြောင့် ဖြစ်သည်။
ပင်နီစူလာမှ ရွှေရတနာဆိုင် အမျိုးသမီးတဦးက ဒေါ်လာ သန်းပေါင်းများစွာနှင့် ပျောက်ဆုံးသွားခြင်း၊ သူ ပျောက်ဆုံးသွားသည်နှင့် လွိုင်ဟိန်းဆိုင်မှ ဇနီးမောင်နှံလည်း ပင်နီစူလာဆိုင်များ မှတဆင့် လွှဲပေးသည့် ငွေဒေါ်လာ သန်းဂဏန်းကို ဆက်လက်လက်ခံယူပြီး ထွက်ပြေးသွားခြင်းဖြစ်သည်။
အလုပ်သမားများ၏ ချွေးနှည်းစာလွှဲငွေများကို အခြားပင်နီစူလာဆိုင်များက မြန်မာပြည်တွင် ကျပ်ငွေဖြင့် ပြန်လည် ပေးသော်လည်း ထွက်ပြေးသွားသည့် လူလိမ်ဆိုင်များမှ ပြန်ရဖို့ တော်တော်ခက်သွားပါပြီ။ အထူးသဖြင့် ငွေနောက်လိုက်သူ များစွာ ခံလိုက်ရသည်။
ငွေလွှဲသူ အနည်းစုသာ ခံရသော်လည်း ယုံပြီး စီးပွားရေးအတွက် အပ်နှံငွေများမှာ ပလုံ ဖြစ်သွားပါတော့သည်။ ပင်နီစူလာတွင် ထိုသို့ငွေကြေးဆိုင်ရာ တရားမ၀င်လုပ်ဆောင်နေသည့် အုပ်စုအချို့ ရှိရာ ရွှေရတနာဆိုင်မှာ ငွေလွှဲအုပ်စုတခုဖြစ်သည်။ အခြားငွေလွှဲအုပ်စုများမှာ ပုံမှန်လုပ်ဆောင်လျှက်ရှိပါသည်။
လွန်ခဲ့သော ၃နှစ်မှ စတင်ပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများကြောင့် ကျပ်ငွေတန်ဖိုးတက်လာသည်။ မြန်မာအစိုးရကလည်း အတိုးနှုန်း တနှစ် ၁၃ ရာနှုန်း တရားဝင် ခွင့်ပြုထားသည်။ တရားမ၀င် ငွေတိုးချေးစားသူများမှာ အတိုးနှုန်း ၃၆ ရာနှုန်းမှ လက်လီ အသေးစားချေးငွေများမှာ နေ့ပြန်တိုး ၅ကျပ်နှုန်း (၆၀ရာနှုန်း) အထိ ယူကြသည်။
စင်ကာပူရှိ ငွေစုဆောင်းထားသူများသည် ဘဏ်အတိုးနှုန်း ၀.၂ ရာနှုန်းမျှသာရပြီး၊ Fix Deposit ၂နှစ် အပ်နှံပါက အတိုးနှုန်းပိုမိုရသည်။ (Less than S$5,000 = 0.1875% p.a. More than S$5,000 to below S$50,000 = 0.30% p.a )။
သို့သော် မြန်မာနိုင်ငံမှပေးသော ၁၃ရာနှုန်း မပြောနှင့် ၃ ရာနှုန်းပင် စင်ကာပူဘဏ်များက မပေးပါ။ ထိုအခါ စင်ကာပူဒေါ်လာ သောင်းဂဏန်း စုဆောင်းမိသူများသည် မိမိတို့ငွေများကို ယုံကြည်စိတ်ချသူ ပင်နီစူလာဆိုင်ပိုင်ရှင်များ (သို့မဟုတ်) လုပ်ငန်းရှင်များထံ အပ်နှံထားရသည်။
မြန်မာပြည်တွင် လုပ်ငန်းများထူထောင်ထားသော ဟိုတယ်၊ ခရီးသွားလုပ်ငန်းများမှာ လကုန်၊ နှစ်ကုန်လျှင် ကျပ်ငွေနှင့် လစာပေးရသောကြောင့် စင်ကာပူမှဒေါ်လာများ မြန်မာပြည်သို့ လွှဲခြင်းလုပ်ငန်းမှာ ဒီဇင်ဘာလကုန်တွင် အထူးများပြားလှပေသည်။

ယုံကြည်၍ အတိုးနှုန်းများများရရန် အပ်နှံထားသောငွေများကို ထိုမိန်မက အပိုင်သိမ်းပိုက်သွားဖြင်းဖြစ်သည်။ ထိုမိန်းမ ငွေကြေးအကြပ်အတည်းဆိုက်ရောက်နေသည်ကို လုပ်ငန်းရှင်များ ရိပ်မိသော်လည်း ထိုသို့လုပ်ရက်မည် လုံးဝမထင်မှတ်ခဲ့ပါ။
နောက်ဆုံးတွင် ပိုလျှံငွေ၊ စုဆောင်းငွေများကို အတိုးနှုန်း ပိုမိုတိုးပွားရလိုသူများစွာ၏ ငွေများ၊ စုစုပေါင်း ဒေါ်လာ သန်း၄၀ ကျော်သည်ဟု ဆိုပါသည်။ (YANGON, ELEVENDIA MEDIA သတင်းအရ အမေရိကန် ဒေါ်လာ ၁၅သန်းခန့် ဟု ဆိုသည်)။
မြန်မာပြည်တွင်လည်း ငွေတိုးပေးလုပ်ငန်းလုပ်သူများကို ဖမ်းဆီးပြီး .. စင်ကာပူတွင်မူ ထိုလုပ်ငန်းမှာ တရားမ၀င်ဖြစ်သောကြောင့် ရဲက ဖမ်းဆီးလောက်သည့်အဆင့်
မရောက်သေးပါ။ ပြဿနာက ခံလိုက်ရသူများကို အလွန်ပူလောင် စိတ်သောကရောက်စေပါသည်။
သို့သော် ခပ်တည်တည်ဖွင့်နေသော ရွှေရတနာဆိုင်ကိုပင် လူအများအံ့သြနေဆဲဖြစ်သည်။
ငွေသည် ပူလောင်တတ်ပါသည်။
၂၆-ဒီဇင်ဘာ-၂၀၁၁
http://moemaka.com/
Monday, December 26, 2011
ရွှေရတနာဆိုင်ကစတဲ့ ငွေလွှဲဈေးကွက်ပြိုကွဲမှု
ဇာဂနာ – ခေတ်များကို ဖြတ်သန်းသောအခါ (အပိုင်း ၁)
Published on December 26, 2011 by ခင်မောင်စိုး
နိုင်ငံရေးပြက်လုံးတွေနဲ့ နာမည်ကျော်ခဲ့တဲ့ ဇာဂနာဟာ ဦးနေ၀င်းရဲ့ မဆလခေတ်ကနေ စစ်အစိုးရအုပ်ချုပ်တဲ့ န၀တ၊ နအဖခေတ်၊ အခုနောက်ဆုံး ရွေးကောက်ပွဲအလွန် ဦးသိန်းစိန် အစိုးရခေတ်အထိ ခေတ်တိုင်းမှာ ထောင်ချခံခဲ့ရသူ ဖြစ်ပါတယ်။
နိုင်ငံရေးကို စိတ်ဝင်စားတဲ့၊ နိုင်ငံရေးအဖြစ်အပျက်တွေမှာ ထဲထဲဝင်ဝင်ပါခဲ့တဲ့ သူရဲ့ အတွေ့အကြုံ၊ ခံစားချက်တွေ၊ အမြင်တွေကို ဒီဗွီဘီ အယ်ဒီတာ ဦးခင်မောင်စိုးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဇာဂနာ ရောက်လာတုန်း တွေ့ဆုံ ဆွေးနွေးထားပါတယ်။
ဇာဂနာကို မွေးထုတ်ပေးခဲ့တဲ့ မဆလခေတ်ကနေ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလအထိ အခြေအနေတွေကို ဒီပထမပိုင်းမှာ ဆွေးနွေးထားပါတယ်။
ခင်မောင်စိုး-ကျနော်က ထိန်ထိန်ပြောတဲ့စကားလေး သွားသတိရတယ်။ ကြောက်မွေးပါ ဇာဂနာနဲ့နုတ်ဆိုတဲ့ သူ့ရဲ့ဆောင်းပါးလေးပေါ့နော်။ အဲဒီထဲမှာလည်း မဆလ ခေတ်တုန်းက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တခုကို ပြောဖြစ်တာ။ အဲလိုပဲ ပြက်လုံးလုပ်ရင်းက အမှုတွေဖြစ်ပြီးတော့ တရားစွဲခံရတယ်။ နောက်ဆုံးတော့ အဲဒီတုန်းက ရှိနေတဲ့ တရားသူကြီးက လူပြက်ပဲကွာ အဲဒီလောက်တော့ ပြက်မှာပေါ့ ဆိုတာမျိုး။ တဆက်တည်းမှာ သူက အဲဒီစကားပြောတာကလည်း အဲတုန်းက ရှိခဲ့တဲ့ ဥက္ကဋ္ဌကြီး ဦးနေ၀င်းက ပြောခဲ့တာ။ အဲဒီအဖြစ်အပျက်ကလေးက ဘယ်လိုဖြစ်ခဲ့တာလဲ။
