ထောင်ဆိုတာ အ၀င်ရှိရင် အထွက်ဆိုတာ ရှိတယ်
လောက နိရာမ တရား အရ ဘာမှမမြဲကြဘူး လေ၊၊

ဒီနေ့ မြန်မာ ပြည်သူတွေရဲ့ စစ်အာဏာရှင်လက်အောက်က ဘ၀ပုံရိပ်တွေပေါ်ကနေ ပေါ်ပေါက် လာတဲ့အာဏာရှင် လူသတ်သမားကြီးများ အကြမ်းဖက်နေကြတာကို နှလုံးနာလွန်းလို့ ပြောနေရ အုံးမှာဘဲ။ထောင်ဆိုတာ ဘယ်သူကမှ မနေချင်ကြတာအမှန်ပါဘဲ ။နိုင်င်္ငကျော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ထာဝရ လွတ်ငြိမ်းချမ်းသာခွင့် က မင်းနဲ့ ဘဲ မဆိုင်ဘူးလို့ မသတ်မှတ်စေချင်ဘူးကွာ မင်း ခေါင်း ကြောမမာပါနဲ့ ၊၊ ၈၈ကျောင်းသားခေါင်းဆောင်တွေလဲ မင်းလိုဘဲ မလွှတ်သေးပါဘူး ။မနေ့ က မစုစုနွေး ပြန်လွတ်လာပါတယ်၊၊ ကိုယ်ချင်းစာကြည့်ပေါ့ အစ်ကိုလဲ နိုင်ငံရေး အကျဉ်းသားအားလုံး ကို အမြန်ဆုံးလွတ်စေချင်ပါတယ်။နေ့ စဉ်နှင့် အမျှ ဆုတောင်းပေးနေပါတယ်၊၊
ဒီ ထောင်ထဲ မှာ အလွမ်းတွေ ၊ ဒဏ်ရာတွေ ၊ အံကြိတ်တောက်ခေါက်သံတွေ ၊ထောင်သားတွေရဲ့  သောက အမောတွေ နောက်ပြီး ညည်းတွားသံတွေပြည်လျံနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ တဖက်မှာ သူရဲကောင်းတွေရဲ့ ရာဇ၀င်တွေလွတ်မြောက်ရေးအတွက် တိုက်ပွဲ ၀င်နေသူရဲ့  တေးသံတွေ GW ညီ ဇေယျာသော်တို့  လိုနောက်မဆုတ်တမ်း စီးဆင်းသွားမယ့် အင်အားသစ်လူငယ်အရေးတော်ပုံ ပုံရိပ်တွေကလည်း အလျံဝင်းဝင်းတောက်ပနေတယ်ဆိုတာ သက်သေခံနေတာဘဲလေ၊၊
တကယ်တော့ ဒီလို ပုံရိပ်တွေ တေးသံ ၊ အလွမ်း ၊ ဘ၀ ဇာတ်တွေဆိုတာ စစ်အာဏာရှင် လက်အာက်က မြန်မာ ပြည်သူတွေ နေ့ တဓူဝ ခံစားနေရတဲ့ ပုံရိပ်တွေ ထဲကတစိပ်တပိုင်းလို့လဲဆိုနိုင်ပါတယ်။အစ်ကို ဒီနေရာမှာ အဓိကပြောချင်တာက စစ်အာဏာရှင်စနစ် ရဲ့  လူမဆန်တဲ့ ဥပက္ခာပြုမှု ၊ ဥပဒေမဲ့ အနိုင်ကျင့်စော်ကားမှု တွေရဲ့ နောက်မှာ ပြည်သူလူထုရဲ့  ဆန္ဒ နဲ့ ဘ၀များစွာတွေ ဟာ လွတ်လပ်မှုကို အခွင့်ရှိတိုင်း အခါရှိတိုင်း တောင်းဆိုနေဆဲဖြစ်မယ်ဆိုတာ နေရာတိုင်းလွတ်လပ်မှုမရှိတဲ့ အရာတိုင်းမှာတိုင်းမှာ တွေ့ မြင်နေရအုံးမှာပါဘဲ။
အနီးဆုံးကိုပြောပြပါဆိုရင် နာဂစ်မုန်တိုင်းက သိန်းနဲ့ ချီပြီးအသက်ဆုံးရှုံးခဲ့ကြ ပြီး သန်းနှင့်ချီဘ၀ပျက်ခဲ့တာကိုမြန်မာ ပြည်သူတွေမမေ့သလို ဒီနေ့ တနိုင်ငံလုံး စစ်ကျွန်ဘ၀ ရောက်အောင်ဇာတ်သွင်းနေတဲ့ အတွက်မြန်မာပြည်သူတွေဘယ်တော့မှလက်ခံမှာ မဟုတ်ပါဘူး၊၊ စစ်အာဏာရှင်တွေဘက်ကသာ သိသိချည်းနှင့် အရှက်တရား မဲ့ လူထုဆန္ဒမပါ အဓမ္မ ပုံသွင်းနေတာဖြစ်ပါတယ်။ ဒါကို မှတ်တမ်းတခု ရာဇ၀င် အဖြစ် ရေးဖွဲ့ ချင်ကြတဲ့ အနုပညာရှင်၊ စာပေတော်လှန်ရေးသမားများရဲ့ ကြိုးစားအားထုတ်မှုကို လက်ကမ်းကြိုဆိုရင်း ဒီစာလေး ရေးပြီးတော့ အစ်ကို အသက်သွင်း ပြီးတင်ပြလိုပါတယ်၊၊နောက်တစ်ခုကတော့မင်းကို ဘယ်သူမှ မပိုင်ပေမယ့် နိုင်ငံရေးအကျဉ်သားဆိုတဲ့နံမည် က မြန်မာနိုင်ငံသားတိုင်းနဲ့ ဆိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံသားတွေရဲ့ အမြင်ကို (လက်မခံရင်တောင်) ထည့်သွင်း စဉ်းစားသင့်တယ်လို့ ထင်ပြီးရေးလိုက်ရတာဘဲ။
