Wednesday, November 9, 2011
ရန်ကုန်မြို့ ဗြိတိသျှသံရုံးရှေ့မှာ ရခိုင်လူမျိုး ၃၀ ခန့် နှင့် အခြားကန့် ကွက်ဆန္ဒပြသူများ
Burma VJ Media Network
ဘီဘီစီ သတင်းဌာန အင်္ဂလိပ် ပိုင်းဆိုင်ရာ အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ မြန်မာနိုင်ငံမြေပုံထဲကရခိုင်ပြည်နယ်အပေါ် မှာ ရိုဟင်ဂျာလူမျိုးတွေ ပုံကို ပဲ ဖော်ပြထားတဲ့ ကိစ္စနဲ့ ပက်သက်လို့ ကိစ္စလို့  ကန့် ကွက်ဆန္ဒပြပွဲ တခုကို ရန်ကုန်မြို့ ဗြိတိသျှသံရုံးရှေ့မှာ ရခိုင်လူမျိုး ၃၀ ခန့် နှင့် အခြားကန့် ကွက်ဆန္ဒပြသူများက ဒီကနေ့ နိုဝင်ဘာလ ၉ ရက် နေ့ လည် ၁နာရီခန့် ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ သံရုံးရှေ့ကားလမ်းတွင် ၁၀မိနစ်ခန့် စုဝေးမတ်တပ်ရပ်ပြီး သဘောထားဆန္ဒကို ပြသခဲ့ကြောင်း တွေ့ ရှိခဲ့သူ သတင်းထောက် တဦးက ပြောပါတယ်။ ဆန္ဒပြပွဲအပြီးတွင် ရဲများ ရောက်ရှိလာခဲ့ကြောင်းလည်းသိရပါတယ်။
BBC Campaign at British Embassy in Yangon,Burma
http://soundcloud.com/zarne/bbc-campaign-at-british
BBC Campaign at British Embassy in Yangon,Burma by Zar Ne


The Voice Weekly
ဗြိတိသျှ အသံလွှင့်ဌာန BBC ၏ အွန်လိုင်းစာမျက်နှာတွင် ရေးသား တင်ဆက်ထားသော ရိုဟင်ဂျာကိစ္စနှင့် ဆက်နွယ်သော ဆောင်းပါးတစ်ပုဒ်ကြောင့် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗြိတိသျှသံရုံးရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒပြရန် နိုဝင်ဘာလ ၉ ရက် နေ့လယ် ၁၂ နာရီအချိန်က နာမည်ရ ရခိုင်အနုပညာရှင်များ အပါအဝင် ရခိုင် တိုင်းရင်းသားများ စုဝေးရောက်ရှိနေသည်ကို တွေ့ရစဉ်။ သို့သော်လည်း အဆိုပါ ဆန္ဒပြပွဲ အထမြောက်ခဲ့ခြင်း မရှိကြောင်း အဆိုပါနေရာသို့ သွားရောက် သတင်းရယူခဲ့သူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။



ဗေဒါသင်တန်းကျောင်း(အထက်မြန်မာပြည်)ဖွင့်ပွဲ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းဗီဒီယိုဖိုင် ပေးပို့
Burma VJ Media Network
နိုဝင်ဘာလ ၇ ရက်နေ့က အထက်မြန်မာပြည် မန္တလေးမြို့မှာ ပထမဆုံးအကြိမ် ဗေဒါသင်တန်းကျောင်းခွဲတခုကို မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်စည်းအဖွဲ့ဝင် ဦးကိုကြီးရဲ့နေအိမ်မှာ ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းဗီဒီယိုဖိုင် ပေးပို့ခဲ့ပါတယ်။
ကိုကိုကြီး(စမ်းချောင်း)၏ (၄၈)နှစ်မြောက်မွေးနေ့ နှင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ မိသားစုများ တွေ့ဆုံပွဲအခမ်းအနား
Burma VJ Media Network
၉/၁၁/၂၀၁၁ရက်နေ့တွင် စမ်းချောင်းမြို့နယ်၊ရှမ်းကျောင်းကြီး ကျောင်းတိုက်မှာ ပြုလုပ်တဲ့ ကိုကိုကြီး(စမ်းချောင်း)၏ (၄၈)နှစ်မြောက်မွေးနေ့ နှင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ မိသားစုများ တွေ့ဆုံပွဲအခမ်းအနား အပြီးတွင် ကိုကိုကြီး(စမ်းချောင်း)ကို ဘာမားဗီဂျေမှ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
Kokogyi birthday & 88 generation PP families meeting by Zar Ne
ဦးစိုးကြွယ်ကငြိမ်းချမ်းစွာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခွင့်ပြုဖို့ တောင်းဆို
Burma VJ Media Network
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ထဲမှာရှိတဲ့ ယာဉ်လိုင်းတွေပြေးဆွဲနေတဲ့ အဓိကလမ်းမကြီးလေးခုဟာ ပျက်စီးယိုယွင်းနေတဲ့အတွက် ပြန်လည်ပြုပြင်ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှုးထံ ဆန္ဒပြ တောင်းဆိုမှု တခု ဖြစ်ပွားခဲ့ပါတယ်။
အမှတ် ၂၉၂၊ ခွာညိုလမ်း၊ ၁၈/က ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်မှာ နေထိုင်တဲ့ ပြည်သူတစ်ဦး ဖြစ်တဲ့ ဦးစိုးကြွယ်က တောင်းဆိုချက် ၅ ချက်နဲ့အတူ ငြိမ်းချမ်းစွာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခွင့်ပြုဖို့ အာဏာပိုင်တွေထံ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ဦးစိုးကြွယ်ရဲ့တောင်းဆိုမှုတွေကို တောင်ဒဂုံမြို့နယ်အုပ်ချုပ်ရေးမှုးက လက်ခံလိုက်ပြီး ပြင်ဆင် ဆောင်ရွက်မှုတွေ ပြုလုပ်ပေးမယ့် အကြောင်း ပြောဆိုလိုက်တဲ့အတွက် ၂၀၁၁ ဒီဇင်ဘာလအထိ နောက်ဆုံးထား စောင့်ကြည့်မှာဖြစ်ပြီး မဆောင်ရွက်ပေးပါက ထပ်မံ ဆန္ဒပြ တောင်းဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
တောင်ဒဂုံ မြို့နယ်အတွင်းမှာ ရှိတဲ့ လမ်းတွေဟာ လမ်းအကျယ်အဝန်းနဲ့ ကားစီးရေ မမျှတတဲ့အပြင် ရှောင်တိမ်းဖို့ မလွယ်ကူတာကြောင့် ခရီးသည်တင်ယာဉ်လိုင်း အချို့အနေနဲ့ လမ်းကြောင်းပြောင်း ပြေးဆွဲနေရတာလဲ ဖြစိပါတယ်။
အခုလို လမ်းတွေ ပျက်စီးနေတာတွေကို ပြန်လည် ပြင်ဆင်ပေးဖို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနတွေထံ အကြောင်းကြားစာ ပေးပို့သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
ရှေ့နေ ကိုဖိုးဖြူကို တရားရုံးက ဖမ်းဝရမ်းထုတ်
Burma VJ Media Network