“အဲဒါက ၁၉၈၆ ဆရာ။ ကျနော့်ဘ၀မှာ ပြက်လုံးပြက်လို့ ပထမဆုံး အဖမ်းခံရတဲ့ပွဲပေါ့။ ပုသိမ်ကို အလံတော်ရောက်တာ၊ အလံတော်ရောက်တော့ မြန်မာပြည်ကို တလောတုန်းက လာလည်တဲ့ သိန်းတန်(မြန်မာပြည်)နဲ့ပွဲပေါ့။ အလံတော်ရောက်တော့ သူတို့က စတိတ်ရှိုး၊ ကျနော်တို့က အငြိမ့်ကတယ်။ ကျနော်၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျော်ကြော်၊ ဂေါ်ဇီလာ၊ မင်းသမီးက ၀င့်သိင်္ဂီနဲ့ မြပုဏ်ဏမာအငြိမ့်ဆိုပြီး ကျနော်တို့ကကြတယ်။ အဲဒီမှာက ကျနော် ဘာပြက်လုံး သွားတည်လိုက်တာလဲဆိုတော့ ခေါင်းပေါင်းစ ဘယ်ချ၊ ညာချ ပြက်လုံးပြက်ရင်းနဲ့ ဖြစ်တာ။ အဲတုန်းက လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ အမတ်တွေက ညာချနေကြတာ၊ ဘယ်ဟာတုန်း ခေါင်းပေါင်းစဆိုပြီး ပြောတာကို၊ အဲဒီပြက်လုံးက အခု ဒီလိုသာပြောရတာလေ၊ အဲဒီရောက်အောင် ကျနော်တို့က မနည်းတည်လာတာ။ တည်လာပြီးတော့ အဲဒီနေ့ညပဲ ဖြစ်ချင်တော့ ၁၁ နာရီလောက်ပဲ တည်းခိုဆောင်ကိုလည်း ပြန်ရောက်ရော တခါတည်း လာဖမ်းသွားတာ။ ကျနော်တို့ကို တညလုံးစစ်တယ်။ ကျနော်နဲ့ အရိုင်းနဲ့ နှစ်ယောက်ကို။ ကျနော်က နောက်ဆုံးခေါင်းခံလိုက်တယ်။ ကျနော် တာဝန်ရှိတယ်။ ကျနော့်ညီတွေကို ပြန်လွှတ်လိုက်။ ခင်ဗျားတို့ဖြစ်စရာရှိရင် ကျနော့်ကိုလုပ်၊ ကျနော်ပြောတာ။ အဲဒါ ကျနော်နဲ့ အရိုင်းနဲ့ကို ဆက်ထားတယ်။ နောက်တနေ့ကျတော့ ပွဲရှိနေလျက်နဲ့ ကျနော်တို့ကို ပုသိမ်ကနေ ရန်ကုန်ကို ရဲအစောင့်အရှောက်နဲ့ လွှတ်လိုက်တယ်။ စတီးဝတ်အချုပ်မှာထားတယ်။ ရုံးမှာစစ်တော့ ကျနော်တို့က အမှန်အတိုင်းပြောတယ်။ ဒါကပြက်လုံးပဲ၊ ပြက်လုံးမှာ ကျနော်တို့ပြောတာ၊ ခေါင်းပေါင်းစ ဘယ်ချ၊ ခေါင်းပေါင်းစ ညာချ၊ ဒီဟာနဲ့သွားတာ။ မဟုတ်ဘူးတဲ့။ မင်းတို့က လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောတာ။ ဟုတ်တယ်၊ ဒီလိုပြောမှ ဒီလိုရယ်ရမယ်။ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေ ညာချနေတာပဲ။ ဒါကို ကျနော်တို့က ပြောတာ။ ဒါက နိုင်ငံတော်ကို စော်ကားတာ၊ ဘယ်နှနှစ်ကျသွားမယ်ပြောတယ်။ ကျချင်လည်းကျ၊ ဖြစ်ချင်တာဖြစ်လို့ဆိုပြီး အဲဒီအချိန်မှာ အသက်ကလည်း ငယ်သေးတယ်။ ၈၆ ခု အသက် ၂၅ ပဲပေါ့။ အိမ်ထောင်ကလည်း ကျခါစ၊ လူတွေကတော့ စိုးရိမ်တဲ့စိတ်တော့ လူတွေကရှိတာပေါ့။ ကျနော်ကဖြစ်ချင်တာဖြစ်ပဲ။ ဒါပေမယ့် ကံအားလျော်စွာပဲ ဦးနေ၀င်းဆီကို ဒီသတင်းပို့လိုက်တဲ့အခါကျတော့ အဲဒါမျိုး မလုပ်နဲ့၊ ပြန်လွှတ်လိုက်ဆိုပြီးတော့ လွှတ်ခိုင်းတယ်။ အဲလိုလွှတ်ပြီးတော့ ဖြစ်ချင်တော့၊ ကျနော်တို့ပြဿနာဖြစ်တာ ပြည်ထောင်စုနေ့၊ အဲဒီနောက်မှာ တော်လှန်ရေးနေ့က မတ်လ ၂၇ ရက်နေ့မှာဆိုတော့ ကျနော်တို့ကို ခေါ်ပြီးကခိုင်းတယ်။ အဲဒီပြက်လုံးကိုပဲ ပြန်ပြက်တယ်။ အဲဒီကျတော့ မဖမ်းတော့ဘူး။ အဲဒီထက်တောင် ဆိုးတဲ့ပြက်လုံးတွေကို ထပ်ပြီးတော့ ပြက်ရတာတွေ ရှိတယ်။ ဥပမာ ဟိုကောင်စီလည်း မကောင်းဘူး၊ ဒီကောင်စီလည်း မကောင်းဘူး။ သူတောင်းစားတို့၊ ကျနော်တို့ အဲဒီမှာတင် ကိုင်တော့တာ။ ဒါပေမယ့် အဲဒီလိုလုပ်တာတွေက လူတယောက်ကို ရပ်တန့်သွားစေချင်လို့ အရေးယူတာလို့ ထင်တယ်။ ဒါပေမယ့် ကျနော့်စိတ်ထဲမှာတော့ ပိုပိုတိုးစေချင်လို့ လုပ်ပေးလိုက်တယ်လို့ ထင်တယ်။ တွန်းအားတွေဖြစ်တယ်။ ကျနော် ဒါကြောင့် ခုန ကဗျာလိုပေါ့။ မီးပြင်းနဲ့တိုက်၊ တိုက်ချင်တိုက်၊ ပေမှာတင်ထု၊ ထုချင်ထု၊ မီးတိုက်တဲ့အခါ၊ နီရဲလာမယ်။ တူထုတဲ့အခါ ကျစ်မာလာမယ်။ နာနာထုလေ၊ ဓားကောင်းလေ ဆိုတဲ့ ကဗျာကို သွားသွားသတိရတယ်။ အမြဲသတိရတယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုဖြစ်လေ အကောင်ပိုပိုကြီးလာတယ်။ မာရီယိုလားမသိဘူး။ တခုစားလိုက်တိုင်း အကောင်ကြီးကြီးလာသလိုပဲ၊ ကျနော်အဲသလိုဖြစ်လာလေ အကောင်ပိုကြီး လာတယ်။ ထပ်ထပ်လုပ်ချင်လာတယ်။ အဲလိုမလုပ်ရင် ကျနော်ပြက်လုံး ရှာမတတ်တော့ဘူး။”
ခင်မောင်စိုး-အဲတော့ မဆလခေတ်တုန်းက မီးပြင်းတိုက်တာတွေကို ဖြတ်သန်းလာတယ်။ အဲလိုကနေ ၈၈ အရေးအခင်းကြီးမှာရော လူရွှင်တော် တယောက်၊ အနုပညာသမား တယောက်အနေနဲ့ ခုနပြောတဲ့ မီးပြင်းကြီးမှ တကယ့် အကြီးစားကြီး။ တကယ့် ကိုယ့်တွန်းအားကြီး တခုလို အဲဒါတွေကို ဘယ်လိုဖြတ်သန်းခဲ့ရလဲ။
