Thursday, January 20, 2011
၂၀.၁.၁၁ ရက်နေ့ရဲရင့်ငယ်ဒိုင်ယာရီ
--
မွန်းကြပ်ခြင်းမှကင်းဝေးပါစေ။
ပြည်တွင်းမေးလ်များသို့ တဆင့်ပို့ ၍မီဒီယာတိုက်ပွဲဆင်နွဲကြပါစို့.
su writing letter.jpg
17K View Download

47176340-PoisonClouds-Burmese.pdf
5999K View Download

47176385-Poison-Clouds-English.pdf
2330K View Download

20 Jan 2011 Yeyintnge's Diary.doc
3371K View Download

20 Jan 2011 Yeyintnge's Diary.pdf
3743K View Download
http://www.mediafire.com/file/87vhwo3j01tqh21/20%20Jan%202011%20Yeyintnge%27s%20Diary.doc
http://www.mediafire.com/file/0j7j2vnetyfuuiw/20%20Jan%202011%20Yeyintnge%27s%20Diary.pdf
20 Jan 2011 Yeyintnge's Diary
စစ်အစိုးရ နောက်ဆုံးလေးလပတ် လွှတ်တော် မခေါ်ခင် ကျင်းပမည်
2011-01-20
လက်ရှိ မြန်မာစစ်အစိုးရအဖွဲ့ နောက်ဆုံး လေးလပတ် အစည်းအဝေးကို ယခုလ ၂၃ ၊၂၄ နဲ့ ၂၅ ရက် တွေမှာ ကျင်းပမယ်လို့ သက်ဆိုင်ရာ ၀န်ကြီးတွေနဲ့ တိုင်းမှူးတွေကို ပျဉ်းမနား နေပြည်တော်မြို့ ကို ဆင့်ခေါ်ထားကြောင်း RFA က စုံစမ်းသိရပါတယ်။
http://www.rfa.org/burmese/news/junta%20_last_meeting_before_parliament-01202011105015.html
ဒေါ်အောင်ဆန်းစုကြည် အင်တာနက် ရပြီ
နေပြည်တော် ညွှန်ကြားချက် ကြောင့် အရေးကြီးမှတ်တမ်း များ ဖျက်ဆီး
နေပြည်တော်မှ ပေးပိုသည့် ညွှန်ကြား ချက် များ ကြောင့် ရန်ကုန် မြို့ ရှိ ဘဏ္ဍရေး ၀န်ကြီးဌာန လက်
အောက်ရှိ ရုံးများ အပါအ၀င် နိုင်ငံခြားရေး ဌာန နှင့် စီးပွား ၊ ကူးသန်း ၀န်ကြီး ဌာန တို့ တွင် ညွှန်ကြား
ရေးမှု များ နှင့် အရာရှိ များ ကိုယ်တိုင် စောင့်ကြပ် ပြီး အရေးကြီး စာရွက် စာတမ်း များ ကို မီးရှို့ ဖျက်ဆီး
သည် ဟု သတင်းရရှိသည်။
နေပြည်တော် ရှိ ဘဏ္ဍာရေး ၀န်ကြီးဌာ န တွင် လည်း စာရွက် စာတမ်းများ ကို မီးရှို့ ဖျက်ဆီးကာ
ကာကွယ်ရေး ၀န်ကြီး ဌာန နှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန မှ စာရွက် စာတမ်းများ ကို လည်း မီးရှို့ ဖျက်
ဆီး သည် ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အရာရှိ တစ်ဦး က Freedom News Group သို့ ပြောသည်။
စီးပွားရေးပိတ်ဆို့မှု နဲ့ ဦးဝင်းတင် အမြင်
By ဦးကျော်ဇံသာ ဗုဒ္ဓဟူး, 19 ဇန်နဝါရီ 2011
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးသုံးသပ်ခန်းမှာ ဦးကျော်ဇံသာ က နှစ်ရှည်လများ ပိတ်ဆို့ထားတဲ့ အနောက်နိုင်ငံ၊ ဒီမိုကရေစီနိုင်ငံများရဲ့  မြန်မာစစ်အစိုးရအပေါ် စီးပွားရေးပိတ်ပင်ထားမှုကို ရုတ်သိမ်းသင့်သလား။ ပြောင်းလဲမှုများအတွက် စီးပွားရေးပိတ်ဆို့မှုက အဟန့်အတားဖြစ်နေသလား စတဲ့ အကြောင်းအရာများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းတင် နဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEAN Foreign Minister Summit) ကနေ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေကို ပြန်လည်ရုတ်သိမ်းပေးဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး မေးချင်တာက ဆရာရဲ့  ပုဂ္ဂိုလ်ရေးသဘောထားထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  တရားဝင် သဘောထား ထုတ်ပြန်ထားပါသလား။
ဦးဝင်းတင် ။ ။ တရားဝင် သဘောထားလို့တော့ ပြောလို့မရဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားရှိတယ်။ နောက်တခါ ဦးတင်ဦး တို့ပြောတဲ့ စကားတွေရှိတယ်။ လွတ်လပ်ရေးနေ့တုန်းက စီးပွားရေးစာတမ်းတခု တင်ထားတာ ရှိပါတယ်။ အဲဒီအထဲမှာ sanction နဲ့ ပတ်သက်လို့ စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ သဘောထားတွေ ပါပါတယ်။ အဲဒါကဖြင့် ကျနော်တို့ရဲ့  တရားဝင်သဘောထားလို့ ပြောမယ်ဆိုလည်း ပြောလို့ရပါတယ်။ တခုတော့ရှိတယ် - sanction တခုတည်းတော့ မဟုတ်ဘူး။ ကျန်တဲ့ စီးပွားရေးလုပ်ငန်းတခုနဲ့ ပတ်သက်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီအထဲမှာမှ sanction နဲ့ ပတ်သက်တဲ့အပိုင်းကို ကွက်ပြီးတော့ ပြောပေးပါ။ တရားဝင်သဘောထား ဘယ်လိုလို့ ကျနော်တို့ နားလည်းရမလဲ။
ဦးဝင်းတင် ။ ။ Sanction နဲ့ ပတ်သက်လို့ နားလည်းရမယ့် သဘောထားကတော့ ဒီ sanction တွေဆိုတာက အနောက်နိုင်ငံများ၊ ဒီမိုကရေစီနိုင်ငံများအနေနဲ့ နိုင်ငံတနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေစီ ရိုက်ချိုးမှုတွေ ရှိလို့ရှိရင် အဲဒါတွေကို အရေးယူတဲ့အနေနဲ့ ပြည်သူများကို အကာအကွယ်ပေးတဲ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို လုပ်တဲ့ဟာ လုပ်မြဲအစဉ်အလာအတိုင်း လုပ်တာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဟာက ကျနော်တို့ကနေ ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ မဟုတ်ပါဘူး။ ကျနော်တို့က ဖိတ်ခေါ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေလည်း မဟုတ်ပါဘူး။ ဒါတွေက ကမ္ဘာနိုင်ငံများကနေ ထုံးတမ်းအစဉ်အလာအတိုင်း စစ်အာဏာရှင်နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေကို အရေးယူဆောင်ရွက်တဲ့ လုပ်ငန်းတခုမျှသာဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ သတ်မှတ်ချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို sanction ပေးထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရုတ်သိမ်းပါ၊ ဆက်လက်ကျင့်သုံးပါလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘာမှမပြောဘူးပေါ့။
ဦးဝင်းတင် ။ ။ မပြောပါဘူး။ ကျနော်တို့ ပြောဖို့ ရည်ရွယ်ချက်မရှိဘူး။ စောစောကပြောသလို ကျနော်တို့က ဖိတ်ခေါ်ထားတာလည်း မဟုတ်ဘူး၊ ပိတ်ဆို့ထားတာလည်း မဟုတ်ဘူး။ အဲဒီအတွက် ကျနော်တို့အနေနဲ့ ဘာမှပြောစရာ မလိုဘူး။ တကယ်ပြောရမယ့်ဟာကတော့ စစ်အစိုးရက ကျနော်တို့တတွေ ဒီလိုပိတ်ဆို့မှုတွေကို ရပ်ဆိုင်းပေးပါ၊ ရပ်ဖို့အတွက် လိုအပ်တဲ့ ဒီမိုကရေစီ ရိုက်ချိုးမှုတွေ၊ လူ့အခွင့်အရေး ပိတ်ပင်မှုတွေ၊ ဖောက်ဖျက်မှုတွေ ရှိတယ်ဆိုရင် ကျနော်တို့ ရပ်ဆဲပေးပါမယ်လို့ သူတို့ကိုယ်တိုင်က ပြောရမယ့်စကားဖြစ်တယ်။ ကျနော်တို့ ဘာမှဝင်ပြောစရာမရှိဘူးလို့ ယူဆပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပိုင်းကို မေးတာပါ။ အခု ဆရာရဲ့  သဘောထားကို မေးချင်ပါတယ်။ ဆရာအနေနဲ့ စစ်အစိုးရအပေါ်မှာ ပစ်မှတ်ထားပြီးတော့ targeted sanction ပေးထားတဲ့ဟာတွေကို ဆက်လက်ထားရှိဖို့ လိုလားတယ်လို့ ပြောထားတာကို တွေ့ရပါတယ်။ ဟုတ်ပါသလား။
