Saturday, October 29, 2011

ရိုဟင်ဂျာပြဿနာနှင့် မြန်မာ့နိုင်ငံရေး


by Save Irrawaddy on Saturday, October 29, 2011 at 1:41pm
ယခုတလော အင်တာနက်စာမျက်နှာများတွင် ပြည်ပအသံလွှင့်အဖွဲ့အစည်းဖြစ်သည့် ဘီဘီစီမှ ရိုဟင်ဂျာလူမျိုးများကို ရခိုင်ပြည်နယ်တွင် နေထိုင်သော လူမျိုးတစ်မျိုးအဖြစ် ပုံဖော်ထုတ်လွှင့်ခဲ့မှုအတွက် ဝိုင်းဝန်းဝေဖန်နေသည့် ပိုစ့်များ၊ ကွန်မန့်များ နေ့စဉ်တွေ့လာရသည်။ မြန်မာ့နိုင်ငံရေး အကြောင်း အငြင်းအခုံမှ ရိုဟင်ဂျာ ပြဿနာဘက်သို့ လှည့်လာကြသည်။ စာရေးသူအနေဖြင့် ရိုဟင်ဂျာ ပြဿနာထက် ထိုနောက်ကွယ်က ဖြစ်ရပ်တွေကို ပိုပြီးစိတ်ဝင်စားသည်။ ရိုဟင်ဂျာ ပြဿနာမှာ မနေ့တနေ့ကမှ ပေါ်လာသည့် ပြဿနာမဟုတ်။ ဦးနေဝင်းလက်ထက်တည်းက ရှိလာသည့် ပြဿနာ၊ အဘယ့် ကြောင့် ယခုမှ အပြင်းအထန် ငြင်းခုံလာရသနည်း။
အမျိုးသားရေးဆိုသည်မှာ နိုင်ငံရေးတွင် အသုံးချ၍ အကောင်းဆုံးအရာဖြစ်သည်။ အမျိုး၊ဘာသာ၊ သာသနာကို
စောင့်ထိန်းရမည်ဟူသော အစွဲမျိုးက လူမျိုးတိုင်းတွင်ရှိသည်။ ထိုအချက်ကို နိုင်ငံရေးသမားတွေ ကောင်းကောင်း အသုံးချသည်။ ထိုကိစ္စမျိုးကို ပြည်တွင်းရေးမှာ သုံးနိုင်သလို ပြည်ပနှင့် ပတ်သက်သည့် ကိစ္စ တွေမှာလည်း သုံးနိုင်သည်။ ဆိုရလျှင် အာရပ်တွေမှာ နဂိုမူလက သိပ်တည့်ကြသည်မဟုတ်။ ကိုယ့်နိုင်ငံနှင့်ကိုယ် စီးပွားရေးအရ ပြိုင်ဆိုင်နေရသည်။ ထိုအချိန်တွင် အာရပ်-အစ္စရေး ပြဿနာ ပေါ်ပေါက်လာသည်။ နောက်ဆယ်စုနှစ် သုံးခုခန့်အကြာတွင်  အာဖဂန် နစ္စတန်ကို ဆိုဗီယက်တပ်တွေကျူးကျော်လာသည်။ ထိုပြဿနာတွေက အာရပ်အားလုံး အထူးသဖြင့် မွတ်စလင်မ်အားလုံးအတွက် စုစည်းရမည့် အချိန် ရောက်ပြီဟူသော အိုင်ဒီယိုလိုဂျီ အစွဲအလမ်းကို သွတ်သွင်းရာရောက်သည်။ ထိုသို့ဖြင့် ဘာသာရေးကို အခြေခံသည့် အင်အားစုတွေ အာဏာရလာသည်။ အီရန်တွင် အယာတိုလာခါမေနီ အာဏာရလာခြင်းက ထိုအတွေးအခေါ်ကို ရေလောင်းပေါင်းသင်ပေးခဲ့သည်။ ထိုသို့ဖြင့် ယနေ့ အာရပ်ကမ္ဘာသည် ဘာသာရေး အစွန်းရောက်မှုများနှင့် ယင်း၏အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသော ဒေါသပေါက်ကွဲမှုများနှင့် ရင်ဆိုင်နေရသည်။ ထိုပြဿနာတွေက အရှေ့ အလယ်ပိုင်းတွင်ပါ မပြီးဘဲ ကမ္ဘာအနှံ့ခြေဆန့်သွား၍ အစ္စလာမ်ဘာသာမှာ အကြမ်းဖက်တံဆိပ် အတပ်ခံရသည်။ ထိုသို့ဖြင့် အစ္စလာမ် ဘာသာဝင် တွေဆိုလျှင် အကြမ်းဖက်တွေအဖြစ်မြင်လာကြသည်။
မြန်မာနိုင်ငံတွင်လည်း ဘာသာရေးကို အသုံးချ၍ နိုင်ငံရေး အမြတ်ထုတ်ခဲ့တာတွေ ရှိသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနုသည် ကွန်မြူနစ်များ အာဏာရလာပါက သာသနာတော် ညှိုးနွမ်းလိမ့်မည်ဟု အကြောင်းပြ၍ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရန် ကြိုးပမ်းသည်။ အဓိကမှာ ရွေးကောက်ပွဲတွင် မဲရရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူတွေ အားလုံးက သိကြသည်။ တစ်ဖက်မှာလည်း ဘုရားဒါယိကာ ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်တွင် မဲရရှိရန် ရိုဟင်ဂျာတွေကို တရားဝင်ကြောင်း၊ လူမျိုးစုအခွင့်အရေးပေးမည် ဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့သည်။ ယခုလတ်တလော ပြီးစီးသွားသည့် ၂၀၁၀ ရွေးကောက်ပွဲတွင်ပင် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက အစ္စလာမ်ဘာသာဝင်တွေကို ဗလီဆောက်ခွင့်ပြုမည်၊ မှတ်ပုံတင်ကိစ္စ ဆောင်ရွက်ပေးမည်ဟု အပေးအယူဖြင့် ကမ်းလှမ်း၍ အနိုင်ရရှိရန် လုပ်ဆောင်သွားခဲ့သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် လူမျိုးရေး၊ ဘာသာရေးကို အမြတ်ထုတ်ခြင်းသည် ယခင်ကလည်းရှိ၊ ယခုလည်း ရှိနေဆဲဟုသာ ဆိုရမည်ဖြစ်သည်။ သာသနာကို ထိန်းသိမ်းစောင့်ရှောက်သော အစိုးရ ဆိုပါက ၂၀၀၇ သံဃာ့ အရေးအခင်းတွင် သံဃာတွေ အဖမ်းခံရစရာ၊ အသတ်ခံရစရာ အကြောင်းမရှိပေ။ နိုင်ငံရေးနှင့် ဘာသာရေးက ဆန့်ကျင်ဘက် ဖြစ်သည်။ သို့ရာတွင် ဘာသာရေးကိစ္စကား နိုင်ငံရေးတွင် အသုံးတည့်သော လက်နက်တစ်ခုတော့ ဟုတ်နေပြန်သည်။
မကြာသေးမီကာလက မြစ်ဆုံပြဿနာ ရှိခဲ့သည်။ တစ်ဆက်တည်းမှာပင် တရုတ်ကျူးကျော်မှု ပြဿနာကို ပုံကြီးချဲ့ ပြောဆိုလာကြသည်။ တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ကြီးထွားလာကြသည်။ ထိုအခြေအနေမျိုးတွင် တရုတ်-မြန်မာအဓိကရုဏ်းက အချိန်မရွေး ထ၍ပေါက်နိုင်သည့် ပူပေါင်း ဖြစ်နေသည်။ တရုတ်သမ္မတ ဟူကျင်တောင်က သမ္မတကြီး ဦးသိန်းစိန်ကို မြန်မာပြည်ရှိ တရုတ်အမျိုးသားတွေကို ကာကွယ်စောင့်ရှောက်ပါဟု မေတ္တာ ရပ်ခံသည်။ ဒီပလိုမေစီအရမူ တရုတ်တွေကို မထိနှင့်ဟု သတိပေးလိုက်ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် မြန်မာအစိုးရအနေဖြင့်  တရုတ်နှင့် ပြဿနာ အတက်မခံနိုင်။ မြစ်ဆုံပြဿနာကို ဖြေရှင်းပြီးသည့်တိုင် ရခိုင်မှ သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်ကို တင်ပို့ရတော့မည်ဖြစ်သည့်အတွက်  ရခိုင်ဒေသခံ တွေနှင့် နောက်ဝင်လာသည့် တရုတ်တွေ ပြဿနာအကြီးအကျယ် တက်နိုင်သည်။ ထို့ကြောင့် တရုတ်တွေနှင့် ပြဿနာမဖြစ်ခင် အငြိုးအတေးတွေ ရှိသည့် ရိုဟင်ဂျာ ပြဿနာကို မြားဦးလှည့်ပေးလိုက်ခြင်း ဖြစ်နိုင်သည်။ ဘင်္ဂါလီနှင့် ရခိုင်ကား အစဉ်အဆက် တည့်ခဲ့သည်မဟုတ်။ ထို့ကြောင့် နောက်ဝင်လာမည့် တရုတ်အန္တရာယ်ကို အသာထား၊ လတ်တလော ကျောင်းတော်က ရန်စရှိသည့် ဘင်္ဂါလီတွေဘက် မြားဦးလှည့်လာသည်။ ရခိုင်သာမဟုတ် မြန်မာလူထု တစ်ရပ်လုံး ရိုဟင်ဂျာပြဿနာဘက် ပါလာသည်။ ကိုးကွယ်ရာ ဘာသာခြင်း ခြားသဖြင့် ရန်သူလုပ်ရတာ ပိုလွယ်သည်။ တရုတ်ပြဿနာကို ခေတ္တ မေ့သွားကြသည်။
အမျိုးသားရေး အနေဖြင့်ရော သမိုင်းအမြင်အရပါ ကြည့်လျှင် ရိုဟင်ဂျာကို လက်ခံနိုင်စရာမရှိပါ။ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုအနေဖြင့် လက်ခံနိုင်စရာမရှိပါ။ မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တွေ အများအပြားရှိသည်။ အားလုံးသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုတွေနှင့် စုပေါင်း နေထိုင်ကြသည်။ အိမ်ထောင်ပြုကြသည်လည်း ရှိသည်။ အထူးသဖြင့် ဗမာတွေနှင့် ရောထွေးနေထိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့ကိုယ် ၎င်းတို့ ဗမာ မွတ်စလင်မ်၊ မြန်မာမွတ်စလင်မ်ဟု သုံးနှုန်းကြပြီး မြန်မာ့ဓလေ့ထုံးတမ်းကို လက်ခံကျင့်သုံးကြသည်။  မြန်မာ့သမိုင်းတလျှောက်တွင်လည်း ပခုက္ကူနယ်မှ အင်္ဂလိပ်ကို တော်လှန်ခဲ့သည့် ဗိုလ်ရာကွတ်၊ အာဇာနည်ကိုးဦးထဲမှ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေး၊ မြန်မာ့လက်ဝှေ့ကျော် ကျားဘညိမ်း စသည်ဖြင့် ဗမာမွတ်စလင်မ်ဟု မြတ်မြတ်နိုးနိုး ခံယူခဲ့သူတွေရှိသည်။ ကျားဘညိမ်းဆိုလျှင် ဘင်္ဂလီလက်ဝှေ့ကျော်ကို သူ့မြေတွင် အနိုင်ထိုး၍ မြန်မာအလံကိုခြုံ၍ အောင်ပွဲခံခဲ့သည်။ ဆိုရလျှင် မြန်မာထဲ မွတ်စလင်မ်တွေသည် လူမျိုးစုကိစ္စနှင့် ပတ်သက်၍ အငြင်းပွားမှု လုပ်ခဲ့ခြင်းမရှိပေ။ မြန်မာလူမျိုး အစ္စလာမ် ဘာသာ အဖြစ်သာ ရောထွေးနေထိုင်ခဲ့သည်။ ထို့ကြောင့် ယခုမှ လတ်တလော ပေါ်ပေါက်လာသည့် ရိုဟင်ဂျာဆိုသည်မှာ မြန်မာမွတ်စလင်မ်များအတွက်ပါ အထူးအဆန်း ဖြစ်နေသည်။ မြန်မာမွတ်စလင်မ်တွေလည်း ထိုအမည်ကို တစ်ခါမျှ မကြားဘူးပေ။ သိလည်း မသိပေ။ မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းတွင် ရခိုင်ဘက်မှ ဘင်္ဂလီအနွယ်များ၊ ဘူးသီးတောင် မောင်းတောဘက်မှ မွတ်စလင်မ်တွေကို အာရကန်ကုလား၊ ခေါ်တောကုလားဟု ခေါ်ကြပြီး ၎င်းတို့နှင့် ဆက်ဆံလိုခြင်း မရှိကြပါ။ ထို အာရကန်၊ ခေါ်တောများကို ရိုဟင်ဂျာဟု ခေါ်မည်ဆိုပါက မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းတွင်ပင် ရိုဟင်ဂျာကို လက်မခံကြောင်း သိနိုင်သည်။ ဗမာမွတ်စလင်မ် အစည်းအရုံးသည် မြန်မာမွတ်စလင်မ်များကို အာရပ်၊ အိန္ဒိယ၊ ပါကစ္စတန် ယဉ်ကျေးမှုများ ဝါးမြိုလာမှုကို ဆန့်ကျင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ထို့ကြောင့် ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံတွင် ဘယ်တုန်းကမှ မရှိခဲ့။ အထူးသဖြင့် မြန်မာလူမျိုး အစ္စလာမ် ဘာသာဝင်တွေပင် လက်မခံသည့် အချက်ဖြစ်၍ ဘီဘီစီ၏ ဖော်ပြချက် လုံးဝမှားယွင်းကြောင်း သက်သေပြပြီး ဖြစ်သည်။ ရိုဟင်ဂျာကိစ္စကို ဘေးဖယ်၍ ကမ္ဘာပေါ်တွင် သန်းနှစ်ဆယ်ကျော် မျှသော နိုင်ငံပျောက်နေသည့် လူမျိုးစုများအကြောင်းကို စဉ်းစားကြည့်လျှင် မည်သည့်နိုင်ငံကမျှ လက်မခံ၍ တိုင်းပြည်တစ်ခုခုတွင် ခိုလှုံခွင့်ရရန် ကြိုးပမ်းနေသည့် လူမျိုးစုတွေ အများကြီးရှိသည်။ ထို့ကြောင့် ရိုဟင်ဂျာသည်လည်း ထိုအထဲက တစ်စုသာဖြစ်သည်။ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်ရရန် ကြိုးပမ်းနေခြင်းမှာ မြန်မာနှင့် နယ်နိမိတ်ချင်းဆက် စပ်နေ၍ ဖြစ်သည်။ ရိုဟင်ဂျာသည် ဘင်္ဂါလီလည်း မဟုတ်ပေ။ ဘင်္ဂါလီအုပ်စုဝင်ထဲက လူမျိုးစု တစ်စုသာ ဖြစ်သည်။
ဘင်္ဂါလီစကားပြောသော်လည်း စစ်တကောင်းမြို့တော်တွင် သုံးသည့် ဘင်္ဂါလီစကားမဟုတ်။ ဆိုရလျှင် နယ်စပ်တွင်နေသော လူမျိုးစုတစ်စု ဖြစ်သည်။ ဟိုဘက်ရော ဒီဘက်ရောရှိနေသည်။ ထိုလူမျိုးစုကို ဘင်္ဂလားဒေ့ရှ်ကလည်း လက်မခံ၊ မြန်မာအစိုးရကလည်း လက်မခံ။ ထို့ကြောင့် သူတို့မှာ ဒုက္ခသည်တွေအဖြစ် နေနေရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဟူသော အမည်ဖြင့် တိုင်းရင်းသားဖြစ်ပါသည်ဟု ဝင်ရောက်ရန် ကြိုးပမ်းလာသည်။ ကိုးကွယ်ရာ ဘာသာတူသော ဘင်္ဂလားဒေ့ရှ်ထက် မြန်မာနိုင်ငံကို ဝင်ရောက်ရန် ကြိုးပမ်းခြင်းမှာ အထက်ကဆိုခဲ့သလို ဦးနုဖန်တီးခဲ့သည့် ပြဿနာ တွေကြောင့် ဖြစ်သည်။ ထိုစဉ်က မဲရရေးအတွက် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားဖြစ်ကြောင်း ဆိုခဲ့သည့် စကားရှိသဖြင့် ယခုလို အခြေအနေမျိုးတွင် အကြောင်းပြချက် ကောင်းကောင်း ပေးစရာ ဖြစ်လာသည်။ နောက်ဆုံးအဆင့် လူသားချင်း စာနာသောအားဖြင့် ထိုဒုက္ခသည်များသည် မြန်မာ့မြေပေါ်တွင် မွေးဖွားခြင်းဖြစ်၍ မြန်မာနိုင်ငံသားအခွင့်အရေး ပေးသင့်သည်ဟု ဆိုသည့်တိုင် လူမျိုးစုအခွင့်အရေးတော့ ပေးရန်မလိုပေ။ ထိုကိစ္စမှာ ဖြစ်လည်းမဖြစ်နိုင်ပေ။  နိုင်ငံသားအခွင့်အရေးပေး၍ ရခိုင်ဓလေ့ထုံးတမ်းသော်လည်းကောင်း၊ မြန်မာဓလေ့ ထုံးတမ်းကိုသော်လည်းကောင်း ခံယူကျင့်သုံးမည်ဆိုပါက မျိုးဆက် နှစ်ဆက်ခန့် အပိုင်းအခြားတွင် ရခိုင်မွတ်စလင်အဖြစ်ဖြစ်စေ၊ ဗမာမွတ်စလင် အဖြစ်ဖြစ်စေ၊ သို့တည်းမဟုတ် အစ္စလာမ်ဘာသာဝင် ရခိုင်စကားပြော ကမန်အုပ်စုဝင် လူမျိုးအဖြစ် ဖြစ်စေ ခံယူခွင့်ပြုနိုင်ရန် ဥပဒေပြဋ္ဌာန်း လုပ်ဆောင်ရမည့် ကိစ္စလည်းဖြစ်သည်။ နိုင်ငံတကာတွင်လည်း နိုင်ငံသားအရည်အချင်း ပြည့်မှီရန် စံနှုန်းသတ်မှတ်ချက် တွေရှိပါသည်။ သို့ရာတွင် ဒုက္ခသည် လူမျိုးစုတစ်စုကို ပြည်နယ်ပေး၍ လူမျိုးစု အခွင့် အရေးပေးသည်ဟူ၍ မရှိပါ။
မည်သို့ပင်ဆိုစေကာမူ ဒုက္ခသည်များကို လက်ခံရမည့် အခြေအနေလည်းရှိသည်။ မိမိနိုင်ငံထဲက လူမျိုးစုမဟုတ်၍ သတ်ဖြတ်မည် ဆိုပါကလည်း ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်၍ လူ့အဖွဲ့အစည်းက ခွင့်မပြုပေ။ ထိုသို့သော အခြေအနေမျိုးတွင် အရာရာကို သတိရှိရန် အရေးကြီးသည်။ စိတ်လိုက် မာန်ပါ ဆုံးဖြတ်ပါက ရိုဟင်ဂျာနှင့်သာမက မြန်မာမွတ်စလင်မ်များနှင့်ပါ သွေးကွဲ၍ ဆူပူမှုတွေဖြစ်လာပြီး အခန့်မသင့်လျှင် မျှော်လင့်ချက်ရှိကာစ တိုင်းပြည် အတွက် နောက်ကြောင်းပြန် သွားနိုင်သည့် ကိစ္စလည်းဖြစ်သည်။ အစိုးရအနေဖြင့်ရော ပြည်သူအနေဖြင့်ပါ ထိုရိုဟင်ဂျာ ပြဿနာကို  အမျိုးသားရေး ပြဿနာအဖြစ် ကိုင်တွယ်ဖြေရှင်းကြရန် အရေးကြီးပါသည်။ သို့ရာတွင် ထိုသို့သော ကိုင်တွယ်ဖြေရှင်းမှုမျိုးသည် နိုင်ငံရေးနှင့် ဆက်စပ်စဉ်းစား၍ မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ခြင်းဖြစ်ဖို့တော့ လိုပါလိမ့်မည်။ ရိုဟင်ဂျာမှ မဟုတ် မိမိတိုင်းပြည်တွင် မရှိခဲ့သည့် ဓလေ့ထုံးတမ်းကို ယူဆောင် လာပြီး ဝါးမြိုမည့် မည်သည့်လူမျိုးကိုမဆို အမျိုးသားရေးအရ နိုင်ငံရေးအရ တွန်းလှန်ကာကွယ်သွားကြရန် အရေးကြီးကြောင်း သုံးသပ်ကြစေလိုပါသည်။
************************************************************************************