“၈၈ ခုနှစ်၊ အရေးတော်ပုံကြီး တကယ်စတာ မောင်ဖုန်းမော်နေ့ ဖြစ်တဲ့အချိန်ပေါ့။ အဲဒီအချိန်မှာ မြောက်ဥက္ကလာ ဘုရားပွဲမှာ ကနေတာ။ အဲဒီအချိန်တုန်းက ဟန်းဖုန်းတွေဘာတွေလည်း မပေါ်သေးဘူး။ ဒါပေမယ့် သတင်းကရောက်လာတော့ လူက ဒီမတိုင်ခင် ၈၇ က ပိုက်ဆံသိမ်းကတည်းက ကျနော်နဲ့ အရိုင်းနဲ့က မန္တလေးမှာ ရုပ်ရှင်ရိုက်ဖို့ ရောက်နေတယ်။ တော်တော်စိတ်ထိခိုက်တယ်။ စိတ်ထိခိုက်တယ်ဆိုတာ မကျေနပ်တာ။ ဘာလုပ်တာလဲ။ အဲဒီတုန်းကတည်းက အနာက ရှိနေတော့ ဇာတ်ခုံပေါ် ရောက်တိုင်း ကျနော် အဲဒီပြက်လုံးပြက်တယ်။ ဒီပိုက်ဆံနဲ့ ပတ်သက်တဲ့ အကြောင်းကို ပြောတယ်။ အစိုးရကို အနည်းနဲ့အများ စင်ပေါ်မှာ ပြောနေတဲ့အချိန်၊ အဲဒီနေ့မှာ မောင်ဖုန်းမော်နေ့ မြောက်ဥက္ကလာ ဘုရားပွဲမှာ ရှိတော့ အဲဒီနေ့က ည ၁၂ နာရီထိုးချိန်မှာ ဘာမှမဆိုင်ဘဲနဲ့ ပြဇာတ်တခုလုပ်ပြီးတော့ အဲဒီပြဇာတ်က တိုက်ထားတဲ့ ပြဇာတ်မဟုတ်ဘူး။ ပါးစပ်နဲ့ပြောပြီးတော့ ကိုယ့်ပြည်သူကို ကိုယ်ပြန်သတ်တဲ့ အစိုးရဆိုပြီးတော့ တခန်းရပ်ပြဇာတ်ကလေးကို ချက်ချင်း ကောက်တည်တာ။ ဟိုကသတင်းရပြီ။ ကျနော်တို့မှာ ဖြစ်နေတာ။ အဲဒီမှာ ကျနော်တို့က စိတ်ကရှိနေပြီ။ ကျနော့်စိတ်ထဲမှာ မကျေနပ်တာက ရှိနေတော့ အဲဒီပြဇာတ်က မကောင်းဘူး။ မကောင်းဘူးဆိုတာ မကျေနပ်တာကို သိပ်ရှေ့တန်းပို့လိုက်တဲ့အတွက် အနုပညာအရ မကောင်းဘူး။ အဲဒီအချိန်မှာ ကျနော်တို့ လုပ်တဲ့အလုပ်တွေကလည်း နည်းနည်းမာတယ်။ မောင်ဖုန်းမော် ဖြစ်တာ မတ်လ ၁၃၊ အဲဒီမှာ ပွဲမိန့်တွေပိတ်ပြီးတော့ ဧပြီ သင်္ကြန်နားနီးမှာ သန်လျင် ကျိုက်ခေါက်ဘုရားပွဲကရတယ်။ မကောင်းဘူးဆရာ။ အမာတွေ၊ အရမ်းကို တရားလွန် စိတ်ရှေ့ရောက်ပြီးတော့ စိတ်ဆိုးတာတွေများပြီး အနုပညာက မကောင်းတော့ဘူး။ ဒါပေမယ့် ကံအားလျော်စွာ သင်္ကြန်ကျော်ပြီး တာမွေရာပြည့်ကွင်းမှာ ကတော့ မင်းသားကြီး ဦးမြတ်လေးနဲ့ စကားပြောဖြစ်တယ်။ သူက ကျနော်တို့ပွဲကို လာကြည့်တယ်။ လာကြည့်ပြီးတော့ ဘာပြောလည်းဆိုတော့။ မျက်နှာမာရင် လေသံလျှော့၊ လေသံမာရင် မျက်နှာပျော့။ ဒိန်းဆိုကျနော်သိသွားတယ်။ ဟုတ်တယ်။ အဲဒီနေ့ညကစပြီး သူတောင်းစား ပြဇာတ်ကိုတင်တာ၊ ၀က်ဝက်ကွဲပဲ၊ ဆရာတို့ဆီမှာ လွှင့်တာ။ သူတောင်းစား ပြဇာတ်က အသာလေးနဲ့ မျှော့ထိုးနေတာ။ တနိုင်ငံလုံး လှည့်ကလိုက်ရတာ။ အဲဒီ ၈၈ ခုနှစ် အရေးတော်ပုံကြီး ဖြစ်ခါနီးထိ၊ အဲဒီနေ့ကစပြီး ပြောင်းသွားတဲ့ သူတောင်းစားက ကျနော် တောက်လျှောက်တွန်းတော့တာ။ အဲဒီ သူတောင်းစား ပြဇာတ်က ခုချိန် ကလည်းရတယ်။ အခုလွှတ်တော်ကြီးရှိတယ်။ ပိုတောင်ကလို့ ကောင်းသေးတယ်။ ဘာကြောင့်လည်းဆိုတော့ သူတောင်းစား ပြဇာတ်က အလုံးအ၀န်းပဲပြောင်းတာ။ ဖရိန်က ဒါပဲလေ။ ခေတ်ကာလရဲ့ အချိန်ကို ကြိုက်တာထည့်သွားလို့ ရတယ်။ အဲဒီမှာ သူတောင်းစားပြဇာတ်က ဦးမြတ်လေး ပြောလိုက်တဲ့ မင်းမျက်နှာမာရင် လေကိုပျော့၊ လေမာချင်ရင် မျက်နှာလျှော့ဆိုတဲ့ဟာက ကျနော့်စိတ်ထဲမှာ အလိုလိုနေရင်း ၀င်သွားတော့ သူတောင်းစားပြဇာတ်က အပျော့နဲ့ထိုးတဲ့အချိန်၊ ပရိသတ်ကလည်း သိပ်ကြိုက်၊ လူတွေကလည်း အဲဒီအချိန်က မဆလ အစိုးရ၊ အဲဒီအရှိန်က ၈၈ အရေးတော်ပုံ ၈၈၈၈ ထိပါသွားလိုက်တော့ ကျနော်က ပြည်သူ့ဘက်က ရပ်တည်သော အနုပညာသည်လိုလို လူပြက်လိုလို ရောက်သွားပြီးတော့ စင်ပေါ်တက်၊ ဟောပြော လမ်းမတွေပေါ် ထွက်ဆိုတဲ့လူ ဖြစ်သွားတာပေါ့။ ဒီလိုနဲ့ပဲ သူငယ်ချင်းတွေ အားလုံးနဲ့ ထောင်ထဲ ရောက်သွားတာပဲ။ အဲဒီ ၈၈ ခုနှစ်မှာ တကယ်ပြောရင် လမ်းပေါ်ထွက်ပြီး အဖမ်းခံရတဲ့ထဲမှာ ကျနော်ပထမဆုံး၊ ကျနော်ရယ်၊ ကိုဇင်ဝိုင်းရယ်၊ အောက်တိုဘာ ၂ ရက်မှာ အဖမ်းခံရတယ်။ ကျနော်အစောဆုံး။ အဆော်ခံရဆုံး၊ တော်တော်ဆော်ခံရတယ်။ မင်းလားကွ၊ ခေါင်းပေါင်းစ ဘယ်ချ၊ ညာချ၊ မင်းလားကွ ဟိုကောင်စီ၊ ဒီကောင်စီနဲ့ ပြောပြီးတော့ကို ကန်တာ။ တော်တော်အဆော်ခံလိုက်ရတယ်။ ဒါက ဒီထောင်ဘ၀တွေကို နာကြည်းပြီး ပြောတာမဟုတ်ဘူး။ လုပ်တာတော့လုပ်တယ်။ မေ့လို့မရဘူး။ ခုထိလက်စားပြန်မချေဘူး။ သို့သော် အဲဒီစိတ်တွေရှိတော့ လုပ်ဦးမယ်ဆိုတဲ့ စိတ်က ပြန်ပေါ်တယ်။ တကယ်လည်း လုပ်ဖြစ်တယ်။ အဲဒါက စပြီး ဆက်ပြောရရင် ၈၉ ကျနော် ထောင်ကထွက်ပြီး ကျနော်ရယ်၊ ကိုဇင်ဝိုင်းရယ်၊ မိုးဝင်းရယ်ဆို ပျဉ်းမနားမှာ သွားကတယ်။”
ခင်မောင်စိုး-အဲဒါ ပထမဆုံး အစိုးရက ခွင့်ပြုတဲ့ပွဲ ဖြစ်မယ်ထင်တယ်။
“၈၈ မှာ ပိတ်လိုက်တယ်။ ၈၉ မှာ မမျှော်လင့်ဘဲ ပျဉ်းမနားမှာ ပေးကတယ်။ ကျနော့် အဲဒီစိတ်က အခံရှိတာကို၊ လုပ်ဦးမှာပဲဆိုတဲ့ စိတ်ကလည်း ရှိနေတော့၊ အဲဒီမှာ လုပ်ချလိုက်တဲ့အခါကျတော့ ကျနော်တို့ကို မြို့ကနေ သေနတ်တွေနဲ့ ပိတ်ပြီးတော့ နှင်တာ။ အဲဒီကနေ ဘီအီးဒီ အောင်သိုက်နဲ့ ကဖို့ဆိုပြီး ပခုက္ကူကို သွားရတာ။ ပခုက္ကူမှာ မြို့ထဲပေးမ၀င်တော့ဘူး။ ကမ်းနားမှာတင် ပြန်တဲ့။ လုံးဝပေးမကဘဲနဲ့ နေလိုက်တာ တပတ်ကြီးလည်သွားတယ်။ ၈၉ ခုနှစ် ကုန်သွားတယ်။ ကျနော့်ကိုပိတ်လိုက်တယ်။ အဲဒီမှာ ၉၀ ရွေးကောက်ပွဲမတိုင်ခင် ပဲခူးမှာ သွားဝင်တာ။ ပဲခူးမှာ ကလဲကရော သူများအဖွဲ့နဲ့။ မှတ်မိသလောက်တော့ လူငယ်ကြည်ခိုင် ဇာတ်သဘင်အဖွဲ့နဲ့တွဲပြီး အငြိမ့်ခန်းလေးပဲ ကရတာ။ အဲဒီမှာ သူတောင်းစား ပြဇာတ်ကို ထည့်တာ။ အဲဒီမှာ ကခဲ့တဲ့အခွေက ဆရာတို့ အခုပြနေတဲ့ အခွေ၊ အဲဒါက ၉၀ ဖြစ်သွားပြီ။ အဲဒီ ၉၀ မှာ သင်္ကြန်လုပ်တယ်။ အဲဒီ ၉၀ မှာ ပဲခူးမှာ ကတယ်။ အဲဒီ ၂ ခုလုံးက ကျနော်ဒုက္ခရောက်တာပဲ။ ဘာလို့လည်းဆိုတော့ ၉၀ မှာ ပဲခူးမှာကတဲ့ပွဲကို အဲဒီနေ့ညမှာ စစ်တပ်နဲ့ဝိုင်းတယ်။ စစ်တပ်နဲ့ ဘုန်းကြီးနဲ့ ပြဿနာ တက်တယ်။ နောက် ကျနော်တို့လည်း တသက်လုံး ဘယ်တော့မှမကနဲ့ဆိုတဲ့ အပေါက်ဖြစ်သွားတယ်။ လူတွေလည်း ရန်ကုန်လည်းပြန်ရောက်ရော အဖမ်းခံရတယ်။ ထိုနည်းတူပဲ အဲဒီအချိန်မှာ ဇာဂနာသင်္ကြန်ဆိုတာကို ကျနော်တို့ လုပ်တယ်။ အဲဒါလည်း ဆရာတို့ဆီက လွှင့်ပြီးပါပြီ။ အဲဒီသင်္ကြန်ခွေကလည်း ဆင်ဆာတင်လိုက်တယ်။ တော်တော်အငြိုးခံရတယ်။ အဲဒီထဲမှာ အများကြီးပဲ ကျနော်တို့ သံချပ်တွေလည်း ဆရာတို့လည်း တွေ့မှာပါ။ အဲဒီ ၂ ခုရဲ့ အငြိုးက ကျနော့်ကို ထောင် ၅ နှစ် ကျစေတဲ့၊ အမှုရဲ့ ၅၀ ရာခိုင်နှုန်းပါတယ်လို့ ပြောလို့ရတယ်။”
ခင်မောင်စိုး-၈၈ နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်တဲ့အခါမှာ ကျနော့်ကို ဆရာ မောင်ဝံသ ပြောသွားတာ ရှိတယ်။ အဲဒီတုန်းက ကိုသူရကို သူတို့က အန်အယ်လ်ဒီ လူငယ်အဖွဲ့မှာ ၀င်ပြီး နိုင်ငံရေး လုပ်ဖို့ ပြောခဲ့ပေမယ့် ကိုသူရက ငြင်းခဲ့တယ်တဲ့။ နိုင်ငံရေးတော့ မလုပ်ပါရစေနဲ့၊ အားတော့ အားပေးမယ်။ အနုပညာသမားအနေနဲ့ လွတ်လွတ်လပ်လပ် ရပ်တည်ချင်ပါတယ်လို့ ပြောတယ်။ ဒါပေမယ့် အမေကိုယ်တိုင် တသီးပုဂ္ဂလနဲ့ ၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ၀င်တော့ အမေဆိုတော့လည်း သူမနေသာဘူးထင်ပါတယ်တဲ့။ အဲဒီနောက်ကစပြီး နိုင်ငံရေးထဲမှာ သံသရာ ပြန်လည်နေတာပေါ့ဗျာတဲ့။ အဲဒီအဖြစ်အပျက်လေး နည်းနည်း ပြန်ပြောပြပါလား။
“အမှန်က ၈၉ ဧပြီ ၂၁ ရက်မှာ ကျနော် လွတ်တဲ့အခါကျတော့ ဆရာဦးဝံသ၊ ဦးမိုးသူ ကျနော့်ကို ခေါ်တယ်။ အန်တီစမ်း (ဒေါ်စမ်းစမ်းနွဲ့ သာယာဝတီ)၊ ဦးကိုယုလည်း ပါပါတယ်။ ကျနော့်ကို အန်အယ်လ်ဒီကို လာဖို့ ခေါ်တယ်။ အဲဒီအချိန်မှာ ကျနော်က နာမည်က တအား ဖြစ်နေပြီပေါ့။ အသက်ကလည်း ငယ်သေးတယ်။ နိုင်ငံရေး လောကမှာလည်း ကျနော်ဝင်လာမယ်ဆိုရင် သူတို့က ကြိုဆိုတယ်။ နေရာလည်း အဆင်သင့် ရှိတယ်။ ဒါပေမယ့် ကျနော့်ရဲ့ မူလစိတ်ထဲကိုက ကျနော် လွတ်လွတ်လပ်လပ် နေချင်တယ်ဆိုတဲ့ စိတ်၊ ကျနော့်ခေါင်းပေါ်မှာ အလံမရှိချင်ဘူး။ အဲဒီတုန်းကဆိုရင် အင်မတန် နိုင်ငံရေးလမ်းကြောင်းမှာ လှေကြုံစီးလို့ ကောင်းတဲ့အချိန်၊ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးအရရော၊ အနုပညာအရရော၊ နာမည်အရမ်းထွက်နေတဲ့ အချိန်၊ ကျနော်မလုပ်ချင်ဘူး။ တကယ်လို့ အဲဒီအချိန်တုန်းက ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ နိုင်သွားဦးတော့ ကျနော် အန်အယ်လ်ဒီကို ဝေဖန်ရင် ဝေဖန်လို့ ဘယ်ရမလဲ။ ဘာလို့လဲဆိုတော့ ကျနော်က အန်အယ်လ်ဒီ ဖြစ်နေမှာကိုး။ ဘယ်သူနိုင်နိုင်၊ ဘယ်သူ အစိုးရ ဖွဲ့ဖွဲ့၊ ဖွဲ့တဲ့သူကို ကျနော် သရော်ချင်တယ်ဆိုရင် ကျနော်က အန်အယ်လ်ဒီ ဖြစ်နေရင် ကျနော် ဘယ်လို သရော်ရမလဲ။ ကိုယ့်အန်အယ်လ်ဒီကို ကိုယ် ပြောလို့ မရတော့ဘူး။ ဆိုတော့ အန်အယ်လ်ဒီထဲ မ၀င်ချင်ဘူးလို့ ကျနော်ထောင်က ထွက်လာပြီးတဲ့နောက်မှာ ဦးဝံသတို့ကိုပြောတယ်။ ဒါပေမယ့် ကျနော်ကူညီပါ့မယ်လို့။ တကယ်လည်း ကူညီခဲ့ပါတယ်။ ၉၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ ဗမာတပြည်လုံးလှည့်ပြီး ရုံးတွေ မဲဆွယ်တဲ့ကိစ္စ ကျနော်လိုက်လုပ်ခဲ့တယ်။ ဥပမာဆိုပါတော့ ပုဂံ၊ ကျောက်ဆည်၊ မန္တလေး၊ မေမြို့၊ မင်းဘူး၊ ပြည်၊ ပေါင်းတည်၊ ကျနော်လှည့်ပြီး မဲဆွယ်ပေးတာ။ အဲဒီလို တပတ်ကြီး လှည့်လာတဲ့အချိန်မှာ ပြဿနာက ဘာဖြစ်လာလဲဆိုတော့ ကိုယ့်အမေ အရင်းခေါက်ခေါက်လုံး တသီးပုဂ္ဂလ အမတ်အနေနဲ့ ၀င်ပြိုင်တာကျတော့ မဲ မဆွယ်ပေးတော့ဘူးလားလို့ ဖြစ်လာတာပေါ့။ အန်အယ်လ်ဒီနဲ့ကျတော့ မဲတွေ လျှောက်ဆွယ်နေတာဆိုပြီး ကျနော့်အမေက စကားနာထိုးတော့ ပြောမယ် အမေရာ ဆိုပြီး စင်ပေါ်တက်သွားတာ အဖမ်းခံရတာပဲ။ တကယ်လည်း ကျနော်ပြောခဲ့တာပဲ လွတ်လွတ်လပ်လပ် နေချင်ပါတယ်လို့ ပြောတဲ့အတိုင်း နေခဲ့တာပဲ။ ခုချိန်ထိလည်း လွတ်လွတ်လပ်လပ်နေတာပဲ။ အခုလည်း အန်အယ်လ်ဒီထဲ ၀င်တာမှ မဟုတ်ဘဲ။ မြန်မာပြည်တပြည်လုံး အန်အယ်လ်ဒီအတွက် လှည့်ပြီး မဲဆွယ်တဲ့အလုပ်တွေ အဲဒီတုန်းက စုနိုင်မှ ချမ်းသာမည်တို့ လုပ်ပေးပြီးတော့မှ ကိုယ့်အမေ ရွေးကောက်ပွဲ ၀င်တဲ့အခါမှာ စကားလေးတခွန်းတောင် မပြောပေးတော့ဘူးလား ဆိုတော့ ပြောလိုက်ရတာပေါ့။ ပြောရရင်တော့ နိုင်ငံရေး လောကထဲ ၀င်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ အဲ့တုန်းက။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အလုပ်တခု လုပ်တယ်ဆိုတာထက် အမေအတွက်ကြောင့် မိဘအပေါ် ထားတဲ့ စိတ်ကြောင့် ၀င်လုပ်လိုက်တာ။ အဲဒီအချိန်တုန်းက ကျနော့်အမေလည်း ဒိုင်ယာရီထဲမှာ ရှိတယ် သူစိတ်မကောင်းဘူးပေါ့။ သူ့ကြောင့်ထောင်ကျတယ် ထင်တာ။ ဒါပေမယ့် မဟုတ်ပါဘူး အမြင်ကပ်နေတာ ကြာပြီ၊ ဒါလေးက အကြောင်းပြလို့ကောင်းလို့ ထောင်ကျသွားတာပါဆိုတာမျိုးပေါ့။ ခုချိန်ထိလည်း ကျနော်စိတ်ထဲမှာ နိုင်ငံရေးပါတီ တခုခုတည်းကို ၀င်ပြီး အလုပ်လုပ်တာမျိုး မလုပ်ချင်ဘူး။ ဒါပေမယ့် အားပေးပါ့မယ်။ ကူညီပါ့မယ်။ ကျနော့်ရှိသမျှ စွမ်းအားနဲ့ ကျနော်ကူညီပေးချင်တယ်။ ဒါပေမယ့် ပါတီတခုရဲ့ အလံအောက်မှာ ကျနော် မလုပ်ချင်ဘူး။”