ဦးဝင်းတင် ။ ။ ဟုတ်ပါတယ်။ ပြောပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ပစ်မှတ်ထားပြီး ချမှတ်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေဆိုတာ ဗမာပြည်မှာ ကြီးစိုးနေတဲ့ စစ်ဗိုလ်ကြီးတွေ၊ စစ်ဗိုလ်ကြီးတွေရဲ့  မိသားစုတွေက တခု။ နောက်တခါ ဒီ စစ်ဗိုလ်ကြီးတွေနဲ့ စစ်အာဏာရှင်တွေနဲ့ ပေါင်းသင်းပြီးတော့ တိုင်းပြည်မှာ လက်ဝါးကြီးအုပ်နေတဲ့ လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတခု ဖြစ်ပါတယ်။ ဒီဟာတွေတော့ ထားကိုထားရမယ်။ ထားလည်းထားသင့်တယ်။ ထားမှလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မတရား ဒီမိုကရေစီအခွင့်အရေး ပိတ်ဆို့မှုတွေ ရပ်ဆဲသွားမယ်လို့ မြင်လို့ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ တချို့ ကတော့ အဲဒီလို စစ်ဗိုလ်ကြီးတွေကို target ထားပြီးတော့ သူတို့ရဲ့  လက်ဝေခံတွေ၊ စီးပွားရေးကို လက်ဝါးကြီးအုပ် လုပ်နေသူတွေကို ပစ်မှတ်ထားပြီးတော့ အရေးယူဒဏ်ခတ်မယ်ဆိုပေမယ့် သူတို့ကို ထိခိုက်တယ် ထင်ပါသလား။ သူတို့ကို ဒီလို စီးပွားရေးကို ပစ်မှတ်ထားလုပ်လာပေမယ့် သူတို့က ဆက်လက် ကြီးပွားဆဲ၊ ချမ်းသားနေပြီး သူတို့ရဲ့  မူဝါဒ တစက်ကလေးမှ မပြောင်းလဲခဲ့ဘူးဆိုတော့ သူတို့ကို ပစ်မှတ်ထားတာ ပစ်မှတ်ကို ထိပါသလား။
ဦးဝင်းတင် ။ ။ ကျနော်က ဒီလိုပြောချင်တယ် - ပစ်မှတ်ထိခြင်း၊ မထိခြင်းဆိုတာကတော့ အမဲလိုက်တဲ့လူတွေလိုပေါ့။ ပစ်လိုက်တဲ့အခါမှာ လဲသွားရင်တော့ ထိတယ်လို့ ယူဆသလိုပေါ့။ အခုအခါဟာကတော့ စစ်အစိုးရအနေနဲ့က ဒီဟာ သူတို့ကိုထိတယ်။ သို့မဟုတ် စစ်အစိုးရနဲ့ အပေါင်းအဖော်တွေ ထိတယ်ဆိုတာ ထင်ရှားတဲ့အကြောင်းကတော့ ဘာလဲဆိုတော့ ကျနော်တို့ သွေးစက်တွေမြင်နေပြီ၊ လဲကျနေတာတွေ မြင်နေပြီ။ သူတို့ကို ထိခိုက်လို့သာ အော်နေတာပေါ့။ သို့သော် တခုရှိတာကတော့ ဒီဟာတွေကို သူတို့ကို ထိခိုက်တာ၊ မထိခိုက်တာထက်။ ဒါတွေကို တောင်းဆိုခြင်းမပြုဘူး၊ ပစ်မှတ်ထားပြီးလုပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ မရှိဘူးဆိုရင် သူတို့က ချမ်းသာကြွယ်ဝသွားမယ်။ တိုင်းပြည်ကို ပိုပြီးတော့ ဂုတ်သွေးစုပ်နိုင်မယ့် အနေအထားမျိုးရှိလာမယ်ဆိုတာကို ကျနော်တို့ နားလည်းရမယ်။ အဲဒါကို ကျနော်တို့ကတော့ ဘာပဲပြောပြော သူတို့တတွေ အော်သံတွေထွက်နေတာ တိုင်းပြည်မှာ ထိခိုက်ပါတယ်၊ နှစ်နာပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးမှုတွေကို နှောင့်နှေးပါတယ်၊ ကြန့်ကြာပါတယ်လို့ ပြောနေခြင်းဟာ သူတို့ကို ထိခိုက်လို့သာ အော်နေတာပေါ့။ နို့မို့ရင် သူတို့ဘာမှ အော်စရာမရှိဘူးလို့ ကျနော်တို့ ယူဆပါတယ်။ အဲဒီလိုပဲ ကျနော်ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တဖတ်ကကြည့်မယ်ဆိုရင် သူတို့ဟာ စီးပွားရေးပိတ်ဆို့မှု လုပ်တယ်ဆိုတာ တိုင်းပြည်ကို ထိခိုက်တယ်၊ တိုင်းသူပြည်သားတွေကို ထိခိုက်ပါတယ်လို့ ပြောနေတဲ့ဟာ သူတို့ရဲ့  စီးမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ သူတို့ရဲ့  မသမာမှုတွေအတွက် ရမယ်ရှာ အကြောင်းပြနေတာ သူတို့ရဲ့  pretext ပေါ့။ တိုင်းပြည်မှာ ဒီလို မတိုးတက်တာ သူတို့ကြောင့်ဆိုပြီး အကြောင်းပြစရာ ရမယ်ရှာစရာ တခုရနေတယ်ဆိုရင်ကော။
ဦးဝင်းတင် ။ ။ သူတို့ရဲ့  အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ ဘဏ္ဍာရေးစံနစ် မှားယွင်းမှုတွေကို ကာကွယ်ဖို့အတွက် ဒီ sanction တွေကို အကြောင်းပြနေတဲ့လို့ ဦးကျော်ဇံသာ မေးတာ အဲဒီသဘောလား။
ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။
ဦးဝင်းတင် ။ ။ ကျနော်တို့ ပြောချင်တာက ဘယ်လိုလည်းဆိုတော့ အခု sanction အကြောင်းကို ပြောတဲ့အခါမှာ ဒီ sanction ကြောင့် ထိခိုက်တယ် သို့မဟုတ် ပြည်သူလူထုကို ထိခိုက်တယ်၊ သို့မဟုတ် တိုင်းရင်းသားများကို ထိခိုက်တယ်၊ သို့မဟုတ် တိုင်းပြည်ရဲ့  ဖွံ့ဖြိုးမှုကို ထိခိုက်တယ်ဆိုတဲ့ အချက်တွေဟာ မမှန်ပါဘူးလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့ မမှန်ဘူးလို့ ပြောချင်သလဲဆိုရင် တိုင်းပြည်တပြည်လုံးကို ကြည့်ပါ။ သူတို့ရဲ့  စီမံခန့်ခွဲမှုတွေက ညံ့ဖျင်းပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာတွေမှာ ညံ့ဖျင်းပါတယ်။ စီးပွားရေးစံနစ်တွေ၊ ဈေးကွက်စီးပွားလိုပြောပေမယ့် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးမဟုတ်ဘဲ လူတစုကသာ လက်ဝါးကြီးအုပ် ချယ်လှယ်နေတဲ့ စီးပွားရေးစံနစ်ဖြစ်နေပါတယ်။ နောက်တခုက ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနေရာတွေမှာလည်း အများကြီးချို့ ယွင်းနေပါတယ်။ နောက်တခါ တိုင်းပြည်အတွင်းမှာလည်း အာဂတိလိုက်စားမှုတွေလည်း ကြီးမားစွာပေါ်နေပါတယ်။ အဲဒါတွေကြောင့် လူထုကို ထိခိုက်နေတာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ပြောချင်ပါတယ်။ အဲဒီတော့ ဒါတွေက စီးပွားရေးပိတ်ဆို့မှုကြောင့် ဖြစ်ရတယ်လို့ သက်သေထူစရာထက် ဒါတွေ ထင်ထင်ရှားရှားမြင်နေရတာတော့ အခု ကျနော် ထောက်ပြခဲ့တဲ့ စစ်အစိုးရရဲ့  အုပ်ချုပ်ရေးညံ့ဖျင်းခြင်း အခြေအနေတွေကြောင့် ပေါ်ပေါက်ရတယ်လို့ ပြောလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ စစ်အစိုးရကတော့ သူတို့က အဲဒါကို အသုံးချတာပေါ့။ သူတို့ ညံ့ဖျင်းမှု၊ အသုံးမကျမှုတွေကို ကာကွယ်ဖို့အတွက် sanction ကြောင့် ဖြစ်ပါတယ်လို့ လက်ညိုးထိုးပြီး အသုံးချနေတယ်လို့ ကျနော်က ပြောချင်တာပါ။
ဦးဝင်းတင် ။ ။ ဟုတ်ပါတယ်။ အသုံးချနေတာပါ။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ သူတို့ကိုလည်း မထိခိုက်တဲ့အပြင် ဒါကို သူတို့က ဒါကို အသုံးချနေတယ်ဆိုတော့ သူတို့အတွက် အဲဒီ sanction ရှိနေတာ အကျိုးရှိနေသလို ဖြစ်နေတာပေါ့။
ဦးဝင်းတင် ။ ။ ဒါ အမှန်ဖြစ်နေတဲ့ဟာပါ။ သူတို့က ဒါကို အကာအကွယ်ယူနေတယ်။ အကြောင်းပြနေတယ်။ ဒါကို အကြောင်းပြနေတယ်ဆိုတာနဲ့ ပတ်သက်လို့ သိပ်ပြီးထင်ရှားတဲ့အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲအကြောင်းပြနေပေမယ့် ပြည်သူလူထုကို မေးပါ၊ ပြည်သူလူထုကြားမှာ ဝင်ပြီး စုံစမ်းပါ။ ဘယ်လိုပြောမလဲ ပြည်သူလူထုက ဘာပြောမလဲ။ ဒီ စစ်အစိုးရက လုပ်ပုံကိုင်နည်းတွေ မှားနေတယ်။ မတရားတွေ လုပ်နေတယ်။ အခွန်အထုပ်တွေ အများကြီး အကြီးအကျယ်ကောက်နေတယ်။ ငွေလှယ်နှုန်း မမှန်မကန်လုပ်နေတယ်။ သို့မဟုတ်လည်း အုပ်ချုပ်ရေးစံနစ်တွေ ညံ့နေတယ်။ အာဂတိလိုက်စားမှုတွေ များနေတယ် - ဒါတွေပဲ ပြောကြလိမ့်မယ်။ sanction ကြောင့်လို့တော့ ဘယ်သူမှ သိပ်ပြီး ပြောလိမ့်မယ် မထင်ဘူး။ ဘာဖြစ်လို့ ဒီလိုပြောသလဲဆိုတော့ တိုင်းပြည်မှာ သူတို့က တိုင်းပြည်မှာ စကားရှိပါတယ် - ထားစရာမရှိတဲ့လူနဲ့ စားစရာမရှိတဲ့လူ နှစ်မျိုးပဲ ရှိတယ်လို့။ ဒီ sanction ကို စားစရာမရှိတဲ့လူက သူတို့ကို ထိခိုက်တယ်လို့ ပြောစရာအကြောင်းမရှိပါဘူး။ ထိခိုက်နေတာက ထားစရာမရှိတဲ့လူတွေကသာ သူတို့ ပိုပိုပြီး ထားစရာမရှိလောက်အောင် ပိုချမ်းသာကြွယ်ဝခြင်းကို ထိခိုက်စေတဲ့ ဒီ sanction ကိုသာ လက်ညိုးထိုးနေတာ ဖြစ်တယ်။