ဒီတသက်ပြန်မတွေ့ကြရတော့ဘူးလို့တောင် ထင်ထားတာအချစ်ရယ်

(ထိုင်းရေဘေးမှတ်တမ်းပုံများမှ)

Source
https://www.facebook.com/photo.php?fbid=2103612071784&set=a.1705031507519.2081761.1289967702&type=1&theater

ရိုဟင်ဂျာ၊ ကိုးကန့်  နှင့် ဒီအေဘီ ပေါ်လစီ





by Moethee Zun on Saturday, October 29, 2011 at 8:38am
ကျနော်တို့  ဒီအေဘီတွင်တာဝန်ယူစဉ်က  ရိုဟင်ဂျာနှင့်ကိုးကန် ကိစ္စကိုဆွေးနွေးခဲ့ရပါတယ်။ တပ်ပေါင်းစုမှချမှတ်ထားသောပေါ်လစီကို
နောက်မျိုးဆက်များသိနိင်ရင် ပြန်ဖေါ်ပြပေးလိုပါတယ်။
ရိုဟင်ဂျာရောကိုကိုးကန့် ပါမြန်မာနိင်ငံများဖြစ်ခွင့်ရှိတယ်။လူအခွင့်အရေးအပြည့်အ၀ရရှိစေရမှာဖြစ်ပါတယ်။ လွတ်လပ်စွာစီးပွားရှာခွင့်၊ကိုးကွယ်ခွင့်နှင့် ရွေးကောက်ခံပိုင်ခွင့်များရှိကြောင်း အသိမှတ်ပြုထားပါတယ်။နိင်ငံသားအခွင့်အရေးတွေရရှိဖို့လည်း ကျနော်တို့  ထောက်ခံပါတယ်။

၂- ဒါပေမဲ့ သူတို့ ကို မြန်မာ ရဲ့  တိုင်းရင်းသား တမျိုး (  Ethnic)  အဖြစ်အသိမှတ်မပြုပါ။ ရိုဟင်ဂျာဟာ  ရခိုင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတမျိုးအဖြစ်လည်းအသိမှတ်မပြုကြောင်း ဒီအေဘီမှ ဆုံးဖြတ်ထားပါတယ်။

၃- အလားတူပဲမြန်မာပြည်ရှိ တရုပ်၊အိန္ဒယနွယ်ဘွားများကိုလည်း လူနည်းစုအဖြစ်သာအသိမှတ်ပြုပြီး မြန်မာ ပြည်ဘွားတိုင်းရင်းသားတမျိုး
အဖြစ်အသိမှတ်မပြုပါ။ သူတို့ ဟာ မြန်မာ နိင်ငံသားတဦးအဖြစ် လူအခွင့်အရေးနှင့်နိင်ငံသားအခွင့်အရေးများအပြည့်အ၀ရရှိမှာဖြစ်ပါတယ်။

၎- အမေရိကန်ပြည်ထောင်စုမှာ တရားဝင်လာရောက်လုပ်ကိုင်သူရော၊ခိုးဝင်လာသူတွေရော ဥပဒေကြောင်းအရနိင်ငံသားလျောက်ထားပိုင်ခွင့်တွေရှိပါတယ်။  ဒါပေမဲ့ ရက်အင်ဒီယန်း ကဲ့သို့သော ဌာနေတိုင်းရင်းသားအဖြစ် လျောက်ထားမရသလိုဖြစ်ပါတယ်။

၅- ဒီအေဘီပေါ်လစီ ကို ကျနော်တို့ အဖွဲ့ ပေါင်းစုံပေါ်လစီအဖြစ် ကျင့်သုံးခဲ့ကြပါတယ်။

မိုးသီးဇွန်

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆုတောင်းပွဲနှင့်နိုင်ငံရေးဖြင့်အကျဉ်းကျခံထားရသော တက္ကသိုလ်ကျောင်းသားများ ပညာဆက်လက်သင်ယူနိုင်ရန်ဆွေးနွဲပွဲဖိတ်ကြားလွှာ...




http://www.yeyintnge.com/2008/12/blog-post_5933.html

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် သင်တန်းဆင်းပွဲနှင့်စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနား ဖိတ်ကြားခြင်း။

ဒီမိုကရေစီမြတ်နိုးသူအားလုံးသို့

31.10.2011 တနင်္လာနေ့ နံနက် (၁၀း၀၀) မှ (၁၂း၀၀) တွင် Bayda
စာဖတ်ခန်းဖွင့်ပွဲ အခမ်းအနားနှင့် နိုင်ငံရေးသိပ္ပံ တစ်လခွဲ သင်တန်း
အပါတ်စဉ် (၈) သင်တန်းဆင်းပွဲ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ
ဖွဲ့စည်းခြင်းသင်တန်း အပါတ်စဉ် (၃) သင်တန်းဆင်းပွဲကို
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ချီးမြှင့်မည်ဖြစ်ပါသဖြင့်
ဒီမိုကရေစီ ချစ်မြတ်နိုးသူအားလုံးတက်ရောက် အားပေးကြပါရန် လေးစားစွာ
ဖိတ်ကြားအပ်ပါသည်။

အချိန်။ နံနက် (၁၀း၀၀) မှ နေ့လည် (၁၂း၀၀) ထိ။
နေ့စွဲ။ 31.10.2011 (တနင်္လာနေ့)
နေရာ။ Bayda Institute ၊အမှတ် (၄၅၃)၊ သုမနလမ်း၊ ၁၆/၃ ရပ်ကွက်၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
လမ်းညွှန်။ ၂၃၇ အထူး၊ ၃၁ အစိမ်း၊ ၃၉ အ၀ါ၊ ၄၁ အစိမ်း၊ ၁၀၇ အနီ ဟိုင်းလပ်၊
ကားများစီးပြီး ကုလားဘုရားမှတ်တိုင်ဆင်းပါရန်။

၁၅ နှစ်သားနဲ့ စစ်ကြောရေးစခန်း


၁၅ နှစ်သားနဲ့ စစ်ကြောရေးစခန်း

၈ ရက် ၈လ ၈၈
ဒို့တွေ ရင်ထဲအမြဲအဆင်သင့်
နိုးတစ်ဝက်နဲ့ အထိမ်းအမှတ်ပွဲ
ငါတို့ အထက်တန်းကျောင်းသား တစ်စုဆင်နွဲ
ရ ရက် ၈ လ ၉၃ ည
စစ်ထောက်လှမ်းရေး နဲ့ စ ရ ဖ တစ်သိုက်
၁၅ နှစ်သားတစ်ယောက်ကို လူ ၁၀ အားနဲ့ဖမ်းလို့
မိုးစက်တွေကြား
အေးစက်တဲ့ တမံတလင်း
ရင်ဝ ကို စစ်ဖိနပ်နဲ့ ဆောက်ကန်
နံပါတ်တုတ် အဝတ်ပါတ်ရိုက်
မှောင်မိုက်မိုက်
နေ့လားညလား ဝိုးတဝါး
စည်းပိတ်ထားတဲ့ အဝတ်ကြား
နာကြင်ခံစား တေးသွားငြီးရင်း
ငါသီဆိုသည်
ခေတ်ဆွေးကို ပြောင်ပြန် ခေတ်သစ်ကိုစီမံ
လွတ်လပ်ဖို့ စိတ်ကြံ
ညီစေနော် ဒို့ရဲဘော် ချီတက်ကြစို့တူပျော်ပျော်..
ရိုက်နက်သံ နဲ့ အော်သံညံစီ
အ.က.သ ၁၃ ဦး ရေတောင်မသောက်ရတဲ့
ငှက်ဆိုးထိုးသံတွေအောက်ရောက်
မူးရက်နေတဲ့ စစ်ကြောရေးတာဝန်ခံ
အိမ်သာ ဆေးတဲ့ တံမြက်စည်းနဲ့
ငါ့ ပါးစပ်ထဲ အတင်းထိုးထည့်ပေးတဲ့
မင်း လိုချင်တဲ့ရေတစ်ခွက်
ငါ အိပ်မရတဲ့ည
အမိုးပေါ် ခဲလုံးတွေကျ
အိမ်သာတက်ဖို့ အချိန်စောင့်ရတဲ့ဘဝ
သောက်ရေဗူးတဲ့ ရှူးရှူးတွေထည့်ပေးလိုက်တာ
ရေငတ်သူ သောက်ကြပေါ့တဲ့
အော် ….. မျိုးမစစ်တဲ့ စစ်အစိုးရ နောက်လိုက်ခွေး
အခုတော့ လူတွေပြောနေကြတယ်
ခင်ညွှန့်က သိပ်မဆိုးပါဘူးတဲ့
တိုက်ပေါ်က ခွေး၊ အိမ်အောက်က ခွေး
လူ့ မစင်တွေ့ရင် မစားကြရင် ကြိုက်သလောက်ပြော
ငါ ခံစားတာ ငါရေးတယ်
သူတို့ကို လက်စားချေဖို့မဟုတ်
ဝါဝါမြင်ရွှေ မထင်နဲ့
သိန်းစိန် ကို နွားမထင်နဲ့
အသိနဲ့ သတိကင်ရင် ခံကြ စတမ်း…
ပြည်တော်ပြန် ကောင်းစားရေးတဲ့
သေမင်းဆီ စာရင်သွင်း
မင်းတို့တွေ ပြောတော့ ရွှေမျိုးချစ်တဲ့လေ……….
တေဇော (၉၆ ဗ.က.သ)

၂၉.၁၀.၂၀၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ


http://www.ziddu.com/download/17069652/29Oct2011Yeyintngesdiary.doc.html

http://www.ziddu.com/download/17069653/29Oct2011Yeyintngesdiary.pdf.html

http://www.scribd.com/doc/70791534/29-Oct-2011-Yeyintnge-s-Diary

http://www.ziddu.com/download/17069652/29Oct2011Yeyintngesdiary.doc.html

http://www.ziddu.com/download/17069653/29Oct2011Yeyintngesdiary.pdf.html

http://www.scribd.com/doc/70791534/29-Oct-2011-Yeyintnge-s-Diary

BA လူမှုသိပ္ပံဘွဲ့အတွက် စကော်လားရှစ်



Friday, 28 October 2011 12:58 administrator

ချင်းမိုင်တက္ကသိုလ်၏ နှစ်စဉ် စကော်လားရှစ် အစီအစဉ်တွင် ပညာထူးချွန်သော မြန်မာကျောင်းသားများ အတွက် ပညာတော်သင်ဆုကို ချီးမြှင့်လျက်ရှိပါသည်။
ချင်းမိုင်တက္ကသိုလ် စာကြည့်တိုက်

ချင်းမိုင်တက္ကသိုလ် စာကြည့်တိုက်

ရမှတ်ကောင်းခြင်း၊ ပုံမှန်အတန်းအောင်မြင်ခြင်းစသည့် တက္ကသိုလ် စကော်လားရှစ်ရွေးချယ်ရေး ကော်မီတီက သတ်မှတ်ထားရှိသည့် စံနှုန်းများနှင့် ကိုက်ညီသော မြန်မာကျောင်းသားများကို လူမှုသိပ္ပံအထူးပြု ပညာတော်သင်ဆုကို ၂၀၁၂ အတွက် ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အသေးစိတ်အချက်အလက်များနှင့် ဆက်သွယ်ရန်အတွက် ပညာတော်သင်ဆု ၀ဘ်ဆိုက်သို့ ၀င်ရောက်နိုင်ပါသည်။
http://ba-social-science.weebly.com/scholarships.html