ရင်နာစရာ အဖြစ်အပျက်တွေလား
နွေခေါင်ခေါင် နေပူထဲမှာ
ခနီး္တထောင်မှ မုံရွာထောင်သို့  အပြောင်း
ထောင်ဒဏ် မကျဘူးတဲ့
ဒီငြိမ်းလင်းရဲ့ အကြောင်း
ခုမှ ပို သိခဲ့ရတယ်။
လူကောင်က သေးသေး
စိတ်ဓါတ်က ပြင်းပြင်း
အကောင်သေးပေမဲ့
အဆိပ်ပြင်းတဲ့ မင်းလိုလူ
ပွဲပြီးခါနီးမှ ထိုးကျွေးခံရမှန်း ငါသိခဲ့ရတယ်
ငါမသိတဲ့ မင်းကံကြမ္မာက
နိုင်ငံကျော်သမ္မတကြီးဦးသိန်းစိန် ပါးစပ်ထဲက
မှောက်ဖဲတစ်ချပ်တဲ့လား ။
လျှပ်စီးတွေ တဖြန်းဖြန်းလက်တဲ့အလား
အပြစ်ကင်းမဲ့ စွာ မင်းလုပ်နေတဲ့
တော်လှန်ချစ်စိတ်က ချစားခံရတော့မတဲ့
ထောင်ဝင်စာရဲ့ အပြုံးက
လွတ်ရက်တွေ စေ့ဖို့  အချိန်ကျော်နေပြီ ဟေ့။
အကျဉ်းသားတွေရဲ့ ဘ၀တွေ
အတိတ်က တမ်တခြင်း များစွာနဲ့ 
ထောင်တံခါးဝ ရဲ့ နာကျင်ခြင်းရနံ့တွေ ရှိုက်မိတိုင်း
ကောင်းကင်ထက်က အလင်းပျောက်ကြယ်ဟာ
အသက်ရှူကြပ်ခဲ့ရတယ်
မင်းမိသားစုရဲ့  အိမ်မက်ဟာ
ထောက်လှမ်းရေး ကားသံကြားတိုင်း
ခြောက်လှန့်ခံနေရဆဲပဲ ။
လောက နတ်ကမီး ဖန်ဆင်းထားသလို ဘဲ
ကောင်းကင်းတစ်ခုလုံး တိမ်တွေညိုရင်
တိမ်ပြာတွေ မီးတောက်ခဲ့တဲ့
မုံရွာထောင်က မင်းလို
အကျဉ်းသားတွေ က
ခုနှစ်စဉ်ကြယ် အိပ်မက်တွေ
ဖဲတစ်ချပ်လို လွယ်လွယ်
အမှောက် ခံလိုက်ရပြီပဲ
ဖြစ်ခဲ့သမျှ အားလုံးအတွက်
ငါ ရင်ထုမနာ ဖြစ်နေဆဲဘဲ
ဒီငြိမ်းလင်း ရေ။
ထွန်းဝေ တိုကျို။17.10.2011 3.08am
Sunday, October 16, 2011
ဒီငြိမ်းလင်း သို့  တမ်းတခြင်းများ
မြန်မာပြည်မြောက်ပိုင်း တရုတ် မြန်မာနယ်စပ်တရုတ်အစိုးရ တပ်များ ဖြန့်ချထား

မြန်မာပြည်မြောက်ပိုင်း တရုတ် မြန်မာနယ်စပ် တလျောက်သို့ ထောင်နှင့်ချီသည့် တရုတ်အစိုးရ တပ်များ ဖြန့်ချထားသည်ဟု နယ်စပ် သတင်းများက ဆိုသည်။
တရုတ်နိုင်ငံဘက်ခြမ်း နယ်စပ်မြို့များဖြစ်သည့် ကျန်းဖုန်း (လွယ်ကျယ်နှင့် မျက်နှာချင်းဆိုင်)နှင့် ယင်ကျန်းမြို့(လိုင်ဇာအနီးရှိ တရုတ်မြို့) များသို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည်ဟု တရုတ် အစိုးရ အာဏာပိုင်များထံမှ သိရကြောင်း လိုင်ဇာမြို့ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးက အခုလိုပြောသည်။
“ကျန်းဖုန်းမှာ တရုတ်စစ်တပ်အင်အား (၃၀၀၀) လောက်ရောက်တယ် ပြောတယ်။ ခန့်မှန်းခြေ ပေါ့နော်။ ပြီးတော့ လက်နက်ကြီးတွေ ပါတယ်လို့ကြားတယ်။ နောက် ယင်ကျန်းဘက်ကိုလည်း ပို့ထားပြီလို့ ပြောတယ်။ အဲဒါ သေခြာအောင်လို့ ကျနော်တို့လူတွေကို လိုက်ကြည့်ခိုင်းတာ ကွန်ဖမ်း ဖြစ်တယ်။”