ဦးကျော်ဇံသာ ။ ။ နောက်တချို့ က ပြောကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ပြောင်းလဲသွားတဲ့ကိစ္စကို ကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံအရ လွှတ်တော်က ပြောင်းလဲတာ မဟုတ်ဘူး။ စီးပွားရေးအားဖြင့် သူတို့ cronies တွေ သူတို့ရဲ့  လက်ဝေခံတွေ ဒီလိုပဲ စီးပွားရေးလုပ်ရင်နဲ့ စီးပွားရေးကျယ်ပြန့်လာတဲ့အခါ သူတို့ စီးပွားရေးလုပ်ပိုင်ခွင့် ပိုမိုရရှိလာဖို့အတွက် ရုန်းကန်မှုဟာ အဓိကအရေးကြီးတဲ့ ကိစ္စဖြစ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာလည်း စစ်အစိုးရနဲ့ သူတို့ အပေါင်းအပါးတွေဟာ စီးပွားရေးလုပ်တဲ့ လူနည်းစုက ချမ်းသာကြီးပွားသထက်ကြီးပွားခဲ့ရင် သူတို့စီးပွားရေးဘောင်ချယ်ရင် ဒီ cronies တွေရဲ့  စီးပွားရေးဘောင်ချဲ့တာကတဆင့် ဒီမိုကရေစီပြုပြင်ရေးဖြစ်ဖို့ဘက်ကို အားသာလာစေတဲ့အကြောင်း မဖြစ်လာနိုင်ဘူးလား။
ဦးဝင်းတင် ။ ။ ဒီလိုဆိုရင်တော့ အဲဒါကျယ့်ပြန့်သွားမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ စီးပွားရေးသမားချင်းလည်း နှိုင်းယှဉ်ကြည့်ရမယ်လို့ ထင်ပါတယ်။ အရည်အချင်းလည်း ကွာလိမ့်မယ်လို့ ထင်ပါတယ်။ အင်ဒိုနီးရှားကလူတွေက စီးပွားရေးလုပ်ငန်းလုပ်နေတဲ့လူတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ နောက် လုပ်ငန်းအမြင်နဲ့ ကြည့်ပြီးတော့ ဒို့လုပ်ငန်းတွေ ဘောင်တွေဖြန့်ရင်ကောင်းမယ်ဆိုပြီး ချဲ့ ရင်ကနေ ဒီမိုကရေစီအခွင့်အရေးတွေ မြန်မြန်ပြောင်းလဲလာတဲ့ အနေအထားတွေရလာတယ်လို့ တွက်ရလိမ့်မယ်။ အခု ဗမာပြည်မှာရှိတဲ့ သူတို့ရဲ့  အပေါင်းအသင်းလို့ ပြောရမယ့်လူတွေပေါ့ - လက်ချိုးရေတွက်ရင် လေးငါးယောက်ပဲ ရှိပါတယ်။ အဲဒီ လေးငါးယောက်က သူတို့ရဲ့  စေတနာ၊ တိုင်းပြည်အပေါ်မှာထားတဲ့ဟာ စီးပွားရေးအမြင်တွေကတော့ အင်ဒိုနီးရှားလူတွေနဲ့ တန်တူယှဉ်တူရှိလိမ့်မယ်လို့ ကျနော်က သိပ်မထင်ပါဘူး။ အဲဒါကြောင့် သူတို့က သိပ်ပြီးတော့ ဘောင်တွေဘာတွေ ချဲ့ ဖို့ဆိုတာထက် သူတို့ sanction တွေဘာတွေ ရှိတဲ့ကာလမှာတောင် သူတို့ ပိုလိုတောင် အကျိုးအမြတ်ရှိတယ်လို့ တွက်ကောင်းတွက်လိမ့်မယ်။ သို့မဟုတ်လည်း လူကြားကောင်းအောင် sanction ကို နိုင်ငံရေးအားဖြင့် အန်အယ်လ်ဒီ တို့ဘာတို့ကို တိုက်ခိုက်လို့ရအောင် ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်လို့ရအောင် ပြောနေတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ပြောလို့ရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒီ sanction ကို ဆက်လက်ထားသင့်တယ်၊ မထားသင့်ဘူးဆိုပြီး ဒီမိုကရေစီ လိုလားတဲ့အင်အားစုတွေအကြားမှာလည်း သဘောကွဲ ငြင်းခုံမှုတွေ ရှိပါတယ်။ ဆိုတော့ ဒီကိစ္စဟာ ဒီမိုကရေစီအင်အားစုတွေကို အားပျော့စေတယ်လို့ ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တသွေးတသံ သဘောထားဖြစ်အောင် ဘယ်လိုများ လုပ်နိုင်ပါမလဲ။
ဦးဝင်းတင် ။ ။ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်ကို ပြန်ကြည့်မယ်ဆိုရင် sanction တွေ ရုတ်သိမ်းရေးဆိုတာတွေ ပေါ်ပေါက်ခဲ့ဘူးပါတယ်။ သို့သော် အဲဒီလူတွေအများစုဟာ ဒီမိုကရေစီသမားတွေ မဟုတ်ပါဘူး။ ဒီမိုကရေစီအတွက် ပြောတာမဟုတ်ပါဘူး။ စစ်အစိုးရ အလိုကျ၊ စစ်အစိုးရရဲ့  အသံတွေကို လိုက်ပြီးတော့ သံယောင်လိုက်တဲ့ အသံတွေသာ ဖြစ်ပါတယ်။ ဒီမိုကရေစီအသံတွေ မဟုတ်ပါဘူး။ အဲဒါကြောင့် ဒီနေ့ sanction တွေနဲ့ ပတ်သတ်ပြီး ရုတ်သိမ်းရေးပြောတဲ့ဟာတွေကလည်း ကျနော်အမြင်အရတော့ ဒါတွေက တိုင်းရင်းသားတွေရဲ့  အသံ၊ ဒီမိုကရေစီအင်အားစုတွေရဲ့  အသံလို့ ကျနော်က မယူဆဘူး။ အဲဒါကြောင့် sanction ရုတ်သိမ်းရေးပြဿနာဟာ ဒီမိုကရေစီသမားတွေကြား၊ တိုင်းရင်းသားတွေအကြားမှာ ပြဿနာဖြစ်အောင် ဖန်တီးနေတဲ့အရာဖြစ်တယ်လို့ မယူဆပါဘူး။ ဒါတွေက ဘာလိုပြောပြော အမျိုးမျိုးသောအကြောင်းများ၊ အကြောင်းကြောင်းကြောင့် စစ်အစိုးရရဲ့  လေသံကိုလိုက်ပြီး သံယောင်လိုက်ပြောနေတဲ့ အသံတွေဖြစ်တယ်။ နောက်တချက်ပြောချင်တာက ဘာပဲပြောပြော ဒီ ပုဂ္ဂိုလ်များရဲ့  ပြောတဲ့ဆိုတဲ့ အသံတွေကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းတို့မှာ အဟန့်အတားဖြစ်စေမယ်လို့ ကျနော်တို့က မယူဆပါဘူး။ အကောင်းဆုံးက ဒီ ပုဂ္ဂိုလ်များဟာ sanction ရုတ်သိမ်းရေးကို ကြွေးကြော်နေတာနဲ့အတူ လုပ်ဖို့ကောင်းတဲ့အလုပ်က ဘာလဲဆိုတော့ စစ်အစိုးရကို အော်ရမှာ - အန်အယ်လ်ဒီ ကို အော်ရမှာ မဟုတ်ဘူး။ ဒီမိုကရေစီ အင်အားစုတွေကို အော်ဖို့မဟုတ်ဘူး။ အနောက်နိုင်ငံတွေက အရေးယူလုပ်ထားတဲ့ နိုင်ငံကြီးတွေကို အော်ဖို့မဟုတ်ဘူး။ အော်ဖို့လိုတာက စစ်အစိုးရကို အော်ဖို့လိုတာ။ ဒီ sanction တွေ ရှိနေခြင်းဟာ ဗမာပြည်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးရှိနေလို့ ဖြစ်နေတာပါ။ ဒီ လူ့အခွင့်အရေးချိုးဖော်မှုတွေ၊ ဒီမိုကရေစီ ရိုက်ချိုးမှုတွေကို ရုတ်သိမ်းပါ၊ ရုတ်သိမ်းခြင်းအားဖြင့် sanction တွေ လျော့ပါးသွားပါမယ်။ အဲဒီလို လျော့ပါးသွားခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး သဘာဝကျကျ ပေါ်လာပါလိမ့်မယ်ဆိုတဲ့ဟာကို ပြောသင့်တယ်လို့ ပြောလိုပါတယ်။
http://www.voanews.com/burmese/
ဟောင်းမြေ့တာတွေက အောက်မေ့စရာတွေ
၆၃နှစ်ပြည့် လွတ်လပ်ရေးနေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အကျဉ်းကျ မိသားစုတွေကို တဦးချင်းစီ မဲနှိုက်ပြီး တာဝန်ယူတဲ့ အစီအစဉ်ကို ရေဒီယိုသတင်းတွေမှာ ကျမ နားထောင်လိုက်ရပါတယ်။ ဒီသတင်းကို နားထောင်ပြီး လွန်ခဲ့တဲ့ ၁၉၉၈က အကျဉ်းကျမိသားစုဝင် ကျမဘဝကို မွေးဖွားပေးခဲ့တဲ့ ဒေါက်တာသိန်းဝင်း+ ဒေါ်ကြည်ကြည်မြင့်နဲ့အတူ ကလေးမြို့ လူထုကို လှိုက်လှိုက်လှဲလှဲ သတိရမိပါတယ်။