မောက္ခ ပညာတော်သင်ဆုသတင်း
http://www.maukkha.org/index.php?option=com_content&view=article&id=1918:ba-&catid=119:2010-10-11-07-36-06&Itemid=373


တရုတ်နားရွက် တံတွေးစွတ်လိုက်တဲ့ ဗီယက်နမ်




Saturday, 29 October 2011 07:19 ၀င့်ထန်း



တရုတ်အစိုးရပိုင် Global Times သတင်းစာက ဗီယက်နမ်နဲ့ အိန္ဒိယ အစိုးရပိုင် ရေနံကုမ္ပဏီ (ONGC) တို့ မကြာခင်က စာချုပ်ချုပ်တဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
တရုတ်က သူ့ရေပိုင်နက်လို့ ကြေငြာထားတဲ့ တောင်တရုတ်ပင်လယ်က နေရာအချို့မှာ ဗီယက်နမ်နဲ့ အိန္ဒိယက သဘာဝဓာတ်ငွေ့ တူးဖော်ဖို့ စာချုပ်ချုပ်လိုက်တဲ့အတွက် ဒေါသထွက်နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဒီနှစ်နိုင်ငံစာချုပ်က တရုတ်ရဲ့ ပင်လယ်ပြင် အချုပ်အခြာကို ကန့်သတ်လိုက်တဲ့ သဘောပင်။
တရုတ်အစိုးရ ဒေါသထွက်မယ်ဆိုလည်း ထွက်စရာ။ ဒီလအစောပိုင်းမှာ ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်း ငုယင်ဖူကျောင်း ပေကျင်းမြို့ကို အလည်သွားရောက်ပြီး တရုတ်ခေါင်းဆောင်တွေနဲ့ ပင်လယ်ပြင်ပိုင်နက် အချင်းများမှုကို အဖြေရှာဖို့ ဆွေးနွေးစကားတွေ ပြောခဲ့သည်။ ပေကျင်းခရီးက ပြန်လာပြီး တစ်ရက်ပဲရှိသေး ဗီယက်နမ်က အိန္ဒိယနဲ့ စွမ်းအင်ပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ချုပ်လိုက်ခြင်း ဖြစ်သည်။
Global Times သတင်းစာက "ဗီယက်နမ်ခေါင်းဆောင်ပိုင်းက မလေးမခန့်နဲ့ ထိပ်တိုက်တိုး လုပ်ဆောင်မှုကို တရုတ်အစိုးရက အရေးယူဖို့ စဉ်းစားနေပြီ" ဟု အပြင်းအထန် ထိုးနှက်ရေးသားခဲ့သည်။
နောက် တရုတ်ကွန်မြူနစ်ပါတီထုတ် People's Daily သတင်းစာကလည်း အိန္ဒိယရဲ့ စွမ်းအင်မဟာဗျူဟာက အန္တရာယ်ဇုံအတွင်း ကျရောက်နေပြီဖြစ်ကြောင်း အိန္ဒိယကို သတိပေး ရေးသားခဲ့သည်။
အဲဒီ တရုတ်သတင်းစာတွေရဲ့ မာမာထန်ထန် ပြောဆိုမှုနောက်ကွယ်မှာ တရုတ်အစိုးရ ထိတ်လန့်မှု နှစ်ခု ရှိသည်။ ပထမတစ်ခုက တောင်တရုတ်ပင်လယ် ရေပိုင်နက်အပေါ် တရုတ်နဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ အငြင်းပွားနေမှုကို အခု အိန္ဒိယကပါ တိုက်ရိုက် ပါဝင်ပတ်သက်လာမှု ဖြစ်သည်။ ဒုတိယက အိန္ဒိယနဲ့ ဗီယက်နမ် နီးနီးကပ်ကပ် ဆက်ဆံမှု ရှိလာခြင်းဖြစ်သည်။
ဒီနှစ်နိုင်ငံ တပူးတွဲတွဲ ဖြစ်လာတဲ့ အကြောင်းက တရုတ်ကို ထိန်းချုပ်ဖို့ အမေရိကန်ရဲ့ နောက်ကွယ်မဟာဗျူဟာ အစီအစဉ်ဖြစ်သည်။ ဒီတော့ ဗီယက်နမ်နဲ့ အိန္ဒိယ လုံးနေပြီဆိုတဲ့ အသံကြားတာနဲ့ကို တရုတ်အဖို့ ပင်လယ်ပြင်ထိန်းချုပ်ရေးအတွက် စိုးရိမ်စိတ်အားကြီးလာခဲ့သည်။
နောက် ဗီယက်နမ်ကွန်မြူနစ် ပါတီခေါင်းဆောင် တရုတ်ပြည်ရောက်နေတဲ့အချိန်မှာ၊ ဗီယက်နမ် သမ္မတကလည်း အိန္ဒိယကို တပြိုင်နက်ထဲ ရောက်နေသည်။ ရည်ရွယ်ချက်ကတော့ အာရှနိုင်ငံကြီး နှစ်နိုင်ငံလုံးကို မဟာဗျူဟာမိတ်ဖက်အဖြစ် စည်းရုံးဖို့ဟု ဆိုသည်။
၁၉၈၈ ခုနှစ်မှာ တောင်တရုတ်ပင်လယ် စပရက်တလေကျွန်းကိစ္စအတွက် တရုတ်နဲ့ ဗီယက်နမ် ပစ်ခတ်မှုတွေ ဖြစ်ပြီး ဗီယက်နမ်စစ်သား ၇၀ ကျော် သေဆုံးခဲ့ရသည်။ အဲဒီကတည်းက တင်းမာမှုတွေ ဆက်ရှိနေပြီး၊ ဒီနှစ်အစောပိုင်း ဟနွိုင်းနဲ့ ဟိုချီမင်းမြို့တော်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေအထိ ဖြစ်ခဲ့သည်။
ဒါကြောင့် ဗီယက်နမ်က အခု အိန္ဒိယရဲ့ ၀ိုင်းရံကူညီမှုကို ၀မ်းသာအယ်လဲ ကြိုဆိုခဲ့သည်။ နောက် အာစီယံ ပါတနာတွေဖြစ်တဲ့ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်တို့ကလည်း တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ကျွန်းလုနေကြရတာမို့၊ ဗီယက်နမ်က အဲဒီနိုင်ငံတွေနဲ့ပါ ညီညွတ်ရေးတပ်ဦး တည်ဆောက်ပြီး တရုတ်ကို ကျားကန်ဖို့ လုပ်ထားသည်။
အဲဒီဇာတ်လမ်းနောက်ကွယ်မှာ အိန္ဒိယက မဟာဗျူဟာ အခွင့်ရေးကောင်းကို ရယူခဲ့တာ ဖြစ်သည်။ တရုတ်က ပြိုင်ဖက် အိန္ဒိယကို ထိန်းချုပ်ဖို့ ပါကစ္စတန်ကို ကိုင်ထားသလို၊ အိန္ဒိယကလည်း တန်ပြန်အဖြစ် ဗီယက်နမ်ကို သစ္စာခံအဖြစ်ထားဖို့ ကြိုးစားလာသည်။ ယခု အိန္ဒိယ ဗီယက်နမ် ပါတနာဖွဲ့မှုနောက်ကွယ် ဇာတ်ဆရာက အမေရိကန် ဖြစ်သည်။
ဝင့်ထန်း
Source: The Economist
http://www.maukkha.org/index.php?option=com_content&view=article&id=1920:2011-10-29-07-21-24&catid=120:2010-10-11-07-37-22&Itemid=374

ခြံစောင့် လုပ်စားနေကြရသော ပင်စင်စား ကျောင်းအုပ်ကြီးများ



Saturday, 29 October 2011 11:21 administrator


ပင်စင်စား ကျောင်းအုပ်ကြီးများ၊ ကျောင်းဆရာအိုများ၏ ဘ၀ နေ၀င်ချိန်မှာ မလှပဘဲ ရှိနေပါသေးသည်။ ၂၀၁၀ ဒီဇင်ဘာလက တောင်းရမ်း စားသောက်နေရသော မြန်မာကျောင်းဆရာအိုတို့ကို ကယ်တင်ကြရန် လှုံ့ဆော်ခဲ့ဖူးသည်။
ယခုအပတ် သတင်းစာ ဖြတ်ပိုင်းမှ ကျောင်းအုပ်ကြီး (အငြိမ်းစား) တစ်ဦး၏ ခြံစောင့်အလုပ် တောင်းခံပုံကို ကြည့်ရှုနိုင်ပါသည်။
ခြံစောင့်အလုပ် တောင်းခံနေရဆဲ မြန်မာ ကျောင်းဆရာအို

ခြံစောင့်အလုပ် တောင်းခံနေရဆဲ မြန်မာ ကျောင်းဆရာအို
ပညာရေးဝန်ထမ်းများတွင် အမျိုးသမီးဆရာမဦးရေ ၉၀ ရာခိုင်နှုန်းကျော် ရှိနေပြီး မည်သူမှ မလုပ်ချင်ဆုံး အလုပ်မှာ ကျောင်းဆရာ အလုပ်ဖြစ်နေရသည့် ပညာခေတ်၏ မြန်မာနိုင်ငံ ကျောင်းဆရာအိုများ ဤ ကံကြမ္မာဆိုးမှ အမြန်ဆုံး လွန်မြောက်နိုင်ကြပါစေ။
ယခင်သတင်းကို အောက်ပါလင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။

တောင်းရမ်း စားသောက်နေရသော မြန်မာကျောင်းဆရာအိုများ၏ လူမှုဒုက္ခများ
မောက္ခ


Arakan နာမည်ကို အလွဲသုံးစား လုပ်မူ ဆန့်ကျင် ကန့်ကွက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်လာ

News Date:10/29/2011

မင်းဆက်ခိုင်
------------
ရခိုင်အမျိုးသားပိုင် Arakan ဆိုသော ဝေါဟာရကို လွဲမှားစွာ အသုံးပြုနေသော လူတစ်စုအား ကန့်ကွက် ရှုတ်ချပွဲ အခမ်းအနားများကို ရခိုင်ပြည်နယ် အနှံ့ အပြားတွင် ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

ယနေ့ (အောက်တိုဘာလ ၂၉ ) ရက်နေ့တွင်လည်း အဆိုပါ ရှုတ်ချ ကန့်ကွက်ပွဲကို မောင်တောမြို့ မြို့မကျောင်းတွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

" ဟုတ်ပါတယ်။ ဒီကနေ့ ကန့်ကွက် ရရှုတ်ချပွဲကို မောင်တောမြို့ မြို့မကျောင်းမှာ ပြုလုပ်ပါတယ်။ လူပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်ပရောက် ဘင်္ဂလီတချို့က Arakan အမည်အား အလွှဲသုံးစားလုပ်မှုအပေါ် ကန့်ကွက် ရှုတ်ချတာ ဖြစ်ပါတယ်" ဟု မောင်တော ဒေသသခံ တစ်ဦးက ပြောသည်။

အဆိုပါ အခမ်းအနားအား နံနက် ၉ နာရီ ခွဲမှ စတင်ကာ နေ့လည် ( ၁) နာရီထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

" ဟောပြောဆွေးနွေးသူတွေကတော့ - ဦးသာသာမောင် (နတ်မြစ်လှိုင်းပြာ)၊ ဦးညိုလှအောင်တို့ ဖြစ်ကြ ပါတယ်။ ရခိုင်သမိုင်းဆိုင်ရာ ဟောပြမှုတွေနဲ့ Arakan အမည်ကို အလွှဲသုံးစားပြုလုပ်နေကြတဲ့ အပေါ် ရှင်းလင်း ဟောပြောတာ ဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးချက် အပေါ်မှာ တက်ရောက် လာတဲ့ ခမီး တိုင်းရင်းသားများနဲ့ သက်တိုင်းရင်းသားတွေက ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်" ဟု သူက ဆက်ပြောသည်။

အလားတူ ဆွေးနွေးပွဲ တစ်ရပ်ကိုလည်း ဘူးသီးတောင်မြို့ အေးစေတီကျောင်းတွင် အောက်တိုဘာလ ၂၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ဘူးသီးတောင် ဒေသခံ တစ်ဦးက "အခမ်းအနားက နေ့လည် ၁၂ခွဲ ကနေ စတာ ညနေ ၄နာရီ ထိုးသွား တာတောင် လူတွေက လုံးဝ မပြန်ချင်ကြဘူး။ ကျွန်တော်တို့ လူထုက တော်တော် ပေါက်ကွဲနေကြတယ်။ တိုင်းပြည် အလုခံရတယ် ဆိုပြီး ခံပြင်းနေကြပါတယ်" ဟု ပြောသည်။

အခမ်းအနားသို့ သံဃာတော် အပါး ၃၀ အပါအဝင် လူပေါင်း ၄၀၀ ခန့်တက်ရောက်ခဲ့သည်ဟု သူက ပြောသည်။ အခမ်းအနားတွင် ဦးသာသာမောင် (နတ်မြစ်လှိုင်းပြာ)၊ ဦးစံရွှေမောင်တို့ အဓိက တက်ရောက် ဆွေးနွေး ခဲ့သည်ဟု သိရသည်။

စစ်တွေမြို့တွင်လည်း အောက်တိုဘာလ ၉ ရက်နေ့က ရခိုင်လူမျိုးပိုင် Arakan အမည်အား ပြည်ပရောက် ဘင်္ဂလီ လူမျိုးများ၏ အလွှဲသုံးစား လုပ်မှု အပေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ကန့်ကွက်ပွဲနှင့် စာတန်းဖတ်ပွဲ အခမ်းအနား တရပ်ကို စစ်တွေမြို့ရှိ ရတပ ပါတီ ရုံးခန်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ရတပပါတီတာဝန်ရှိသူများ၊ ဂုဏ်သရေရှိ မြို့လူကြီးများ၊ မြို့မိ မြို့ ဖပြည်သူများ၊ ဗမာလူမျိုးများနှင့် မြို၊ ခမီး၊ ဒိုင်းနစသည့် တိုင်းရင်းသားများ စုစုပေါင်း ၅၀၀ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်ကို ရတပပါတီမှ စစ်တွေမြို့နယ် ဥက္ကဌလည်း ဖြစ် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သော ဦးအောင်မြကျော်က ယခုကဲ့သို့ ပြောသည်။

"အဓိက ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ကို အင်္ဂလိပ်ကို ခေါ်တဲ့ Arakan အသုံးအနှုန်းကို ပြည်ပ ရောက် ဘင်္ဂလီတွေက အလွှဲသုံးစားလုပ်ပြီးတော့ တကမ္ဘာလုံးမှာ ဒီ Arakan Land ရခိုင်မြေဆိုတာကို သူတို့နဲ့ သက်ဆိုင်ကြောင်း သူတို့ရဲ့ မြေဖြစ်ကြောင်းလို့ ပြောနေတာဟာ ကျနော်တို့ တမျိုးသားလုံးကို စော်ကားတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒါဟာ ရခိုင်တမျိုးသားလုံးကို စော်ကားတာဖြစ်တဲ့ အတွက်ကြောင့် ကျနော် တို့က ရခိုင်တမျိုးသားလုံးကို ကိုယ်စားပြုထားတဲ့ ပါတီ တစ်ရပ် အနေနဲ့ ရခိုင်ပြည်သူတွေဟာ အခုလို စော်ကားခံနေရတာကို ဆန့်ကျင် ကန့်ကွက်ဖို့ တာဝန်ရှိသလို ရခိုင်ပြည်သူတွေ ဒါကို သိရှိအောင် နှိုးဆော် တိုက်တွန်းဖို့ တာဝန်ရှိတဲ့ အတွက် ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု အတွက် လုပ်တာ မဟုတ်ပါ။ မိမိတို့ရဲ့ တိုင်းပြည်နဲ့ လူမျိုး အတွက် ကာကွယ်တာ သာ ဖြစ်ပါတယ် ။ ရခိုင်ကို အင်္ဂလိပ်လို Arakan လို့ခေါ်တာကို အလွှဲသုံးစား လုပ်နေတဲ့အပေါ် ဒီအတွက် ခုလို ကန့်ကွက် ရှတ်ချရခြင်းဖြစ်ပါတယ်" ဟု ပြောသည်။

ရခိုင်တိုင်းရင်းသားများ ပါတီမှ အောက်တိုဘာလ ၉ ရက်နေ့ နေ့စွဲဖြင့် Arakan နှင့် Arakanese ဆိုသော စကားလုံးမှာ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများကို ခေါ်ဝေါ်သော စကားလုံးသာ ဖြစ်ပြီ ပြည်ပရောက် ဘင်္ဂလီ လူတစုမှ လွဲမှားစွာ ယူသုံးစွဲနေသည်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကျေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန် ခဲ့သည်။
http://www.narinjara.com/detailsbur.asp?id=3568

ငြိမ်းစေသောငြိမ်း (ဂါမဏိ)



Posted by on October 29, 2011 
ကမ္ဘာ့စီးပွားပျက်ကပ်နဲ့ ပုန်ကန်ထကြွမှု
သမိုင်းမှာ အပြင်းထန်ဆုံး ကမ္ဘာ့စီးပွားပျက်ကပ်ဟာ ၁၉၂၉ ခုမှာ အမေရိကန်နိုင်ငံကစပြီး တကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့ ပါတယ်။ ဒီစီးပွားပျက်ကပ်ကြီးရဲ့ အကျိုး ဆက်ကတော့ အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်မှာ ဆရာစံ လယ်သမား သူပုန်ကြီး ၁၉၃၀ ဒီဇင်ဘာ ၂၂ ရက် နေ့မှာ ဖြစ်ခဲ့ပါတယ်။ ဒို့ဗမာအစည်းအရုံးလဲ ၁၉၃၀ မေလ ၃၀ ရက်နေ့မှာ ပေါ်လာ ခဲ့ပါတယ်။
အင်္ဂလိပ်ကိုလိုနီအစိုးရဟာ ဆရာစံတို့ရဲ့ လက်နက်ကိုင် တော်လှန်ရေးကို မနိုင်တဲ့အတွက် အိန္ဒိယကနေ တပ်မ နှစ်ခု ခေါ်သွင်းပြီး တိုက်ခဲ့ရပါတယ်။ ဒါတောင်မှ မီးကျိုး မောင်းပျက်နဲ့ ဒုတ်ဓားလှံတွေပဲရှိတဲ့ အင်းအိုင်လက်ဖွဲ့အား ကိုး စစ်ပညာမဲ့လယ်သမားတွေကို ခေတ်မီဗြိတိသျှတပ် အင်အား တသောင်းသုံးပြီး နှစ်နှစ်ကျော် တိုက်ယူရပါ တယ်။ အင်္ဂလိပ် အစိုးရဟာ ဗမာ မွန် ကရင် ရှမ်း ပအိုဝ်း ဓနု ပလောင် လယ်သမားသူပုန်တွေကို တရားရုံးမတင်ဘဲ ပစ် သတ် ခေါင်းဖြတ်ပြီး လမ်းပေါ်ပြထားတာမျိုး ရက်ရက်စက်စက်လုပ်ခဲ့သလို တော်လှန်ရေးသမား ၃၀၂ ယောက်ကိုလဲ တရားရုံးတင် ကြိုးပေးသတ်၊ ၈၈၀ ကို အန်ဒါမန်ကျွန်းပို့၊ လယ်သမားသူပုန် ၇၁၀၀ ကျော်ကို ထောင်ဒဏ် ၁ နှစ်ကနေ ၁၀ နှစ်အထိ ချခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်း ကျဆုံးတဲ့သူပုန်တွေ၊ အသတ်ခံရတဲ့ရွာသားတွေပေါင်းလိုက်ရင် တသောင်းကျော်မယ်လို့ ခန့်မှန်းကြပါတယ်။
ဆရာစံသူပုန် ပြိုကွဲသွားပေမဲ့ ပွဲကပြီးမသွားပါဘူး။ သာမန်အားဖြင့် စီးပွားရေးကပ်တွေဟာ တနှစ်-နှစ်နှစ်လောက်ပဲ ဖြစ် တတ်ပေမဲ့ ၁၉၂၉ ခု ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဟာ ၁၉၃၉ အခုအထိ ကြာခဲ့ပါတယ်။ ၁၉၃၉ ခုကျမှ ဒုတိယကမ္ဘာစစ် ကြောင့် အရင်းရှင်နိုင်ငံကြီးတွေဟာ စီးပွားပျက်ကပ်ကနေ ထွက်ပေါက်ရသွားခဲ့တာဖြစ်ပါတယ်။ စစ်လက်နက်တွေ စစ် ပစ္စည်းတွေ စစ်ရိက္ခာတွေ ထုတ်လုပ် ရောင်းချပြီး ရပ်ထားတဲ့စက်ရုံအလုပ်ရုံတွေ ပြန်လည်ပတ်၊ စီးပွားပြန်တက်အောင် လုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း စစ်မြေပြင်ဖြစ်သွားတဲ့နိုင်ငံတွေဟာ ဖွတ်ဖွတ်ကြေသွားခဲ့ပါတယ်။
မြန်မာပြည်မှာ လယ်သမားသူပုန် ပြိုသွားပေမဲ့ ဒို့ဗမာအစည်းအရုံးလှုပ်ရှားမှုတွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ၊ အလုပ် သမားလှုပ်ရှားမှုတွေပေါ်လာတာ၊ နောက်ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘီအိုင်အေလက်နက်ကိုင်တော်လှန်ရေးအထိ ကြီးထွားလာတာဟာ ဒီကမ္ဘာ့စီးပွားပျက်ကပ်ကြီးနဲ့ ပတ်သက်နေပါတယ်။ တနည်းပြောရရင် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဟာ မြန်မာနိုင်ငံက နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေးတိုက်ပွဲကို လက်နက်ကိုင်နည်းနဲ့ရော လက်နက်မဲ့နည်းနဲ့ပါ ဆင်နွှဲ စေဖို့ ထိထိရောက်ရောက်အားဖြစ်ခဲ့ပါတယ်။ အောင်လဲအောင်မြင်စေခဲ့ပါတယ်။
ဒီလိုတိုက်ပွဲတွေကြောင့် ကိုလိုနီအစိုးရဟာ ခွဲရေးတွဲရေးပြဿနာ၊ ၁၉၃၅ ခု ၉၁ ဌာနအုပ်ချုပ်ရေးဥပဒေတို့နဲ့ ချွေးသိပ် လမ်းလွှဲတာတွေ လုပ်ခဲ့ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ တော်လှန်ရေးသမားတွေဟာ လုံးဝလွတ်လပ်ရေး လမ်းကြောင်းကိုဘဲ တည့်တည့်မတ်မတ်လျှောက်သွားခဲ့ပါတယ်။ ပြည်ပမှာ စစ်ပညာသွားသင်တဲ့ တော်လှန်ရေးသမား ၃၀ ဟာ ဗမာပြည်ထဲကို လူ ၂၀၀ နဲ့ ပြန်ဝင်ခဲ့ပြီး ဘီအိုင်အေဖျက်တဲ့အချိန်မှာတော့ အင်အား ၁၀၀၀၀၊ ဖက်ဆစ် တော် လှန်ရေးမှာ အင်အား ၃၀၀၀၀ အထိရှိသွားခဲ့ပါတယ်။
xxx
၁၉၇၃ ခုမှာ အာရပ်နိုင်ငံတွေခေါင်းဆောင်ပြီး ရေနံဈေးတွေ မြှင့်လိုက်သလို အမေရိကန်နိုင်ငံကို ဗီယက်နမ်စစ်ဆိုတဲ့ ဖွတ်တက်မှုကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့ပါတယ်။ ဒီစီးပွားရေးကပ်ကြောင့် မြန်မာနိုင်ငံမှာ ၁၉၇၄ အလုပ်သမား အရေးတော်ပုံ၊ ဦးသန့်ဈာပနအရေးတော်ပုံ၊ ၁၉၇၅ ရွှေတိဂုံအရေးတော်ပုံ၊ ၁၉၇၆ မှိုင်းရာပြည့်အရေးတော်ပုံတွေ ပေါက်ကွဲခဲ့ပါတယ်။ ဒီစီးပွားရေးကပ်ဟာ ၁၉၂၉ လိုမပြင်းထန်လှဘဲ ကာလအားဖြင့်လဲ ၂ နှစ်-၃ နှစ်လောက်ဘဲ ကြာ ခဲ့ပါတယ်။
၁၉၈၆-၈၇ ဘဏ္ဍာရေးကပ်ကတော့ မြန်မာပြည်က ၈ လေးလုံးအရေးတော်ပုံကို မွေးဖွားပေးလိုက်သလို တရုတ်ပြည်က ၁၉၈၉ တိန်အန်မင်အရေးတော်ပုံ၊ ဆိုဗီယက်နဲ့ အရှေ့ဥရောပ ဒီမိုကရေစီအရေးတော်ပုံတွေအထိ ပေါ်ထွက်စေခဲ့ပါ တယ်။ ဒီကပ်ကလဲ ၁၉၂၉ ကပ်လောက် ပြင်းထန်လှတာ မဟုတ်ပါဘူး။
xxx
၁၉၂၉ ခုနောက်ပိုင်း ကမ္ဘာ့အကြီးဆုံးစီးပွားရေးကပ်ကြီးဟာ ၂၀၀၇ ခုနှစ်မှာ စခဲ့ပြီး ၂၀၀၈ မှာ အပြင်းထန်ဆုံးဖြစ်လာခဲ့ပါ တယ်။ ဒီကနေ့ ၂၀၁၁ ခုအထိ နာလံမထူသေးပါဘူး။ ဒီတခါတော့ မြန်မာနိုင်ငံမှာ ဆရာစံလို လယ်သမားသူပုန် ဖြစ်မ လာပေမဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ခဲ့ပြီးနောက် ၂၀၁၀ ခု နိုဝင်ဘာ ၇ ရက် (ရွေးကောက်ပွဲနေ့) မှာ ကရင်၊ ၂၀၁၁ ခု မတ်လ ၁၃ ရက်မှာ ရှမ်း၊ ၂၀၁၁ ခု ဇွန်လ ၉ ရက်မှာ ကချင် ငြိမ်းချမ်းရေးအဖွဲ့တွေရဲ့ ပုန်ကန်ထကြွ မှုတွေ ပေါက်ကွဲလာပါတယ်။ စီးပွားရေးကြပ်တည်းမှုရဲ့အကျိုးဆက်အဖြစ် ငြိမ်းအဖွဲ့တွေရဲ့စားကျက်တွေကို မျက်စောင်း ထိုး စားမာန်ခုတ်လာတာကို မခံမရပ်နိုင်တော့ဘဲ အခုလိုပုန်ကန်ဆူပွက်လာတာ ဖြစ်ပါတယ်။ ဒီတိုင်းရင်းသားငြိမ်းအဖွဲ့ တွေမှာ ဒေသခံတိုင်းရင်းသားလယ်သမားတွေ အများဆုံးပါဝင်တာဖြစ်တဲ့အတွက် “၂၀၁၀-၂၀၁၁ ငြိမ်းချမ်းရေး လယ်သ မားသူပုန်” လို့လဲ ခေါ်လို့ရနိုင်ပါတယ်။>
ဒါပေမဲ့ ဒီတိုင်းရင်းသားငြိမ်းလယ်သမားသူပုန်တွေဟာ ၁၉၃၀ တုံးကလို ဓားလှံဒူးလေး မီးကျိုးမောင်းပျက်သေနတ် တွေနဲ့ မဟုတ်ပါဘူး။ ခေတ်မီမောင်းပြန်လက်နက်ငယ် လက်နက်ကြီးတွေ လေယာဉ်ပစ်ဒုံးတွေ အဝေးပစ်ဒုံးတွေ လက်နက်စက် ရုံတွေ ဆက်သွယ်ရေးစက်တွေ အင်တာနက်တွေ မီဒီယာအဆက်အသွယ်တွေ နိုင်ငံတကာရောက် မြန်မာပြည်သားအ ဆက်အသွယ် အပံ့အပိုးတွေ ကောင်းကောင်းရှိနေပါပြီ။ ခေတ်မီစစ်ပညာ ခေတ်မီစစ်စည်းကမ်းကိုလဲ အင်္ဂလိပ်နည်း၊ အ မေရိကန်နည်း၊ ဂျပန်နည်း၊ တရုတ်နည်း သင်ကြားလေ့ကျင့်ထားကြသူတွေ ဖြစ်ပါတယ်။ အင်းအိုင်မန္တာန် လက်ဖွဲ့အ  ဆောင်တွေ အားကိုးတိုက်တာ မဟုတ်တော့ပါဘူး။
တဖက်မှာတော့ ဒီကနေ့ နအဖ-ကြံ့ဖွတ်စစ်တပ်ဟာ အင်္ဂလိပ်ကိုလိုနီအစိုးရလို နိုင်ငံခြားကနေ တပ်တွေခေါ်သွင်းလို့ မရ ရှာပါဘူး။ ဒါ့အပြင် နအဖ-ကဖတပ်တွေဟာ တပ်မ တမကို လူ ၁၀၀၀ ပြည့်အောင် မနည်းမန်းမှုတ် လေထိုးနေရပါတယ်။ တပ်အင်အားတွေ တနှစ်ထက်တနှစ် လျော့လျော့လိုက်လာနေပါတယ်။ ထောက်ပံ့ရေးဘက်မှာဆိုလဲ အင်္ဂလိပ်တပ် ခြေ ဖျားတောင်မမီပါဘူး။ အမေရိကန်၊ ယိုးဒယားတို့နဲ့ တိုက်ဖို့ ရည်ရွယ်ပြီး ဝယ်ထားတဲ့ လက်နက်ကြီး လက်နက်ဆန်းတွေက လဲ ဒေသကျွမ်း တောကျွမ်းတဲ့ တိုင်းရင်းသားလယ်သမားပျောက်ကျားတွေကို မဖြိုနိုင်ပါဘူး။
တချိန်ကတော့ ဗမာတပ်တွေဟာ ထောက်ပံ့ရေးမကောင်းပေမဲ့ စိတ်ဓာတ်အားကောင်းပြီး အကြမ်းပတမ်းခံနိုင်လှတဲ့ အတွက် မြက်စားတိုက်နိုင်တယ်၊ ကျောက်ခဲစားတိုက်နိုင်တယ်လို့ ကြွားခဲ့ပေမဲ့ ဒီကနေ့မှာတော့ အဲဒါဟာ လုံးဝဒဏ္ဍာရီ သက်သက်ဖြစ်သွားပါပြီ။ တပ်မတော်သမိုင်းတလျှောက်လုံးမှာ ဘယ်ခေတ်ဘယ်အခါနဲ့မှမတူအောင် စိတ်ဓာတ်ညံ့ ချက် ထောက်ပံ့ရေးညံ့ချက်တွေ ကမ်းကုန်နေပါပြီ။ စည်းကော်တွေ (တပ်မတော်စည်းရုံးရေးကော်မတီ) ဘယ်လိုပဲ လက်ပူ တိုက် မန်းမှုတ်ပေမဲ့ တပ်နေလဲမပျော် စစ်တိုက်လဲမတော် ဖြစ်နေကြပါပြီ။ ပြည်သူ့စစ်မဟာဗျူဟာအရ တကယ် တပ် ဖျောက်မယ်ဆိုရင် ဘော်ဘော်တွေဟာ လုံးဝပြန်မလာတမ်းပျောက်ကုန်မှာ၊ အိမ်ပြန်လစ်ကုန်ကြမှာ သေချာပေါက်ပါဘဲ။
ဒါကြောင့် နအကဖ ဟာ အင်္ဂလိပ်အစိုးရလုပ်ခဲ့သလို လှိမ့်လုံးလှည့်လုံးတွေ လုပ်နေပါတယ်။ သူအမုန်းဆုံး အကြောက် ဆုံး (ဝ) အဖွဲ့ကို မလုပ်စဖူး ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးပြီး သူ့ကိုလာမတိုက်အောင် အချိန်ဆွဲတာ၊ မြို့ပေါ်လူထု တွေ အုံကြွလာမှာကို ကြိုကာတဲ့အနေနဲ့ တဖက်လှည့် ရောင်ပြကြေညာချက်တွေထုတ် ရောင်ပြလုပ်ရပ်တွေလုပ်တာ၊ ၉၁ ဌာနအုပ်ချုပ်ရေးပုံစံမျိုး အနံ့ပေးတာတွေ လုပ်လာပါတယ်။ ငြိမ်းချမ်းရေးနဲ့လက်နက်လဲတယ်လို့ ကြေညာခံထားတဲ့ အဖွဲ့ တဖွဲ့က နောက်ထပ်တခါ ငြိမ်းချမ်းရေးနဲ့လက်နက်လဲ ဥပဒေဘောင်ထဲဝင်တယ်ဆိုတဲ့ ရူးကြောင်ကြောင် သတင်းတွေလဲ သတင်းစာထဲ ရှောက်ထည့်လိုက်ပါသေးတယ်။
တခြားတဖက်မှာလဲ ပေးကျွေးထားတဲ့ တိုင်းတပါးသားတွေ အကူအညီနဲ့ ရှမ်းပြည်အလယ်ကောင်က SSA ခေါင်းဆောင် ပန်ဖှ ဟာ ထိုင်းနိုင်ငံကို မူးယစ်ဆေးတင်သွင်းသူ နံပတ် ၁ ဖြစ်နေပြီဆိုတာမျိုး (သတင်းလွှင့်သူတွေဟာ ကလေးကျောင်း ပြန်တက်ပြီး ပထဝီပြန်သင်ဖို့လိုနေပါပြီ)၊ မြောက်ပိုင်း-အရှေ့မြောက်ပိုင်းနယ်စပ်က ငြိမ်းအဖွဲ့တွေဟာ တရုတ်ဆန့်ကျင် ရေး တိဘက်အတိုက်အခံတွေဆီ သေနတ်တွေ (ပစ္စတို ၈ လက်ကြီးများတောင် ဆိုပဲ) ရောင်းပေးနေတယ်ဆိုတဲ့ သတင်း မျိုး ထုတ်လုပ်လွှင့်တင်လာပါတယ်။
(ဗုဒ္ဓဘာသာသံဃာတော်တွေ ဦးဆောင်တဲ့ တိဘက်အတိုက်အခံတွေထဲမှာ အကြမ်းဖက်လှုပ်ရှားမှုဆိုတာ တရုတ် သိမ်း ပိုက်ခါစ လွန်ခဲ့တဲ့နှစ် ၅၀ ကပဲဖြစ်ခဲ့ပြီး အခုအချိန်မှာ ကိုယ့်ကိုယ်ကိုမီးရှို့ အသေခံဆန္ဒပြတာပဲ အဓိကလုပ်နေ ကြပါ တယ်။ ဒါ့အပြင် ပစ္စတိုလောက်ကတော့ တရုတ်ပြည်မှာပဲ ဖောချင်းသောချင်းဝယ်လို့ရပါတယ်၊ ဗမာပြည်ငြိမ်းအဖွဲ့ဆီက ဝယ်စရာမလိုပါဘူး။ အကြမ်းဖက်မယ့်လူဆိုရင်လဲ ပစ္စတို မဝယ်ပါဘူး။)
xxx
၁၉၃၀ ဆရာစံသူပုန် ကျဆုံးသွားပေမဲ့ နောက် ၁၀ နှစ်အကြာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေတ်မီ ဘီအိုင်အေသူပုန် ကြောင့် လွတ်လပ်ရေးလမ်းကြောင်းပေါ်ရောက်သွားခဲ့ပါတယ်။ အနှစ် ၈၀ ကြာပြီးတဲ့နောက် အခုအချိန်မှာ ၂၀၁၀-၂၀၁၁ ငြိမ်းသူပုန်ကတော့ ဘယ်လိုမှမကျဆုံးနိုင်ဘဲ ငြိမ်းမဟုတ်တဲ့ တိုင်းရင်းသားသူပုန်တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ဧရာမပစ်ကူပေး မီးထိုးပေးနေပါတယ်။ ဗမာပြည်ထူးခြားချက်အရ မြို့ပြလူထု တိုက်ပွဲကနေ ပြီး ဒီမိုကရေစီလမ်းကြောင်းကို မတွန်းနိုင်သေးချိန်မှာ ခေတ်မီငြိမ်းသူပုန်တွေဟာ ဒေါ်အောင်ဆန်းစုကြည် လုပ်ငန်း အောင်မြင်နိုင်ဖို့ အချက်အခြာတွန်းအားကြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို အဓိကဝန်းရံပေးနေတဲ့အင်အားကြီး ဖြစ်နေပါပြီ။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဗမာပြည်ဒီမိုကရေစီအရေး တော်ပုံမှာ ဘယ်လက်သီးနဲ့ ညာလက်သီး ဖြစ်နေပါပြီ။
အင်္ဂလိပ်အစိုးရဟာ ၁၉၂၉ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးထဲက ဘယ်လိုမှရုန်းမထွက်နိုင်ဘဲ နိုင်ငံရေးကပ် စစ်ရေးကပ်တွေ အထိ နစ်မြုပ်ပျက်စီးသွားခဲ့သလို အခု နအကဖ စစ်အစိုးရဟာလဲ စီးပွားရေးကနေ နိုင်ငံရေး စစ်ရေးကပ်ဆိုက်တဲ့အထိ ယိုယွင်းပျက်သုဉ်းသွားမယ့်လမ်းပေါ် ရောက်နေပါပြီ။ စီးပွားပျက်ကပ်ရဲ့ ရှောင်လွဲမရတဲ့အကျိုးဆက်အဖြစ် လက်နက် ကိုင်တော်လှန်သူတွေ ၁၉၃၀-၁၉၄၁ မှာ ပေါ်ခဲ့သလို ၂၀၁၀-၂၀၁၁ မှာလဲ မလွဲမသွေ ထပ်ပေါ်လာပြန်ပါပြီ။
တချိန်က ဆရာစံရဲ့ ဂဠုံသူပုန်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက “ဂဠုံသရဏံ ဂစ္ဆာမိကြပေရော့” လို့ ဂုဏ်ပြုခဲ့သလို ဒီကနေ့မှာလဲ “ငြိမ်းစေသောငြိမ်း” တွေရဲ့ “ငြိမ်းချမ်းရေးတိုက်ပွဲ” ကို အင်တိုက်အားတိုက် ကူကြပါစို့။
ဂါမဏိ
http://www.naytthit.net/?p=21325