နယ်စပ်တလျောက် ယခုလို တရုတ်အစိုးရတပ်ဖွဲ့များ အလုံးအရင်းဖြင့် နေရာယူထားသည့်အပေါ် “သူတို့ ရည်ရွယ်ချက်ကတော့ နယ်စပ် လုံခြုံရေးပေါ့။ ပြီးတော့ အစိုးရတပ်ဖက်က လေယာဉ်တွေ ဘာတွေ ကျော်ဝင်လာရင် ကာကွယ်ဖို့လည်း ပါတယ်ဆိုပြီး အဲလိုပဲ သတင်းလွှင့်ထားတယ်။ ဒီသတင်းက တရုတ်ဖက်က ရတဲ့ သတင်းပါ။” ဟု ၎င်းက ဆက်ပြောသည်။
တရုတ်မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေး၊ စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ယင်းကိစ္စ တရုတ်အစိုးရ အာဏာပိုင်ဘက်မှ ထုတ်ဖော် မပြောသော်လည်း ဒေသခံလူထုထံက သိရကြောင်း အခုလို ပြောသည်။
“ကျနော်လည်း မေးပြီးပြီ။ ကျနော်တို့ လူထုကလည်း မြင်တဲ့ကောင်က မြင်တယ်။ လုံးကျန်းခရိုင် ကျန်းဖုံမှာ တော်တော်များများ မြို့ပြင်က ကျောင်းတွေတို့ စက်ရုံဟောင်းတွေတို့ ဘာတို့မှာ တပ်တွေ တွေ့ရတယ်လို့ ပြောတယ်။ လက်နက်ကြီးတွေလည်း ပါတယ်လို့ ပြောတယ်။”
တရုတ်အစိုးရတပ်များ ရောက်ရှိနေသည့် မြို့များသည် ကချင်ပြည်လွတ်မြောက်ရေး အဖွဲ့ KIO နှင့် အစိုးရတပ်ဖွဲ့တို့ လတ်တလော တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများနှင့် နယ်စပ်ချင်း ထိစပ်နေသည်။
နယ်စပ်လက်နက်ကိုင် တပ်ဖွဲ့များ၏ အတွေ့ အကြုံများအရ တရုတ်စစ်တပ်များ နယ်စပ်ဒေသသို့ အများအပြား ရောက်ရှိလာပြီး မကြာမီတွင် မြန်မာစစ်တပ်က ထိုးစစ်ကြီးများ ဆင်နွဲလေ့ရှိသည်။ ထိုးစစ်ကြီးများရှိပါက တရုတ်ပြည်သူ့ တပ်မတော်သို့ အရင် အကြောင်းကြားရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် KIO ဌာနချုပ် လိုင်ဇာမြို့အပါအ၀င် တောင်ဘက် နယ်စပ်တလျောက်ရှိ တာပိန် ရေအားလျပ်စစ် စီမံကိန်း တည်ဆောက်ရာ မိုးမောက်မြို့နယ်နှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် အတွက် မကြာမီ အစိုးရက KIO အား ထိုးစစ်ကြီး ဆင်နွဲလာမည့် လက္ခဏာ တွေ့ရကြောင်း ဦးအောင်ကျော်ဇောက သုံးသပ်ပြောဆိုသည်။
လောလောဆယ်တွင် KIO ဌာနချုပ် လိုင်ဇာမြို့မြောက်ဖက်နှင့် အနောက်ဖက်ရှိ မိုင်နှစ်ဆယ် ပတ်လည်ခန့် အတွင်း အစိုးရနှင့် KIO တို့ နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သတင်းရကြောင်း လိုင်ဇာမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်က အခုလို ပြောသည်။
“တိုက်ပွဲကတော့ မနေ့ကလည်း ပြင်းထန်နေတယ်။ ပါဂျို၊ နားဖော့ အောက်ဖက် မှာတော့ အခုလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့လည်း ဖြစ်တယ်။ မနေ့က ၀ိုင်းမော်၊ ရွှေညောင်ပင်ဘက်ကနေ ကားခုနှစ်စီးတောင် တက်ခဲ့တာကိုး။ သူတို့ စစ်ကူဖြည့်ဖို့ လာတာလား ဘာလားတော့ မသိဘူး။ အခု လမ်းမှာစောင့်ပြီးတော့ ချကုန်ပြီ။ တိုက်ပွဲတော့ နည်းနည်း ပြင်းတယ်။ လက်နက်ကြီးတွေနဲ့ ချည်းပဲ ချနေတာ။”