၁၉၉၈ဟာ လင်စုံမယားဖက်၊ အသိုက်အမြုံ ဆိုတဲ့စကား ဘယ့်လောက် လေးနက်တယ်ဆိုတာ ကျမဘဝနဲ့ရင်းပြီး သိလိုက်ရတဲ့အချိန်ပါပဲ။ သေကွဲရှင်ကွဲလောကဓံက န.အ.ဖ ခေတ်မှာ ပိုများခဲ့တယ်ဆိုတာ အကျဉ်းထောင် အသစ်တွေနဲ့ အကျဉ်းကျ မိသားစုက သက်သေပြခဲ့ကြပါတယ်။ ခင်ပွန်းသည်က တိုင်းပြည်ချစ်စိတ်နဲ့ အကျဉ်းထောင်မှာ ကိုယ်ပိုင်နံပါတ် အတပ်ခံရတဲ့အခါ ဇနီးသည်ကျမက ခင်ပွန်းကိုပါရမီဖြည့်ဖို့ စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်လေးထောင်မှာ ထောင်ဝင်စာတွေ့ဖို့ ကြိုးစားရပါတော့တယ်။ အဲဒိအချိန်က နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ဒဏ်၁၄နှစ်နဲ့ ပြစ်ဒဏ် အများဆုံးချမှတ်ပြီး ဝေးလံခေါင်သီတဲ့ အကျဉ်းစခန်းတွေရှိရာကို ပို့ခဲ့တဲ့အချိန်ပါ။
ကျမသားလေးက ၄နှစ်အရွယ်ဘဲရှိသေးတာမို့ ၁၄နှစ်ဆိုတဲ့ ထောင်ဝင်စာခရီးကို ဖြတ်သန်းဖို့ ဘယ်လိုစီစဉ်မလဲလို့ ကျမမိဘဆွေမျိုးတွေ၊ ဖေဖေ့ရဲဘော် ကျမဦးလေးတွေ တိုင်ပင်ကြတယ်။ အဲဒိအချိန်မှာ ကမ္ဘာ့ကြက်ခြေနီ ICRC မရှိသေးပါဘူး။ ရွှေတကျပ်သား ၃သောင်းကျော် ၄သောင်းဈေးမှာ ခရီးစရိတ်ကလဲ ရွှေတကျပ်သားဖိုးလောက် ရှိပါတယ်။ အကျဉ်းကျမိသားစုတွေ လစဉ်မသွားနိုင်ကြသလို တခေါက်မှ မသွားနိုင်တဲ့ မိသားစုတွေလဲ ရှိပါတယ်။
ကြိုးစင်ဘဲရှိပြီး ထောင်ဆေးရုံ မရှိပါဘူး။ ထောင်ဆရာဝန် မရှိပါဘူး။
အိမ်ကနေ အဖမ်းခံရပြီးကထဲက ထောင်ဝင်စာ တခေါက်မှ မတွေ့ရဘဲ အဝေးကြီးကို ပို့လိုက်တယ်ဆိုတော့ စိုးရိမ်စိတ်နဲ့ ကျမအိမ်ကို ၁၅ကျပ်တိုးနဲ့ပေါင်ပြီး ထောင်ဝင်စာ တွေ့ခဲ့ရပါတယ်။ ဇွန်မှာ နိုင်ငံရေး အကျဉ်းကျ မိသားစုဝင်အဖြစ် ထောင်ဝင်စာတွေ့ခဲ့တဲ့ ကျမကို ကလေး မော်လိုက်လေးထောင်မှာ ပထမဦးဆုံး ထောင်ဝင်စာတွေ့သူအဖြစ် မှတ်တမ်းတင်မယ်လို့ ထောင်ပိုင်ဗိုလ်သာဦးက ငေါ့ပါသေးတယ်။
၁၉၉၈မေမှာ နိုင်ငံရေး အကျဉ်းသား၁၅ဦးနဲ့ ကလေး မော်လိုက်လေးထောင်ကိုဖွင့်ခဲ့တာပါ။ ဇွန်မှာ ကျမရောက်သွားတော့ ထောင်က အုတ်ရိုးနဲ့ ဗူးတံခါးဘဲ ပြီးပါသေးတယ်။ ထောင်က မြို့နဲ့၇မိုင်ဝေးပါတယ်။ ထောင်ဆိုတာ ရှေ့ပေါက်၊ နောက်ပေါက် ရှိရပါတယ်။ ရှေ့ပေါက်က ထောင်စကားနဲ့ပြောရင် ခြေထောက်နဲ့ ထွက်ရတဲ့အပေါက်။ နောက်ပေါက်ကတော့ ကျောနဲ့ထွက်ရတဲ့အပေါက်ပါ။ လူသေရင် နောက်ပေါက်က ထုတ်တာကို ထောင်စကားနဲ့ ပြောတာပါ။ မော်လိုက်လေးထောင်မှာတော့ တံခါးတပေါက်ပဲရှိပါတယ်။ လူသေကိုလဲ ရှေ့ပေါက်ကဘဲ ထုတ်ပါတယ်။ ကြိုးစင်ဘဲရှိပြီးထောင်ဆေးရုံမရှိပါဘူး။ ထောင်ဆရာဝန် မရှိပါဘူး။ ဒီလိုထောင်မှာ ထောင်ဝင်စာတွေ့ပြီး ကျမ စိုးတထိတ်ထိတ်နဲ့ ပြန်ခဲ့ရပါတယ်။
ဇူလိုင်မိုးဦးကျ ထောင်ဝင်စာခရီးက ကျမအပြန် ချင်းတွင်းမြစ်ကိုဖြတ်ရပါတယ်။ မြစ်တဖက်ကမ်းက စိမ်းညို့နေတဲ့ တောင်တန်းကြီးတွေက ဆည်းဆာအောက်မှာ မှုန်ပြာရီဝေလို့။ မိုးဦးကျမို့ ကမ်းနဖူးအပြည့် မြစ်ရေဘောင်ဘင်ခတ်ပြီး မြစ်ဂီတကို ကျူးရင့်နေတယ်။ မဟာမြိုင် တောင်ခြေရင်းက ကိုင်းရွာကို လှေနဲ့ကျမ ကူးခဲ့ရတာ။ ကိုင်းရွာကနေ မုံရွာကိုရောက်ဖို့ တညလုံး ကားစီးရအုံးမယ်။ ချင်းတွင်းရဲ့ အထင်ကရ ဝဲကြီးတွေထဲက “အထက်မှာပေ၊ အောက်မှာရွှေ၊ အလယ်ဝက်သိုက် မျက်ဖြူ ဆိုက်”ဆိုတဲ့အတိုင်း ကျမတကယ့်ကို မျက်ဖြူဆိုက်ခဲ့ရတယ်။ ကျမစိတ်ဝိဉာဉ်ကို နှစ်ခြမ်းခွဲပြီး သွားရတဲ့ ထောင်ဝင်စာ ခရီးပါ။ တောတောင်တွေထဲက ထောင်ထဲမှာ အကျဉ်းကျနေတဲ့ ခင်ပွန်းသည်ကို စိတ်မချတဲ့အပူ၊ ၄နှစ်အရွယ် လူမမယ်သားကို ဖွားအေနဲ့ ထားခဲ့ရတာမို့ ဒီအချိန်က သွေးလွန်တုတ်ကွေးရာသီဆိုတဲ့ စိုးရိမ်ပူပန်စိတ်က ကျမရင်ထဲ ဝဲကတော့ ထိုးနေတာများ ချင်းတွင်းမြစ်ကြီး ငိုလောက်တယ်။
ရန်ကုန်ရောက်ပြီး ၂လအကြာမှာ မော်လိုက်လေးထောင်ထဲမှာ ငှက်ဖျားတွေဖြစ်နေပြီဆိုတဲ့ သတင်းစကားက ကျမအသဲနှလုံးကို ဓားနဲ့မွှန်းလိုက်သလိုပါပဲ။ မှတ်မှတ်ရရ မြန်မာ့သတင်းသမဂ္ဂ ဒုဥက္ကဋ္ဌ ဦးဇင်လင်း (ဦးဌေးအောင်)က အဖွဲ့ချုပ်ရွှေဂုံတိုင်ရုံးမှာ အလုပ်များနေတဲ့အချိန်။ ကျမ ဒီသတင်းကိုပြောပြတော့ ဦးဇင်လင်းက “သမီး ဒေါ်စုကို စောင့်ပြီးတွေ့ပါလား။ ပြီးတော့ ဒီသတင်းကို ပြောပြ” လို့ ကျမကို အကြံပြုတယ်။ ရုံးဆင်းခါနီးအချိန်မှာ ဒေါ်စုနဲ့ကျမ တွေ့ခွင့်ရခဲ့ပါတယ်။ ကျမပြောပြတော့ ဒေါ်စုက “ငှက်ဖျားဆေးတွေ ဒေါက်တာတင်မျိုးဝင်းဆီမှာ ယူသွားဖို့နဲ့ ထောင်ဝင်စာကပြန်ရင် အန်တီနဲ့တွေ့ပါ၊ သတင်းစကား သိချင်တယ်”လို့ ဆိုပါတယ်။
အေးစိမ့်နေတဲ့ အုတ်နံရံတွေကြား၊ သော့ခလောက်သံတွေကြား၊ သံတိုင်တွေကြားမှာ ပိန်ချုံးနေတဲ့ ခင်ပွန်းသည်ကို ဝန်ထမ်းတွေက ထောင်ဝင်စာတွေ့ဖို့ တွဲထုတ်လာရတယ်။ အားနည်းနေပေမယ့် စိတ်ဆောင်နေတဲ့ ခင်ပွန်းသည် စကားက လေသံမာနေတယ်။ “ငါတို့အားလုံး ငှက်ဖျားဖြစ်နေတယ်။ ဆေးကုခွင့် မရှိဘူး။ အာဟာရရှိတဲ့ အစာလေး မပြတ်ရချင်တယ်။ ထောင်ဝင်စာမပြတ် ရှိမှဖြစ်မယ်။ ထောင်ဝင်စာ မလာနိုင်တဲ့သူတွေ အများကြီးပဲ။ ငါတို့အတွက် ဟင်းက အရေးကြီးသလို သတင်းကလဲ အရေးကြီးတယ်” တဲ့။
“ထောင်ဝင်စာမပြတ် ရှိမှ ဖြစ်မယ်။.. ငါတို့ အတွက် ဟင်းက အရေးကြီးသလို သတင်း ကလဲ အရေးကြီးတယ်”
ဒီစကားက ကျမအသွေးအသားထဲထိ စိမ့်နေအောင်ခံစားလိုက်ရတယ်။ ၂ပတ်တခါ ထောင်ဝင်စာ အမြဲတွေ့နိုင်ဖို့ ကျမ ကလေးမှာ နေမှဖြစ်မှာပေါ့။ ဒီတော့ ဈေးရောင်းရင်း ထောင်ဝင်စာ တွေ့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီဆုံးဖြတ်ချက်ကို ဒေါ်စုကိုပြောပြတော့ အန်တီက “ဘယ်သူမှမတွေးတဲ့ အတွေးကို သမီးတွေးတာ အန်တီကျေးဇူးတင်တယ်။ အန်တီ သမီးကို ပေးနိုင်တာကတော့ မေတ္တာပဲ” တဲ့။ အဲဒိမေတ္တာတွေနဲ့ အကျဉ်းကျ မိသားစုဝင်ကျမ ထောင်ဝင်စာ ၁ဝနှစ်ခရီးကို ဖြတ်သန်းနိုင်ခဲ့တာပါ။
ကျမကလေးမှာ အိမ်ငှားနေမယ်လို့ ဆုံးဖြတ်ပေမယ့် ဒေါက်တာသိန်းဝင်းဇနီး ဒေါ်ကြည်ကြည်မြင့်က “ညည်းက မိန်းမသားတယောက်ထဲ နေရမှာ။ ထမင်းဟင်း ချက်တတ်တယ်မို့လား။ ငါတို့နဲ့နေ။ ဆရာလဲ ထောက်လှမ်းရေးတပ်ထဲမှာ ထိန်းသိမ်းခံနေရတယ်။ ငါတို့လဲ မိန်းမသားတွေချည်း ရပ်တည်နေရတာ” လို့ပြောပါတယ်။ အန်တီကြည်က ရတနာပုံ ထီဆိုင်ကြီး ဖွင့်ထားတာပါ။ ဆင်ဝင်အိမ်လို့ ခေါ်ကြတဲ့အတိုင်း အိမ်ကြီးက အကြီးကြီးပါ။ ရုပ်ဝတ္ထုအရ၊ စိတ်စေတနာအရ ရတနာပုံအိမ်ကြီးမှာ ခုချိန်ထိ အကျဉ်းကျ မိသားစုတွေ တည်းခို နေထိုင်နိုင်ခဲ့ပါတယ်။ ရတနာပုံအိမ်ကြီးက ကလေးမြို့ရဲ့ ICRC ပါပဲ။ ကျမကို ကဗျာဆရာ ဖျာပုံနီလုံဦးက ကလေးက ကဗျာဆရာ မြဆင့်ချယ်ဆီစာရေးပြီး မိတ်ဆက်ပေးလိုက်ပါတယ်။ ကျမဆရာ မြဆင့်ချယ်ကို တွေ့တဲ့အချိန်မှာသင်္ကန်းဝတ်ကြီးနဲ့ပါ။ ဒုလ္ဘဘဝတ်ရာကနေ ကွယ်လွန်ချိန်ထိ သာသနာ့ဘောင်မှာ မြဲသွားတဲ့ ဆရာမြဆင့်ချယ်က ကျမတို့ နိုင်ငံရေး အကျဉ်းကျ မိသားစုတွေကိုမြင်မှ နိုင်ငံရေးကို ပိုခံစားမိတယ်တဲ့။ ကျမတို့ကိုလဲ မေတ္တာခရီးသည်တွေဆိုပြီး သူတတ်နိုင်သလောက် ကူညီခဲ့ပါတယ်။
ကလေးလူထုက ရိုးသားတယ်။ အေးချမ်းတယ်။ သနားကြင်နာတတ်တယ်။ စီးပွားရေးတောင့်တင်းပြီး သဒ္ဓါတရားကောင်းတဲ့ မြို့လူထု ဖြစ်ပါတယ်။ကျမအတွက် မေ့မရနိုင်တဲ့ ဒေသန္တရသမိုင်းတွေ၊ ဒေသ