ခင်မောင်စိုး-နိုင်ငံရေးဆိုတာက ပါတီဝင်တဲ့ နိုင်ငံရေးမျိုးကတော့ မလုပ်ချင်ဘူးပေါ့နော်။ ဒါပေမယ်လို့ ကိုသူရက မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ် စသည်ဖြင့် ဖြတ်သန်းလာရပြီး တခါ တိုင်းပြည်မှာ ၈၈ လို ကြီးမားတဲ့ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ကိုသူရက တခါ ပြန်ပါလာတာပေါ့နော်။ အဲဒီမှာ အနုပညာသမားအနေနဲ့ ပြန်ပါလာတာလား။ သာမာန်ပြည်သူ နိုင်ငံရေးကိစ္စမျိုးနဲ့ သာသနာရေးကိစ္စအတွက် ပြန်ပါလာတာလား။ အဲဒီတုန်းက ဘယ်လို ပါဝင်ခဲ့သလဲ။
“ဒီ သံဃာတော် ကိစ္စမှာ ပါလာတာကတော့ တကယ့် တကယ် ပြောရရင်တော့ အနုပညာသမားအနေနဲ့ မဟုတ်ဘူး။ ပြည်သူတယောက်အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် emotion (စိတ်ခံစားမှု) ရှေ့ရောက်တယ်လို့ ပြောရမှာပေါ့။ ပခုက္ကူမှာ ဖြစ်တဲ့ ကိစ္စ ကျနော့်စိတ်ထဲမှာ မကြိုက်ဘူး။ နောက်တခါ လမ်းမပေါ်မှာ လမ်းလျှောက်တဲ့သူတွေကို ပေါ်ဦး (မင်းကိုနိုင်) တို့ကို ဖမ်းတယ်။ ကျနော် မကြိုက်ဘူး။ နောက်တခါ စုစုနွေးတို့ကို ဆွဲလားရမ်းလား လုပ်တယ်။ ကျနော့်သူငယ်ချင်း မုန်းခက်ကို ရွှေဂုံတိုင်မှာ ဆွဲလားရမ်းလား လုပ်တယ်။ အဲဒါတွေ အားလုံးကြည့်ရတာ ကျနော် မကြိုက်ဘူး။ ကျနော့်စိတ်ထဲမှာ အဲဒါတွေနဲ့ ပတ်သက်ရင် ကျနော်ကြိုက်ကို မကြိုက်တာ။ အဲဒီတုန်းက စစ်အစိုးရ အုပ်ချုပ်နေတယ်။ စစ်အစိုးရဖြစ်ဖြစ် လူပဲလေ။ ဒါတွေကလည်း လူပဲ။ ဒီလူတွေက ဘာလုပ်နေလို့လဲ။ စွမ်းအားရှင်တွေက လူတွေကို ခြေထောက်တွေကနေဆွဲပြီး ၀က်တွေလို ကားပေါ် ပစ်တင်နေတာတွေ၊ ထင်ကျော်တို့ကို ဆွဲသွားတာမျိုး၊ မုန်းခက်တို့ကို ဆိုရင် ပုဆိုးချွတ်ပြီး ပစ်တင်သွားတာ။ အဲဒါမျိုးကို မြင်ရပါများတော့ စိတ်ခံစားမှုတွေက ရှေ့ရောက်လာတာပေါ့။ ပညာရှင်များ ပြောသလို လမ်းပေါ် နိုင်ငံရေးတွေဘာတွေ ပြောကြတယ်။ ဘယ်လိုပဲပြောပြော အဲဒီအချိန်တုန်းက ကျနော်က ခံစားချက်ကြောင့် လုပ်တာလို့ ပြောချင်တယ်။ သိပ်မကျေနပ်တော့ဘူး။ အဲဒီအချိန်တုန်းက စီးပွားရေးအရ အဆင်ပြေနေပါတယ်။ ကြော်ငြာတွေ ဒလကြမ်းရိုက်နေရတာ။ ကျနော် ကြော်ငြာ အများဆုံး ရိုက်ရတဲ့လူပဲ မြန်မာပြည်မှာပေါ့။ အဲဒီအချိန်က ကျနော့်အလုပ်နဲ့ ကျနော် ကားကောင်းကောင်းစီးပြီး အရက်ကောင်းကောင်း သောက်ပြီး နေနိုင်တာပဲ။ မနေချင်တော့ဘူး။ ကျနော်နဲ့ ကျော်သူနဲ့ဆိုရင် ခဏခဏ စကားပြောရတယ်။ သူက လမ်းပေါ်ထွက်မယ်ချည်းပဲ။ မဟုတ်ဘူး လမ်းပေါ်မထွက်နဲ့။ ကျနော်တို့ လုပ်လို့ရတဲ့ နည်းတနည်း ရှိတယ်။ ကျနော်တို့က ရှေ့ကထွက်ရင် ပြည်သူတွေက နောက်ကလိုက်လိမ့်မယ်။ သူတို့တောင် ရှေ့က ခေါင်းဆောင်နေတာပဲ။ ငါတို့ မလိုက်နိုင်စရာ အကြောင်းမရှိဘူး။ သူတို့လိုပဲ ငါတို့လည်း ရဲရင့်တဲ့စိတ် မွေးကြရအောင်ဆိုပြီး ပြည်သူတွေမှာ ဖြစ်လာလိမ့်မယ်။ ငါတို့က နည်းနည်းသွားရအောင်၊ တခါတည်း အကုန်လုံး ချကျွေးလိုက်ရင် ဗျူဟာ မရှိဘူးပေါ့ဗျာ။ အဲဒီတုန်းက ကျနော်တို့ ဗျူဟာက ဘုန်းကြီးတွေကို support (ထောက်ပံ့)မယ်၊ ဆွမ်းကပ်မယ်၊ ရေ၊ ဆေးကုတာလုပ်မယ်။ တဖြည်းဖြည်းချင်း လုပ်မယ်။ ဒီကနေ တဆင့်တက်လာရင် ကျနော်တို့ တပတ်အတွင်း သပိတ်စခန်းဖွင့်ဖို့ အထိ စဉ်းစားထားတယ်။ ဘာလို့လဲဆိုတော့ နေ့တိုင်း လမ်းလျှောက်ရင် သေလိမ့်မယ်။ ဒါ ၈၈ က အတွေ့အကြုံ၊ ၈၈ တုန်းက နေ့တိုင်း လမ်းလျှောက်တာ တလကျတော့ သေရော၊ ဘာမှ မလုပ်နိုင်တော့ဘူး။ သို့သော် မလုပ်လိုက်ရဘူး။ ကိုကျော်သူနဲ့ ကိုအောင်ဝေးက တခါတည်း ဆူးလေဘုရားတက်ပြီး တရားဟောလိုက်တာ ညတွင်းချင်း ထွက်ဖမ်းတော့တာပေါ့။ အသာလေး ဆွမ်းကပ်ပြီးတော့ နှပ်နေရင် လုပ်ရ(ဖမ်းဖို့)ခက်တယ်လေ။ ကျနော်တို့ တရားဟောလိုက်တဲ့ အခါကျတော့ သူတို့က လိုက်ဖမ်းတော့တယ်။ ကျနော်တို့လည်း ခြေတလှမ်းလောက်ပဲ လှမ်းလိုက်ရတယ်၊ ဘာမှ မလုပ်လိုက်နိုင်ခဲ့ဘူး။ ကျနော်တို့ ဖမ်းပြီးနောက်မှာလည်း ဘုန်းကြီးတွေကိစ္စလည်း အပစ်အခတ်တွေနဲ့ အကြမ်းပတမ်း ရင်ဆိုင်ပြီး ဒုက္ခရောက်သွားကြရတယ်။ ဒီကိစ္စမှာ ပါလာတာက နိုင်ငံရေးအရ ဘာလုပ်ချင်လို့ ဆိုတာထက် စိတ်ခံစားမှုနဲ့ ပါလာတာပါလို့ ကိုယ့်ကိုယ်ကိုယ် အမှန်တိုင်း ၀န်ခံချင်ပါတယ်။”
ဒုတိယပိုင်းမှာတော့ ထောင်က ပြန်လွတ်လာတဲ့နောက် လက်ရှိ မြန်မာပြည်နိုင်ငံရေးအပေါ် သူဘယ်လိုမြင်လဲ၊ အနုပညာနဲ့ နိုင်ငံရေးဟာ သူ့ဘ၀မှာ ဘယ်လောက် အရေးပါသလဲ၊ အနုပညာသမားတယောက်ဟာ နိုင်ငံရေးအပေါ် ဘယ်လို ခံယူထားသင့်လဲ၊ စတဲ့ ဇာဂနာရဲ့ အယူအဆတွေကို ဆွေးနွေးထားပါတယ်။