အစိုးရတပ်မှ ဒေသတွင်း စစ်အင်အားပိုမို ဖြည့်တင်း လာသည့်အပေါ် ဌာနချုပ် လိုင်ဇာမြို့သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟု အစောပိုင်းကာလ ကတည်းက KIO မှ ခန့်မှန်း ပြောဆို ထားသည်။
အစိုးရနှင့် KIO တို့သည် ၁၉၉၄ ခုနှစ်က အပစ်အခတ်ရပ်စဲခဲ့ပြီး လွန်ခဲ့သည့် ဇွန်လ (၉) ရက်နေ့က စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။
http://www.nmg-news.com
သူတို့ကလေးတွေ မျှော်နေတဲ့ မိခင်တွေကိုလည်း သမ္မတကြီး မေတ္တာထားပေးပါ
by May Thingyan Hein on Sunday, October 16, 2011 at 5:55am
facebook
မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာလ၁၆၊ ရန်ကုန်မြို့။
ကျမနားထဲမှာ အမေ လို့ခေါ်တဲ့ အသံတွေ ဆူညံ့နေပါတယ်။
ကျမဘေးနားမှာရှိနေကြတဲ့ သားသမီး သုံးယောက်ဆီကနေ ထွက်လာတဲ့ အမေခေါ်သံတွေ မဟုတ်ပါဘူး။
၈၈ မျိုးဆက်ကျောင်းသူ
မသက်သက်အောင်ကို သူ့ရဲ့ လူမမယ်ကလေး သုံးယောက်က တမ်းတပြီး ခေါ်နေတဲ့ အသံ။ ပြီးတော့ ၈၈မျိုးဆက်ကျောင်းသူ
မနီလာကို သူ့ရဲ့ ၄ နှစ်အရွယ်သမီးလေးက ခေါ်နေတဲ့ အသံနဲ့ ငိုကြွေးသံ။ပြီးတော့ ၈၈ကျောင်းသူ မမီးမီးကို
သူ့သားသမီး ၃ ယောက်က တမ်းတခေါ်ဆိုနေတဲ့ အသံတွေပါ။
ပြီးတော့
ဘယ်က ဘယ်သူမှန်းမသိတဲ့ အသံသာကြားရပြီး ဘယ်အရွယ်ဘယ်နေရာကမှန်းမသိတဲ့ အမေခေါ်သံနဲ့ အမေရေ…လို့ခေါ်ငိုလိုက်တဲ့
ကလေးငယ်တွေရဲ့ အမေတမ်းချင်းငိုသံတွေ ဆူညံနေတဲ့ ကြားမှာ ကင်မရာ ကိုင်ထားတဲ့ ကျမ ရင်တွေ တဆတ်ဆတ်တုန်ပြီး ရပ်နေခဲ့ရပါတယ်။
ဗြုန်းကနဲအိပ်ရာက နိုးလာတော့ အိမ်မက်မှန်းသိပါတယ်။ ကျမ ရင်တွေ နာလွန်းလွန်းလို့ ဆက်မအိပ်နိုင်ဘဲ
အိပ်ရာထဲကနေ ထလာခဲ့ရတယ်။ ကျမဘေးမှာတော့ သမီးငယ်လေးနဲ့ ခင်ပွန်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့။
မနေ့က ၈၈မျိုးဆက်ကျောင်းသားထဲက ကိုချစ်ကိုလင်း ပခုက္ကူထောင်က
လွှတ်လာတာကို သတင်းရေးနိုင်ဖို့အတွက် သူတို့နေတဲ့ စမ်းချောင်းက တိုက်ခန်းလေးကို ရောက်ခဲ့ပါတယ်။
ကိုချစ်ကိုလင်းရဲ့ဇနီးမသက်သက်အောင်ကလည်း ၈၈မျိုးဆက်ကျောင်းသား နိုင်ငံရေးလှုပ်ရှားသူ တဦးပါ။
ယခု လက်ရှိအခြေအနေမှာတော့ ကိုချစ်ကိုလင်းဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့ပေမဲ့ ဇနီးသည်
မသက်သက်အောင်ကတော့ ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ခံနေရသူအဖြစ် မြင်းခြံထောင်မှာထောင်ဒဏ်
၆၅နှစ်နဲ့ ဆက်လျက် အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။