စကားတွေ အများကြီးကြုံခဲ့ရတယ်။ မောစရာတွေကြားက ရယ်စရာတွေကလဲ ကျမဘဝမှာ အမှတ်ရစရာတွေပါပဲ။ ဆရာမြဆင့်ချယ်က ကျမကိုတွေ့တွေ့ချင်း “ဒကာမကြီး ဘာမှမပူနဲ့။သရဝဏ်(ပြည်)လဲ ကလေးကို ရောက်ဖူးတယ်။ သူလဲ ဦးဇင်းနဲ့ ရင်းနှီးတယ်။ သူနဲ့ဦးဇင်း ရန်ကုန်မှာ ညားကြသေးတယ်” အမလေး…………….။ ဒီစကားကြားပြီး ဦးဇင်းကို မော့မကြည့်တော့သလို စိတ်ထဲကလဲ “ယောက်ျားချင်းကြိုက်တာ ငါ့ပြောစရာလား ရှက်စရာကြီးလို့ ကဲ့ရဲ့မိတယ်။ နောက် ဒီလိုဦးဇင်းနဲ့ စကားမပြောတော့ဘူး။ ဆရာဖျာပုံနီလုံဦးကိုလဲ မဆက်ဆံနဲ့လို့ ပြောရမယ်” ကျမတွေးပြီးချက်ခြင်းပြန်ခဲ့ပါတယ်။ နောင်မှ ကလေးမှာ တယောက်နဲ့ တယောက်တွေ့တာ၊ ဆုံတာကို “ညား”တယ်လို့ သုံးမှန်းသိရတယ်။ ဒီတော့မှ ဦးဇင်းကို ကျမစကားပြန်ပြောဖြစ်တာ။
ကလေးကသူတွေက ငပိအချိန်၂ဝ-၃ဝ တင်ပြီး စက်ဘီးတစီးနဲ့ ဈေးရောင်းရတဲ့ ကျမကိုမြင်တိုင်း “ဆင်းရဲလိုက်တာ”ပြောတတ်ကြပါတယ်။ မှတ်မှတ်ရရ ဒေါ်လှဌေး ပန်းတိမ်ဖိုကို ကျမ ဈေးဝင်ရောင်းတော့ ဒေါ်လှဌေးက ရေနွေးဗန်းချပြီး ခရီးဦးကြိုတယ်။ ကျမကို ငပိဖိုးပေးပြီး “မသန္တာ တော်တော် ဆင်းရဲတာပဲ”လို့ဆိုပါတယ်။ ကျမကလဲရှက်ရှက်နဲ့ “ဟုတ်ကဲ့ ကျမတို့ ငွေကြေးဆင်းရဲတယ်။ ဂုဏ်သိက္ခာဘဲ ချမ်းသာပါတယ်” လို့ပြောတော့ ကျမကို ဘာမှပြန်မပြောဘဲ ငေးငေးကြီး ကြည့်နေတယ်။ ကလေးမှာ အနေကြာမှ ပင်ပန်းတာကို “ဆင်းရဲတယ်”လို့ သုံးမှန်း သိရတော့တယ်။ ကလေးနဲ့ ၇မိုင်ဝေးတဲ့ ထိုမာရွာမှာ ကျန်းမာရေးဝန်ထမ်း ဆရာမကြီး ဒေါ်တင်လှိုင်နေပါတယ်။ သူ့ယောက်ျားက ကလေး NLDအတွင်းရေးမှူး ဦးဘမင်းပါ။ အဲဒိအချိန်က မြစ်ကြီးနားထောင်မှာ အကျဉ်း ကျနေပါတယ်။ သူကဘဝတူကျမကို သူ့ရွာမှာဈေးရောင်းဖို့ ဖိတ်ပါတယ်။ ဒီတော့သူ့ကို ဆေးကုဖို့ ရွာနီးချုပ်စပ်က လာခေါ်ရင် ကျမကိုပါ ခေါ်သွားတတ်တယ်။ ငပိသည်နဲ့ ဆေးသည် စက်ဘီးတစီးဆီ စီးပြီး ထောင်ဝင်စာ အရှာထွက်ကြတာပေါ့။
တနေ့တော့ ဆရာမကြီးက ကျမကို လှမ်းပြောတယ်။“မသန္တာပေါင်အုံး”တဲ့။ ကျမလဲ လန့်သွားတယ်။ငါ့ကို ဘာများ ထပ်ပေါင်ခိုင်းမလဲ မသိဘူးပေါ့။ ငါ့အိမ်ပေါင်တာလေး ဆုံးသွားပြီပဲပေါ့။ ဒါပေမဲ့ ရင်းနှီးနေတဲ့ ဆရာမကြီးကို စကားနဲ့ အဖြေပေးရမှာပေါ့။ “ဆရာမကြီး ကျမမှာ ပေါင်စရာ မရှိတော့ဘူး။ တန်ဖိုးရှိတာလေးတွေလဲ ကုန်ပြီ။ အိမ်လဲ အပေါင်ဆုံးသွားပီ” ဆိုတော့ ဆရာမကြီး ရယ်ပါတော့တယ်။” “ကျမက သွေးပေါင်ချိန်တာကို ကူခိုင်းတာ”တဲ့။ သြော်………..ကူညီပါကို “ပေါင်အုံး”လို့ ပြောကြတာကိုး။
ကလေးမြို့ လူထုရဲ့ ချစ်ခင်ရင်းနှီးမှုကြောင့် ကျမတို့ အကျဉ်းကျ မိသားစုတွေရဲ့ ဘဝ လုံခြုံခဲ့ရတယ်။
ဒီဒေသစကားကို အမှီပြုပြီး လုပ်အားပေးရတဲ့ ဒေသခံတွေအကြောင်းကို “အားချတယ်” လို့သုံးလို့ စာပေစိစစ်ရေးကနေ “လက်ယန္တရား”ဆိုတဲ့ ခရီးသွားဆောင်းပါးလေး လွတ်လာတယ်။ ဒီလိုအလွဲတွေနဲ့ ကျမကို ကလေးမြို့လူထုက သနားကြင်နာ စောင့်ရှောက်ကြတယ်။ ထောင်ဝင်စာ အတွက် သူတို့တတ်နိုင်တာလေးတွေ ထည့်ပေးကြတယ်။ ဒါကြောင့် ခင်ပွန်းသည်နဲ့ဘဝတူ နိုင်ငံရေး အကျဉ်းသားတွေအတွက် ကျမသတင်းတွေ ပေးနိုင်သလို ဟင်းတွေလဲ ပေးနိုင်ခဲ့တယ်။
ကျမရဲ့ ပထမဘဝကို မိဘကမွေးဖွားခဲ့ပြီး အကျဉ်းကျ မိသားစုအဖြစ် ဒုတိယဘဝကို ဒေါက်တာသိန်းဝင်း+ဒေါ်ကြည်ကြည်မြင့်တို့နဲ့အတူ ကလေးမြို့လူထုက မွေးဖွားပေးခဲ့လို့ ခင်ပွန်းသည်အတွက် ထောင်ဝင်စာ ၈ နှစ်၊ ဘဝတူ အကျဉ်းကျ မိသားစုတွေအတွက် ထောင်ဝင်စာ၂ နှစ် ပေါင်း ၁ဝ နှစ်ခရီးကို ကျမ ဖြတ်သန်းနိုင်ခဲ့တာပါ။
ကလေးမြို့လူထုရဲ့ ချစ်ခင်ရင်းနှီးမှုကြောင့် ကျမတို့ အကျဉ်းကျ မိသားစုတွေရဲ့ ဘဝလုံခြုံခဲ့ရတယ်။ အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေအတွက် တတ်နိုင်သမျှ ဒါနချ ကူညီတဲ့ ကလေးမြို့လူထုက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်တွေကို လက်တွေ့ အကောင်အထည် ဖော်မယ်ဆိုတာ ကျမ နက်နက်ရှိုင်းရှိုင်း ယုံကြည်မိပါတယ်။
ကျမတို့ပြည်သူလူထုက “မြင်းကြမ်းစီးရင် ဇက်ကြိုး ကိုင်တတ်ရတယ်” ဆိုတဲ့ စကားပုံကို ဘဝပေးအသိနဲ့ သိနေကြသူတွေဘဲမဟုတ်ပါလား……………….။
http://mizzimaburmese.com/edop/songpa/6747-2011-01-20-06-18-59.html
စစ်မှုထမ်း ဥပဒေမူကြမ်း မသမာမှု လမ်းဖွင့်နေဟု NLD ဝေဖန်
ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၉ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အငြင်းပွားဖွယ်ရာ ပြည်သူ့စစ်မှုထမ်းဥပဒေမူကြမ်းမှာ မလွဲမသွေ စစ်မှုထမ်းရန် ဆင့်ခေါ်ရမည့် ဥပဒေတရပ်ဖြစ်နေသည့်အတွက် မသမာမှုများဖြစ်ပေါ်အောင် လမ်းဖွင့်ပေးနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဝေဖန်လိုက်သည်။
“ ဤဥပဒေ အတည်ပြုပြီးနောက် နည်းမျိုးစုံဖြင့် မသမာမှုများရှိလာစေရန် လမ်းဖွင့်ထားသကဲ့သို့ ဖြစ်ပါသည်။ ထို့အပြင် အဖက်ဖက်က ယိုယွင်းလျက်ရှိသော နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေးစနစ်များကြောင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရသော အောက်ခြေလူတန်းစားအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးတခု ဖြစ်လာနိုင်ဖွယ်ရှိသည်” ဟု NLD ၏ ယမန်နေ့ထုတ် ကြေညာချက်တွင် ပါရှိသည်။
ထို့ပြင် “၁၉၅၉ ခုနှစ် ပြည်သူ့စစ်မှုထမ်း အက်ဥပဒေတွင် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ယခု ၂ဝ၁ဝ ထုတ်ပြန်လိုက်သည့် ဥပဒေသည် မလွဲမသွေ စစ်မှုထမ်းရန် ဆင့်ခေါ်ရမည့် ဥပဒေဖြစ်ပါသည်” ဟုလည်း ယမန်နေ့နေ့စွဲတပ် NLD ကြေညာချက်တွင်ပါရှိသည်။
မနှစ် နိုဝင်ဘာ ၇ ရက် နေ့စွဲဖြင့် အကန့်အသတ်ဖြင့် ဖြန့်ဝေသော စစ်မှုထမ်း ဥပဒေ မူကြမ်းမှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင် အာဏာတည်မည်ဟု ပြန်တမ်းတွင် ပါရှိသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေ အတည်ဖြစ်လာလျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသားတိုင်းနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးတိုင်း ၂ နှစ်ထိ စစ်မှုထမ်းရမည် ဖြစ်သည်။ အစိုးရက အရေးပေါ် အခြေအနေ သတ်မှတ်ထားလျှင် ၅ နှစ်အထိ စစ်မှုထမ်းကာလကို တိုးမြှင့်နိုင်သည်။
လွှတ်တော်တွင် ရှုထောင့်အစုံစုံမှ သုံးသပ်ဝေဖန်ပြီးမှ လွှတ်တော်က ဆုံးဖြတ်ပြဋ္ဌာန်းသင့်သည်ဟုလည်း NLD က ပြောသည်။
စစ်မှုထမ်း စာရင်းပေးသွင်းရန် ပျက်ကွက်သူမှာ ထောင် ၃ နှစ် ကျနိုင်ပြီး ဟန်ဆောင် ရှောင်လွှဲလျှင် ၅ နှစ်အထိ အပြစ်ပေးခံရမည်ဟုလည်း ဆိုထားသည်။
မြန်မာနိုင်ငံတွင် စစ်သည်အင်အား စုစုပေါင်း ၅ သိန်းခန့် ရှိသည်ဟုဆိုသော်လည်း စစ်အစိုးရ တပ်ရင်းများတွင် သတ်မှတ်ထားသည့် တပ်အင်အားထက် လျော့နည်းနေသည်ဟု မြန်မာအရေး လေ့လာသူများက သုံးသပ်ကြသည်။