အစာငတ်ခံဆန္ဒပြရခြင်းအကြောင်း


Political Prisoners from Insein –

အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြရခြင်းအကြောင်း နိုင်ငံရေးအကျဉ်းသားများ၏ ပြည်သူသို့ ထုတ်ပြန်ချက်
မိုးမခကထပ်ဆင့်ဖြန့်ချိပေးပါသည်၊ အောက်တိုဘာ ၂၉ ၊ ၂၀၁၁
မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသား မိသားစုများအကျိုးဆောင်ကွန်ယက်သတင်းထုတ်ပြန်ချက်
၁၃၇၃ခုနှစ်သီတင်းကျွတ်လကွယ်နေ့။  (၂၀၁၁ခုနှစ်အောက်တိုဘာလ၂၆ရက်)
လျှော့ရက်ခံစားခွင့်မရှိသော သီးသန့် ၊ သာမန်သီးသန့်အကျဉ်းသားများအား လျှော့ရက်ခံစားခွင့်ပေးရေး
အင်းစိန်အကျဉ်းထောင်တွင်းရှိနိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြမှု
သေဒဏ်ကျအကျဉ်းသားများ၊ နှစ်အကန့်အသတ်မရှိကျခံနေသောအကျဉ်းသားများ၊ ထောင်တစ်သက် လွတ်ရက်မရှိ အကျဉ်းသားများမှလွဲ၍ အကျဉ်းသားတိုင်း ရရှိခံစားခွင့်ရှိသော လျှော့ရက်များကို စစ်အစိုးရ လက်ထက် ၁၉၉၇ခုနှစ်မှစတင်ကာ သီးသန့် ၊ သာမန်သီးသန့် အကျဉ်းသားများ ၊ နိုင်ငံရေးအကျဉ်းများ (သို့ ) ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများ (သို့ ) လွတ်လပ်လိုမှုကြောင့် အကျဉ်းကျခံရသူများအား ရုတ်သိမ်း ခဲ့သည်မှာ ယနေ့ ထိတိုင်အောင်ဖြစ်ပါသည်။ 
ယင်းကဲ့သို့  လျှော့ရက်ခံစားခွင့်များရုတ်သိမ်းခဲ့မှုကြောင့် သီးသန့် ၊ သာမန်သီးသန့် အကျဉ်းသားများမှာ ပြစ်ဒဏ်ချမှတ်ခံရသည့်နှစ်များအတိုင်း အကျဉ်းထောင်များအတွင်း
အပြည့် အ၀ကျခံနေရပါသည်။ နိုင်ငံသားတိုင်းသည် တရားဥပဒေ၏ ကာကွယ်ပေးမှုကို တန်းတူညီမျှ ခံစားခွင့်ရှိပါသည်။ ယခုကဲ့သို့သီးသန့်၊ သာမန်သီးသန့်အကျဉ်းသားများအား လျှော့ရက်ခံစားခွင့်ရုတ်သိမ်းမှုသည် တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်အပေါ်အုပ်ချုပ်ရေးမဏ္ဍိုင်မှ လွမ်းမိုးချုပ်ကိုင်ထားမှုပင်ဖြစ်ပါသည်။

ရသင့်ရထိုက်ရခွင့်ရှိသော လျှော့ရက်ခံစားခွင့်များကိုမပေးခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်ပင်ဖြစ်သည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် မှ မေလ ၁၆ ရက်နေ့ရက်စွဲဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အမိန့်ကြေငြာချက်တွင်လည်း အကျဉ်းသားတိုင်းအား သာမန်လျှော့ရက် ခံစားခွင့်ပေးရှိထားကြောင်း ဖော်ပြထားသော်လည်း အမှန်တကယ် တွင်မူ သီးသန့် ၊ သာမန်သီးသန့်အကျဉ်းသားများမှာလျှော့ရက်ခံစားခွင့် လုံးဝရရှိခြင်း မရှိပေ။
သီးသန့် ၊ သာမန် သီးသန့်  အကျဉ်းသားများ (နိုင်ငံရေးအကျဉ်းသားများ) (သို့ ) ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ (သို့) လွတ်လပ်လိုမှုကြောင့် အကျဉ်းကျခံရသူများကို လျှော့ရက်ခံစားခွင့်ရုတ်သိမ်းထားမှုသည် “ခေတ်စနစ်များ ပြောင်းလဲသွားပြီ၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးအကောင်အထည်ဖော်နေပြီ ၊ လူ့ အခွင့် အရေးကိစ္စရပ်များကို တန်ဖိုးထား အရှိန်မြှင့် ဖော်ဆောင်နေပြီ၊ ဥပဒေပြုရေး အုပ်ချုပ်ရေး တရားစီရင်ရေး မဏ္ဍိုင်(၃)ရပ်အား ခွဲခြား၍ ကျင့်သုံးအကောင်အထည်ဖော်နေပြီ” ဟုပြောဆိုနေသည့် ယနေ့ကာလတွင် ခွဲခြားဖိနှိပ်ထားသော ဆိုးဝါးလှ သည့် အမဲစက်ကြီးတစ်ခုပင်ဖြစ်သည်။
 ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသားများ၏ မူလအခွင့်အရေး များနှင့်တာဝန်များအခန်းပါ အပိုဒ်(၃၄၇) အရလည်း ငြိစွန်းနေပါသည်။ ထောင်ဒဏ်ကျခံနေရသည့်အကျဉ်း သားတိုင်း ရရှိခံစားခွင့်ရှိသောလျှော့ရက်များကိုသီးသန့်၊ သာမန်သီးသန့်အကျဉ်းသားများအား ပြန်လည်ခံစားခွင့် ပေးရန်အတွက် ကျွန်ုပ်တို့အနေဖြင့် ယခုအချိန်မှစတင်ကာ (၂၆.၁၀.၂၀၁၁) နေ့လည် (၁၂ နာရီ)အချိန်တွင် အစာငတ်ခံ ဆန္ဒပြမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ရဟန်းရှင်လူ ကျောင်းသား ပြည်သူများအပါအ၀င် နိုင်ငံတကာ ပြည်သူလူထုအားအသိပေး အကြောင်းကြားအပ်ပါသည်။

ဘာသာရေး အသင်းအဖွဲ့များ လူထုလူတန်းစား အသီးသီးမှ၎င်း ၊ ကုလသမဂ္ဂ အာဆီယံ အပါအ၀င် နိုင်ငံတကာ အစိုးရအဖွဲ့ များ၊ ပြည်သူများ၊ ဘာသာရေး အသင်းအဖွဲ့များ
၊ လူ့အခွင့်အရေးအဖွဲ့များမှနေ၍ ကျွန်ုပ်တို့အစာငတ်ခံဆန္ဒပြတိုက်ပွဲအား အောင်မြင်စေရန် ၀ိုင်းဝန်း ကြိုးပမ်း အားပေးထောက်ခံသွားကြရန် တိုက်တွန်း နှိုးဆော် အပ်ပါသည်။


Political Prisoners Inside Opinion – နိုင်ငံရေးအကျဉ်းသားများအကြံပြုဆွေးနွေးချက်

နိုင်ငံရေးအကျဉ်းသားများအကြံပြုဆွေးနွေးချက်

နိုင်ငံရေးအကျဉ်းသားများ
(နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် မှတဆင့်)

မိုးမခမှ ထပ်ဆင့်တင်ဆက်သည်၊ အောက်တိုဘာ ၂၉၊ ၂၀၁၁

အကျဉ်းထောင်များတွက် မတရားချုပ်နှောင်ခံနေရဆဲဖြစ်သော နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိမြန်မာနိုင်ငံရေးအခြေအနေပေါ် အကြံပြုဆွေးနွေးချက်ကို အများပြည်သူတို့ လေ့လာ သိရှိနိုင်ရန် တင်ဆက်လိုက်ပါသည်။
ပေးစာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

” သတ္တ၀ါအပေါင်းသည် ကံစီမံသမျှ နာခံကြရ၏

သို့ သော် …….ကိုယ်ဘ၀ကို ဖျက်ဆီးသည်မှာ

ကိုယ်သာလျှင် ဖြစ်၏ ”

(ဒဗလူအိပ်ခ်ျအော်ဒင်)

ကျွန်တော်တို့ လက်ရှိနိုင်ငံရေး အခြေအနေများကို အသေအချာလေ့လာသုံးသပ်ဆင်ခြင်ရမည့် အခြေအနေများကိုတွေ့  မြင်နေရပါသည်။ လက်ရှိနိုငံရေးပါတီများဟာ စစ်အစိုးရကပြုလုပ်ပေးခဲ့သော နိုင်ငံရေးထောင်ချောက်ထဲမှာ ရောက်ရှိနေတာ ကိုတွေ့ မြင်နေရပါတယ်။ ရွေးကောက်ပွဲဝင်ခဲ့ကြသောပါတီပေါင်း ၃၇ ခု မှတ်ပုံတင်ခဲ့ကြတယ်။ ဗမာပါတီ ၁၅ ခု ရွေးကောက်ပွဲ ၀င်ခဲ့ကြတယ်။ တိုင်းရင်းသားပါတီ ၂၂ ခု ရွေးကောက်ပွဲဝင်ခဲ့ကြတယ်။

