Published on June 17, 2011 by တိုင်းကျော်
သတင်းနဲ့ စာပေလောကသားတွေ အားလုံး မျှော်လင့်နေကြတဲ့ ပထမအဆင့် စာပေလွတ်လပ်ခွင့်ပေးမှုကြီးကတော့ ပေါ်ထွက်လာပါပြီ။ ဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ဇွန်လ (၈) ရက်နေ့က ဂျာနယ်၊ မဂ္ဂဇင်းနဲ့ အထွေထွေ ထုတ်ဝေသူတွေကို စာပေစိစစ်ရေးက ခေါ်ယူရှင်းလင်းခဲ့ပါတယ်။ ရှင်းလင်းပြီးနောက်တနေ့မှာတော့ စာပေစိစစ်ရေးက အသစ်ချမှတ်ထားတဲ့ စည်းကမ်းတွေ၊ အရေးယူမယ့် ပုံစံတွေကိုပါ ထုတ်ပြန်ပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သတင်းနဲ့ စာပေလောကသားတွေရဲ့ စိုးရိမ်မှုဟာ ပိုပြီး ကြီးမားလာပါတယ်။ ဒီလိုနဲ့ပဲ ဇွန်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စာပေနဲ့ စာနယ်ဇင်း အဖွဲ့ တွေ့ဆုံပွဲမှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ခုလို စာပေစိစစ်ရေးဆိုင်ရာ မူဝါဒ ပြောင်းလဲကျင့်သုံးတာဟာ စာနယ်ဇင်း အသိုင်းအဝိုင်းအတွက် တင်းတပ်ချုပ်ချယ်တာ မဟုတ်ပဲ ဖြေလျော့တာသာ ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။ ဒီလို ပြောလိုက်တဲ့အတွက် လက်ရှိ ပြောင်းလဲကျင့်သုံးမယ့် စာပေစိစစ်ရေးမူဟာ ဘယ်လိုများ ဖြစ်မလဲဆိုတာ ဦးကျော်ဆန်းပြောတဲ့ စကားထဲမှာ ဝန်ခံခဲ့ပြီးသလို ဖြစ်သွားစေခဲ့ပါတယ်။ အကြောင်းကတော့ ခု အပြောင်းအလဲ ဆိုတာကို သတင်းနဲ့ စာပေအသိုင်းအဝိုင်းက ပိုပြီး တင်းကျပ်ချုပ်ချယ်တာလို့ မြင်နေကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ခုတပတ် အဲဒီ စာပေစိစစ်ရေးဆိုင်ရာ မူဝါဒအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။
လက်ရှိ ပြောင်းလဲလိုက်တဲ့ စာပေစိစစ်ရေးဆိုင်ရာ မူဝါဒအရ ဂျာနယ်၊ မဂ္ဂဇင်းတွေနဲ့ အထွေထွေ ထုတ်ဝေသူတွေကို အုပ်စု (၂) စုခွဲလိုက်ပါတယ်။ ပထမ အုပ်စု (၁) မှာ အနုပညာ သုတ ရသ၊ ကလေး၊ ကျန်းမာရေး၊ နည်းပညာ၊ အားကစား (၅) မျိုးပါဝင်ပြီး အုပ်စု (၂) မှာတော့ သတင်းဂျာနယ်နဲ့ ကျန်တဲ့ အမျိုးအစားတွေ ပါဝင်ပါတယ်။ မူသစ်အရ အုပ်စု (၁) မှာပါတဲ့ အားကစား အပါအဝင် အနုပညာဆိုင်ရာ ဂျာနယ်နဲ့ မဂ္ဂဇင်းတွေကို အရင်လို စာပေစိစစ်ရေးကို တင်ပြစရာ မလိုဘဲ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ကိုယ့်ဘာသာကိုယ် ထုတ်ဝေခွင့်ရတော့မယ်လို့ ဆိုပါတယ်။ ကျန်တာတွေကတော့ အရင်အတိုင်း အစစ်ဆေးခံကြရဦးမှာ ဖြစ်ပါတယ်။ ဒီအတွက် အုပ်စု (၁) မှာ ပါသူတွေက လွတ်လပ်ခွင့်ရလာပြီး အုပ်စု (၂) မှာ ပါသူတွေကတော့ အရင်အတိုင်းပဲလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်၊ တကယ့်တကယ် လက်တွေ့မှာတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။
ဒီလို မဟုတ်ခဲ့တဲ့ အကြောင်းရင်းတွေအနက် ပထမတချက်ကတော့ စာပေစိစစ်ရေးက အသစ်ထုတ်ပြန်လိုက်တဲ့ စာပေစိစစ်ရေးမူ (၁၂) ချက်နဲ့ အသေးစိတ်ရမယ့် အချက် (၁၆) ချက်ကြောင့် ဖြစ်ပါတယ်။ တကယ့်တကယ် လေ့လာကြည့်ရင် ဒီအချက်တွေဟာ လိုက်နာဖို့ ခက်ခဲသလို အပြည့်အဝ လိုက်နာခဲ့ရင် ဘယ်လို သတင်း ဆောင်းပါးမျိုးကိုမှ ရေးလို့ မရနိုင်ဘူးဆိုတဲ့ အဖြေကို ရပါတယ်။ စာပေစိစစ်ရေးမူ (၁၂) ချက်ထဲမှာ ကြီးမားတဲ့အချက်တွေပါသလို အချက်နံပါတ် (၁၁)မှာတော့ ပြည်သူတဦးချင်း၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ဂုဏ်သိက္ခာကို ထိခိုက်ရေးသား ဖော်ပြခြင်းမပြုရ၊ ဆိုပြီး ဖော်ပြထားပါတယ်။ တကယ်တော့ ဒီအချက်ဟာ အများကြီး ကျယ်ပြန့်ပါတယ်။ ဒီအချက်ကြောင့် နိုင်ငံခေါင်းဆောင်တွေ ဝန်ကြီးတွေ အစိုးရ အရာရှိတွေ မတော်မတရား လုပ်တာတွေကို ဖော်ထုတ်ရေးသားရ ခက်သွားစေပါတယ်။ ဒါတင်မက ပြည်သူတွေ သိချင်နေတဲ့ လုပ်ငန်းရှင် သူဌေးကြီးတွေ၊ အနုပညာအသိုင်းအဝိုင်းက နာမည်ကြီးသူများရဲ့ အကြောင်းတွေကိုလည်း ရေးသားရ ခက်သွားစေပါတယ်။
အသေးစိတ် အခြေခံရမည့် အချက် (၁၆) ချက်ထဲမှာ ပါတာတွေက လိုက်နာဖို့ ပိုပြီး ခက်ခဲပါတယ်။ ဥပမာအားဖြင့် နိုင်ငံရေးခေါင်းစဉ်အောက်က အချက် နံပါတ် (၄)မှာ အဂတိလိုက်စားမှု၊ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု၊ အဓမ္မ လုပ်အားပေး စေခိုင်းမှု၊ လူကုန်ကူးမှု ကလေးစစ်သား စသောအကြောင်းအရာတို့နှင့် ပတ်သက်ပြီး သတင်းအရင်းအမြစ် မခိုင်မာဘဲ ရေးသားဖော်ပြခြင်း မပြုရလို့ ဖော်ပြထားပါတယ်။ အလားတူ စီးပွားရေး ခေါင်းစဉ်အောက်က နံပါတ် (၂) မှာဆိုရင် သတင်းအရင်းအမြစ် မခိုင်မာသော စီးပွားရေးဆိုင်ရာ အချက်အလက်များ သတင်း ဆောင်းပါးနှင့် ဓာတ်ပုံများအား ဖော်ပြခြင်းမပြုရလို့ ပါပါတယ်။ ဒါတင်မက အထွေထွေ ခေါင်းစဉ်အောက်က အချက် နံပါတ် (၁) မှာ ဌာနဆိုင်ရာ လုပ်ငန်းများ၊ ပုဂ္ဂလိက လုပ်ငန်းများ၏ အားနည်းချက်များအား ထောက်ပြဝေဖန်ရာတွင် အချိန် နေရာ၊ အဖွဲ့အစည်းအမည် စသဖြင့် သတင်းအရင်းအမြစ်နှင့် အထောက်အထား ခိုင်လုံစွာ ရေးသားဖော်ပြရမည် ဆိုပြီး ထည့်သွင်းထားပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ အစိုးရဌာနဆိုင်ရာတွေရော ပုဂ္ဂလိက လုပ်ငန်းတွေကိုပါ ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ပေးဖို့ ဥပဒေပြဋ္ဌာန်းထားတာ၊ ညွှန်ကြားထားတာ မရှိပါဘူး။ ဒါတင်မက သတင်းဌာနတွေက သတင်းအချက်အလက်တွေကို မေးလာရင် ပြန်ပြီး ဖြေကြားပေးဖို့ တာဝန်ရှိတယ်လို့လည်း ပြဋ္ဌာန်းထားတာ မရှိပါဘူး။ ဒီလို အခြေအနေအောက်မှာ သတင်းရင်းမြစ် တိကျခိုင်လုံမှ ရေးဖို့ ဆိုတာ ဘာကိုမှမရေးနဲ့လို့ ညွှန်ကြားလိုက်တာနဲ့ အတူတူပါပဲ။ ဒါတင်မက သတင်းရေးတဲ့အခါ အချိန် နေရာ၊ အဖွဲ့အစည်းအမည် စသဖြင့် တိတိကျကျ ရေးခိုင်းတယ် ဆိုတာဟာလည်း သတင်းရေးတာနဲ့ မတူဘဲ တိုင်စာရေးခိုင်းသလို ဖြစ်နေတာကြောင့် သတင်းရင်းမြစ်တွေကို ကာကွယ်ရမယ် ဆိုတဲ့ သတင်းစာလုပ်ငန်း ကျင့်ဝတ်တွေနဲ့လည်း သွေဖည်သလို ဖြစ်စေပါတယ်။
ဒီထက်ဆိုးတဲ့ အဆိုးဆုံး ကိစ္စကတော့ သတင်းနဲ့ စာပေသမားတွေအတွက် စာပေစိစစ်ရေး ကြီးကြပ်မှု ဗဟိုအဖွဲ့ ဆိုတဲ့ နောက်ထပ် တရားရုံးတခုကို တရားဝင် ထူထောင်လိုက်ခြင်း ဖြစ်ပါတယ်။ တကယ်ဆိုရင် နဂိုက ဒီအဖွဲ့ဟာ ဂျာနယ် မဂ္ဂဇင်းတွေနဲ့ စာပေထုတ်ဝေသူတွေကို မထုတ်ခင် လာပြီးတင်ပြ၊ သူတို့က စိစစ်မယ်၊ သူတို့က လိုအပ်မယ် ထင်တာတွေကို ဖြုတ်ခိုင်းတာ၊ ပယ်ခိုင်းတာ၊ ဆိုင်းငံ့ခိုင်းတာ စသဖြင့် ညွှန်ကြားမယ်၊ တကယ်လို့ အဲဒီ ညွှန်ကြားချက်တွေကို မလိုက်နာဘူး မထည့်ခိုင်းတာ ထည့်တယ်၊ မျက်နှာဖုံးမှာ မတင်ခိုင်းတာ တင်တယ် စသဖြင့် လုပ်လာတာမျိုးဆိုရင်တော့ ခေါ်ယူသတိပေးတာ၊ လက်မှတ်ထိုးခိုင်းတာ၊ ဂျာနယ် မဂ္ဂဇင်းကို တပတ်နားခိုင်းတာ၊ နှစ်ပတ်နားခိုင်းတာ စသဖြင့် အဆင့်ဆင့် အရေးယူပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က ဖြုတ်ပယ်ခိုင်းတာတွေ ဖြုတ်ပယ်ပြီးနောက် ထုတ်ဝေတဲ့ စာအရေးအသားတွေနဲ့ ပတ်သက်ပြီး