http://burmese.dvb.no/archives/19184
လွှတ်တော်အတွင်း ကြံ့ခိုင်ရေးပါတီအမတ်များနှင့် အစိုးရအကြား မရှင်းလင်းမှုများရှိ
Published on December 26, 2011 by အံ့ဘုန်းမြတ်
ရပ်နားသွားပြီဖြစ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အတွင်း ကြံ့ခိုင်ရေးပါတီ အမတ်တွေနဲ့ အစိုးရ ကြားမှာ အဆို၊ မေးခွန်းတွေနဲ့ ပတ်သက်ပြီး မရှင်းလင်းမှုတွေ အများအပြား ရှိခဲ့တယ်လို့ လွှတ်တော် သုတေသန စာတမ်းပြုစုသူ ဦးကျော်လင်းဦးက ပြောပါတယ်။
“ကြံ့ခိုင်ရေး ပါတီမှာက တော်တော်အံ့ဩဖို့ကောင်းတဲ့ ကိစ္စက ကျနော်တို့က ပါတီကြီး၊ တကယ့်ကို အစိုးရကလည်း နောက်ကနေ ပံ့ပိုးပေးထားတဲ့ပါတီ၊ ဒါပေမယ့် လွှတ်တော်ထဲရောက်သွားတဲ့ အခါမှာ လွှတ်တော်အမတ်တွေ ကိုယ်တိုင်က ငါတို့က ကြံ့ခိုင်ရေးပဲဆိုတဲ့ အမြင်မျိုး မရှိတော့ဘဲနဲ့ တချို့ဟာတွေက ပဋိပက္ခဖြစ်နေတာ တွေ့ရတယ်။ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တယောက်က ပြောလိုက်ဆိုလိုက်တဲ့ဟာတွေနဲ့ cabinet (အစိုးရ) က တင်လိုက်တဲ့ အဆိုတွေနဲ့ သဘောမတူဘူး။ ထပြီးတော့မှ အပြန်အလှန် မဲခွဲတယ်ဆိုပြီး ခွဲလိုက်တဲ့ဟာမျိုးတွေ တွေ့ခဲ့တယ်ဆိုတော့ ဒါတွေက ဘာပဲဖြစ်ဖြစ် institutional change ဖြစ်သွားတဲ့အတွက် ဖြစ်လာတဲ့ ကွာဟချက်တွေလို့ ကျနော်တို့က ထင်တယ်။”
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွေက ပထမအကြိမ် တုန်းကထက် ပိုအလုပ်ဖြစ်ခဲ့ပြီးတော့ လက်ရှိ အတည်မပြုဖြစ်သေးတဲ့ ဥပဒေအချို့ကိုလည်း လာမယ့် လွှတ်တော်မှာ အတည်ပြုလာနိုင်မယ်လို့လည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
“ဒုတိယအကြိမ် ပုံမှန် လွှတ်တော်အစည်းအဝေးက အရင်က လွှတ်တော် အစည်းအဝေးနဲ့စာရင် သိသာတဲ့ တိုးတက်မှုတွေ ရှိတယ်။ အထူးသဖြင့်တော့ ဥပဒေ တော်တော်များများ ထွက်လာတယ်။ ဥပဒေကြမ်းတွေ တော်တော်များများ ထွက်လာတယ်။ ဒီလိုပဲ လာမယ့်လွှတ်တော်တွေမှာလည်း ဒီလွှတ်တော်တွေမှာ မပြီးပြတ်သေးတဲ့ ဥပဒေတွေ ကျန်ပါသေးတယ်။ ဒီဥပဒေတွေကို ဆက်ပြီးတော့မှ ဆွေးနွေးဖို့ အခြေအနေရှိတယ်။ နောက်တခုက နောက်လွှတ်တော်မှာပဲ တင်ဖို့ အခုစိုင်းပြင်းနေတဲ့ တချို့ ဥပဒေတွေလည်း ရှိတယ်။ အထူးသဖြင့် မီဒီယာ ဥပဒေလိုဟာမျိုး။ ဒီလို ဥပဒေတွေကိုလည်း နောက် လွှတ်တော်တွေမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ တင်သွင်းပြီးတော့မှ ဥပဒေအဖြစ်နဲ့ အတည်ပြုချက်ရယူဖို့ ကြိုးစားမယ့် သဘော ရှိပါတယ်။”
သတင်းစာရှင်းလင်းပွဲမှာ လွှတ်တော်ပြင်ပ နိုင်ငံရေးရဲ့ အရေးကြီးပုံတွေကို ဆွေးနွေးခဲ့ကြပါတယ်လို့ ပြောပါတယ်။
“အောက်ခြေကစပြီး ပြောင်းလဲအောင် အဓိက လုပ်တော့မယ်ဆိုရင် civil society တွေ အားကောင်းအောင် လုပ်တော့မယ်ဆိုရင် လွှတ်တော်ပြင်ပမှာလည်း တာဝန်တရပ်ရှိတယ်။ အဲဒါကြောင့် institution တွေ အားကောင်းဖို့ အပြန်အလှန် ထိန်းကျောင်းဖို့ဆိုရင် ကျနော်တို့ အောက်ခြေကစပြီး ပြောင်းလဲအောင် မလုပ်ဘဲနဲ့ ဘယ်လိုမှ မရဘူး။”
ပြီးခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေမှာ မေးခွန်းပေါင်း ၅၀၆ခု မေးမြန်းခွင့်ရှိပြီးတော့ အဲ့ဒီထဲက ၃၃၇ ခုကိုပဲ သက်ဆိုင်ရာ ဝန်ကြီးတွေက ပြန်လည်ဖြေကြားဆွေးနွေးခဲ့တာပါ။
ဒီဖြေကြားချက် အများစုကလည်း သက်ဆိုင်ရာ ဝန်ကြီးတွေရဲ့ လုပ်နေဆဲ လုပ်ပြီး ဖြစ်တယ်ဆိုတဲ့ ဖြေကြားချက်မျိုးတွေသာ များပြားနေတယ်လို့ သိရပါတယ်။
အခုလို ပြန်လည် ဖြေကြားခဲ့တဲ့မေးခွန်းတွေကတော့ မေးခွန်းပေါင်း ၅၄ ခုပဲ တိကျတဲ့ အဖြေရရှိခဲ့ပြီး ၂၂ ခုကတော့ ပြန်လည် ရုပ်သိမ်းခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေက အဆိုပေါင်း ၅၁ ခု တင်သွင်းခဲ့ပေမယ့် အဲဒီထဲက ၁၈ ခုသာ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။
http://burmese.dvb.no/archives/19192
ဂျပန် အထောက်အပံ့ မြန်မာ ပြန်ရဖွယ်ရှိ
2011-12-26
မြန်မာနိုင်ငံကို ရောက်နေတဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကိုအီချီရို ဂမ်ဘာ Koichiro Gemba နဲ့ သမ္မတဦးသိန်းစိန်တို့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
RFA
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba တို့ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။
ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးမြှင့်နိုင်ဖို့ အခွင့်အလမ်းတွေကို လာရောက်လေ့လာ ဆွေးနွေးတယ်လို့ ထင်မြင်ကြောင်း သမ္မတရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က အာရ်အက်ဖ်အေကို ပြောပါတယ်။