ဒီနေရာမှာပြောစရာရှိတာက ဗမာပါတီများအချို့ က နိုင်ငံရေးစင်မြင့်တစ်ခုရတယ်။ ပလက်ဖောင်းတစ်ခုကို အသုံးပြုရမယ်။ လွတ်တော်ထဲမှာ ပြောခွင့်ရမယ်ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့ကြတယ်။ သို့ သော် တကယ့်လက်တွေ့မှာ မှန်းချက်နှင်နှမ်းထွက် မကိုက်ခဲ့တာတွေ့ ခဲ့ရပါသည်။ စစ်အစိုးရရဲ့ ဝါဒဖြန့် လှည့်ကွက်ထဲမှာ ရောက်ရှိသွားတယ်လို့ တွေ့ ရ မှာပါ။

ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာ အဖွဲ့ အစည်း တွေနဲ့  တွေ့ ဆုံသမျှမှာ စစ်အစိုးရကပြောခွင့်ရသူတွေက တိုင်းရင်းသားပေါင်းစုံ (ပါတီများ) ပါဝင်သလိုNLD မှခွဲထွက်လာ သော NDF ပါတီ ရွေးကောက်ပွဲဝင်ကြောင်း ပြောဆိုခဲ့တာတွေ့ရမှာပါ။ ထိုအချက်အပြင် ရွေးကောက်ပွဲမှာ မသမာပြုလုပ်ခဲ့ တာကို ခေါင်းငုံ့ ခံခဲ့ကြရတာ။ မတရားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥပဒေတွေ ပြဌာန်းတာကို မကန့် ကွက်နိုင်ခဲ့ကြပါဘူး။ စစ်အစိုး ရက တဘက်သက်ပြုလုပ်ခဲ့တာတွေက အမြောက်အများပါပဲ။ ဥပမာ -

(၁) ၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ တဘက်သတ်ရေးဆွဲခြင်း

(၂) မြန်မာပြည်ရဲ့ကြေကွဲစရာအဖြစ်ဆိုးကြီး နာဂစ်မုန်တိုင်းကြီးဖြစ်ပေါ်ခဲ့ချိန်မှာလစ်လျူရှုထားပြီး၊ ၂၀၀၈ ဖွဲ့ စည်းပုံကိုထောက် ခံရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်ခြင်း။

(၃) တဘက်သတ် ရေးဆွဲ ထားသော ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ခြင်း။

(၄) ၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ရာတွင် ဂီရိမုန်တိုင်းခံစားရသောဒေသတွေမှာ ရွေးကောက်ပွဲပြုလုပ်ရန်ရက်ရွှေ့ ဆိုင်းဖို့  ရခိုင် တိုင်းရင်းသားများတင်ပြခဲ့သော်လည်း၊ ၄င်းတို့ ကအတင်းအဓမ္မ နိုဝင်ဘာ ၇ ရက်နေ့ မှာ ဆက်လက်ပြုလုပ်ခဲ့ခြင်း။(ကော်မရှင် ဥပဒေမှာ အခန်း ၃ တာဝန်နှင့်လုပ်ပိုင်ခွင့်များအပိုဒ်(စ) မှာ သဘာဝဘေး အန္တရာယ်ကြောင့်သော်လည်းကောင်း ၊ နယ်မြေ လုံခြုံရေးအခြေအနေရသော်လည်းကောင်း ၊ လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒ နယ်များ၏ရွေးကောက်ပွဲများ ကို ရွှေ့ ဆိုင်းခြင်းနှင့်ပယ်ဖျက်ခြင်း )

(၅) ကော်မရှင် ဥက္ကဌ ခန့် အပ်ရာတွင် ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းစိုးအား ခန့် အပ်ခြင်း (ကော်မ ရှင်ဥပဒေ အခန်း ၂ ဖွဲ့ စည်းခြင်းမှာ ပါဝင်သောအချက်များနှင့်ညီညွတ်ခြင်းမရှိခြင်း ) ထိုသို့  တဘက်သတ်လုပ်ဆောင်ချက်များအားပြုလုပ် ခဲ့သော စစ်အစိုးရတစ်ဖြစ်လဲ ဦးသိန်းစိန် အစိုးရအား မည်သို့  ယုံကြည်ကြမည်နည်း။ ၄င်းတို့ ၏ အတွင်းသရုပ်သဏ္ဍန် ကိုတွေ့  မြင်ကြရမှာပါ။

ကျွန်တော်တို့ အား အတိတ်ရော၊ ပစ္စုပ္ပန်မှာပါ အစီစဉ်တကျပြုလုပ်ခဲ့တာတွေ့ ရမှာပါ။

၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ၁၉၈၉ ဇူလိုင်လမှစပြီး ထင်ရှားတဲ့ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးသမားများကို အလုံးအရင်းနဲ့ ဖမ်းဆီးခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦးတို့ ကိုပါတားဆီးခဲ့ကြတယ်။

ဒီလိုပဲ ၂၀၀၇ သြဂုတ်လကစပြီး ကျောင်းသားခေါင်းဆောင် များ၊ သံဃာများ၊ နိုင်ငံရေးသမားများအား ဖမ်းဆီးခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား ၀င်ရောက်မှုနှင့် ပတ်သက်ပြီး ၂၀၀၉ခုနှစ်မှာ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့ပါတယ်။

ရွေးကောက်ပွဲကို ၂၀၁၀ နိုဝင်ဘာလမှာ ထင်သလိုလုပ်ခဲ့ပါတယ်။ ရွေးကောက်ဝင်ပါတီများလည်း မိုးဦးကျဖားတွေလိုအပြိုင်အဆိုင်အော်ခဲ့ကြတယ်။ ရွေးကောက်ပွဲဝင် ရေး၊ ကြံ့ခိုင်ရေးပါတီအလုံးစုံအနိုင်ရရှိရေးအတွက် ဘက်ပေါင်းစုံ၊ နည်းပေါင်းစုံ လုပ်ဆောင်မှုအား မည်သူမှမတားဆီး နိုင်ခဲ့တာဝန်ခံရပါလိမ့်မည်။

နောက်တစ်ခုက နိုင်ငံရေးအကျဉ်းသားများအပေါ်ထားသည့် သဘောထားမှာ အာဃတတရား ကြီးမားလွန်းတာပါပဲ။ တရားဥဒေစိုးမိုးမှုမရှိခြင်း ၊ ပြစ်မှုပြစ်ဒဏ်မမျှတခြင်း၊ လျှော့ရက်များမပေးခြင်း၊ ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ခြင်း၊ ဝေးလံသောထောင်များကိုပို့  ဆောင်ခြင်း၊ ကျန်းမာရေးပြည့်ဝစွာ စောင့်ရှောက်မှုမရခြင်း၊ နိုင်ငံရေးအကျဉ်းသား သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများအားဝေးလံသည့်ထောင်များပို့ဆောင်ခြင်း၊

(ဥပမာ -ဗိုလ်ချုပ်ဆေးထင်အား ခန္တီး ထောင်မှ ဆေးကုရန်တင်ပြချက်အား လှစ်လျူရှု၍ စစ်တွေထောင်သို့ ရွှေ့ ပြောင်းခြင်း၊ ပြစ်ဒဏ် ၁နှစ်၂နှစ် ကျသူမိန်း ကလေး များအား ပူတာအို၊ ဗန်းမော်၊ ကသာကဲ့သို့ ထောင်များအားပို့ ဆောင်ခြင်း၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် ရွှေဝါရောင်တော်လှန် ရေးတွင်ပါဝင်သော တချို့ ရဟန်းများအား ပုဒ်မ ၂၉၅ နှင့် ထောင်ချ၍ ရဲဘက်စခန်းများတွင် အလုပ်ကြမ်းခိုင်းစေခြင်း၊ သေဆုံးမှုများပင်ရှိခြင်း)၊

စစ်အစိုးရလက်ထက်ရော၊ ယခု အရပ်သားအမည်ခံအစိုးရရော လုပ်ဆောင်နေခြင်း ၊ အရပ်သားအစိုးရ ဟုဆိုနေသည့်လက်ထက်တွင် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အား အီလက်ထရွန်နစ် ပုဒ်မ နှင့် ၁၀နှစ်ချခဲ့ခြင်း၊ DVB သတင်း ထောက် စည်သူဇေယျ လွတ်မြောက်ရေးအား နိုင်ငံတကာ သံရုံးများရှေ့ တောင်းဆိုအပြီး နောက်ထပ်အီလက်ထရွန်နစ်နှင့် ၁၀နှစ်ထပ်တိုးခြင်း၊ ပြည်မြို့မှနိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး၊ ဗီနိုင်းကပ်မှုဆိုပြီး GTC ကျောင်းသား၂ ဦးအားဖမ်းဆီး အရေးယူမှု၊ ဒါတွေကြည့်ခြင်းအားဖြင့် ယခုအစိုးရသည် ကျွှန်တော်တို့ အပေါ်မှာ မလွဲသာလို့  မဖြစ်သာလို့  လိုက်လျောပေး နိုင်ဖို့ ရှိပေမယ့်၊ ကျွန်တော်တို့ ကို စိတ်ထဲမှာ နှစ်မြို့ ခြင်းမရှိကြောင်းဖြစ်စဉ်များကို လေ့လာကြည့်ခြင်းအားဖြင့် တွေ့ ရမှာပါ။

အစိုးရသစ်ရဲ့  လုပ်ရပ်တွေဟာ အပေါ်ယံလား၊ အတွင်းအနှစ်သာရရှိပါသလားဆိုတာ နိုင်ငံရေးသမားမျက်စိနဲ့  ရှုမြင်ဖို့ လို အပ်ပါတယ်။ ဦးသိန်းစိန်ဟာ အင်ဒိုနီးရှားကပြန်လာပြီးမှာ မြန်မာနိုင်ငံရေးဟာ လှုပ်ခတ်မှုရှိခဲ့တာတွေ့ ရမှာပါ။ ၂၀၁၄ အာဆီ ယံအလှည့်ကျ ဥက္ကဌ ဖြစ်ရေးကိစ္စပါ။

ဒီနေရာမှာလည်း ၂ ဖက်ပေါ်လစီနဲ့  လုပ်နေတာတွေ့ ရလို့ ပါပဲ။ အတိတ်ကိုပြန်ကြည့်  ရင်

၁၉၉၅ခု ဇူလှိုင် ၁၀ ရက် ဒေါ်အောင် ဆန်းစုကြည်အား အကျယ်ချုပ်ကပြန်လွတ်ပေးခြင်း ၊

၁၉၉၅ခု နိုဝင်ဘာလမှာ ဦးသန်းရွှေအား ဘန်ကောက် အာဆီယံထိပ်သီးမှာ လေ့လာသူအဖြစ်တက်ရောက်ခွင့်ရခြင်း ၊ မြန်မာအာဆီယံအဖွဲ့  ၀င်အဖြစ် လက်ခံရေးဆွေးနွေးလာခြင်း ၊

၁၉၉၇ခု အာဆီယံဆွေးနွေးပွဲမှာ မြန်မာအားအဖွဲ့ ဝင်အဖြစ်လက်ခံခြင်း၊ န၀တ မှ နအဖအ မည်ပြောင်းခြင်း၊

၂၀၀၀ ခုနှစ် ကုလသမဂ္ဂ မြန်မာ့အရေး အထူးကိုယ်စားလှယ် ရာဇာလီအစ္စမေး လာပြီး ၂ ဖက်တွေ့  ဆုံမှုစတင်ခြင်း ၊

၂၀၀၂ခုမှာ သမိုင်းစာမျက်နှာသစ် စတင်ခြင်း စသည်ဖြင့် ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဦးခင်ညွန့် တို့ နှင့် ဦးအောင်ရွှေ ၊ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့  ဆုံခြင်း ပြုလုပ်ခဲ့တာ တွေ့ ရမှာဖြစ်သလို

နိုင်ငံရေး အကျဉ်းသားတချို့  ၂၀၀၂ ခု နိုဝင်ဘာလ မှာ ၄၀၁(က)နဲ့  ပြန်လွှတ်ပေးပြီး ၊ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်အထူးဧည့်သည်တော်အဖြစ် ၄င်းတို့ ၏စီမံကိန်းများ လိုက်လံပြ သခြင်းများပြုလုပ်လာပါတယ်။

နောက် ၂၀၀၃ခု မေ ၃၀ မှာတော့ ဒီပဲယင်းဖြစ်စဉ်နဲ့ နိဂုံး ချုပ်ခဲ့ရသည်။

ယခုတဖန် ဦးသိန်းစိနှ် လည်း ပြည်ပမှလူများပြန်လာရန် ပြောဆိုခြင်း၊ နိုင်ငံရေးအကျဉ်းသားကိစ္စအားပြော ဆိုမှုမရှိခြင်း ၊ ၂၀၁၁ ဂျူလိုင်လ ၂၅ ရက်နေ့  ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ ဆုံခြင်း၊ ၂၀၁၁ သြဂုတ်လ ၁၂ ရက်မှာ ဒုတိယအကြိမ်တွေ့ ဆုံခြင်း ၊ ၂၀၁၁ သြဂုတ်လ ၁၉ ရက်မှာ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့  ဆုံခြင်း ၊ စီးပွားရေးဆွေးနွေးပွဲကိုဖိတ်ခြင်း၊ လူ့အခွင့်အရေး စုံစမ်းရေးမှူးကိုပေးဝင်ခြင်း၊ မစ္စတာ ကန်တားနားနှင့် ဒေါ်အောင် ဆန်းစုကြည်တွေ့ဆုံခွင့်ပေးခြင်း၊ အမေရိကန်အထက်လွတ်တော်အမတ် ဂျွန်မက်ကိန်းအား လာခွင့်ပြုခြင်း၊ အမေရိကန်အ ထူးကိုယ်စားလှယ် ဒဲရစ်မစ်ချွဲယ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံခွင့်ပြုခြင်း တို့ ကို တဖက်မှ ပြုလုပ်လာသလို

တစ်ဖက် မှာ ဒေါ်အောင်ဆန်းစုကြည်၏ငြိမ်းချမ်းရေး အိတ်ဖွင့်ပေးစာ၊ ဧရာဝတီကြေညာချက်တို့ အားလစ်လျူရှုခြင်း၊ ဒေါ်အောင်ဆန်း စုကြည်၏အသံအား ဂျာနယ်များတွင် အကန့်အသတ်ဖြင့်သာဖေါ်ပြခွင့်ပြုခြင်း စတာတွေကို တွေ့ မြင်ရမှာပါ။

နောက်တစ်ခုက တူရာတွဲလုပ်မည်ဆိုရာဝယ်၊ ဘာတွေလဲ၊ အခမ်းအနားဖိတ်ကြားခြင်းတွေ၊ လူမှုရေးမှာ ပေါင်းစည်းလုပ်ခြင်းသက်သက်သာ တွေ့ရပြီး နိုင်ငံရေးသဘောတူညီချက်ဘာမှမပါတာကိုတွေ့  မြင်ရမှာပါ။

အဓိကပြသနာ၃ရပ်ရှိသည်ဟုမြင်ပါသည်။ ၂၀၀၈ ဖွဲ့  စည်းပုံကိစ္စ ၊ ပါတီရပ်တည်ရေးကိစ္စ၊ တိုင်းရင်းသားကိစ္စ၊ နိုင်ငံရေးအကျဉ်းသားကိစ္စ ဒါတွေဟာ၎င်းတို့ နှင့် မတူတဲ့အချက် တွေမဟုတ်လား။ ကျွန်တော်တို့ ဟာ စိတ်ရှည်ရှည်ဘယ်လောက် စောင့်ကြရမှာလဲမေးစရာပါ။ ကျွန်တော်တို့  အမြင်မှားတာ လည်း ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်တော်တို့  မေးချင်ပါသည်။