http://mizzimaburmese.com/news/inside-burma/6752-----nld-.html
အရေးကြီးပြီ သွေးနီးကြစို့
အရေးကြီးပြီ သွေးနီးကြစို့
ဒီမိုကရေစီအင်အားစု အတော်များများနဲ့ အတိုက်အခံ အင်အားစုတွေ အားလုံးက နအဖကိုတိုက်ခိုက်မှ မှန်တယ်လို့ ယူဆကြပါတယ်။ ယုံကြည်ယူဆတဲ့ အတိုင်းလည်း အနည်းဆုံး နှုတ်စကားနဲ့ပဲ ဖြစ်ဖြစ် အမြဲတိုက်ခိုက်နေခဲ့ ကြပါတယ်။ ဒါပေမယ့် အားလုံးရဲ့ အင်အားမပါရင် အရွေ့မရှိရင် အလုပ်မဖြစ်ဘူး ဆိုတာကို တခါတရံမှာ သူတို့မေ့လျော့ နေကြပါတယ်။
အဓိကအချက်တခုက သူတို့က အမြဲတစေ မလွဲမသွေ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံပေးနေကြတာပါပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရဲ့ ခေါင်းဆောင်ဖြစ်သလို အတိုက်အခံ အင်အားစုအားလုံးရဲ့ ထိပ်တိုက်ရင်ဆိုင်ရေးခေါင်းဆောင်လည်း အလိုအလျောက် ဖြစ်လာခဲ့ပါတယ်။

ဒီနေ့ ဒီအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NLD ကို အမည်သစ်၊ လူသစ်၊ စိတ်သစ်တွေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ အချိန်အခါ အခြေအနေသင့်နေပါပြီ။ ပြည်သူတွေရဲ့ ပြဿနာပေါင်းစုံကို ရှေ့တန်းတင်စဉ်းစားပြီး ပါတီတွင်း ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ပါတီတရပ်ပေါ်ထွန်းဖို့ အချိန်ရောက်နေပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို တကယ် လက်ခံယုံကြည်တဲ့ အင်အားစုတွေ ဝန်းရံထားတဲ့ အတွေးသစ်၊ အမြင်သစ် လုပ်ဟန်သစ်တွေနဲ့ အနာဂတ်ကို ပုံဖေါ်ဖို့ အချိန်ကျရောက်လာပါပြီ။ လူငယ်ကွန်ယက်ဆိုတာ တိုးတက်ပြောင်းလဲမှုအားလုံးရဲ့ အစတခုပါ။ ဒီကွန်ယက်ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပေးမယ်။ တတ်သိပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံရေး အတွေးအခေါ်ရှင်တွေက ဝန်းရံပေးကြမယ်ဆိုရင် ဒါဟာခေတ်သစ်ရဲ့အစလို့ ဆိုနိုင်ပါတယ်၊
ဒီအင်အားစုအားလုံးကို စုစည်းပြီး နိုင်ငံရေးအင်အားစု တရပ်အဖြစ် ထူထောင်လိုက်ရင် ဒီမိုကရေစီလမ်းစကို မြင်ရဖို့ မဝေးတော့ပါဘူး၊
ထိပ်တိုက် ရင်ဆိုင်ရေးသမားတွေ၊ အပြုတ်တိုက်ရေးသမားတွေကလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၊ ကိုယ့်အစွမ်းအစနဲ့ကိုယ် လှုပ်ရှားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှုထဲ ဆွဲမထည့်ကြဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းမဖက်တဲ့နည်းနဲ့ ရင်ကြားစေ့ရေး၊ တွေဆုံဆွေးနွေးရေးကို သီးခြားလွတ်လပ်စွာ လှုပ်ရှားခွင့်ပြုခဲ့ရင် တိုးတက်မှုတွေ မြင်လာရမှာပါ။
ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ကြိုးပမ်းနေချိန်မှာ တတ်သိပညာရှင်များကလည်း တိုင်းပြည်ရဲ့ စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းရှာရပါမယ်။ တိုင်းရင်းသားများက စည်းလုံးညီညွတ်ရေး တည်ဆောက်နေချိန်မှာ နိုင်ငံရေးသမားအပေါင်းကလည်း တိုင်းပြည်အတွက် သင့်တော်တဲ့ နိုင်ငံရေးလမ်းစဉ်များကို ချမှတ်နိုင်ရပါမယ်။
တိုင်းပြည်တခုလုံးကို ဦးသန်းရွှေတယောက်တည်းက ချုပ်ကိုင်နေတာ မှန်ပေမယ့် ပြဿနာအားလုံးကို ဦးသန်းရွှေတယောက်တည်းက ဖြေရှင်းလို့ မရတာ သေချာပါတယ်။ ဦးသန်းရွှေကို ဝန်းရံပိတ်ဆို့နေကြတဲ့ ကိုယ်ကျိုးရှာ အလိုတော်ရိတစုရဲ့နှောက်ယှက်မှုတွေကိုလည်း မျက်ခြေမပြတ် အနီးကပ် စောင့်ကြည့်နေဖို့ လိုပါတယ်။ ဦးသန်းရွှေ တဦးတည်းက အာဏာရှင်ဖြစ်နေသမျှ အထက်အဏာပိုင်နဲ့ နီးကပ်လေ၊ ပြည်သူနဲ့ဝေးလေ လမ်းမှားလိုက်လေ ဖြစ်နေမှာပါ။
ဒေါ်အောင်ဆန်းစုကြည် လက်ရှိကျင့်သုံးနေတဲ့ လမ်းစဉ်က ပြည်သူနဲ့နီးလေ၊ အာဏာရှင်နဲ့ ဝေးလေ၊ ဒုက္ခပေးခံရလေ အဖြစ်မျိုးမဖြစ်အောင် နားလည်မှု တည်ဆောက်နေတာ ဖြစ်ပါတယ်။ အလွန်လည်း မှန်ကန်ထိရောက်ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ ထောက်ခံပံ့ပိုးမှုတော့ မရသေးပါဘူး။ အကြမ်းမဖက်ရေး အင်အားစုအသီးသီးက ဝိုင်းဝန်းပံ့ပိုးကြဖို့လိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း လက်ရှိအခြေအနေကို နိုင်ငံရေးသမားတချို့နဲ့ မီဒီယာတွေက ပုံဖော်နေကြတဲ့ အဖိနှိပ်ခံပြည်သူတွေက တဘက်၊ ဖိနှိပ်သူ အစိုးရကြီးကတဘက်လို့ မမြင်ကြဖို့ လိုပါတယ်။ အကြောင်းကတော့ အစိုးရဝန်ထမ်း ၉၅ ရာခိုင်နှုန်းလောက်ဟာလည်း ဖိနှိပ်ချုပ်ချယ်မှုပေါင်းစုံကို ခံစားနေကြရလို့ပါပဲ။ ကျန်တဲ့ ၅ ရာခိုင်နှုန်းပင်လျှင် ဦးသန်းရွှေကို သစ္စာခံထားကြတာ မဟုတ်ပါဘူး။ စစ်တပ်ထဲမှာပင်လျှင် ဗိုလ်ချုပ်အဆင့် မဆိုထားနှင့် ဒု ဗိုလ်ချုပ်ကြီးများပင် သစ္စာခံမထားပါဘူး။ ဦးသန်းရွှေကလည်း သူတို့ကို မယုံပါဘူး။ ဒု ဗိုလ်ချုပ်ကြီးအဆင့်က ဦးသန်းရွှေကို တွေ့ချင် ကန်တော့ချင်ရင်တောင် ခွင့်မပြုပါဘူး။ လုပ်ကြံမှာစိုးလို့ ဘယ်သူ့မှ အကပ်မခံပါဘူး။
အဲဒီလူတွေကို သူ့လူတွေပဲဆိုပြီး အကုန်တိုက်နေဖို့ မလိုပါဘူး။ ကိုယ့်အလုပ်ကိုယ် ပီပြင်အောင် လုပ်ဖို့က ပိုအရေးကြီးပါတယ်။ တပ်မတော် တခုလုံး ကိုယ့်ဘက်ပါလာစေချင်ရင် ကိုယ်က လေးစားစရာ ကောင်းအောင် အရင်နေပြဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ရှေ့တန်းတင် အားကိုး ခိုလိုက်နေကြလို့ မရပါ။
မိမိတို့ဘာလုပ်သင့်တယ်။ ဘာကိုအရင်လုပ်ကြရမယ်ဆိုတာ သိအောင် အရင်လုပ်ကြရပါမယ်။ အပြောင်းအလဲကို တကယ်ပဲ လိုလားပြီး တကယ် ဖန်တီးရပါမယ်။ လူတန်းစား အလွှာအသီးသီးက အပြောင်းအလဲကို တကယ် လိုလားလာအောင် စည်းရုံးရပါမယ်။ နည်းလမ်းကို လမ်းညွှန်နိုင်ရပါမယ်။ အခြေအနေကို ဖန်တီးပေးကြရပါမယ်။
ဒီအတွက် ပြည်သူတွေက ငွေကုန်စရာမလိုပါ။ နိုင်ငံခြား စွက်ဖက်မှုကိုလည်း စောင့်ဖို့မလိုပါ။ ပထမဆုံး မိမိကိုယ်တိုင် ယုံကြည်ဆုံးဖြတ်ဖို့ပဲလိုပါတယ်။ လုပ်ဆောင်ဖို့ပဲလိုပါတယ်။ ညီညွတ်ဖို့နဲ့ လေ့လာဖို့တော့ လိုပါတယ်။
“ပြဿနာဆိုသည်မှာ အခြားမဟုတ်။ အဖြေက ရုပ်ဖျက်ထားခြင်းသာ ဖြစ်သည်” ဆိုတဲ့ ဆိုရိုးစကား ရှိပါတယ်။ “No one can save us, from us, but us” ဆိုတဲ့စကားဟာလည်း ဘာသာတရား အဆုံးအမ အားလုံးနဲ့ ကိုက်ညီပါတယ်။
ခေါင်းဆောင်တွေက နားလည်ကြပြီး ပြည်သူတွေကို လက်ခံကျင့်သုံးလာအောင် လမ်းညွှန် စည်းရုံးနိုင်ဖို့ လိုပါတယ်။ ပြည်သူတွေအနေနဲ့က “ဒီမိုကရေစီ ရရှိရေး” လို့ အော်နေမှ မဟုတ်ပါဘူး၊ မိမိလက်တွေ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်အောင် ဝိုင်းဝန်းကြိုးစားကြဖို့ပဲ လိုပါတယ်။