မြန်မာ Grocon ကုမ္မဏီမှာ အလုပ်လုပ်နေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မီးဖွားရာမှာ အလုပ်သမားခံစားခွင့် ရရှိရေးအတွက် ပါဝင်ကူညီခဲ့တဲ့ကိုဖိုးဖြူကို တရားရုံးက ဖမ်းဝရမ်းထုတ်ထား တယ်လို့သိရပါတယ်။
သူဟာ တရားရုံးက ချိန်းဆိုတဲ့ရုံးချိန်းကို မလာရောက်ခဲ့တာကြောင့် အခုလို ဖမ်းဝရမ်းထုတ်ခြင်း ကိုခံခဲ့ရတာပါ။
ဒီအမှုမှာ Grocon ကုမ္မဏီက ကိုဖိုးဖြူကို ပြန်လည်တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကုမ္မဏီရဲ့ မန်နေဂျာကိုယ်တိုင်ဒီအမှုကို ကျေအေးလွှာတင်ခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ဒီအမှုအတွက် ရုံးချိန်းခေါ်ဆိုရာမှာလည်း တရားရုံးရဲ့လုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့ ရှေ့နေကိုဖိုးဖြူက ပြောဆိုလိုက်ပါတယ်။
ကိုဖိုးဖြူဟာ ဖမ်းဝရမ်းမထုတ်မှီ အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း အိုးအိမ်ဦးစီးဌာနရှေ့ လယ်သမားအရေး ဆန္ဒပြမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် အာဏာပိုင်တွေက တရားစွဲဆိုထားပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ရုံးချိန်းခေါ်ဆိုထားပါသေးတယ်ခင်ဗျာ။
သတင်းမီဒီယာများအနေဖြင့် အဖွဲ့ချုပ်မှ သတင်းစာရှင်းလင်းပွဲတက်ရောက်ခွင့် ကဒ်ပြားကိုထုတ်ယူရန် လိုအပ်
အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်လွတ်မြောက်လာခြင်း အထိမ်းအမှတ် ပြည်တွင်း ၊ ပြည်ပမှ သတင်းထောက်များနှင့် တွေ့ဆုံမည်
ဝင့်သင်ဇာကျော်(မြစ်မခ)
by Myit Makha Mediagroup on 9 Nov, 2011
အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် နိုဝင်ဘာလ ၁၄ ရက်နေ့၊ နေ့လည် ၁နာရီခန့် တွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အန်အယ်လ်ဒီအဖွဲ့ချုပ်၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မီဒီယာတိုက်တစ်ခုလျှင် သတင်းထောက်တစ်ဦး နှင့် ကင်မရာကိုင်သူတစ်ဦး စုစုပေါင်း နှစ်ဦးတက်ရောက်ခွင့်ရှိမည်ဖြစ်ကြောင်းသိရသည်။
တက်ရောက်လိုသော သတင်းမီဒီယာများအနေဖြင့် နိုဝင်ဘာလ ၁၂ ရက်နေ့နောက်ထား၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာာဝန်ခံ ဦးအုန်းကြိုင်ထံသို့ လာရောက် စာရင်းပေးသွင်း ရမည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် မိမိတိုက်မှ အသိအမှတ်ပြုပေးထားသော ကဒ်ကိုပြကာ အဖွဲ့ချုပ်မှ သတင်းစာရှင်းလင်းပွဲတက်ရောက်ခွင့် ကဒ်ပြားကိုထုတ်ယူရန် လိုအပ်ကြောင်း ကြေငြာထားကြောင်း သိရသည်။
အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် တစ်နှစ်ပြည့်ပြီမြောက်မည် ဖြစ်ကြောင်း သိရှိရသည်။
http://www.myitmakhamediagroup.com/detail.php?newid=315
ဆင်းရဲမှုဖြေရှင်းရေးအတွက် ငွေကြေးကဏ္ဍ စတင်ပြုပြင်ရမယ် (အီးယူသံအမတ်ကြီးနှင့်မေးမြန်းချက်)
Published on November 9, 2011 by ဒီဗွီဘီ
ဥ ရောပသမဂ္ဂက မြန်မာနိုင်ငံမှာ လက်ရှိပြောင်းလဲမှုတွေကို အားပေး ထောက်ခံနေပြီး ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် နည်းပညာ အကူအညီတွေ ပေးသွားမယ်လို့ အီးယူ- သံအမတ်ကြီး ပြောလိုက်ပါတယ်။
အီးယူနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ပြုလုပ်အပြီးမှာ မြန်မာနိုင်ငံဆိုင်ရာ အီးယူ-သံအမတ်ကြီး ဒေးဗစ်လစ်မင်းက ဒီလိုပြောကြားလိုက်တာပါ။

ဒေးဗစ်လစ်မင်း
ဆင်းရဲမှု လျှော့ချရေး၊ ဘဏ်လုပ်ငန်းနဲ့ အရင်းအနှီးဈေးကွက် ဖြစ်ထွန်းပြောင်းလဲရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မှာ နိုဝင်ဘာ ၇-၈ နှစ်ရက်ကျင်းပသွားပါတယ်။
မြန်မာနိုင်ငံမှာ ဆင်းရဲမှုကို ဖြေရှင်းရေးအတွက် ငွေကြေးကဏ္ဍကို စတင်ပြုပြင်ရမှာပါလို့ အီးယူသံအမတ်ကြီးက ပြောပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာအစိုးရကို အီးယူ-ဥရောပသမဂ္ဂက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားတာပါ။
မြန်မာအစိုး ရအဆက်ဆက်က အိုင်အမ်အက်ဖ် – နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ပဋိညာဉ်ကို ချိုးဖောက်ပြီး နိုင်ငံခြားငွေလဲနှုန်းကို အမျိုးမျိုးသတ်မှတ်ပြီး ငွေလွှဲစနစ်ကိုလည်း ကန့်သတ်ထားခဲ့ပါတယ်။ ခုတော့ ဒါတွေကိုပြုပြင်ဖို့ အိုင်အမ်အက်ဖ်က မြန်မာနိုင်ငံကို အရင်လက လာရောက်လေ့လာသွားပြီဖြစ်ပါတယ်။
အီးယူကလည်း ဘဏ္ဍာရေးကဏ္ဍအတွက် အကူအညီပေးမယ်လို့ ဆိုတဲ့အတွက် အီးယူသံအမတ်ကြီး ဒေးဗစ်လစ်မင်းကို ကိုနေထူးက ဆက်သွယ်မေးမြန်း ထားပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကနေ ဘယ်လိုရလဒ်တွေ ပေါ်ထွက်ပါသလဲဆိုတော့ အီးယူသံအမတ်ကြီးက ခုလို စတင်ဖြေကြားပါတယ်။
“မြန်မာနိုင်ငံမှာ လက်ရှိပြောင်းလဲနေတာတွေကို အီးယူက အားပေးထောက်ခံနေတယ်ဆိုတာ အရင်ဆုံးပြောချင်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲဟာ မှတ်မှတ်သားသားရှိပါတယ်။ ဥရောပတိုက်က ငွေကြေးနဲ့ ဘဏ်လုပ်ငန်းတို့က ထိပ်တန်းပညာရှင်တွေ ပါဝင်တက်ရောက်ပါတယ်။ ဘဏ္ဍာ-အခွန်ဝန်ကြီး၊ ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အမျိုးသားစီမံကိန်း ဒု-ဝန်ကြီး စတဲ့ပုဂ္ဂိုလ်တွေ တက်ရောက်သလို ဧည့်သည်တော်အဖြစ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပါတယ်။ ဒါဟာ ကြုံတောင့်ကြုံခဲ အခွင့်အရေးပါ။ ပွင့်လင်းမြင်သာမှုရှိရှိ နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါတယ်။”ဒီအလုပ်ရုံဆွေးနွေးပွဲရဲ့ အကျိုးဆက်နဲ့ နောက်ဆက်တွဲ ဘာတွေဆောင်ရွက်မလဲ။