လယ်ကတုံးအကျီာဖြူလက်ရှည်နဲ့ ယောပုဆိုးအနက်ရောင် ကို သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ အသက် ၄၀ ကျော်စအရွယ် ကိုချစ်ကိုက အသက် ၁၂ နှစ်အရွယ် ခပ်၀၀နဲ့ မျက်နှာလေးတပ်ထားတဲ့သားကြီး၊ အသက် ၈ နှစ်အရွယ် သားလတ်ကို လက်တွဲပြီး၊
အသက် ၄ နှစ်အရွယ် သားငယ်ကို ပွေ့ဖက်ထားတဲ့ မြင်ကွင်းကို မြင်လိုက်ရတယ်။
`အပျော်ဆုံး ရက် ၃ ရက်ထဲမှာ ထောင်ကလွှတ်တဲ့ရက်လည်းပါတယ်လို့ ပြောကြတယ်။
ဒါပေမဲ့ ကျနော့်အနေနဲ့ လုံးဝ မပျော်နိုင်ဘူး၊ မပျော်တဲ့အပြင် ကျနော့်အနေနဲ့ အင်မတန်
ကြေကွဲရပါတယ်။ ကျနော့်ရဲ့ လက်တွဲဖော်၊ ဘ၀တသက်တာအတွက် လက်တွဲဖော် ချစ်ဇနီး နဲ့ သူငယ်ချင်း
မိတ်ဆွေတွေဟာ ခုချိန် တံတားလေးဘက်နဲ့သံတိုင်တွေကြားမှာ ကျန်နေခဲ့ပါတယ်။ အဲဒီလို ကျန်ခဲ့တဲ့သူတွေ
အတွက် စိတ်မကောင်းဘူး ကျနော့်အနေနဲ့ အများကြီး ခံစားရပါတယ်`` လို့ ကိုချစ်ကိုလင်းက သူ့ခံစားချက်ကို
တည်တည်ငြိမ်ငြိမ်ပဲပြောပြတယ်။
မျက်မှန်အောက်ကသူ့မျက်လုံးတွေက လေးနက်တည်ငြိမ်နေပေမဲ့ သူ့ရဲ့ ညာဘက် လက်ရဲ့ လက်သန်းဖျားလေးက တဆတ်ဆတ်တုန်နေတယ်။ မျက်ရည်မကျတတ်တဲ့ ယောက်ျားတယောက်ရဲ့ ၀မ်းနည်းနာကျင်ခြင်းလို့ နားလည်လိုက်ပြီး
ကျမလည်းသူတို့နဲ့ထပ်တူ စိတ်ထိခိုက်ရပါတယ်။
သူဟာ ထောင်ကလွတ်လွတ်ခြင်း
ဇနီးသည်ရှိရာ မြင်းခြံထောင်ကို သွားတွေ့ခဲ့ပါတယ်။ မသက်သက်အောင်ကတော့ သူထောင်ထဲမှာ နေရပေမဲ့
ကိုချစ်ကို ပြန်လွတ်လာတဲ့အတွက် ကလေးတွေအတွက် ၀မ်းသာမိတယ်လို့ ပြောလိုက်ကြောင်း
သူက မျက်နှာပျက်ပျက်နဲ့ပဲ ကျမတို့ကို ပြောတယ်။
အဲဒီနောက်တော့ စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ ကျမသူ့ကို မေးခွန်းတွေ ဆက်မေးမိပါတယ်။
`ကျနော်တို့တိုင်းပြည်ဟာ
ကမ္ဘာမှာလည်း မျက်နှာငယ်ရပါတယ်။ အဲလိုမျက်နှာငယ်ရတဲ့ အဖြစ်အပျက်တွေ အရိပ်ဆိုးတွေလည်း
ပျောက်ကွယ်သွားနိုင်အောင် ခြေဖျက်နိုင်အောင် သဘောထားကြီးကြီးနဲ့ ကျန်ခဲ့တဲ့ ၈၈ ကျောင်းသား ခေါင်းဆောင်တွေ ကျန်ခဲ့တဲ့
နိုင်ငံရေးအကျဉ်းသားတွေအားလုံး၊ တိုင်းရင်းသားခေါင်းဆောင်တွေပါ မကျန် အားလုံးကို လွှတ်ပေးမှသာ
ကျနော်တို့ တိုင်းပြည်ရဲ့ ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ပြန်လည် ကောင်းမွန်လာမယ်၊ မျက်နှာပန်းလှမယ်လို့
ယူဆပါတယ်`
မေးခွန်းတွေမေးနေရပေမဲ့ ခုမှ အိမ်ပြန်ရောက်တဲ့အဖေနားကပ်ချင်နေတဲ့သားတွေကို ကျမ အားနာရပြန်ပါတယ်။
`နိုင်ငံရေးဆိုတာကို နိုင်ငံအရေးလို့ပဲ မြင်တယ်။ နိုင်ငံသားဖြစ်ရင် နိုင်ငံ့အရေးကိုတော့ လုပ်ရမှာပဲ၊ နိုင်ငံ့အရေးကို
ဆက်ပြီးတော့လုပ်သွားမှာပါ`လို့ ကိုချစ်ကိုက ပြောရင်း သူ့ဘေးနားက သားကလေးတွေကို လှမ်းကြည့်တယ်။