“ခုနောက်ပိုင်းမှာ မြန်မာနိုင်ငံကလေ နိုင်ငံခြားရေး မူဝါဒမှာ ပိုပြီးတော့ တံခါးဖွင့်ပြီးတော့မှ တခြားနိုင်ငံတွေနဲ့ ပိုပြီး နီးနီးစပ်စပ် ဆက်သွယ်ဖို့ အတွက် အခွင့်အလမ်းတွေ ပေါ်လာတဲ့အခါမှာ ဂျပန်နိုင်ငံ အနေနဲ့ ကလည်းပဲ မြန်မာနိုင်ငံရဲ့ ရှေ့ဆက်ပြီးတော့သွားမယ့် နိုင်ငံရေး၊ စီးပွားရေး အလားအလာတွေနဲ့ ပတ်သက်ပြီးတော့ လာပြီးတော့မှ ပိုပြီးတော့မှ ဆက်ဆံမှု တိုးမြင့်နိုင်ဖို့အတွက် အခွင့်အလမ်းတွေ လာပြီးတော့မှ ထိတွေ့လေ့လာ ဆွေးနွေးတဲ့ သဘောလို့ ထင်ပါတယ်”
၂ဝဝ၃ ခု ဒီပဲယင်းလုပ်ကြံမှု နောက်ပိုင်း ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပေးနေတဲ့ နိုင်ငံရပ်ခြား အကူအညီ ODA အပါအဝင် တခြားထောက်ပံ့မှု အားလုံး ရပ်ဆိုင်းပြီးနောက် အခု ဂျပန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ အကူအညီအားလုံး ပြန်ပေးဖို့ကိစ္စတွေ ဆွေးနွေးကြပါမယ်။ ဒါ့အပြင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ရေးရာရုံး တာဝန်ခံ ဒေါက်တာမင်းညိုက အာရ်အက်ဖ်အေကို ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ဂျပန်အနေနဲ့ အနီးကပ် ဆက်ဆံပြီး ကူညီပံ့ပိုးပေးဖို့ မျှော်လင့်ကြောင်းလည်း ဂျပန်အစိုးရက ပြောဆိုထားပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က အာရ်အက်ဖ်အေကို ပြောပါတယ်။
“ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ၅ နာရီ ၂ဝ မှာ ရောက်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့အဖွဲ့နဲ့ တွေ့ပြီးတော့ ဆွေးနွေးကြတယ်။ ပြီးတော့ ၆ နာရီ ၁ဝ မိနစ်လောက်မှာ ထွက်လာပါတယ်။ ထွက်လာပြီး တော့ မြက်ခင်းပြင်မှာ စောင့်နေတဲ့ သတင်းထောက်တွေကို နိုင်ငံခြားရေးဝန်ကြီးက စကားပြန်ကနေ တဆင့် ၁ဝ မိနစ်လောက် ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၈ မိနစ်လောက် ပြောပါတယ်”
ဂျပန်နိုင်ငံကို လာရောက်ဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ပါတယ်။ အလားတူပဲ သမ္မတ ဦးသိန်းစိန်ကိုလည်း ဖိတ်ကြားခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံရဲ့ တိုးတက်ဖွံဖြိုးမှုတွေကို လေ့လာသင့်ကြောင်းနဲ့ မိမိလည်း သွားရောက်ဖို့ ကြိုးစားမှာဖြစ်ကြောင်း သတင်းထောက်တွေကိုပြောပါတယ်။ မြန်မာ့ ဒီမိုကရေစီရေးကို နှစ်ပေါင်း ၂ဝ ကျော် ထောက်ခံ အားပေးလာတဲ့အတွက်လည်း ဂျပန်နိုင်ငံကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
ထားဝယ်စီမံကိန်း တွင်ပါဝင်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံမှ ကာဗွန်ထုတ်လွှတ်မှု တစ်နှစ်လျှင် တန် သန်း ၃၀ ရှိနိုင်ပြီး ထိုင်းတစ်နိုင်ငံလုံး ထုတ်လွှတ်မှု၏ ထက်ဝက်ခန့်ရှိလာမည်
Sunday, 25 December 2011 11:29
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်၌ အကောင်အထည် ဖော်နေသည့် ထားဝယ်စီမံ ကိန်းတွင်ပါဝင်သော မဂ္ဂါဝပ်၄၀၀၀ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံသည် ကာဗွန် ထုတ်လွှတ်မှု တစ်နှစ်လျှင် တန်သန်း ၃၀ ရှိနိုင်ပြီး ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး ထုတ်လွှတ်မှု၏ ထက်ဝက်ခန့်ရှိလာ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထားဝယ်ဒေသတွင်လုပ်ဆောင် နေသည့် ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ ရေနံဓာတုအခြေပြုလုပ်ငန်းများ၊ ကျောက်မီးသွေးသုံးဓာတ်အားပေး စက်ရုံ စသည်တို့ပါဝင်မည်ဖြစ်ပြီး ယင်းစီမံကိန်းကို ထိုင်းနိုင်ငံရှိ talian-ThaiDevelopment Public Co., Ltd မှ အကောင်အထည်ဖော်နေ ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ
“ထားဝယ်စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း၊ ဓာတ်မြေသြဇာစက်ရုံ၊ ရေနံဓာတုလုပ်ငန်း စတာတွေ ပါမယ်။ ၂၅၀ စတုရန်းကီလိုမီတာရှိ။ အဓိကထားပြီး ပြောချင်တာကတော့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ပတ်သက်လို့ပါပဲ။ ထိုင်းအနေနဲ့စီးပွားရေးမှာ လျှပ်စစ်ကို အဓိကသုံးတယ်။ ဒါပေမယ့် မဂ္ဂါဝပ် ၄၀၀၀ လောက် ရှိတဲ့ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံတော့မရှိဘူး။ ထိုင်းမှာ အကြီးဆုံးက မဂ္ဂါဝပ် ၂၆၀၀ ပဲရှိတယ်။ သဘာဝဓာတ်ငွေ့စက်ရုံအကြီးဆုံးက မဂ္ဂါဝပ် ၃၅၀၀ ပဲရှိတယ်။ ထားဝယ်လို မဂ္ဂါဝပ် ၄၀၀၀ ရှိတာ ထိုင်းမှာ ရှိလာဖို့တောင် ခဲယဉ်းပါတယ်” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကျန်းမာရေး လေ့လာဆန်းစစ်မှုဆိုင်ရာ အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထားဝယ်စီမံကိန်းတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ပါရှိမည် ဆိုသည်နှင့်ပတ်သက်၍ လေ့လာသူများသိရှိခဲ့သော အချက်ပေါ်မူတည်ကာ သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးအပေါ်တွင် သက်ရောက်မှုများကို ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အနေအထားများအရ ဆန်းစစ်လေ့လာမှု ပြုလုပ်ခဲ့ကြောင်း . . .