“ နောက်ဆက်တွဲကတော့ ဘဏ္ဍာရေးဝန်ကြီး၊ ဗဟိုဘဏ်ဥက္ကဋ္ဌ စတဲ့ မြန်မာတာဝန် ရှိသူတွေရဲ့လက်ထဲမှာ ရှိပါတယ်။ အဆိုပြုအကြံပြုချက် ၁၇ ချက်နဲ့ လက်တွေ့ဆောင်ရွက်ဖို့ အကြံပြုချက်တွေရှိပါတယ်။ ဒါကြောင့် အစိုးရက ဘာဆက်လုပ်မလဲဆိုတာ ကြည့်ရမှာပါ။ သူတို့က လက်ခံဖို့အသင့်ရှိပါတယ်။”အီးယူက နောက်ဆက်တွဲအနေနဲ့ ဘာတွေ ကူညီသွားဖို့ရှိပါသလဲ။
“အထူးသဖြင့် သူတို့က ဗဟိုဘဏ်မှာ တာဝန်ထမ်းဆောင်နေသူတွေအတွက် သင်တန်းတွေနဲ့ နည်းပညာအကူအညီတွေပေးဖို့ တောင်းဆိုကြပါတယ်။ ကျနော်တို့ဘက်က ဘာတွေကူညီနိုင်မလဲဆိုတာ စစ်ဆေးကြည့်သွားမှာပါ။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေလည်း တက်ရောက်ပါတယ်။ ဒါကြောင့် အီးယူတင်မက နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကပါ နည်းပညာပိုင်း အကူအညီတွေ ပေးသွားနိုင်ပါ တယ်။”
မြန်မာနိုင်ငံက ဘဏ္ဍာရေးကဏ္ဍနဲ့ ဘဏ်စနစ်မှာ အဓိကဖြေရှင်းရမှာက ဘာလို့ မြင်ပါသလဲ။
“ရှင်းနေတာက တော့ ငွေလဲနှုန်းတခုတည်းဖြစ်အောင် သတ်မှတ်ရေးပါပဲ။ ငွေအရင်းအနှီးဈေးကွက်ကို လွတ်လပ်ခွင့်ပေးရေးအတွက် ရှုပ်ထွေးခက်ခဲ့တဲ့ အချက်တွေ အများကြီး ရှိတာကိုလည်း ကြည့်ရမှာပါ။ တခါတည်းလုပ်သွားလို့လည်း မရပါဘူး။ အများကြီး လေ့လာ ရဦးမှာဖြစ်ပြီး တဆင့်ချင်း ဆောင်ရွက်သွားရမှာတွေပါ။ လုပ်စရာတွေကတော့ အများကြီးရှိပါတယ်။ ကျနော်ပြောခဲ့သလိုပါပဲ ကျနော်တို့ကတော့ တတ်နိုင်သမျှ ကူညီဖို့ အသင့်ပါပဲ။”
အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုကကော။ ဘယ်တော့ ပယ်ဖျက်ဖို့ ဖြစ်လာနိုင်ပါသလဲ။
“ပိတ်ဆို့အ ရေးယူမှုကတော့ ရှုပ်ထွေးနက်နဲတဲ့ကိစ္စပါ။ မကြာသေးခင်ကပဲ ကျနော်တို့က ဝန်ကြီးအဆင့် လာရောက်မှုတွေကို ခွင့်ပြုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပြီး အရေးယူမှုကို ပြောင်းလဲလျှော့ပေါ့ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ ချခဲ့တဲ့ ဒီဆုံးဖြတ်ချက်အရ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကော်မရှင်နာ ခရစ္စတာလီနာ ဂျော်ဂျီဗာ Kristalina Georgieva မြန်မာနိုင်ငံကို လာရောက်သွားပြီဖြစ်သလို၊ လွန်ခဲ့တဲ့ရက်ပိုင်းကလည်း ဂျာမဏီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး လာရောက်သွားပါပြီ။ ရှေ့အပတ်မှာလည်း ယူကေနိုင်ငံက ဖွံ့ဖြိုးရေဆိုင်ရာဝန်ကြီး လာရောက်ဖို့ရှိပါတယ်။ ဒါကြောင့် ထိတွေ့ဆက်ဆံရေးအတွက် ကျနော်တို့က တွန်းအားပေးဆောင်ရွက်နေပါတယ်။
“ဒါ့အပြင် နိုင်ငံခြားရေး ဝန်ကြီးနဲ့ စစ်ရေးနောက်ခံမရှိတဲ့ ဝန်ကြီးတွေ အပါအဝင် မြန်မာအစိုးရ အရာရှိတချို့အပေါ် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားတာကိုလည်း ဖြေလျှော့ပေးထားပါတယ်။ ကျနော်တို့က အမြဲပြောခဲ့သလိုပဲ အခြေခံ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုတွေကို အခြေခံပြီး တုံ့ပြန်သွားမှာပါ။ လက်ရှိမှာ အီးယူက ဒီလိုတုံ့ပြန်တဲ့ မူဝါဒကို ဆက်ပြီး အကောင်အထည်ဖော်နေပါတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်း ပြောချင်တာကတော့ ကျနော်တို့ကြည့်တဲ့ အချက်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် အာမခံချက် ရရေးပါပဲ။ ဒါကို ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားသလို ပိတ်ဆို့ ကန့်သတ်ချက်တွေကို ပြန်ပြီးသုံးသပ်ရေးမှာ ဒီအချက်ဟာ အရေးကြီးတဲ့တချက်ဖြစ်ပါတယ်။”
http://burmese.dvb.no/archives/17571
“မုန်တိုင်းမှာ ကြွေတဲ့ ကြယ်တပွင့်” စာအုပ် ထုတ်ဝေ
Published on November9 ,2011 by
ဒီဗွီဘီ
စစ်အစိုး ရလက်ထက် ရေကြည်အိုင် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်သမားလုပ်ငန်းအဖွဲ့ဝင် ဦးမောင်ကို ကွယ်လွန်တာ ၂၁ နှစ် ပြည့်မြောက်ပြီဖြစ်ပါတယ်။
ဦး မောင်ကိုကို အမှတ်ရတဲ့အနေနဲ့ ဦးမောင်ကိုရဲ့သမီးထွေး မဆွေဆွေက “မုန်တိုင်းမှာ ကြွေတဲ့ ကြယ်တပွင့်” အမည်နဲ့ ဖခင်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေကို စာအုပ်အဖြစ် ထုတ်ဝေလိုက်ပါတယ်။
ဒီစာအုပ်ထဲမှာ စစ်အစိုးရရဲ့ စစ်ကြောရေးစခန်းမှာ အသက်ဆုံးခဲ့ရတဲ့ ဦးမောင်ကိုရဲ့ ဖြစ်ရပ်တွေ အပါအဝင် နှစ်နှစ်ဆယ်ကျော်ကာလမှာ နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ခံခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးလောက အခြေအနေတွေကိုပါ ဖော်ထုတ်ထားပါတယ်။