တိုင်းပြည်ကိုချစ်တဲ့ဖခင်တယောက်ရဲ့ ဘ၀ဟာ မိသားစုအတွက်ထက် တိုင်းပြည်အတွက်၊ နိုင်ငံအရေးအတွက် ပေးဆပ်နေကြတာကို
မြင်နေရတဲ့ ကျမအတွက်တော့ ဒီကလေးငယ်တွေအတွက်လည်း စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်။
သူ့ရဲ့ ၄ နှစ်သားအရွယ်ကလေးကတော့ ခုမှ ထောင်ကနေ လွတ်လာတဲ့ ဖခင်ရဲ့ ရင်ခွင်ထဲမှာ ထိုင်ရင်း စကားတွေ
ပြောနေတယ်။`ဖေဖေက အဝေးကြီးကလာလို့ သားက သနားပြီး ဂိမ်းပေးဆော့တာ`လို့ ပြောနေတဲ့ လေးနှစ်သားလေးဟာ
သူ့အမေ မသက်သက်အောင်ရဲ့ ရင်ခွင်ကနေ ခွဲခဲ့ရတုန်းက ၁ နှစ်သား လေးပဲ ရှိသေးတယ်။
အမေရဲ့ ရုပ်သွင်ကို မမှတ်မိတော့တဲ့အတွက် အဖေနဲ့အမေ မင်္ဂလာဆောင်တုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးကို ထုတ်ကြည့်ပြီး
စကားပြောတတ်ပါတယ်။ အဖေနဲ့အမေ ထောင်ကျနေတဲ့ ကာလတလျှောက်လုံး အသက် ၂၀ ကျော်အရွယ် ဦးလေးနဲ့
(အဲဒီဦးလေးရဲ့မိခင်နဲ့ အဒေါ်တော်စပ်သူ ကြီးတော်ကြီး) တွေကပဲ မိဘသဖွယ်စောင့်ရှောက်ပေးခဲ့ရတယ်လို့
ကြားသိရပါတယ်။
အလယ်တန်းကျောင်းသားအရွယ် ၁၂ နှစ်သား၊ သားအကြီးလေးက မျက်နှာဖောင်းဖောင်း၀၀လေးနဲ့ မျက်မှန်လေးနဲ့ပါ၊ ဂိမ်းဆော့ခြင်းကြောင့်မျက်မှန်တပ်နေရတဲ့ ကလေးဖြစ်သလို၊ အဖေအမေနဲ့ ဝေးနေရတဲ့ နှလုံးရောဂါရှိတဲ့ ကလေးလို့လည်း သိရပါတယ်။
`သားဖေဖေအိမ်ပြန်လာလို့ပျော်တယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ သားအမေ မပြန်ရသေးတော့ ပိုပြီး ၀မ်းနည်းရတယ် သားတို့
မိသားစုအတူနေချင်တယ်`လို့ စွပ်ကျယ်လက်ပြတ်ကလေး ၀တ်ထားတဲ့ ခပ်၀၀လေး၊မျက်မှန်လေးနဲ့ ၁၂
နှစ်သားလေးက ပြောရင်း ခေါင်းငုံ့လိုက်တယ်။
ကလေးတယောက်မိခင်ကို တမ်းတပြီး စိတ်ထိခိုက်နေတဲ့ မြင်ကွင်းကို ကျမ မကြည့်ရက်နိုင်ပါဘူး။
ဒါပေမဲ့ မျက်နှာလွဲလိုက်ဖို့လည်း မတတ်နိုင်ခဲ့ဘူး။ ကလေးငယ်ရဲ့ မျက်နှာကို စူးစိုက်ကြည့်ရင်း
ကျမအမြင်တွေ ၀ါးလာခဲ့တယ်။ သတင်းယူရင်း အင်တာဗျူးလုပ်ရင်း မျက်ရည်မကျမိအောင် ကျမ အပြင်းအထဲလေ့ကျင့်ခဲ့ရသူပါ။
ခုလည်း ကျမရင်ထဲမှာ ဆို့နေတာ ပါးစပ်ကနေ ဘာစကားမှ ထွက်မလာနိုင်ဘူး။ အဲဒီလို ခံစားနာကျင်နေရတာ အလုပ်ကို ထိခိုက်စေပါတယ်။ ကျမ တံထွေးတွေကို နှစ်ကြိမ် သုံးကြိမ်လောက် မြိုချကြည့်တယ်။ရင်ထဲ ဆို့နေတုန်းပဲ။ အသက်ပြင်းပြင်းသုံးကြိမ်လောက် ရှုသွင်း ရှုထုတ် လုပ်လိုက်တယ်။
ရင်ထဲမှာ ဆို့နေတဲ့ အလုံးကြီးက ဗိုက်ထဲကို ပြန်ကျသွားတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး နောက်ထပ်
မေးခွန်းတခုကို ကမန်းကတန်း မေးလိုက်မိပါတယ်။
`သားမေမေ ပြန်လာနိုင်အောင် သားဘယ်လိုလုပ်မယ်လို့ စိတ်ကူးထားလဲ`ဆိုတဲ့ မေးခွန်းကို ကလေးမျက်နှာကို