ထားဝယ်စီမံကိန်းတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ပါရှိ မည် ဆိုသည်နှင့်ပတ်သက်၍ လေ့လာသူများ သိရှိခဲ့သော အချက်ပေါ်မူတည်ကာ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးအပေါ်တွင် သက်ရောက်မှုများကို ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အနေအထားများအရ ဆန်းစစ်လေ့လာမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
“လတ်တလော လေ့လာမှုအရ မဂ္ဂါဝပ် ၄၀၀၀ ရှိတဲ့ စက်ရုံကနေ ကာဗွန် တစ်နှစ်ထုတ်လွှတ်မှု တန်သန်း ၃၀ ရှိနိုင်ပါတယ်။ ထိုင်းမှာ စွမ်းအားပေးတဲ့အစုစု လျှပ်စစ်အား လုံး၊ စက်ရုံအားလုံးက ကာဗွန်ထုတ် လွှတ်တာ တစ်နှစ် တန်သန်း ၈၀ ရှိပါတယ်။ ထားဝယ်ကထွက်တာက တစ်ခုတည်းတင် ထိုင်းရဲ့တစ်ဝက် လောက်ရှိနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မဂ္ဂါဝပ် ၄၀၀၀ ၀န်းကျင်ထုတ်လုပ်မည့် ကျောက်မီးသွေးဓာတ်အား ပေးစက်ရုံနှင့် ပတ်သက်၍ အဆိုပါအဖွဲ့အစည်းမှ လေ့လာထားမှုအရ ယင်းစက်ရုံသည် တစ်နှစ်လျှင် ဆာလဖာ ဒိုင်အောက်ဆိုက် တန် ၁၁၈၀၀၀ ထုတ်လုပ်မည်ဖြစ်ကာ နိုက်ထရိုဂျင် အောက်ဆိုက်တစ်နှစ်လျှင် တန် ၁၁၉၀၀၀ ထုတ်လုပ်နိုင်သည်ဟု သိရသည်။
“ဆာလဖာက အသက်ရှုလမ်းကြောင်းရောဂါကို ဖြစ်စေပြီး နိုက်ထ ရိုဂျင်အောက်ဆိုဒ်က လူနဲ့သစ်ပင်ကို ထိခိုက်စေပါတယ်”ဟု အဆိုပါတာ ၀န်ရှိသူက ပြောပြသည်။
ထို့အတူ ပြဒါးထုတ်လွှတ်မှု တစ်နှစ်လျှင် ကီလိုဂရမ် ၁၁၃၀၀ နှင့် အမှုန်ထုတ်လွှတ်မှုတန် ၁၀၃၀၀ ရှိမည်ဖြစ်ပြီးစက်ရုံအတွက် တစ်ရက်လျှင် ပင်လယ်ရေ ကုဗမီတာသန်း ပေါင်း ၂၀ ဒသမ ၆ သန်းနှင့် ရေချို ကုဗမီတာ ၆၀၀၀ အသုံးပြုမည်ဖြစ် သည်။ ထို့ပြင် တစ်နှစ်လျှင်ရေကုဗမီတာ သန်းပေါင်း ၆၇၀၀ ကို အပူအတိုင်း ပြန်လွှတ်နိုင်ခြေရှိသည့် အတွက် ရေသတ္တ၀ါများ သေကျေ ပျက်စီးမှုများကို ကြုံတွေ့လာနိုင်ကြောင်း သိရသည်။
“တစ်နှစ်ကို ကျောက်မီးသွေး ၁၁ ဒသမ ၄ သန်းမီးရှို့ရမယ်။ သြစတြေးလျစတဲ့ဘက်က ကျောက် မီးသွေးတွေသင်္ဘောကြီးနဲ့သယ်ရမယ်။ တစ်လကို ၁၀ စင်းးကနေ ၁၆ စင်း လာရပါမယ်။ စက်ရုံက ပြာ လေထဲ လွင့်တာ တန် ၁၁၅၀၀၀၀ နှစ်စဉ် ထုတ်လွှတ်မယ်။ ပြာ ၁၂၈၀၀၀ တန်က မြေကြီးမှာ ရှိမယ်။ ဒါတွေ ကို ဘယ်လိုနည်းနဲ့ ထိန်းသိမ်းမ လဲ၊ စွန့်ပစ်မလဲဆိုတာ ရှိပါတယ်။ ဘယ်လိုပဲ ထိန်းသိမ်းတာလုပ်လုပ် ပြာက လေထဲကို လွင့်မယ်။ စိုက်ပျိုးရေး၊ သစ်ပင်နဲ့ သဘာဝပတ် ၀န်းကျင်ကို ထိခိုက်နိုင်ပါတယ်”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကျန်းမာရေး လေ့လာဆန်းစစ်မှုဆိုင်ရာ အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
http://www.first-11.com
ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲလက်မှတ်များဝယ်ယူလိုလျှင်
ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပမည်
Monday, 26 December 2011 12:55
ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC မြက်ခင်းပြင်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိပါသည်။
''ဈေးရောင်းပွဲတော်က နံနက် ၉ နာရီကတည်း စမှာဖြစ်ပြီး လူတိုင်း လွတ်လပ်စွာ လာရောက်ကြည့်ရှု ၀ယ်ယူနိုင်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ မွန်းလွဲ ၃ နာရီမှာ လုပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွင့်လှစ်ပေးမှာပါ'' ဟု ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
Vertical Vibration Band နှင့်အတူ ကိုရဲလွင်၊ ကိုနေ၀င်း၊ တာရာ၊ ဂျေညီညီ၊ သားထွေး၊ စံလင်း၊ ရင်ဂို၊ တိုးလွင်၊ အောင်အောင်၊ ညီညီသွင်၊ အုပ်ကြီး၊ စိုးထက်၊ ကိုထွဋ်၊ ဂျေညီမလေး၊ Heaven Born နှင့် ဖြိုးကြီး၊ ထူးအယ်လင်း၊ ထက်နေကြည်၊ အောင်ခန့်၊ သျီ၊ ခင်ဘုဏ်း၊ ရတနာမိုင်၊ Spectrum တေးဂီတနှင့် အက်စကဲနက်၊ တူးတူး၊ ဇော်ပိုင်၊ ဘိုဖြူ၊ လင်းနစ်၊ နွဲ့ယဉ်ဝင်း၊ သံ သာဝင်း၊ ကဗျာဘွဲ့မှူးနှင့်မီးမီးခဲ၊ The Trees Band နှင့် R ဇာနည်၊ ဟဲလေး၊ ဖိုးကာ၊ ဥာဏ်လင်းအောင်၊ ထွန်းအိန္ဒြာဗို၊ ယုဇနနှင့် အေသင်ချိုဆွေ၊ Metal Zone နှင့် ဟယ်ရီ လင်း၊ မာရဇ္ဇ၊ ဟန်ထွန်း၊ သအို၊ ဂျီလတ်၊ လင်းလင်း၊ ချစ်သုဝေ၊ L ဆိုင်းဇီနှင့် N ကိုင်ရာ၊ မျိုးကျော့မြိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ကောင်းမြတ်၊ မိုးမိုး၊ မေခလာ၊ ရှင်ဖုန်း၊ ချမ်းချမ်း၊ နေနေတို့က Plus Three Band၊ Emperor တေးဂီတ အဖွဲ့တွင် ဇော်ဝင်းထွဋ်၊ အဲလက်စ်၊ L လွန်းဝါ၊ ဆောင်းဦးလှိုင်၊ ဆုန်သင်းပါရ်၊ ၀ိုင်းစုခိုင်သိန်းနှင့် အိမ့်ချစ်တို့ ပါဝင်မည်ဖြစ်သည်။ Big Bag၊ Wanted နှင့် Reason စသည့် တီးဝိုင်းများ၊ Acid၊ ရသ၊ ကြက်ဖ၊ ယုန်လေး၊ ဘိုလေး၊ Snare ၊ Cyclone ၊ ငယ်ငယ်၊ ဂျင်းနီ၊ စန္ဒီမြင့်လွင်နှင့် Blue Berry တို့ ပါဝင်သီဆိုကြမည်ဖြစ်သည်။
လက်မှတ်များကို ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ရုံးချုပ်၊ Morning Star အမေ လက်ဘက်ရည်ဆိုင်(တိရစ္ဆာန်ရုံယာဉ်ရပ်နားဝင်း)၊ ဗိုလ်ချုပ်လမ်း (လမ်း ၄၀ ထိပ်)ရှိ အမေ့သားဆန်ဆိုင်၊ အမှတ် (၁၃၈) လသာလမ်းရှိ အမိုင်းတူရိယာ ပစ္စည်းအရောင်းဆိုင်တို့တွင် ၀ယ်ယူ ရရှိနိုင်ကြောင်း သိရသည်။
http://www.first-11.com

Ah Bayah Facebook