စာအုပ် ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကို စာရေးသူ မဆွေဆွေက “ကျမတို့ မိသားစု အခု ခံစားခဲ့ရတယ်နော်။ ဒီလို အဖြစ်မျိုး ဖြစ်ခဲ့တယ်ဆိုတာ ဗမာပြည်ထဲမှာ ဥပမာ တခုအနေနဲ့လို့ပဲ ကျမက ရည်ရွယ်တာ။ ကျမတို့ မိသားစုလို အဖြစ်မျိုးတွေ၊ ဒီ့ထက်ဆိုးတဲ့ အဖြစ်တွေ၊ နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်ပြီး ဗမာပြည်မှာ ဖြစ်တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ မိသားစုတွေက သေကွဲ ရှင်ကွဲ အမျိုးမျိုးနဲ့ ကွဲခဲ့ရတယ်။ အဲဒီတော့ အဲဒီ ဒီခံစားခဲ့ရတဲ့ လူတွေအားလုံးရဲ့ ဒုက္ခတွေ အားလုံးကို ဒီစာအုပ်လေး တအုပ်က ကိုယ်စားပြုမယ်လို့ ကျမ မျှော့်လင့်ပြီးတော့ ဒီဟာလေးကို ရေးတယ်။ ကျမရဲ့ ပုဂ္ဂလိက ခံစာချက် တခုတည်းကို တင်ပြချင်တာထက် ဒါမျိုးဟာ တကယ်ဖြစ်ခဲ့တယ်၊ ဒါမျိုး အဖြစ်တွေဟာ ဖေဖေ့ ကိစ္စတင် မဟုတ်ဘူး အများကြီး ရှိနေသေးတယ်ဆိုတာကို ကျမ ရည်ညွှန်းပြီးတော့ ဒီစာအုပ်လေးကို ရေးဖြစ်ဖို့ ဖြစ်လာတာပါ။”
စာမျက်နှာ ၂၀၀ ပါဝင်တဲ့ ဒီစာအုပ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးတို့က အမှာစာ ရေးသားပေးထားကြပါတယ်။
ဒါ့အပြင် ဦးမောင်ကိုရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တွေဖြစ်တဲ့ ဒေါက်တာတင်မျိုးဝင်း၊ ဦးဇင်လင်းနဲ့ ဒေါ်ခင်မိုးမိုးတို့လည်း အောက်မေ့ဖွယ် ဆောင်းပါးတွေ ရေးသားထားကြပါတယ်။
ဦးမောင်ကိုဟာ မြန်မာ့ဆိပ်ကမ်းမှာ မန်နေဂျာအဖြစ် ၁၉၈၈ ခုနှစ်အထိ တာဝန်ထမ်းခဲ့ပြီး ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပါဝင်မှုကြောင့် သူ့ကို အာဏာပိုင်တွေက အငြိမ်းစားပေးလိုက်ပါတယ်။
ဒီနောက် ဦးမောင်ကိုဟာ စစ်အစိုးရရဲ့ စစ်ကြောရေးစခန်းမှာ ကွယ်လွန်တဲ့ နောက်ဆုံးအချိန် ၁၉၉၀ ပြည့်နှစ်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်သမားလုပ်ငန်း အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်သွားပါတယ်။
ဦး မောင်ကိုရဲ့အလောင်းကို ရန်ကုန်ဆေးရုံကြီးမှာ တွေ့ရှိသူတွေက အကြောင်းကြားမှ မိသားစုက သိရသလို သူ့ခန္ဓာကိုယ်မှာလည်း ပြင်းထန်တဲ့ ဒဏ်ရာအများအပြားကို တွေ့ခဲ့ကြရပါတယ်။
ဦး မောင်ကိုကျဆုံးခြင်း ၂၁ နှစ်ပြည့်မှာ အောက်မေ့ဖွယ်အဖြစ် မိသားစုက ဒီနေ့ ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း၊ အင်းလျားကန်ဖျား ကျောင်းတိုက်မှာ ကျင်းပပြီး သံဃာတော်တွေကို ဆွမ်းဆက်ကပ်လှူဒါန်းသွားပါတယ်။
http://burmese.dvb.no/archives/17585
ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) သမိုင်းနောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၁)
စနေ, 15 အောက်တိုဘာ 2011
By ရော်နီညိမ်း
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) သမိုင်းနောက်ခံ နှင့်
မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေး - အပိုင်း (၁)
ဗီအိုအေ ။ ။ ၂၀၁၁ အောက်တိုဘာ ၁၅
တပ်မှူးတပ်သား ပြောစကား (၀၈၂)
ဗဟိုအစိုးရဖြစ်တဲ့ ပြည်ထောင်စုအစိုးရက ရှမ်းပြည်တပ်မတော် - တောင်ပိုင်း (RCSS/SSAS)(Restoration Council of Shan State/Shan State Army – South) နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်လိုကြောင်း၊ ထိုင်းနိုင်ငံ အာဏာပိုင်တွေကတဆင့် ကမ်းလှမ်းခဲ့တယ် ဆိုတဲ့ သတင်းတွေ၊ အောက်တိုဘာလဆန်းမှာ ထွက် ပေါ်ခဲ့ပါတယ်။ တခါ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကလည်း၊ ဌာနေပြည်သူ့ စစ်ခေါင်းဆောင်တွေက တဆင့်၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေ ပြုလုပ်လိုကြောင်း၊ ကမ်းလှမ်းလာခဲ့တယ်လို့၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ(RCSS)ရဲ့ ပြောရေးဆိုခွင့်ရှိသူက၊ ပြည်ပကမြန်မာမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့၊ အစိုးရဘက် က ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း သမိုင်း နောက်ခံနဲ့ မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၁)ကို၊ စစ်ထောက်လှမ်းရေးနဲ့သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်းက မေးမြန်းဆွေးနွေးပြီး၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍ ကို၊ တင်ဆက်လိုက်ပါတယ်။
ဦးအောင်လင်းထွဋ် ။ ။ ၁၉၈၈-၈၉ နောက်ပိုင်းမှာ၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ထိန်းတဲ့အနေအထား မျိုး၊ အင်မတန်မှ နည်းခဲ့ပါတယ်။ အဲဒီအခွင့်ကောင်းကိုယူပြီး၊ ကိုးကန့်တို့ ‘၀’တို့ နယ်မြေမှာ၊ ဘိန်းအများအ ပြားစိုက်၊ မူးယစ်ဆေးဝါးကနေ ပိုက်ဆံတွေ အများအပြားရခဲ့သလို၊ ခွန်ဆာလှုပ်ရှားတဲ့ ဟိုမိန်းနဲ့ ရှမ်းပြည် အရှေ့ပိုင်းဒေသမှာလည်း၊ မူးယစ်ဆေးဝါးကို အပြိုင်အဆိုင် ထုတ်လာကြတာတွေ ရှိခဲ့ပါတယ်။ ထုတ်တဲ့ မူးယစ်ဆေးဝါးတွေက အဲဒီ အချိန်တုန်းက ယိုးဒယားနယ်စပ်ကို သွားပါတယ်။ တရုတ်ဘက်ကိုတော့ ‘၀’က ပို့ရဲတဲ့ အနေအထားမျိုး၊ အဲဒီတုန်း က မရှိခဲ့သေးဘူး ခင်ဗျ။ အဲဒီအချိန်မှာ ခွန်ဆာရဲ့ မူးယစ်ဆေးဝါးတွေက လည်း ယိုးဒယားကနေပြီးမှ ဖြတ်တယ်။ ‘၀’ တွေ ကိုးကန့်တွေ ဘက်ကလည်း၊ ယိုးဒယားနယ်စပ်ကတဆင့်၊ မူးယစ်ဆေးဝါးလမ်းကြောင်းတွေ လုပ်ခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ အစိုးရဘက်ပိုင်းကလည်း၊ ဒီမူးယစ်ဆေးဝါး ဘိန်းဖြူဆိုတာက၊ ယိုးဒယားနဲ့ အမေရိကန်တွေပဲ သေတာပဲ၊ သေပေ့စေပေါ့ကွာ ဆိုပြီး၊ မျက်နှာလွှဲထားတဲ့ အနေအထားမျိုးတွေ ရှိခဲ့ဖူးပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ အဲဒါက အစိုးရတဖွဲ့လုံးရဲ့ ပေါ်လစီလား၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သြ၀ါဒလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ အစိုးရတဖွဲ့လုံးရဲ့ ပေါ်လစီလား ဆိုတာကို၊ ကျနော် ကြားသိသလောက်ပြောရ ရင် တော့၊ ဒါက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စကားပါပဲ။ “ဒီဘိန်းဖြူဆိုတာ ငါတို့ ပြည်တွင်းမှာ ဘာမှ ဖြစ်တာမှ မဟုတ်တာ၊ ယိုးဒယားနဲ့အမေရိကန်တွေ သေတာပဲ၊ သေပေ့စေပေါ့ကွာ”ဆိုတဲ့ သူ့ရဲ့ နှုတ်စကားက၊ လမ်းညွှန် ချက်တစ်ခုလို ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက။