စေ့စေ့ကြည့်ပြီး မေးလိုက်တယ်။
ကလေးက ကျမ မျက်နှာကို မော့ကြည့်ပြီး ပြောတယ်။ `သား ဘုရားမှာဆုတောင်းမယ်၊ သားက ဒါပဲ တတ်နိုင်တာ`တဲ့…။
ဗိုက်ထဲထိ ကျသွားပြီလို့ထင်နေတဲ့ ရင်ထဲဆို့နင့်နေတဲ့ အလုံးကြီးက ရင်ထဲဝထိ လာဆောင့်တက်တယ်။ ကျမ
အသက်အောင့်ထားလိုက်ရတယ်။ပြီးမှ သက်ပြင်းကို ခပ်ငွေ့ငွေ့ချလိုက်ရင်းကိုယ့်ကိုယ်ကိုယ်လည်း
ပြန်အားတင်းနေရပါတယ်။
အဲဒီနောက်မှာတော့ ကျမ အလုပ်ကျမ ဆက်လုပ်ရပါတယ်။ သားလတ်ကလေးကိုကျမ မေးခွန်း ၂ခွန်း ၃ ခွန်းလောက်မေးခွင့်တောင်းတော့ကလေးက လိုလိုလားလားနဲ့ တည်တည်ငြိမ်ငြမ်နဲ့ပဲ ဖြေပေးပါတယ်။
`သားက အရင်ကတည်းက အိပ်ရာဝင်ခါနီးတိုင်း ဆုတောင်းတယ် သားတို့အိမ်မှာ ဖေဖေရယ်၊ မေမေရယ်၊ အန်တီရယ်၊သားအဖွားရယ
်နောက် ဒယ်ဒီလို့ခေါ်တဲ့ သားဦးလေးရယ် ငါးယောက်လုံး နိုင်ငံရေးလုပ်လို့ ထောင်ကျနေရတယ်
အဲဒီတော့သားက နေ့တိုင်း ဘုရားရှစ်ခိုးပြီး ဆုတောင်းတယ် ၅ ယောက်လုံး အမြန်ဆုံးပြန်လည်
လွှတ်မြောက်ပါစေလို့ ဆုတောင်းတယ်`
အသားညိုညိုမျက်နှာဝိုင်းဝိုင်းနဲ့ အသက် ၈ နှစ်သားအရွယ် ကလေးက ကလေးမဆန်တဲ့ စကားတွေနဲ့ ရင့်ကျပ်တည်ငြိမ်စွာဖြေပါတယ်။
`အလိုတော်ပြည့်ဘုရားရှစ်ခိုးကထာဆိုပြီး ဆုတောင်းတာ ခုတော့ ဖေဖေပြန်ရောက်လာတယ်။ အန်တီလေးနဲ့ မေမေကြီး( ဘွားအေ)
ကြီးလည်း ပြန်ရောက်လာတယ်။ ဒါပေမဲ့ သားမေမေနဲ့ကျန်တဲ့သားဦးလေး တယောက်လည်း ပြန်ရောက်လာအောင်တော့
ထပ်ပြီး ဆုတောင်းရဦးမှာပဲ သားက မလွတ်မခြင်း ဆုတောင်းမှာ`လို့ ကလေးကတည်တည်ငြိမ်ငြိမ်နဲ့ပဲ
ဖြေပါတယ်။
သည်ကလေးတွေရဲ့မိသားစုမှာ ဖခင်ဖြစ်သူ ကိုချစ်ကိုလင်း၊ အဒေါ်ငယ်ဖြစ်သူ
မနိုးနိုးနဲ့ အဘွားလေး တော်စပ်သူ ဒေါ်စန်းစန်းတင့်( လက်ရှိ အမေရိကားမှာ နေထိုင်သူ ကိုညီညီအောင်ရဲ့
မိခင်)တို့ဟာ သတင်းကျွတ်လပြည့်နေ့တုန်းက လွတ်ငြိမ်းချမ်းသာခွင့်ရပြီး အိမ်ပြန်ခွင့်ရခဲ့ကြပေမဲ့
အမေဖြစ်သူ နဲ ဦးလေးတော်စပ်သူ တစ်ဦး လွတ်မြောက်ဖို့ ကျန်နေသေးတယ်လို့ မသက်သက်အောင်ရဲ့
သားအလတ်လေးက ပြောပြတယ်။
`သားအမေ ထောင်ကျသွားတော့ သားက အမေ့ကိုယ်စား အရုပ်ကလေးကိုပဲ အမေ့လိုသဘောထားပြီး ဖက်အိပ်ရတယ်။ အမေ့ကို လွမ်းပေမဲ့မငိုဘူး၊ အမေက ကောင်းတာလုပ်လို့ ထောင်ကျတာပဲ။ နိုင်ငံရေးလုပ်တယ်ဆိုတာကို သား ဂုဏ်ယူပါတယ်၊
ဒါ ၀မ်းနည်းစရာမှ မဟုတ်တာ` တဲ့ အသက် ၈ နှစ်သားကလေးက ပြောခဲ့တာပါ။
အဲဒီနောက်မှာတော့အမေတွေ အကျဉ်းထောင်ထဲရောက်နေတဲ့ ကလေးငယ်တွေရဲ့ အခက်အခဲတွေအကြောင်းကို အိမ်သားတွေနဲ့အတူ
ဝမ်းနည်းနာကျင်စွာနဲ့ပဲပြောမိခဲ့ကြပါတယ်။
၁၉၉၃ ခုနှစ်ကတည်းက သတင်းထောက်အလုပ်ကို လုပ်ခဲ့တဲ့ ကျမ၊ လုပ်သက် ၁၇ နှစ်ထဲ ရောက်ခဲ့ပြီ ခုချိန်ထိ ၀မ်းနည်းစရာတွေ။