စက်ရုံအဆင့်၊ ရပ်ကွက်ကျေးရွာအဆင့်မှာ ဖြေရှင်းလို့ရတဲ့ ပြဿနာတွေရှိပါတယ်၊ အောက်ခြေအဆင့်မှာပဲ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံသူတို့ ပူးပေါင်းအဖြေရှာကြရပါမယ်။ အောက်ခြေမှာ အဖြေမရှိသေးရင် မြို့နယ်၊ ခရိုင်၊ တိုင်းကိုတက်ပြီး အဖြေရှာရမှာပါ၊ မနက်ဖြန် အဖြေတွေ့မယ်၊ နောက်တနှစ်မှာ အားလုံး ကောင်းသွားမယ်လို့တော့ မျှော်လင့်လို့မရပါဘူး။ သို့သော် တိုးတက်မှုတွေ အဆက်မပြတ်တွေ့လာရပြီး အချိန်နဲ့အမျှ အောင်မြင်မှုတွေ ရလာမှာပါ။
ကျနော်တို့အနေနဲ့ နအဖကို ရင်ဆိုင်ရာမှာ အနည်းငယ်ခက်ခဲ့ရတဲ့ အကြောင်းတခုကတော့ အခြေအနေမှန်ကို ရှုမြင်ရာမှာ အနည်းငယ် ပုံစံလွဲနေလို့ ဖြစ်နိုင်ပါတယ်။ ကျနော်တို့က နအဖကို ရှုမြင်ရင် မီဒီယာတွေပုံဖော်သလိုပဲ ထိပ်တိုက် ဆန့်ကျင်ဖက် အင်အားစုကြီး ၂ ခုအဖြစ် ရှုမြင်ကြပါတယ်။
အသေအချာ ခွဲခြားကြည့်ရင် နအဖ အစိုးရနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားခြင်း အမှန်တကယ် ထိပ်တိုက်ဆန့်ကျင်ဘက် ဖြစ်နေတဲ့နေရာက အင်မတန်နည်းပါတယ်။ လူတိုင်းမိမိတိုင်းပြည်ကို တိုးတက်ကြီးပွားစေချင် ကြတာပါပဲ။ ပြည်သူတွေက အာဏာကို အတင်းလုယူပြီး နအဖတွေကို ထောင်ထဲထည့် နှိပ်စက်ချင်နေတာ မဟုတ်ပါဘူး၊ ပြည်သူအများစုကြီးက ကိုယ့်အလုပ်ကိုယ် အေးချမ်းစွာလုပ်ပြီး အသက်မွေးချင်ကြတာပါ၊
နအဖကလည်း ပြည်သူတွေ ဆင်းရဲကြောက်လန့်ပြီး ထွက်ပြေးကုန်စေချင်တာ မဟုတ်ပါဘူး။ ပြည်သူတွေ ဒုက္ခရောက်ရခြင်း အကြောင်းအရင်း အများစုဟာ အုပ်ချုပ်ရေး ညံ့ဖျင်းမှုကြောင့်သာ ဖြစ်ပါတယ်။ ထိပ်ဆုံးက အာဏာပိုင်တွေ အတွက်သာ အကောင်အထည်ဖော်ပေးတဲ့ အုပ်ချုပ်ရေး ယန္တယားကြီးရဲ့ ဖောက်ပြန်ယိုယွင်းနေမှုကြောင့် ဖြစ်ရတာပါ။ ဒီမိုကရက်တစ်ပါတီတွေ အာဏာရလာချိန်မှာလည်း ဒီအုပ်ချုပ်ရေး ယန္တယားကြီးကို ပြုပြင်နိုင်မှသာလျှင် ပြည်သူတွေ ချမ်းသာရာရလာနိုင်ပါတယ်။
တကယ်မှာ အထူးလွဲမှားနေတာက ယိုယွင်းနေတဲ့ အုပ်ချုပ်ရေး ယန္တယားရဲ့ အစိတ်အပိုင်းလေးတခုဖြစ်တဲ့ မြန်မာစစ်တပ်က အာဏာပိုင်လူတန်းစား တရပ်လို ဖြစ်နေတာပါပဲ။ ဖွဲ့စည်းပုံအသစ်မှာ စစ်တပ်ဟာ အပြည့်အဝအာဏာပိုင် လူတန်းစားမဟုတ်တော့ပေမယ့် အာဏာရဲ့ ၄ ပုံ ၁ ပုံကို လုယူထားသူတွေဖြစ် နေဦးမှာပါ။ ပိုအရေးကြီးတာက အုပ်ချုပ်ရေး ယန္တယား တော်တည့်မှန်ကန်လာ ဖို့ပါပဲ။
နောင်တချိန် ဒီမိုကရေစီအင်အားစုတွေ အာဏာအပြည့် ရလာရင်တောင် ယိုယွင်းနေတဲ့ အုပ်ချုပ်ရေး ယန္တယားနဲ့ ဖောက်ပြန်တဲ့ ဝန်ထမ်းတွေ ဆက်လက် လှုပ်ရှားနေကြမယ်ဆိုရင် တိုင်းပြည်ဟာ ဆင်းရဲတွင်းက မထွက်နိုင်ဘဲ ပြည်သူတွေလည်း ဒုက္ခပင်လယ်ဝေ နေဦးမှာပါပဲ။
ပါတီများရဲ့ တာဝန်က အာဏာပိုင်နိုင်အောင် ကြိုးစားမှုအပြင် တရားရေးအဖွဲ့အစည်းတွေက ဥပဒေစိုးမိုးရေး ဆောင်ရွက်လာအောင်၊ ဝန်ထမ်းတွေ ခြစားဖောက်ပြန်မှု လျော့ပါးလာအောင် အစီအမံတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ၊ လိုအပ်ချက် ဖြည့်ဆည်းမှုတွေကို ယခုကတည်းက အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။
ကျနော်တို့ဟာ ကိုယ်ရင်ဆိုင်နေရတဲ့ ပြဿနာတခုကို ရှုထောင့်တခုကသာကြည့်ပြီး တပြည်လုံး ပြဿနာအတွက် အဖြေမှန်တခုတည်းကို ရှာနေရင် မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်ကိုစမ်းသပ်သလို အဖြေတလွဲ ထွက်နေမှာဖြစ်ပါတယ်။ နေရာအလိုက်၊ ကဏ္ဍအလိုက်၊ အချိန်အလိုက် ပြဿနာ အမျိုးမျိုးအတွက် အဖြေအမျိုးမျိုးကို ရှာဖွေဆက်စပ်နိုင်မှသာ တိုင်းပြည်အတွက် အကျိုးရှိပါလိမ့်မယ်။
ခေါင်းဆောင်လုပ်သူများက အခြေအနေမှန်ကို ယထာဘူတကျအောင် ရှုမြင်ပြီး မကြာခင်က စတင်ခဲ့တဲ့ လူငယ်ကွန်ယက်လို ကွန်ယက်အသီးသီးကတဆင့် စတင် အကောင်အထည်ဖော်လို့ ရပါတယ်။
နအဖဖြစ်စေ၊ ပြည်ထောင်စု ကြံ့ဖွံ့ခိုင်ရေးနှင့် ဖွံ့ဖြို့ရေးပါတီ (ကြံ့ဖွံ့ပါတီ) +ဖြစ်စေ ဦးသန်းရွှေနဲ့ တသားတည်း အလုံးအခဲကြီးအဖြစ် ရှုမြင်လို့မရပါဘူး။ ၎င်းတို့ကို ခွဲခြမ်းစိတ်ဖြာ ကြည့်မြင်နိုင်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။
ကြံ့ဖွံ့ဆိုတာ ကျောရိုးမရှိတဲ့၊ ဦးနှောက်မရှိတဲ့ ကြိုးဆွဲရာကနေတဲ့ ရုပ်သေးရုပ် သက်သက်ပဲ ဖြစ်ပါတယ်။ အလားတူပဲ စွမ်းအားရှင်ဆိုတာလည်း ရဝတ အဆင့်က လက်သပ်မွေးထားတဲ့ လက်မရွံ့ လူမိုက်တစုပဲ ဖြစ်ပါတယ်။ ရဝတနဲ့ ပြည်သူနဲ့ ဆက်သွယ်စကားပြောလိုက်ရင် စွမ်းအားရှင်ဆိုတာ ပြည်သူတွေရဲ့ လက်သုံးတောင်ဝှေး ဖြစ်လာနိုင်ပါတယ်။
ကိုယ့်ကျေးရွာ ဥက္ကဋ္ဌ၊ ရပ်ကွက်ကော်မတီဝင်တွေနဲ့ စကားမပြောကြရင်၊ ပြောဖို့မကြိုးစားကြရင် ဒီအခက်အခဲတွေဟာ မပပျောက်နိုင်ဘဲ ရှည်ကြာနေလိမ့်မယ်ဆိုတာ ပြည်သူတွေ လက်ခံလာအောင် ပြောပြ နိုင်ရပါမယ်။ ကိုယ်တိုင်က တာဝန်ယူမှုမရှိကြရင် တိုးတက်မှုကို မျှော်လင့် လို့မရနိုင်ယုံမက ပိုမိုဆိုးရွားတဲ့ ကံကြမ္မာတွေ ကျရောက်လာနိုင်ပါတယ်။
ဦးသန်းရွှေရဲ့လက်ရင်းလူယုံ ကပ်ဖားများပင်လျှင် တယောက်ကို အကျိုးစီးပွားတမျိုးစီနဲ့ ရှင်သန်နေကြတာ ဖြစ်ပါတယ်။ ဦးသိန်းဇော်ကိုဖြစ်စေ၊ ဦးသောင်းကိုဖြစ်စေ၊ ဦးအောင်သောင်းကိုဖြစ်စေ၊ ဦးစိုးသာကိုဖြစ်စေ သူ့နည်းသူ့ဟန်နဲ့ ချဉ်းကပ် ထွက်ပေါက်ပေး ပြုပြင်မယ်ဆိုရင် ပြောင်းလဲ တိုးတက်လာနိုင်ပါတယ်။
ယခုအချိန်မှာ ဘီလူးသဘက်လိုဖြစ်နေကြတဲ့ ဦးသန်းရွှေရဲ့ မိသားစုဝင်များဟာလည်း လွန်ခဲ့တဲ့နှစ် ၂၀ က သူလိုငါလို လူများသာဖြစ်ကြပါတယ်။ သူတို့ရှေ့မှာ အစွယ်ကျိုးသွားကြတဲ့သူတွေရဲ့ဘဝကို မသိကြလို့ အာသာငမ်းငမ်း ဖြစ်နေကြတာပါ။ မှန်ကန်တဲ့ ချဉ်းကပ်လှုပ်ရှားမှုတွေ လုပ်ခဲ့ကြရင် အခြေအနေ အားလုံးဟာ ပုံမှန်ကိုပြန်ရောက်ပြီး ပြည်သူတရပ်လုံး ရွှင်ပြုံးနိုင်မယ့် တနေ့ကို မကြာမီရောက်လာမှာ မလွဲသေချာပါပဲ။
အရေးအကြီးဆုံးက တာဝန်သိတဲ့ပြည်သူတိုင်း ကိုယ့်အခန်းကဏ္ဍကို တာဝန်ယူပြီး အခုချိန်မှာ ညီညီညာညာ အလုပ်လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။
“ညံ့တဲ့စစ်သားမရှိ၊ ညံ့တဲ့စစ်ဗိုလ်သာရှိတယ်” လို့ ဆိုရိုးစကားရှိပါတယ်။ ကျနော်တို့ ပြည်သူများဟာ အလွန်တော်တဲ့ ပြည်သူများဖြစ်တယ်ဆိုတာ ဘယ်သူမှ အငြင်းမပွားကြပါ။ တခါတုန်းက ဗြိတိသျှဘုရင်ခံက “အိန္ဒိယတွင် ခေါင်းဆောင်ကောင်းပေါများ၍ နောက်လိုက်ကောင်း နည်းပါးသည်။ ဗမာပြည်တွင် ခေါင်းဆောင်ကောင်းရှား၍ နောက်လိုက်ကောင်းပေါသည်” လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ကျနော်တို့မှာ မျိုးဆက်သစ် ခေါင်းဆောင်ကောင်းများ အညွန့်ပြူထွက်နေကြပါသည်။ ကွန်ရက်များမှတဆင့် သူတို့ကို နေရာပေး မြှင့်တင်ပေးဖို့ လိုပါသည်။ လူကြီးများက ဘုတ်ထိုင် ထိုင်မနေကြဘဲ လူငယ်များကို ဝန်းရံ၊ ပံ့ပိုး၊ နေရာပေးကြဖို့ အချိန်ကျရောက်ပါပြီခင်ဗျား။