ပြသနာတစုံတခုပေါ်ရင် တရားဝင် ဝင်ရောက်ဆုံးဖြတ်ပေးပိုင်ခွင့်တော့ မရှိခဲ့ပါဘူး။ ကာယကံရှင်တွေကို အလွတ်သဘော ခေါ်ယူညှိနှိုင်းပေးတာလောက်ပဲ ရှိခဲ့ပြီး တရားရုံးတွေကနေ တဆင့်သာ ဖြေရှင်းကြရပါတယ်။ ခု မူဝါဒ အသစ်မှာတော့ ဒီလို မဟုတ်တော့ပါဘူး။ ဂျာနယ်တစောင် မဂ္ဂဇင်း တစောင်ဟာ စာပေစိစစ်ရေးရဲ့ ချမှတ်ထားတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ စည်းကမ်းချက်တွေကို လိုက်နာသည်ထားဦး အရေးအသားနဲ့ ပတ်သက်လို့ ပုဂ္ဂိုလ်တစုံတဦးက တိုင်ကြားလာရင် ဖြစ်စေ၊ ကုမ္ပဏီတခု အစိုးရဌာန တခုက အကြောင်းကြားလာရင်ဖြစ်စေ၊ သက်ဆိုင်ရာ သတင်းရေးသားသူကို ခေါ်ယူ၊ ခုံရုံးဖွဲ့ စစ်ဆေးခွင့်ရှိတယ်လို့ မူဝါဒအသစ် ညွှန်ကြားချက်အမှတ် ၄၇ မှာ အတိအလင်း ပြဋ္ဌာန်းလာပါတယ်။
ဒီလို စစ်ဆေးမှုကို အဆင့်(၃) ဆင့်ခွဲပြီး ပြုလုပ်မယ် ဆိုပေမယ့် နောက်ဆုံးအဆင့် အဆုံးအဖြတ်ပေးမှာကတော့ ကြီးကြပ်မှု ဗဟိုအဖွဲ့ပဲ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ စစ်ဆေးစီရင်ပိုင်ခွင့် အမြင့်ဆုံးအာဏာကတော့ ကျပ်ငွေ သိန်း (၅ဝ) အထိ ဒါဏ်ငွေချမှတ်နိုင်ခြင်း ဖြစ်ပါတယ်။
ဒီတော့ လက်ရှိ စာပေစိစစ်ရေး မူဝါဒအသစ်ကို သုံးသပ်ရရင် အားကစား ဂျာနယ်တွေအပါအဝင် အမျိုးအစား (၅)မျိုး ကို စိစစ်ရေးတင်စရာ မလိုပဲ ထုတ်ဝေခွင့်ပြုတာကလွဲရင် ကျန်အချက်အလက်တွေကတော့ ပိုပြီး တင်းကျပ်လာတာတွေ့မြင်နိုင်ပါတယ်။ ထင်ရှားတဲ့ ဥပမာတွေကတော့ တကယ်သတင်းရေးနေတဲ့ သတင်းဂျာနယ်တွေ အပါအဝင် ဂျာနယ်အများစုကြီးဟာ နဂိုကအတိုင်း စိစစ်မှုအဆင့်ဆင့် ခံယူခိုင်းတာ၊ လိုက်နာဖို့ ခက်ခဲလှတဲ့ စည်းကမ်းချက် (၂၈) ချက် ထုတ်ပြန်လာတာ၊ အဆိုးဆုံးကတော့ အရင်က မရှိခဲ့ဖူးတဲ့ စာပေစိစစ်ရေး ဗဟိုကြီးကြပ်မှုအဖွဲ့ တရားရုံးဆိုတာပေါ်ပေါက်လာပြီး ကျပ်သိန်း ၅ဝ အထိ စီရင်ပိုင်ခွင့်ရယူပြီး ဆုံးဖြတ်မယ် ဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒီလိုနည်းအားဖြင့် ဦးကျော်ဆန်းနဲ့ စာပေစိစစ်ရေးအဖွဲ့ဟာ သူတို့ လူစုတွေရဲ့ ဩဇာကိုကြီးသထက် ကြီးအောင် ဖန်တီးရင်း သတင်းနဲ့ စာပေလောကမှာ ဆက်လက် တင်းကျပ် ဖိနှိပ်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
http://burmese.dvb.no/
Summary only...