ဦးရော်နီညိမ်း ။ ။ လွှတ်ထားလိုက်ဆိုတဲ့ သဘောပေါ့။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်၊ လွှတ်ထားလိုက်ဆိုတဲ့ သဘောမျိုး၊ အဲဒီအချိန်တုန်းက ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ၁၉၉၄-၉၅ လောက်ကျတော့၊ တစ်ကမ္ဘာလုံးက ၀ိုင်းအော်လာတဲ့အချိန်မှာ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက် ပြီး၊ ပြန်ပြီး တော့ ထိန်းရတဲ့ အနေအထားမျိုး ရှိခဲ့ပါတယ်။ အဲဒီတော့ မူးယစ်ဆေးဝါးတင်ပို့တဲ့ လမ်းကြောင်း ရှာရာကနေပြီးတော့၊ နဂိုထဲကိုက ရန်သူဖြစ်ခဲ့ကြတဲ့ ခွန်ဆာရဲ့ တပ်တွေနဲ့ ‘၀’ တပ်တွေ၊ အဆင်မပြေဖြစ်ခဲ့ကြ တာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါက ‘၀’ တပ်တွေနဲ့ ခွန်ဆာနဲ့ ပြဿနာပေါ့။ အဲဒီတော့၊ န၀တ အစိုးရဆီကို သူက ငြိမ်းချမ်းရေးကမ်းလှမ်းတာကို လက်မခံတဲ့အခါကျတော့၊ ခွန်ဆာက ရှမ်းပြည်နယ်ထဲမှာ အင်အားတည် ဆောက်လာတဲ့ အနေအထား ရှိခဲ့ပါတယ်။ အဲဒီတုန်းက SURA (Shan United Revolutionary Army) ခေါ် တာပေါ့၊ အဲဒီ SURA ထဲကို ရှမ်းတပ်တွေ တော်တော်များများကို ခွန်ဆာက သိမ်းသွင်းလိုက်တဲ့အခါမှာ၊ ၁၉၉၃ ပတ်ဝန်းကျင်လောက်မှာ ခွန်ဆာဟာ တပ်အင်အား သုံးသောင်းလောက်ကို စုစည်းနိုင်တဲ့ အင်အားရှိခဲ့ တယ်။ ဒီ့အပြင် ဟိုမိန်းက ခွန်ဆာရဲ့ ဌာနချုပ်မှာ လက်နက်စက်ရုံတွေက အစ၊ တည်ထောင်ခဲ့ပြီးတော့ ခွန်ဆာက သူ့ကိုယ်သူလဲ၊ ရှမ်းပြည်ရဲ့ သမ္မတလို့ ကြေညာခဲ့ ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ကျနော်တို့ မှတ်မိတာက၊ ခွန်ဆာက သူဟာ နိုင်ငံရေးအရ တိုက်ပွဲဝင်နေတာ၊ ဘိန်းကုန်ကူးတဲ့ ကုန်သည်မဟုတ်ဘူးဆိုတဲ့ ၀ါဒဖြန့်ချက်မျိုးနဲ့ မြန်မာ့တပ်မတော် စစ်စခန်းတခုကို သူ့ရဲ့တပ် တွေနဲ့ ၀င်ရောက်စီးနင်းတိုက်ခိုက်တာကိုတောင်မှ၊ ဗီဒီယိုရိုက်ပြီး၊ ကမ္ဘာကိုလွှင့်ထုတ်ပြသနိုင်အောင် ကြိုးပမ်း ခဲ့တာကို မှတ်မိနေပါတယ်။ နောက်တခါ သူ့ရဲ့စခန်းကို ဖိတ်ခေါ်ပြီးတော့၊ သူ့ရဲ့တပ်တွေ အများကြီးနဲ့ စစ်ရေးပြ အခမ်းအနားတွေ ပြုလုပ်နေတဲ့ ဗီဒီယိုကိုလည်း၊ နိုင်ငံခြားမီဒီယာတွေကနေ လွှင့်ထုတ်ပြသဖို့ သူ ကြိုးစားခဲ့ တာကိုလည်း၊ ကျနော်တို့ မှတ်မိနေပါတယ်။ အဲဒါတွေနဲ့ သူ့ကိုယ်သူ၊ ရှမ်းပြည်ရဲ့ သမ္မတလို့ ကြေညာတာနဲ့ ဆက်စပ်နေပါသလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ အဲဒီအချိန်အဲဒီအခါတုန်းက အမေရိကန်သမ္မတရဲ့မူးယစ်ဆေးဝါးဆိုင်ရာအကြံပေး အရာရှိ Peter Bourneကိုယ်တိုင် ဟိုမိန်းကို သွားပြီးတော့၊ ခွန်ဆာနဲ့တွေ့ဆုံခဲ့တာတွေ ရှိခဲ့ပါတယ် ခင်ဗျ။ ခွန် ဆာက သူဟာ မူးယစ်ဆေးဝါးကုန်သည် မဟုတ်ဘူး၊ နိုင်ငံရေးသမားတစ်ယောက် ဖြစ်တယ်လို့၊ ကြွေးကြော် ပြနေတဲ့အနေအထား ရှိခဲ့ပါတယ်။ တဘက်မှာလည်း မြန်မာ့တပ်မတော်ရဲ့ တပ်တွေကို သူ ၀င်တိုက်တာလည်း ရှိပါတယ်။ ၁၉၉၃လောက်က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမိုင်းဆတ်နယ်မြေက ဗျူဟာမှူးအခြေစိုက်တဲ့ မိုင်း ကျွတ်စခန်းကုန်းကို ခွန်ဆာရဲ့တပ်တွေက ၀င်တိုက်တဲ့အခါမှာ၊ မြန်မာ့တပ်မတော်ဘက်က တော်တော်လေး အကျအဆုံးများ ခဲ့ပါတယ်။ တစ်နေ့ထဲမှာပဲ ရာနဲ့ချီပြီး တပ်မတော်သားတွေ ကျဆုံးခဲ့တဲ့ အနေအထားရှိတယ်။ အဲဒီတိုက်ပွဲပြီးတဲ့အခါမှာ၊ ဗိုလ်ချုပ်ကြီးမောင်အေးကိုယ်တိုင်၊ အဲဒီစခန်းကုန်းကို သွားပြီး စစ်ဆေးရတဲ့ အနေ အထားရှိခဲ့ပါတယ်။ ကျနော် ကိုယ်တိုင် အဲဒီခရီးမှာ ပါသွားခဲ့ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒီနောက်ပိုင်း အစိုးရနဲ့ သူနဲ့ အဆင်မပြေဘူး ဖြစ်လာတဲ့အခါမှာ၊ သူ့ကို အမေရိကန်အစိုးရကလည်း ဆုငွေထုတ်ထားတဲ့ အခါကျတော့၊ ဗိုလ်မှူးတို့ရဲ့ ထောက်လှမ်းရေးဌာနက သူ့ကို လက်ရဖမ်းဆီးရေး ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါသလား ခင်ဗျ။ ဒါမှမဟုတ် မြန်မာ့တပ်မတော် တခုလုံးအနေနဲ့ သူ့ ကို လက်ရဖမ်းဆီးဖို့၊ ဆုံးဖြတ်ခဲ့ပါသလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ ခွန်ဆာကို အဲဒီအချိန်က လက်ရဖမ်းဖို့ မလွယ်ပါဘူး ခင်ဗျ။ ခွန်ဆာရဲ့တပ်တွေက အင်အားကောင်းတယ်။ ကျနော်တို့ မြန်မာ့တပ်မတော်က အဲဒီအချိန်က ခုလောက် အင်အားမတောင့်သေးပါ ဘူး ခင်ဗျ။ အဲဒီအခါမှာ မြန်မာ့တပ်မတော်က ခွန်ဆာကို နိုင်အောင် မတိုက်နိုင်တဲ့အခါမှာ၊ တဘက်လှည့်နဲ့ UWSA (United State Wa Army) ‘၀’ တပ်တွေကို အကူအညီတောင်းခဲ့ရတဲ့ အနေအထားရှိခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ ‘၀’ တပ်တွေ၊ကို၊ မြန်မာ့တပ်မတော်က လက်နက်ကြီးကျည်တွေ အပါအ၀င် လက်နက်ခဲယမ်းတွေ ထုတ်ပေးပြီးတော့မှ၊ ရှမ်းပြည်တောင်ပိုင်းက ခွန်ဆာရဲ့တပ်တွေကို တိုက်ခိုင်းခဲ့ရပါ တယ်။ ဒီလုပ်ငန်းစဉ်ကို အဲဒီတုန်းက စစ်ဦးစီးအရာရှိချုပ် (ယခု တပ်မတော် ကြည်း-ရေ-လေ ညှိနှိုင်းကွပ်ကဲ ရေးမှူး Joint Chief of Staff Army-Navy-Air) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ကိုယ်တိုင်၊ ကွပ်ကဲခဲ့ပါတယ်။