နာကျင်စရာတွေနဲ့ ကြုံရတိုင်း ရင်ထဲ ဆို့နင့်လာတိုင်း အလုပ်ဆက်လုပ်နိုင်အောင် အမြဲ အားတင်းခဲ့ရတုန်းပါပဲ။
ကျမကိုယ်တိုင်ကလည်း နိုင်ငံရေးသမားတယောက်ရဲ့ သမီး ဖြစ်တဲ့အတွက် နိုင်ငံရေးသမားမိသားစုဝင်တွေရဲ့ အခက်အခဲတွေ၊
ဝမ်းနည်းသိမ်ငယ်ရခြင်းတွေ၊ နာကျင်ထိခိုက်ရတာတွေနဲ့ ကြီးပြင်းခဲ့ရပါတယ်။ ဒါတွေဟာ ကျမကို
နိုင်ငံရေးသမားတယောက်ဖြစ်စေနိုင်ခဲ့ပေမဲ့ ကျမက သတင်းသမားဘ၀ကိုပဲ ရွေးချယ် ရပ်တည်ခဲ့ပါတယ်။
သတင်းသမားဘ၀အဖြစ်နဲ့ နိုင်ငံရေး မလုပ်ခဲ့ပါဘူး။ အရာရာကို သတင်းသမားအမြင်နဲ့ပဲ မြင်နိုင်၊ ဆုံးဖြတ်နိုင်အောင်လည်း
ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်ခဲ့ပါတယ်။ အဲဒီလို ကြိုးစားနေထိုင်းရင်းနဲ့ပဲ ခုလို ၀မ်းနည်းစရာတွေနာကျင်ကြေကွဲစရာတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ ယူရတိုင်း ကာယကံရှင်တွေရဲ့ စိတ်ခံစားမှုတွေကလည်း ကျမ ဆီကို ကူးစက်ကြတာပါပဲ။
ယုံကြည်ချက်ကြောင့်
အကျဉ်းကျခံနေရတဲ့ မိသားစုဝင်တွေ၊ နာဂစ်မုန်တိုင်းတုန်းက မိသားစုလိုက် အစုလိုက်အပြုံလိုက်
ဆုံးရှုံးခဲ့ရလို့ ၀မ်းနည်းနာကျင်နေရသူတွေ၊ လူမဆန်စွာ မုဒိန်းကျင့်ခံခဲ့ရပြီး နာကျင်ရှက်ရွံ့ခဲ့သူတွေ၊
လူကုန်ကူးခံရတဲ့ သားကောင်တွေ စတဲ့ ထိခိုက်ခံစားနေရတဲ့သူတွေနဲ့
တွေ့ပြီး မေးမြန်းရ၊ သတင်းယူရတိုင်း ကျမလည်း ထပ်တူခံစားနာကျင်ရပါတယ်။အဲဒီလို ခံစားမှုတွေကို
ကြောက်ပြီး သတင်းအလုပ် မလုပ်တော့ဘူးလို့လည်း ဆုံးဖြတ်ခဲ့မိဘူးတယ်။ ဒါပေမဲ့နောက်ဆုံး
အချိန်တန်တော့လည်း ကင်မရာကိုင်ပြီး သတင်းရှိရာ ရောက်ရောက်သွားခဲ့တာချည်းပါပဲ။
ခုလည်း နိုင်ငံရေးအကျဉ်းသား မိသားစု တစုကို တွေ့ခဲ့ရပြီး ၀မ်းနည်းခံစားရတဲ့ စိတ်နဲ့ ကျမ အိပ်မက်တွေ မက်နေပြန်ပြီ။
အကျဉ်းထောင်ထဲက မိခင်တွေကို တမ်းတနေတဲ့ ကလေးတွေရဲ့ အမေခေါ်သံတွေ၊အမေတမ်းတပြီး ငိုကြွေးသံတွေကို
ကြားနေရပြန်ပါပြီ။
သူတို့တွေအတွက် ကျမ ဘာလုပ်ပေးနိုင်မလဲ။ မသက်သက်အောင်ရဲ့ သားပြောခဲ့သလို ဆုတောင်းနေရုံပဲ တတ်နိုင်မှာလား။
ကျမတို့ကကော သတင်းရေးခြင်းအလုပ်၊ သတင်းဖော်ပြပေးခြင်း လုပ်ပေးနိုင်တာကလွဲလို့ တခြား
မတတ်နိုင်ကြတော့ဘူးလား။
လူသတ်မှု၊
မုဒိန်းမှုစတဲ့ ပြစ်မှုကြီးတွေနဲ့ ကျခဲ့တဲ့ အကျဉ်းသားတွေကိုတောင် နိုင်ငံတော်သမ္မတကြီးက
လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ခဲ့သေးတာပဲ….ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ချမှတ်ခံနေရတဲ့
လူကောင်းတွေ၊ကလေးတွေ မျှော်နေတဲ့ မိခင်တွေကိုလည်း သမ္မတကြီး မေတ္တာထားပေးပါလို့ပဲ မေတ္တာရပ်ခံချင်ပါတယ်ရှင်။

အားလုံးကို
လေးစားချစ်ခင်လျက်
မေသင်္ကြန်ဟိန်
(မြစ်မခ)