မစ္စတာ ဘန်ကီမွန်းက မြန်မာအရေးနှင့်ပတ်သက်လို့  ကျွန်တော်တို့  စောင့်ကြည့်နေပါသည်၊ စိုးရိမ်မိပါသည်၊ အပြုသဘောဆောင်၍ ကြိုဆိုပါသည်၊ ဒီလိုစကားလုံးသုံးခဲ့တာကိုတွေ့ ရမှာပါ။ ဒီလိုပဲ ကျွန်တော်တို့ပြည်တွင်းမှတချို့ကဘာနိုင်ငံရေးတစ်ခုမှမလုပ်ခဲ့ဘူးပဲခါတော်မှီဝင်ပြီး ပါလီမန်အမတ်တက်ဖြစ်သူတွေ၊ မိမိသိက္ခာကိုမျှ အနည်းငယ်ငဲ့ကွက်ခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် ခုစာကလေးကြော် ခှုဆီထမင်းပြောင်း တတ်ကြတဲ့ ခါတော်မှီ ပုပ်သင်ညိုတွေ ၊ ပြည်ပမှအချို့ အတိုက်အခံ နိုင်ငံရေးသမားတွေက အများရော ယောင်ပြီး အပြောင်အလဲတွေတွေ့  နေရပြီလို့  ပြောနေကြသူတွေကို ပြောချင်ပါသည်။

ခုဘာတွေများပြောင်း နေပါသလဲ။ ကြည့်ကြရအောင်ပါ။

လက်ရှိတိုင်းရင်း သားဒေသတွေမှာ အတင်းအဓမ္မ ပေါ်တာဆွဲမှု၊ ကျေးရွာ များပြောင်းရွှေ့ ခိုင်းခြင်း ၊ မီးရှို့ ခြင်း ၊ လယ်သမားများ ရဲ့လယ်မြေများကို စစ်တပ်၊ ကုမ္မဏီကြီးများက အတင်းအဓမ္မ သိမ်းယူနေမှု ၊ တရားစီရင်ရေးပွင့်လင်း မျှတမှုမရှိခြင်း၊ ဘာသာရေး လွတ်လပ်မှုမရှိခြင်း၊ မြန်မာနိုင်ငံသားဖြစ်ပြီး တစ်ပြည်နယ်မှတစ်ပြည်နယ် လွတ်လပ်စွာ သွားလာခွင့်မရှိခြင်း ၊ ပြည်သူများဆီမှ အခွန်အတုတ်များမတရားကောက်ခံခြင်း၊ လူမှောင်ခိုကူးမှုအား ထိရောက်စွာ နှိမ်နှင်းနိုင်ခြင်းမရှိခြင်း၊ လူသား မျိုးနွယ်များကိုပျက်သုန်းစေသော ဘိန်းဖြူ ၊ စိတ်ကြွဆေးများကို တားဆီးနိုင်ခြင်းမရှိခြင်း ၊ ကလေးစစ်သားစုဆောင်းမှုများ ရပ်တန့် ခြင်းမရှိခြင်း ၊ ဆင်းရဲမွဲတေမှုကို မတိုက်ဖျက်နိုင်ဘဲ ၄င်းတို့ ချမ်းသာမှုများကို ဖုံးကွယ်ထားပြီးပြည်သူလုပ်ငန်း ရှင်များ ထံမှ ငွေများကောက်ခံ၍ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရန်ကြိုးစားခြင်း ၊ သတင်းလွတ်လပ်ခွင့်မရှိခြင်း၊ အကျင့်ပျက်လာဘ် စားမှုများနေရာအနှံ့ မှာဖြစ်ပေါ်နေခြင်း ၊ နိုင်ငံရေးအရ လွတ်လပ်စွာဖော်ထုတ်ခွင့်မရှိခြင်း ၊ ကန့်သတ်ခံရခြင်း၊ လူ့ အခွင့်အ ရေး၊ တန်းတူရေး၊ ဒီမိုကရေစီရေး ၊ တောင်းဆိုသူများအားထောင်သွင်းနှစ်ရှည်လများ ချုပ်နှောင်ထားရှိခြင်း ဒါတွေဟာ ဘာတွေများလဲလို့  မေးချင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် ဓါက်ပုံတွဲရိုက်ယုံနှင့် ပြောင်းလဲပြီလို့ မပြောနိုင်ကြောင်း၊

တကယ်ပြောင်းလဲချင်ရင်ပြောင်းလဲလို့ ရကြောင်း၊ ဒီလိုအပြုအမူတွေကို အသေအချာဆန်းစစ်ဖို့လိုကြောင်း ၊ အများအော်လို့  လိုက်ပြီးပြောင်းလဲပြီလို့  မအော်သင့်ကြောင်း ၊ ၈၈ တုန်းက အများက ဒီမိုကရေစီအော်လို့  လိုက်ပြီး ဘာမှန်းမသိအော်ခဲ့ကြ သူတွေကို အမှတ်ရစေချင်ကြောင်း၊ နိုင်ငံရေးဆိုတာ ယိမ်းကနေတာ မဟုတ်ကြောင်း အများသိစေချင်ပါသည်။

မြန်မာပြည်ပြောင်းလဲနေပါပြီပြောနေကြသူများကို သတိပေးချင်ပါတယ်။

အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ကော်မရှင်ဥပဒေ များကို သေချာစွာလေ့လာခဲ့ပါသလား။ လွတ်လပ်စွာဖော်ပြခွင့်၊ လွတ်လပ်စွာရေးသားခွင့်ရှိနေပါပြီလား။ နိုင်ငံရေးအကျဉ်း သားများကို လွတ်လပ်စွာတရားစီရင်မှုရကြပါရဲ့လား။ မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို လက်ခံသည်ဖြစ်စေ လက်မခံ သည်ဖြစ်စေ အခြေခံဖွဲ့စည်းပုံမှာပါသည့်အတိုင်း ရွေးချယ်နိုင်ကြပါသလား။

အလုပ်သမားတွေရဲ့နစ်နာချက်များကို တင်ပြနိုင် မည့်အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်ရှိပါသလား။

ကြံ့ခိုင်ရေးပါ တီရဲ့ တစ်ဖက်သတ်လုပ်ဆောင်ချက်များကို တားဆီးကန့် ကွက်နိုင်ပါသလား။

မီးမှန်မှန်မရရှိတာကိုပြောနိုင်ပါ သလား။

လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်နေတာတွေကို ဘာပြော နိုင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်၊ ဦးအောင်ကြည် တို့တွေ့ဆုံခဲ့ပါတယ်။ ဘာများပြောင်းလဲ လို့သိသာထင် ရှားတဲ့ကိစ္စများကဘာများ လဲ။ အပေါ်ယံလုပ်ဆောင်ချက်တွေလို့မြင်ပါတယ်။

နောက်ထပ်မဖြစ်မနေ ဖိအားများကြောင့် လွှတ် ရမည့်နိုင်ငံရေး အကျဉ်းသားများကိစ္စကို ၎င်းတို့က လုပ်ဆောင်လို့ လွတ်ရမည့်ကိန်းဆိုက်အောင် လွှတ်တော်မှာတခဲနက် ထောက်ခံခိုင်းတာကရော သံသယမရှိကြဘူးလား။

ဒီလိုဖြစ်စဉ်နဲ့ဆန့်ကျင်ဖက်ဖြစ်သွားတဲ့ ထောင်ဥပဒေ များကိစ္စ အရေးပေါ် စီမံချက်ဥပဒေများကို ရုပ်သိမ်းပေးရေးကိစ္စတွေမှာ ဘာ့ကြောင့်ကန့်ကွက်ခဲ့ ကြပါသလဲ။

အုပ်ချုပ်ရေးမှူးရွေးချယ်ကိစ္စကရော ဘယ်လိုဖြစ်သွားပါသလဲ။

လွှတ်တော်မှာအဆိုတွေမေးသူတွေကို ပြောင်းလဲပါပြီဆိုပြီးပြောနေသူတွေ သေချာလေ့လာ ဖို့လို ပါတယ်။ လွှတ်တော်မှာရောလွတ်လပ်စွာလုပ်နိုင်မှုရှိကြပါ သလား။ ဂျာနယ်များ၊ သတင်းစာမှာတောင် လွှတ်တော်မှာ ပြောဆို ချက်များဖော်ပြတာတောင်ကန့် သတ်မှုတွေရှိနေတာတွေ့ ရမှာဖြစ်သလို တိုင်းရင်းသားဒေသတွေမှာ တပ်တွေအား လုံးအရင်း ချပြီး တိုင်ရင်းသား လက်နက်ကိုင်တွေကို ဖိအားပေးနေတဲ့ ကိစ္စရပ်တွေကို ရွေးကောက်ပွဲဝင်ပါတီများကဘယ်လောက်များ ပြောနိုင်ကြပါသလဲ။

ဒီနေရာ တစ်ခုပြောပါရစေ။ ရွေးကောက်ပွဲဝင်ပါတီများကို ခပ်ရိုင်းရိုင်းပြောရရင် လက်ရှိ အစိုးရက ဂရု တောင် မစိုက်ပါဘူး။ ဦးသိန်းစိန် မိန့် ခွန်းပြောတာကို ဟုတ်တယ်၊ ထောက်ခံတယ်၊ ကြိုဆိုတယ်လို့ပြောသံ ကြားရတော့ ၈၈ ခုနှစ် ဒေါက်တာမောင်မောင် မိန့် ခွန်းကို သတိရမိပါရဲ့ ။ ပြည်ပကပြန်လာဖို့  ဖိတ်ခေါ်သည့် ကိစ္စအကြောင်း ပြောရမည်ဆိုရင် သတိကြီးစွာထားဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့

(၁) နိုင်ငံရေး အကျဉ်းသားများ စွာကို ဆက်လက်၍အကျဉ်းချထားခြင်း။

(၂) ၂၀၀၈ ဖွဲ့ စည်းပုံကို ဒူးထောက်မှာလား။

(၃) ကော်မရှင် ဥပဒေအောက်မှာ ပါတီထောင်ကြမှာလား။

ဒီလိုနိုင်ငံရေး အခင်းအကျင်းအောက်မှာ မြန်မာပြည် ဒူးထောက်ကြမှာလား။ ဘယ်လိုလှုပ်ရှားကြမှာလဲ။ ဒါဟာနိုင်ငံရေး ပြသနာတွေပါပဲ။ လူ့ အခွင့်အရေးမရှိ ၊ လုပ်ချင်လို့  လုပ်တာမဟုတ်ပါလို့ ပဲမြင်ပါတယ်။ သူတို့ ကဒေါ်အောင်ဆန်းစုကြည် နှင့် ဦးသိန်းစိန် ၊ ဦးအောင်ကြည်တို့တွေ့ဆြုံခင်း၊ မီဒီ ယာအချို့ကဏ္ဍများလျှော့ချခြင်း၊ ပြည်ပဖိတ်ခေါ်ခြင်း၊ တိုင်းရင်းသားများကို ငြိမ်းချမ်းရေးဖိတ်ခေါ်ခြင်းတွေဟာ အာစီယံအ လှည့်ကျဥက္ကဌဖြစ်ရေးကြိုးပမ်းချက်များဟုမြင်ရပါသည်။

ဒါကို သတိကြီးစွာကြည့်မြင်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက ဂျာနယ် ၊ သတင်းစာများတွင် အမှန်တကယ်လိုအပ်နေသော ဒီမိုကရေစီအကြောင်း ၊ လူ့အခွင့်အရေး အကြောင်း ဖော်ပြရေး သားခြင်းမရှိကြပါ။ လူထုအား အသိပညာပေးမပြုလုပ်ခြင်းဟာ ဒီမိုကရေစီကိုသွားမယ်ဆိုတာဘယ်လိုယုံကြည်ကြမလဲ။ အနှစ်ချုပ်ပြောရမယ်ဆိုရင် ကျွန်တော်တို့အမြင်က တဖြေးတဖြေးနဲ့ ကမ္ဘာ့အလယ်ဝင်ဆံ့အောင်ခြေလှမ်းလာခြင်း ကိုတွေ့ ရှိရမှာပါ။

၁) ဒေါ်စုနှင့် ဦးသိန်းစိန်၊ ဦးအောင်ကြည်တို့တွေ့ဆုံပြီး နောက်ထပ်တွေ့ဆုံမှုမရှိခြင်း ( ဒီစာရေးချိန် စက်တင်ဘာ ၂၂ ရက်ထိ)

၂) NLD ပါတီအားတရားဝင်အသိအမှတ်မပြုဘဲ မျှောထားခြင်း။

၃) Media များတွင် အကန့်အသတ်နှင့်ရေးသားဖော်ပြခွင့်ပြုခြင်း။

၎) တိုင်းရင်းသားလက်နှက်ကိုင်များအားဖဲ့ပြီးသွေးဆောင်ခြင်း။ ( ဥပမာ- “၀” UWSA နှင့် မိုင်းလားအဖွဲ့အားအပစ်အ ခတ်ရပ်စဲခြင်း)

၅) ညီညွတ်သောတိုင်းရင်းသားကောင်စီ (UNSC) ၏နိုင်ငံရေး၊ စစ်ရေးထိုးနှက်ချက်အားလန့်လာခြင်း။ ဒါ့ကြောင့် ပြည်နယ် အစိုးရများအား တစ်ဖွဲ့ခြင်းငြိမ်းချမ်းရေးလိုချင်ရင် အကြောင်းကြားရန်ပြောဆိုခြင်း။

၆) နိုင်ငံတကာဖိအားများလျော့ကျစေရန် အမြင်ကောင်းအောင်ပြုလုပ်ချက်များကိုသာလုပ်ဆောင်ခြင်း။

၇) ပြည်ပရောက်သူများကြားကွဲသွားအောင် အမြင်အမျိုးမျိုးဖြစ်အောင်ပြန်လာရန်ဖိတ်ခေါ်ခြင်း၊ ဒါမှသာ lobby လုပ်နေ သူများ ရာဇ၀တ်ခုံရုံးကိစ္စ စုံစမ်းရေးကော်မရှင်ကိစ္စများ အားနည်းသွားစေခြင်း။

၈) EU မှ စီးပွားရေးလုပ်သူများ EU အချင်းချင်းကြားအမြင်အမျိုးမျိုးဖြစ်ပေါ်အောင်ပြုလုပ်နေခြင်းများ ပြုမူလုပ်ဆောင် နေသည်ဟုမြင်ပါသည်။

အထက်ပါနိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ဖိနှိပ်မှုများကို ကျော်လွှားနိုင်ရန်အတွက်

၁။ ရွေးကောက်ပွဲ ကော်မရှင်၏ အဓိပ္ပါယ် နှစ်ခွထွက်စေသောအချက်များ၊ တစ်ဘက်သတ်ပြဌာန်းချက်များကို ပြင်ဆင်ရန် လိုအပ်သည်။

၂။ အခြေခံဖွဲ့ စည်းအုပ်ချုပ်ပုံတွင် လည်း ပြင်ဆင်သင့်သည့် အချက်များ လေ့လာသုံးသပ်ပေးရန်လိုအပ်သည်။

၃။ နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့် အရေးပေါ်စီမံချက် အက်ဥပဒေ ပုဒ်မ(၅) ဖျက်သိမ်းပစ်နိုင်ရန် လိုအပ်သည်။

၎။ မြို့ နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်မည့် ဥပဒေ လွတ်တော်မှ ထုတ်ပြန်ပါသည်။

၎င်းဥဒေသည် အခြေခံဖွဲ့ စည်းပုံပါဥပဒေများနှင့် မညီညွတ်ကြောင်း ထောက်ပြပြောဆိုကန့်ကွက်ရန်လိုအပ်ပါသည်။ လိုအပ်ချက်များအားလှုပ်ရှားတောင်းဆိုရင်း ရဲဘော်တို့ဟာလက်ရှိနိုင်ငံရေး တိုင်းပြည်အခြေအနေအားလုံးကို ခြုံငုံသုံးသပ် ကြဖို့လိုပါလိမ့်မယ်။