ဦးရော်နီညိမ်း ။ ။ ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားခဲ့တဲ့ န၀တ နအဖ အတွင်းရေးမှူး(၂) ဖြစ်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး ပါလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ အဲဒီ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ပါခင်ဗျ။
ဦးရော်နီညိမ်း ။ ။ အဲဒီတော့ အဲဒီက စပြီး၊ ‘၀’ တပ်ဖွဲ့တွေ ရှမ်းပြည်မြောက်ပိုင်းကနေ တောင်ပိုင်းကို ရွှေ့ပြီး ရောက်ရှိသွားတဲ့ အဓိကအကြောင်းရင်းက၊ ဦးခွန်ဆာရဲ့ တပ်တွေကို တိုက်ဖို့လား (သို့မဟုတ်) ကရင် အမျိုးသားအစည်းအရုံး (KNU) ကို၊ ထိုင်းနိုင်ငံက သူတို့နဲ့ မြန်မာနိုင်ငံကြားမှာ ကြားခံ(buffer)အဖြစ် သဘော ထားသလို၊ မြန်မာအစိုးရကလည်း ဒါကို လက်တုန့်ပြန်ဖို့တဲ့အနေနဲ့၊ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကြားမှာ buffer ထားဖို့အတွက်၊ ရှမ်းပြည်တောင်ပိုင်းကို ‘၀’ တပ်ဖွဲ့တွေကို၊ ရောက်အောင် စေလွှတ်ပို့ပေးလိုက်တဲ့ သဘောပါ လား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ အချက်နှစ်ချက်ပေါ့။ bufferထားတဲ့ theoryလည်း မှန်ပါတယ်။ ယိုးဒယားနဲ့ ကျနော်တို့နိုင်ငံကြားမှာ၊ (UWSA)‘၀’ တပ်တွေကို ကြားခံပေးထားလိုက်တဲ့ အနေအထားလည်း ပါပါတယ်။ တဘက်ကလည်း (UWSA) ‘၀’ တပ်တွေရဲ့ မူးယစ်ဆေးဝါးလုပ်ငန်းပေါ့လေ၊ ခုထိ အဲဒီနေရာဒေ သမှာရှိတဲ့ ‘၀’ခေါင်းဆောင် (ဘိန်းဘုရင်)ဝေရှောက်ခန် ဆိုရင်၊ သူ့ရဲ့လုပ်ငန်းဖြစ်တဲ့ မူးယစ်ဆေးဝါးတွေ ဘိန်း တွေကို၊ မြန်မာနိုင်ငံဘက်ကို ပို့နေတာမဟုတ်ပဲ၊ ရာဘလို့ ခေါ်တဲ့ မြင်းဆေး (methamphetamine) တွေက အစ၊ ယိုးဒယားဘက်ကိုပဲ သွားတဲ့အနေအထား ရှိပါတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို၊ ခွန်ဆာတပ် တွေကို (UWSA) ‘၀’ တပ်တွေနဲ့၊ တိုက်ခိုင်းပြီး၊ ယိုးဒယားနိုင်ငံက ကျနော်တို့ နိုင်ငံအပေါ်မှာ ကျင့်သုံးနေတဲ့ buffer theory ကို၊ မြန်မာစစ်အစိုးရက ပြန်ကျင့်သုံးပြီး (UWSA)‘၀’တပ်တွေနဲ့၊ ကြားခံထားတာကို ယိုးဒယား ကို ပြန်ပြီးလုပ်ခဲ့တာလို့ ပြောရမှာပါ။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒီအခြေအနေကို ရောက်သွားတဲ့အချိန်မှာ၊ နောက်ပိုင်း ဦးခွန်ဆာလက်နက် ချတဲ့ အခြေအနေကို၊ ဘ်ာလိုရောက်ရှိလာပါသလဲ ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ အဲဒီမှာ ခွန်ဆာတပ်တွေနဲ့ (UWSA) ‘၀’ တပ်တွေနဲ့၊ တိုက်ကြတဲ့အခါ၊ နှစ်ဘက် စလုံး အကျအဆုံးတွေ တော်တော်များကြပါတယ် ခင်ဗျ။ ‘၀’ တပ်တွေဘက်က နှစ်ထောင်နီးပါးလောက် သေ ဆုံးကြသလို၊ ခွန်ဆာတပ်တွေဘက်ကလည်း နှစ်ထောင်နီးပါးလောက် သေကုန်ကြပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒါတွေဟာ ၂၀၀၀ ခုနှစ် မတိုင်ခင်မှာ ဖြစ်နေတာတွေပေါ့။
ဦးအောင်လင်းထွဋ် ။ ။ ၁၉၉၃-၉၄ နှစ်တွေမှာ ဖြစ်ခဲ့တာပါ ခင်ဗျ။ ၁၉၉၆ မှာ၊ ခွန်ဆာက လက်နက်ချခဲ့ တာကိုး။
ဦးရော်နီညိမ်း ။ ။ သူ့ကို အမေရိကန်က ဖမ်းမိတော့မယ် ဆိုတဲ့ အနေအထား၊ ရောက်သွားလို့ ပါလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ အဲဒီလိုတော့ မဟုတ်ဘူး။ ၁၉၉၃-၉၄ နှစ်တွေမှာ (UWSA) ‘၀’ တပ်တွေနဲ့ တိုက် ရင်းနဲ့၊ ခွန်ဆာတပ်တွေ အားပျော့လာခဲ့ပါတယ်။ အဲဒီအချိန်အခါမှာ၊ SSNA (Shan State National Army) လို့ခေါ်တဲ့ ကမ်းရွက်တို့ စိုင်းမိန်းတို့ အဖွဲ့က၊ အင်အား (၄၀၀၀)လောက်က၊ ခွန်ဆာကို အာခံပြီး၊ ကျနော်တို့ မြန်မာ့တပ်မတော်နဲ့ လာပြီးပေါင်းပါတယ်။ SSNA က၊ အစိုးရနဲ့ ‘၀’ တွေ ကိုးကန့်တွေနဲ့ ငြိမ်းချမ်းရေးယူကြ သလို၊ သူတို့လည်း၊ အစိုးရနဲ့ ငြိမ်းချမ်းရေးယူချင်ပါတယ်လို့၊ ကမ်းလှမ်းလာခဲ့ပါတယ်။ သို့သော် အဲဒီအချိန်က န၀တခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက၊ ကမ်းရွက်တို့ကိုတော့ ငြိမ်းချမ်းရေးအဖွဲ့ အနေနဲ့ လက်ခံလို့ မရဘူး၊ သူတို့ကို အသာလေးပဲ ဒို့ကိုင် ထားလိုက်မယ်ဆိုတဲ့၊ လမ်းညွှန်ချက်နဲ့ ကမ်းရွက်တို့ကို လက်ခံလိုက်ပါ တယ်။ ကမ်းရွက်တို့အဖွဲ့ဟာ ငြိမ်းချမ်းရေးအဖွဲ့လည်း မဟုတ်ဘူး။ ရန်သူလည်းမဟုတ်၊ မိတ်ဆွေလည်းမဟုတ် တဲ့ အနေအထားမျိုးနဲ့ handle လုပ်ဖို့ဆိုပြီး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက၊ ကျနော်တို့ ကကလှမ်း (တပ်မတော် ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံး)ကို၊ တာဝန် ပေးခဲ့ပါတယ်။ ကကလှမ်းရယ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) ရယ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရယ်၊ သုံးဖွဲ့ ညှိနှိုင်းပြီး၊ ကမ်းရွက်တို့အဖွဲ့ကို ထိန်းခဲ့ရပါ တယ်။ ကမ်းရွက်တို့ အဲဒီလို အစိုးရဘက်ကို ၀င်သွားတာနဲ့ပတ်သက်ပြီး၊ နောက်ပိုင်း ခွန်ဆာကို ကျနော်ကိုယ် တိုင် interrogate (စစ်ဆေးမေးမြန်း) လုပ်တဲ့အခါမှာ၊ သူ့ပါးစပ်က ကိုယ်တိုင်ပြောတာ ရှိပါတယ်။ သူဟာ သူ့ တပ်ကြီးကို ကြီးထွားအောင်လုပ်ခဲ့တာနေရာမှာ၊ ရှမ်းလူမျိုးတွေကို အခြေခံပြီး လုပ်ခဲ့တာဖြစ်ပေမယ့်၊ ရှမ်းတွေ က သူ့အပေါ်မှာ သစ္စာမရှိဘူး၊ ဒီလောက်သူတို့အတွက် သူ့အနေနဲ့ အနစ်နာခံပြီးလုပ်ကိုင်ခဲ့ပေမယ့်၊ ကမ်းရွက် တို့က ဒီလိုလုပ်ရပါ့မလားဆိုပြီး၊ သူ့မှာ အဲဒီ စိတ်ခံစားမှုတွေ ပေါ်လာခဲ့ရတယ်လို့၊ ခွန်ဆာက ပြောပါတယ်။ မင်းတို့ ဒီလိုလုပ်ရင်၊ ငါလည်း လုပ်လို့ရတာပဲဆိုတဲ့ အတွေးအခေါ် သူ့မှာ ၀င်လာပါတယ်။ ဒါကြောင့် သူကိုယ် တိုင်ပဲ၊ အဲဒီတုန်းက တာချီလိတ်က ထောက်လှမ်းရေး (၂၄) တပ်ရဲ့ တပ်မှူးကို ဆက်သွယ်ခဲ့ပါတယ်။ သူတို့ အနေနဲ့လည်း အစိုးရနဲ့ ငြိမ်းချမ်းရေး လိုချင်ပါတယ်လို့၊ ခွန်ဆာက ပြောလာတာကို၊ ထောက်လှမ်းရေး (၂၄) တပ်က၊ အဆင့်ဆင့်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို သတင်းပို့ ခဲ့ရပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒါပေမဲ့ အရင်တခေါက် အခုလိုပဲ ဦးခွန်ဆာ ကမ်းလှမ်းခဲ့တုန်းက၊ အစိုးရဘက်က လက် မခံခဲ့ ဘူး။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီက ဗိုလ်ချုပ်ကြီးခင်ညွန့်က တဆင့်၊ ထောက်လှမ်းရေး (၂၄) တပ်မှူးဖြစ်တဲ့ ဗိုလ်မှူးသိန်းဟန်ကို၊ ပြန်ပြောခိုင်းပါတယ်။ ခွန်ဆာအဖွဲ့ကိုတော့ ငြိမ်း ချမ်းရေး အဖွဲ့အနေနဲ့ လက်မခံနိုင်ဘူး၊ လက်နက်ချမယ်ဆိုရင်တော့၊ လက်ခံမယ်လို့၊ အကြောင်းပြန်ခိုင်းလိုက် ပါတယ်။ ပထမတော့၊ ခွန်ဆာဟာ လွယ်လွယ်နဲ့တော့ လက်နက်ချမှာ မဟုတ်ဘူးလို့၊ လူကြီးပိုင်းတွေ ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဗိုလ်ချုပ်ကြီးတင်ဦးတို့က၊ တွက်ခဲ့ကြ ပါတယ်။ ဒါပေမယ့် မထင်မှတ်တာက ဖြစ်လာခဲ့ပါတယ်။ ခွန်ဆာက ထောက်လှမ်းရေး(၂၄) တပ်မှူးက တဆင့်၊ ပြန်ပြီးပြောလာတာက၊ သူနဲ့ သူ့အဖွဲ့တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ လုံခြုံရေးကို အာမခံချက်ပေးမယ် ဆို ရင်တော့၊ အစိုးရပြောသလို၊ သူတို့ လက်နက်ချမယ်လို့၊ အကြောင်းပြန်ခဲ့ပါတယ်။ ခွန်ဆာက ဒီလို အကြောင်း ပြန်လာတော့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်၊ ဗိုလ်ချုပ်ကြီးတင်ဦးတို့ တော်တော်လေး ဦးနှောက်ခြောက် သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (တပ်မ (၈၈) တပ်မမှူး ဖြစ်စဉ်) ကျိုင်းတုံမှာ နေတုန်းက၊ အခုလိုပဲ ခွန်ဆာက လက်နက်ချမယ်၊ လက်နက်ချမယ်၊ ဆို ပြီး မကြာမကြာပြောခဲ့ဖူးတော့၊ အခုလည်း ခွန်ဆာ လိမ်တာပဲလို့၊ လူကြီးတွေက တွက်ကြပါတယ်။ တဘက် ကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက၊ ကကလှမ်းကို၊ ခွန်ဆာ လက်နက်ချမှာ တကယ်ဟုတ်မဟုတ်၊ တရားဝင် မဟုတ်ပေမဲ့ အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့ပြီး လေ့လာခိုင်းပါတယ်။ အဲဒီအဖွဲ့ကို ကကလှမ်း ဒုညွှန်မှူး ဗိုလ်ချုပ်ကျော်ဝင်း က ဦးဆောင်ပါတယ်။ အဲဒီအဖွဲ့လေးမှာ ဗိုလ်မှူးချုပ်ကျော်သိမ်း၊ ဗိုလ်မှူးကြီးသန်းအေး၊ ဗိုလ်မှူးကြီးစန်းပွင့်နဲ့ ကျနော်တို့ ပါဝင်ခဲ့ပါတယ်။ ကျနော်ကတော့ မှတ်တမ်းရေးရတဲ့သူပါ။ ဒီအဖွဲ့လေးက၊ ခွန်ဆာ တကယ်လက် နက် ချမချ ဆိုတာကို၊ အသေးစိပ် လေ့လာရပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ စစ်ထောက်လှမ်းရေးအရာရှိဟောင်းနဲ့သံတမန်ဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်း ထွဋ်ကို၊ ဆက်သွယ်မေးမြန်းဆွေးနွေးပြီး၊ တင်ဆက်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။ နောက်သီတင်းပတ် စနေနေ့ မနက်ခင်း နဲ့ ညနေခင်း “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့၊ “ရှမ်းပြည်တပ်မတော် - တောင်ပိုင်း သမိုင်းနောက်ခံနှင့် ထာဝရငြိမ်းချမ်းရေးအလားအလာ - အပိုင်း (၂)“ ကို၊ ဆက်ပြီး ထုတ်လွှင့်ပေး သွားပါမယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။
http://www.voanews.com/burmese/news/soldier-talk/10_15_11_soldiers_talk082-133558828.html
တရုပ်နယ်စပ် မြန်မာအမျိုးသမီး ရောင်းစားခံရမှု ပိုများ
ဗုဒ္ဓဟူး, 09 နိုဝင်ဘာ 2011
By ဦးဇော်ဝင်းလှိုင်
တရုတ်နိုင်ငံဖက်ကို အလုပ်အကိုင်ကောင်း ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ထွက်သွားခဲ့ကြတဲ့ မြန်မာ အမျိုးသမီးတွေ တရုတ်အမျိုးသားတွေနဲ့ အဓမ္မ လက်ခံပေးခြင်းခံနေရတဲ့နှုန်း ပိုများလာနေပါတယ်။ ကိုယ့်ဒေသအသီးသီးမှာ စီးပွားရေးအဆင်မပြေကြရာက ရေမြေသစ်ကို ရှာဖွေဖို့ ထွက်လာကြရာက အခုလို လူလိမ် ပွဲစားတွေရဲ့ ရောင်စားခြင်းကို ခံကြရတာလို့ ကူညီ ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံက အမျိုးသမီးတွေကို အလုပ်အကိုင်ရမယ်ဆိုတဲ့ မက်လုံးနဲ့ နယ်စပ်တွေကတဆင့် တခြားနိုင်ငံတွေမှာ ရောင်းစားခံရတဲ့အရေအတွက် ၇၀ ရာခိုင်နှုန်းအထိ များလာတဲ့အကြောင်း Women News Network အမျိုးသမီးများ သတင်းကွန်ယက်အဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာပါ။