ကျွန်တော်တို့လွတ်လဲ ဒီခရီးကမပြီးဆုံးသေးပါ။ လုပ်စရာအများအပြားရှိပါတယ်။ ရဲဘော်တို့ကို အကြံ ပြုချက်အနေဖြင့် ပြည်သူအများသိသင့်သိထိုက်တဲ့ နိုင်ငံရေးသုံးသပ်ချက်များစဉ်ဆက်မပြတ်ပြုလုပ် ၍ ပြည်သူများအား လူ့အ ခွင့်အရေး၊ ဒီမိုကရေစီနဲ့ပတ်သက်သောစာစဉ်များ ထုတ်ပြန်ဖို့လိုပါလိမ့်မည်။

တစ်မြို့နယ်ချင်းအလိုက်ပြုလုပ်သင့်ပါသည်။ ရန်ကုန်တိုင်းမြို့နယ်တစ်ခုချင်းစီရှိနိုင်ငံရေးအကျဉ်းသားစာရင်း၊ လိပ်စာများပြုစု၍ စုဆောင်းထားသင့်ပါသည်။ တစ်ချိန်မှာ အကျိုးရှိပါလိမ့်မည်။

နိုင်ငံရေးနဲ့ပတ်သက်တဲ့၊ သမိုင်းနဲ့ပတ်သက်တဲ့သုတေသနလုပ်ငန်းများလုပ်ကိုင်ဖို့အစပျိုးသင့်ပါတယ်။ စာအုပ်စာတန်းများ ၁၉၉၀ အတွင်းထုတ်ခဲ့သော နိုင်ငံရေးနှင့်ပတ်သက်သည်များစုဆောင်းထားသင့်ပါတယ်။

နောက်တစ်ခုက အစိုးရလုပ်ကွက် တို့ကိုမျက်ခြေမပြတ်စောင်ကြည့်ပြီးဝေဖန်သင့်ပါတယ်။ အဖွဲ့အစည်းအားစနစ်တကျဖွဲ့စည်းပြီး Civil Society တွေ၊ Institute တွေဖြစ်အောင်လုပ်ရပါမည်။ ပါတီတွေများတော့ အဲဒီလိုင်းကိုမယူပါနဲ့ လူမှုအခြေပြုလုပ်ငန်း တွေလုပ်နိုင်အောင်ကြိုးစားပါ။

ဒီနေ့လူငယ်တွေဟာ အတိတ်ကိုသိဖို့လိုအပ်ပါတယ်။ သိအောင်လဲ သိတဲ့လူတွေက မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ ရိုးသားသူများကိုရှာဖွေစုဆောင်းပါ။ စိတ်ဓါတ်ရှိသူများ ယုံကြည်ချက်ရှိသူများဖြစ်ကြပါစေ။

အခက်အခဲကိုကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်သူတွေဖြစ်ကြပါစေ။

ယုံကြည်စွာဖြင့်

နိုင်ငံရေးအကျဉ်းသားများ

( …….. ) အကျဉ်းထောင်

စက်တင်ဘာ ၂၂၊ ၂၀၁၁

မှ/ တဆင့် နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်

သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ

အောက်တိုဘာ ၂၁၊ ၂၀၁၁

မှတ်ချက်။ ။ နိုင်ငံရေးအကျဉ်းသားများအကြံပြုဆွေးနွေးသည့်ထုတ်ပြန်ချက်အား အခက်အခဲ အမျိုးမျိုးကြောင့် ၂၁.၁၀.၂၀၁၁ ရက်မှသာ တစ်ဆင့်ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
http://moemaka.com

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် စတုတ္ထအကြိမ် တွေ့ဆုံမည်




2011-10-28
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အစိုးရ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည် တို့ဟာ အောက်တိုဘာ ၃၀ ရက် တနင်္ဂနွေနေ့  မွန်းလွဲပိုင်းမှာ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းမှာ ရှိတဲ့ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးမယ်လို့  သိရပါတယ်။


AFP
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်တို့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့စဉ် ဖြစ်ပါသည်။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ အစိုးရ တာဝန်ရှိသူတွေက ရန်ကုန် အခြေစိုက် စာနယ်ဇင်းတွေနဲ့ သတင်းထောက်တွေကို ဖိတ်ကြားထားတယ်လို့ အမည်မဖော်လိုတဲ့ ပြည်တွင်းထုတ် အပတ်စဉ် ဂျာနယ်တစောင်က အယ်ဒီတာတဦးက ပြောပါတယ်။ စာပေစိစစ်ရေးက တနင်္ဂနွေနေ့ တနာရီလို့ အကြောင်းကြားထားတဲ့အကြောင်း၊ ပြီးခဲ့တဲ့ တွေ့ဆုံပွဲက တရားဝင် မထုတ်ပြန်ပေမယ့် ဒီတကြိမ်မှာ နိုင်ငံရေးအကျဉ်းသားများ ကိစ္စနဲ့ NLD က ရွေးကောက်ပွဲဝင် မ၀င် ပြောမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။ ဒီလို တွေ့ဆုံ ဆွေးနွေးမယ့် သတင်းကို ပြည်တွင်းထုတ် ဂျာနယ်တစောင်ဖြစ်တဲ့ Eleven Weekly ဂျာနယ်ရဲ့ အင်တာနက် စာမျက်နှာမှာလည်း ဒီကနေ့မှာ ရေးသား ဖော်ပြထားပါတယ်။ တကယ်လို့သာ တွေ့ဆုံခဲ့ရင် တနင်္ဂနွေနေ့ တွေ့ဆုံမှုဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရသစ် လက်ထက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ရဲ့  စတုထ္ထအကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် NLD က ဗဟို အလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဟန်သာမြင့် ကတော့ ဒါဟာ တာဝန်ရှိသူတွေဖက်က သတင်းဂျာနယ်တွေကို အကြောင်းကြားတာ ဖြစ်ပြီး NLD အနေနဲ့ တရားဝင် မသိရှိရသေးဘူးလို့ RFA ကို ပြောကြားပါတယ်။
http://www.rfa.org/burmese/news/assk-aung-kyi-10282011224630.html

ရခိုင်ပြည်နယ် ရေအားလျှပ်စစ်

စနေ, 29 အောက်တိုဘာ 2011

By ဦးအောင်ခင် & မညိုညိုလွင်
ရခိုင်ပြည်နယ်မှာ သဘာဝဓါတ်ငွေ့ အများအပြားထါက်ပြီး မြစ်ချောင်းတွေပေါများပေမယ့် လျှပ်စစ်ဓါတ်အားသုံးစွဲမှုမှာ ပြဿနာရှိနေတဲ့အတွက် အခြားဒေသတွေထက် မီတာခ ပိုပေးနေရပါတယ်။ ရခိုင်ပြည်နယ်ဟာ အမျိုးသားလျှပ်စစ်ဓါတ်အားလိုင်း စနစ်ထဲမှာမပါဝင်ဘဲ တသီးတခြား ဖြစ်နေတာကြောင့် မြို့ နယ် (၂၈) နယ်က ဓါတ်အားပေးစက်တရာမှာ သုံးဖို့အတွက် ဒီဇယ်ဆီဂါလံ (သုံးသိန်းခွဲ) ကျော် နှစ်စဉ်တင်ပို့နေရတယ်လို့ အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးက မတ်လ (၁၄) ရက်နေ့က ပြည်သူ့လွှတ်တော်မှာ ပြောသွားပါတယ်။ တနေ့ နှစ်နာရီသာ ဓါတ်အားရတဲ့မြို့ နယ် (၁၃) ခုရှိပြီး ရခိုင်ပြည်နယ်ကို လျှပ်စစ်ဓါတ်အားပေးတာကြောင့် အစိုးရမှာ ကျပ်ငွေသန်း (၄၅၀) ကျော် မနှစ်က အရှုံးပေါ်တင်လို့ ဆိုပါတယ်။

ဒါပေမဲ့ ရခိုင်ကမ်းလွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ကိုတော့ ရခိုင်ပြည်နယ်အတွက်သုံးဖို့ မရည်ရွယ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးက အမျိုးသားလွှတ်တော်မှာ စက်တင်ဘာ (၁၉) ရက်နေ့က သွယ်ဝိုက်ပြောဆိုသွားပါတယ်။ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓါတ်အားသုံးစွဲရေးအတွက် သူဌေးချောင်း၊ အမ်း၊ လေးမြို့  နဲ့ စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်းတွေကို လေ့လာဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ ဒီနှစ်ရှည် စီမံကိန်းတွေရဲ့  ပတ်ဝန်းကျင်အကျိုးသက်ရောက်မှု လေ့လာချက်ကို ပြည်သူလူထုသိရအောင်ထုန်ပြန်ကြေညာမယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်က ရေအားလျှပ်စစ်စီမံကိန်း (၄) ခုထဲမှာ အလားအလာအရှိဆုံးဟာ သူဌေးချောင်း ရေအားလျှပ်စစ်ဖြစ်ပါတယ်။ သံတွဲအရှေ့ ဘက် (၁၂) မိုင်အကွာမှာတည်ရှိပြီး ရှေ့ နှစ် (၂၀၁၂) မှာ ပြီးစီးလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ၂၀၀၅ မှာ စီမံကိန်းကို စတင်ပြင်ဆင်ပြီး ၂၀၀၇ အောက်တိုဘာလမှာ ဒေါ်လာသန်း (၆၀) ချေးဖို့ အိန္ဒိယက သဘောတူခဲ့တာကြောင့် အကောင်အထည်ဖော်နိုင်တာ ဖြစ်ပါတယ်။ အလျားပေ (၂၀၀၀) ကျော် အမြင့်ပေ (၃၀၀) ရှိတဲ့ သူဌေးချောင်းရေကာတာဟာ မဲဂါဝပ်တရာကျော် ထုတ်လုပ်နိုင်မှာဖြစ်လို့ ရခိုင်ပြည်နယ်တောင်ပိုင်းတခုလုံးကို လျှပ်စစ်ဓါတ်အားပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဦးသိန်းစိန်စတဲ့ ပုဂ္ဂိုလ်တွေ သွားရောက်စစ်ဆေးတဲ့ စီမံကိန်းဖြစ်ပါတယ်။ သံတွဲချောင်းနဲ့ ကျိန်တလီချောင်းမှာလည်း ရေအားလျှပ်စစ်ဆောက်ဖို့ ရည်ရွယ်တာကို အစိုးရသတင်းစာမှာ (၂၀၀၄ ဒီဇင်ဘာ ၃ ရက်က) ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့ နယ်တွေကို လျှပ်စစ်ဓါတ်အားပေးဖို့ စိုင်းတင်ရေအားလျှပ်စစ်ကို တည်ဆောက်ရေး အစီအစဉ်ရှိကြောင်း ၂၀၀၉ ဇန်နဝါရီလက ဝန်ကြီးချုပ်ဦးသိန်းစိန်ပြောတာကို မြန်မာ့အလင်းမှာ ဖော်ပြပါတယ်။ စိုင်းတင်ရေအားလျှပ်စစ်ကို တရုတ် ဒါတန်ကုမ္မဏီ၊ မြန်မာရွှေတောင်ကုမ္မဏီ နဲ့ အမှတ် (၁) လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်မယ်လို့ ဒီနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့ထုတ် မြန်မာ့အလင်းမှာ ဖော်ပြပါတယ်။ စိုင်းတင်ရေအားလျှပ်စစ်ဟာ ဘူးသီးတောင် အရှေ့ ဘက် (၁၀) မိုင်ကွာ စိုင်းတင်ချောင်းမှာ တည်ရှိပါတယ်။ ဓါတ်အား (၇၅) မဲဂါဝပ် ထုတ်လုပ်ဖို့ ရည်ရွယ်ပါတယ်။ ဦးနု အစိုးရလက်ထက်ကတည်းက ကြံစည်းခဲ့တဲ့ စီမံကိန်းအဖြစ် လူသိများပါတယ်။

ဦးနု အစိုးရလက်ထက် ပြည်တော်သာစီမံကိန်း ရေးဆွဲခဲ့တဲ့ အမေရိကန် ကေတီအေကုမ္မဏီက ၁၉၅၆ မှာ စိုင်းတင်ချောင်း လေ့လာရေးလုပ်ခဲ့ပေမယ့် သူပုန်လှုပ်ရှားနေတဲ့ နယ်မြေဖြစ်လို့ စီမံကိန်းကို ရပ်ဆိုင်းလိုက်ပါတယ်။ ရခိုင်ပြည်သူလူထုက မျှော်လင့်တောင့်တနေတဲ့ လျှပ်စစ်ထုတ်လုပ်ရေးဖြစ်တယ်လို့ အောက်တိုဘာ (၇) ရက်ထုတ် နိရဉ္ဖရာ (နရင်ဇရာ) စာစောင်မှာ ဖော်ပြထားပါတယ်။ စိုင်းတင်စီမံကိန်းအတွက် အမှတ် (၁) လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနဲ့ အနာဂတ်စွမ်းအင် မြန်မာကုမ္မဏီတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးထားပေမယ့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ရယူမယ်လို့ ဝန်ကြီးဦးဇော်မင်းက ဆိုပါတယ်။ ဒါပေမဲ့ စိုင်းတင်ရေအားလျှပ်စစ်ဟာ ဒီဇိုင်းဆွဲတဲ့ အဆင့်သာရှိနေသေးကြောင်းကိုလည်း လွှတ်တော်မှာ ဖြေကြားသွားတာကြောင့် အကောင်အထည်ပေါ်ဖို့ အလှမ်းဝေးနေပါတယ်။

ရခိုင်ပြည်နယ် ရေအားလျှပ်စစ်စီမံကိန်းတွေထဲမှာ လေးမြို့ ရေအားလျှပ်စစ်ဟာ မဲဂါဝပ် (၅၀၀) ရှိမှာမို့ အကြီးဆုံး ဖြစ်ပါလိမ့်မယ်။ မိုင် (၁၆၀) ကျော်ရှည်လျားတဲ့ လေးမြို့ မြစ်ဟာ ချင်းပြည်နယ် မတူပီမှာ မြစ်ဖျားခံပြီး ပေါက်တော်မြို့ နယ်မှာ ကလတန်မြစ်ထဲ စီးဝင်သွားပါတယ်။ လျှပ်စစ်ဓါတ်အား ပြဿနာရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လေးမြို့ ရေအားလျှပ်စစ်ကို အရင်ဆုံး စိတ်ဝင်စားတာ ဖြစ်ပေမယ့် အကောင်အထည်ဖော်တာ မတွေ့ရပါဘူး။ နောက်မှ ဒေါ်လာသန်းတထောင်ကျော် ရင်းနှီးပြီး မဲဂါဝပ် (၅၀၀) နဲ့ (၉၀) ရှိတဲ့ လေးမြို့ ရေအားလျှပ်စစ် (၂) ခုကို တရုတ် ဒါတန်ကုမ္မဏီနဲ့ မြန်မာရွှေတောင်ကုမ္မဏီတို့ ပူးတွဲတည်ဆောက်မယ့်အကြောင်း ဇန်နဝါရီလနှောင်းပိုင်းက အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

လေးမြို့ ရေအားလျှပ်စစ်ကထွက်မယ့် လျှပ်စစ်ဓါတ်အားကို ကျောက်တော၊ စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ဘူးသီးတောင် နဲ့ မောင်တောမြို့ တွေကို ဖြန့်ဝေဖို့ လျာထားတယ်လို့ အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးက လွှတ်တော်မှာ ဖြေကြားသွားပါတယ်။ အမ်းမြို့ မြောက်ဘက် အမ်းချောင်းမှာ မဲဂါဝပ် (၁၀) ရေအားလျှပ်စစ် တည်ဆောက်ပြီး ရခိုင်ပြည်နယ်အလယ်ပိုင်းကို မီးပေးဖို့ ရည်ရွယ်ထားပါတယ်။ လွှတ်တော်အမေးအဖြေကိုကြည့်ရင် သူဌေးချောင်းကလွဲပြီး ကျန်ရေအားလျှပ်စစ်တွေ အကောင်အထည်ပေါ်ဖို့ နှစ်အတော်ကြာဦးမယ်ဆိုတာကို သိနိုင်ပါတယ်။

http://www.voanews.com/burmese/news/news-analysis/news_analysis_10-29-2011-132825063.html