အခုလို အရောင်စားခံရတဲ့ အမျိုးသမီး အများစုဟာ မိသားစု စားဝတ်နေရေးကျပ်တည်းတဲ့အတွက် ရေကြည်ရာ မျက်နုကို လိုက်ရှာကြရင်းက လူမှောင်ခိုကူးသူတွေလက်ထဲ ရောက်သွားကြတာဖြစ်တယ်လို့ Save the Children ကလေးငယ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံ ရုံးခွဲက David Brickey Bloomer က ပြောပါတယ်။
“အများစုက ဆင်းရဲတဲ့အသိုင်းဝိုင်းက လာကြတာပါ။ မြေလတ်ဒေသနဲ့ မတန္တလေးဒေသကသူတွေလည်း အတော်လေးပါပါတယ်။ အထူးသဖြင့်တော့ သူတို့ဒေသတွေမှာ မိုးခေါင်ရေရှားပြီး စိုက်ပျိုးရေး မဖြစ်တဲ့ အတွက် စိုက်ပျိုးရေးလုပ်ကြတဲ့ ယောက်ျား မိန်းမ အကုန် နယ်မြေသစ်ကိုထွက်ပြီး အလုပ်အကိုင် ရှာကြရာက အဲဒီလို မသမာသူတွေလက်ထဲ ရောက်ကုန်ကြတာပါ။”
အခုလို မြန်မာအမျိုးသမီးတွေ တဖက်နိုင်ငံတွေမှာ ရောင်းစားခံနေကြရတယ်ဆိုတာကို မြန်မာ လူမှုအဖွဲ့အစည်းတွေအပါအ၀င် ကုသလမဂ္ဂနဲ့ တခြား နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း
ထောက်ပြ ပြောဆိုနေကြတာပါ။ တချို့ဆို အသက် ၁၄ နှစ်လောက် အရွယ် အမျိုးသမီးငယ်လေးတွေပါ ပါနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
များသောအားဖြင့်တော့ သူတို့တွေကို နယ်စပ်ဒေသတွေကတဆင့် တဖက်နိုင်ငံကို ခိုးထုတ်သွားပြီး လူမှောင်ခိုကူးသူတွေက ရောင်းစားကြတာ ဖြစ်ပါတယ်။
“တရုတ်နိုင်ငံဖက်ကို အမျိုးသမီးတွေ တင်ပို့တဲ့နေရာမှာ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ကို အသုံးပြုမှုတာကို တွေ့ရပါတယ်။ တကယ်တော့ ဒီမြို့ဟာ လူမှောင်ခိုကူးသူတွေ အများဆုံး အသုံးပြုတဲ့မြို့ ဖြစ်လာနေပါတယ်။”
အခုလို ရှမ်းပြည်ဘက်ကနေ တင်ပို့နေယုံတင်မကဘဲ ကချင်ပြည်နယ်ဘက်ကနေလည်း တနှစ်မှာ အနဲဆုံး အမျိုးသမီး ၁၀၀ လောက် တင်ပို့ခံနေရတယ်ဆိုတာ လေ့လာတွေရှိတဲ့အကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးများအဖွဲ့ KWAT က တာဝန်ခံတဦးဖြစ်သူ မမွန်းနေလီက ပြောပါတယ်။
"ရောင်းစားခံရတာက ကျမတို့ လက်လှမ်းမှီသလောက် ဆိုရင် တနှစ်မှာ တစ်ရာကျော်ကျော် လောက်ပေါ့နော်။ အဲဒါ ကျမတို့ သေသေချာချာ အင်တာဗျူးပြီးတော့ ကောက်ခံထားတဲ့ သတင်းအပေါ်မှာ အခြေခံတာပေါ့နော်။ ဆိုတော့ ဒီထက်တော့ များတယ်၊ ဒါပေမယ့် တချို့ဆိုလို့ရှိရင် အပေါ်ယံပဲ သတင်းအနေနဲ့ ကြားတဲ့ဟာပဲ ဆိုလို့ရှိရင် ကျမတို့က စာရင်းထဲ မထည့်တဲ့ဟာတွေပေါ့။ အဲဒီလိုမျိုး ရှိတယ်။ တနှစ်မှာ ပြန်လာတဲ့၊ ကျမတို့ဆီမှာရှိတဲ့ Crisis Center (ယာယီနားခိုစရာ နေရာ) အဲဒီမှာ လာပြီးတော့ တည်းခိုသွားတဲ့ ကျမတို့ ပြန်ပြီးတော့ ကူညီနိုင်တဲ့ လူတွေ ဆိုလို့ရှိရင် အယောက် ၅၀ အထက်မှာတော့ ရှိတယ်။"
အများစုကတော့ မိသားစု စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အလုပ် ထွက်လုပ်ဖို့ ကြိုးစားကြရာက လူမှောင်ခိုတွေနဲ့ တွေ့ပြီး ရောင်းစားခံကြရတာ ဖြစ်တယ်ဆိုတာကို
မမွန်းနေလီကလည်း အတည်ပြု ပြောဆိုပါတယ်။
အခုလို အမျိုးသမီးငယ်တွေ ရောင်းစားခံနရတဲ့ အခြေအနေကို တားဆီးဖို့ဆိုရင်တော့ သူတို့တွေ ကြုံတွေ့နေရတဲ့ စားဝတ်နေမှု အဆင်ပြေအောင်၊ အလုပ်အကိုင် ရနိုင်အောင်ဆိုတဲ့ အခြေခံကျတဲ့ အချက်တွေ တိုးတက် ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ လိုတယ်လို့ မွန်းနေလီက ဆက်ပြောပါတယ်။
"လုံးဝ ပပျောက်သွားအောင် ဆိုရင်၊ ကျမတို့ရဲ့ သုတေသနအရ ဆိုရင်၊ ဒီ သတင်းအချက်အလက် စုဆောင်းတဲ့အပေါ်မှာ အခြေခံပြီး ပြောရမယ်ဆိုလို့ ရှိရင် များသောအားဖြင့် ဒီ စားဝတ်နေရေး မဖူလုံတဲ့ဟာ။ ပြီးလို့ရှိရင် အလုပ်လက်မဲ့ ဖြစ်တဲ့ဟာပေါ့နော်။ စီးပွားရေး အခြေအနေ မကောင်းတဲ့ဟာ။ နောက်ပြီး ပညာရေးစားရိတ်တွေက တအားမြင့်ပြီးတော့ ပညာရေး စားရိတ် စားကကို ရှာရင်းနဲ့ ခံရတဲ့ဟာတွေ ရှိတဲ့အခါကျတော့ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေကတော့ အရေးကြီးတာပေါ့နော်။ ဒီဟာ လုံးဝ ပပျောက်သွားဖို့၊ ဒီ လူကုန်ကူးမှုဆိုတာ ပပျောက်သွားဖို့ ဆိုရင်၊ မြန်မာ့နိုင်ငံရေး အခြေအနေ၊ ပြီးလို့ရှိရင် စီးပွားရေး အဖက်ဖက်ကနေ တိုးတက် ပြောင်းလဲမှဘဲ ဒီအရာတွေက အားလုံး ပပျောက်သွားမယ်လို့ ကျမတို့ မြင်တာပေါ့နော်။"
ထိုင်းနိုင်ငံအခြေစိုက် ကချင် အမျိုးသမီးများအဖွဲ့ KWAT က တာဝန်ခံတဦးဖြစ်သူ မမွန်းနေလီ ပြောပြခဲ့တာပါ။
တရုတ် အမျိုးသားတွေလက်ထဲ ရောင်းစားခံရသူ အမျိုးသမီးတွေဟာ တရုတ် အမျိုးသားတွေရဲ့ ညှဉ်းပန်း နှိပ်စက်ခြင်းကိုလည်း ခံကြရတယ်ဆိုတာ သူတို့ဆီ ထွက်ပြေးလာကြတဲ့ အမျိုးသမီးတွေက ပြောပြကြတယ်လို့ မမွန်းနေလီက ပြောပါတယ်။
မြန်မာ အမျိုးသမီးတွေ အခုလို တရုတ် အမျိုးသားတွေလက်ထဲ ဇနီးအဖြစ် ရောင်းစားခံရသူ ရှိသလို တခြား လိင်လုပ်ငန်းတွေမှာပါ ရောင်းစားခံနေကြရတယ် ဆိုတာကိုလည်း အစီရင်ခံစာတွေမှာ မကြာခန ထည့်သွင်း ဖော်ပြနေကြတဲ့ကြားကဘဲ အခုလို ရောင်းစားခံရတဲ့ ရာခိုင်နှုန်း ပိုများလာနေတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/Burma_China_Trafficking_Nov09_2011-133538553.html