http://www.bur.irrawaddy.org/index.php/special/letter-from-burma/5521-2011-01-20-11-14-13
ခင်မောင်ထွန်းကို အရေးယူဖို့တော့လိုလာပြီ၊
ရန်ကုန်တိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ဦးခင်မောင်ထွန်းသည် ဥက္ကဌ (ကိုယ်စား) လက်မှတ်များရေးထိုးကာ ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူပိုင်တိုက်ခန်းများတွင် နေထိုင်သူများကို အတင်းဖယ်ရှားခိုင်းပြီး ဖယ်ပေးခြင်းမရှိပါက လုံခြုံရေး ရဲအင်အားများ အသုံးပြုဖယ်ရှားခြင်းများ ပြုလုပ်ပြီးနောက် ထိုပြည်သူပိုင်တိုက်များကို ရွှေမြိုင်အောင်ဆောက်လုပ်ရေး မန်နေဂျင်းဒါရိုက်တာ ဦးတင်စိန်သို့ သိန်းပေါင်းမြောက်များစွာ ဖြင့် ရောင်းချခြင်း(သို့) ပြန်လည်ဆောက်လုပ်ခွင့်ပေးခြင်းတို့ ပြုလုပ်ပြီး ရရှိသောအကျိုးအမြတ်များကို ကိုယ်ကျိုး အဖြစ် အသုံးပြုနေသူတစ်ဦးဖြစ်ပါသည်။
ပြည်သူပိုင်တိုက်ခန်းများတွင် နေထိုင်သူများမှ မိမိတို့နေထိုင်ရခြင်း အထောက်အထား စာရွက်စာတမ်းများကို ဥက္ကဋ္ဌ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့ တင်ပြသောအခါ အတွင်းရေးမှူး ဦးခင်မောင်ထွန်းမှ ထိုစာများကို အာဏာအလွဲသုံးစားပြုပြီး တင်ပြခြင်းမရှိဘဲ စာလာရောက်တင်ပြသူများကို မချေမငံဆက်ဆံပြီး၊ တိုင်ချင်ရာတိုင်နိုင်ကြောင်း၊ ဘယ်သူ့မှ ကြောက်ရန်မလိုကြောင်း၊ ယခုအချိန်မှာ အာဏာရှိလူကြီးများကလဲ လွှတ်တော် ကိစ္စနှင့် အလုပ်များနေ၍ တိုင်ကြားစာများကိုလဲ အရေးယူခြင်းပြုလုပ်မည်မဟုတ်ကြောင်း ပြောကြားပြီး၊ မိမိအာဏာ အလွဲသုံးစားပြုလုပ်ပြီး ပြည်သူပိုင်တိုက်များကို ကိုယ်ကျိုးအဖြစ် ရောင်းစားခြင်းပြုလုပ်နေသူဖြစ်ပြီး ရွှေမြိုင်အောင် ဆောက်လုပ်ရေးမှ ဆောက်လုပ်နေသည့်တိုက်များ၏ ရာဇဝင်ကို ဝင်ရောက်စစ်ဆေးလျှင် ဦးခင်မောင်ထွန်းမှ ပြုလုပ် ရောင်းချသော တိုက်များဖြစ်ကြောင်း တွေ့ရှိရပါသည်။
ယခု ၁၈.၁.၂ဝ၁၁ နေ့ကလဲ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၃-လမ်းရှိ အမှတ်(၁၇၉/၁၈၅) ရှိ (၄)ခန်းတွဲ (၃)ထပ်တိုက်ရှိ အခန်းပေါင်း(၁၂)ခန်းအားလဲ ဦးခင်မောင်ထွန်းက တဝတ ဥက္ကဋ္ဌ(ကိုယ်စား) လက်မှတ်ရေးထိုးကာ ရဲအင်အားသုံးပြီး အနိုင်အထက်ပြုဖယ်ရှားမှု ပြုလုပ်ခဲ့ပါသည်။
တိုက်၏ရာဇဝင်မှာ ယခင်က အိန္ဒိယမှ ကုလားအဖိုးကြီးပိုင်သောတိုက်ဖြစ်ပါသည်၊ ဦးနေဝင်းလက်ထက်၌ ပြည်သူပိုင်သိမ်းခဲ့သောတိုက် ဖြစ်ပါသည်၊ ပြည်သူပိုင်သိမ်းပြီးနောက် ကုလားအဖိုးကြီးမှာ အိန္ဒိယသို့ ပြန်သွားခဲ့ပါသည်။ တိုက်၏ အလယ်ထပ် (၄)ခန်းမှာ ပြည်သူပိုင်မသိမ်းခင်ကတည်းက ကုလားအဖိုးကြီးထံမှ အခကြေးငွေဖြင့် ဝယ်ယူထားသော ကိုယ်ပိုင်တိုက်ခန်းများဖြစ်ပါသည်၊ မြေညီထပ်(၄)ခန်းမှာနေထိုင်သူများမှာ ယခင်က စစ်ဘက်မှ အရာရှိကြီးများဖြစ်ကြပြီး စစ်မှုထမ်းဟောင်းကြီးများလည်း ဖြစ်ကြပါသည်၊ စစ်တပ်မှ အရပ်ဖက်သို့ပြောင်းကာ စက်မှု(၁)မှာတာဝန်ထမ်းဆောင်ခဲ့သူများဖြစ်၍ နိုင်ငံတော်အစိုးရမှ ထိုတိုက်တွင် တရားဝင် နေထိုင်ခွင့်ပေးထားပါသည်၊ အပေါ်ဆုံးထပ်မှာနေထိုင်သူ (၂)ဦးမှာလည်း တစ်ဦးမှာ စစ်ဖက်ဆိုင်ရာအရာရှိကြီး စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး၊ ဗိုလ်သင်တန်းမှာ ငွေဓါးဆုရခဲ့သူ ထက်မြက်တဲ့စစ်ဗိုလ်တစ်ဦးဖြစ်ပါတယ်၊ နောက်တစ်ဦးမှာ ဝဏ္ဏကျော်ထင်ဘွဲ့ ရသူတစ်ဦး နေထိုင်ကြပါသည်၊ နေထိုင်ခဲ့သောနှစ်များမှာ အနှစ်(၃ဝ)(၄ဝ)(၅ဝ) သက်တမ်းများပင်ကြာခဲ့ပါပြီ။
ယခုအခါ စက်မှု(၁)မှ ဦးကျော်ထင်ဆိုသူက ဆိုင်းထိုးကာ လည်းကောင်းတိုက်တွင်နေထိုင်သူများမှာ စက်မှု(၁)ပိုင်တိုက်ခန်းများကို ကျူးကျော်ဝင်ရောက်နေထိုင်သူများဖြစ်ကြောင်း မတရားစွပ်စွဲကာ ဖယ်ရှားရန်အတွက်စာထုတ်ခဲ့ပါသည်၊ မြို့လည်ခေါင်မှတိုက်ခန်းများကို မည်သူက ကျူးကျော်ဝင်ရောက်နေထိုင်လို့ရမည်နည်း၊ စစ်ဖက်ဆိုင်ရာအရာရှိကြီးများကလဲ သူများပိုင်တိုက်ပေါ် ကျူးကျော်ဝင်ရောက်နေထိုင်ကြမည့်သူများလဲ ဟုတ်ပါ့မလား၊ နည်းနည်းလေးမှ သဘာဝမကျ၊ စက်မှု(၁)မှ ဦးကျော်ထင်စာထုတ်ထားမှုကို တဝတ အတွင်းရေးမှူး ဦးခင်မောင်ထွန်း မှ တဝတ ဥက္ကဌ ကိုယ်စား ဆိုင်းထိုးကာ ရဲအင်အားသုံးပြီး အနိုင်အထက်ပြုကျင့်ကာဖယ်ရှားခဲ့ကြပါသည်၊ တရားဝင်နေထိုင်သူများဖြစ်ကြောင်း တင်ပြချက်များကို လက်မခံ ငွေမျက်နှာတခုတည်းသာကြည့်၍ အတင်းအဓမ္မ ရဲအင်အားသုံးဖယ်ရှားခိုင်ပါတော့တယ်၊ ဒီလိုသာ မိမိအာဏာကို အလွဲသုံးစားလုပ်ကာ ပြည်သူပိုင်တိုက်ခန်းများမှာနေထိုင်သူများကို တရားဥပဒေမဲ့ ရဲအင်အားသုံးပြီးဖယ်ရှားနေလျှင် ရန်ကုန်မြို့တစ်မြို့လုံးရှိ ပြည်သူပိုင်တိုက်ခန်းများတွင် နေထိုင်သူများမှာ အိုးမဲ့အိမ်မဲ့ဘဝသို့ရောက်ကြရတော့မည်။
ယခုလဲ နိုင်ငံဝန်ထမ်းအကြီးအကဲများရဲ့ မိသားစုများ အိုးမဲ့အိမ်မဲ့ဘဝသို့ရောက်ကျရပါပြီ။ တဝတ အတွင်းရေးမှူး ဦးခင်မောင်ထွန်းကို အရေးယူဖို့တော့လိုလာပြီ၊ ယခုအခါမှ အရေးမယူလျှင် နောက်ပိုင်းဆို ရန်ကုန်မြို့ရှိ ပြည်သူပိုင်တိုက်ခန်းများတွင်နေထိုင်သူများ အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်ကြရတော့မည်၊ ၁၈.၁.၂ဝ၁၁ နေ့ကလဲ စစ်မှုထမ်းဟောင်းကြီးများ နိုင်ငံဝန်ထမ်းအရာရှိကြီးများတောင် ခွေးမောင်းသလို မောင်းချခံခဲ့ရသည်မှာ ရင်နာစရာအဖြစ်ဆုံးဖြစ်ရပ်ဖြစ်ပါသည်၊
ပေးပို့ သူ ....KKLG
မြန်မာစာကို ချောင်ထိုးပစ်မှာလား
မြန်မာစာကို ချောင်ထိုးပစ်မှာလား



အဆိပ့်သင့်တိမ်များ
http://xa.yimg.com/kq/groups/20354587/1778031036/name/47176340-PoisonClouds-Burmese.pdf
47176340-PoisonClouds-Burmese
http://xa.yimg.com/kq/groups/20354587/1651505001/name/47176385-Poison-Clouds-English.pdf
http://www.mediafire.com/file/kshzg9s6slkhd52/47176340-PoisonClouds-Burmese.pdf
http://www.mediafire.com/file/vd90gh71c110r0g/47176385-Poison-Clouds-English.pdf
တိရိစ္ဆာန် ဖြစ်သွားတဲ့ လူ
မြန်မာပြည်ကပို့သည့်စာ..။
ကျွန်တော်တို့ အိမ်နီးချင်း ထိုင်းနိုင်ငံက (၂၀-၉-၂၀၀၆)ရက်နေ့ နံနက်(၁း၃၀)ခွဲတိတိမှာ Thai ဘုရင့်တပ်မတော်က Thai နိုင်ငံ ၀န်ကြီးချုပ်
သက်ဆင်ရဲ့ အာဏာကို သိမ်းယူခဲ့ပြီး (၆)လအကြာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ရေးဆွဲပြီး ပြင်ဆင်ခဲ့ပါတယ်။ အဲဒီလို Thai နိုင်ငံကဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ရေးဆွဲလို့ နစ်နာသွားတဲ့ Thai ပြည်သူတွေကိုလျော်ကြေး ပေးပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ဖွဲ့စည်းပုံပြန်လည်ပြင်ဆင် ရေးဆွဲပြီး နစ်နာသွားတဲ့ ပြည်သူတွေစီက ထပ်တောင်းပါတယ်။
အခုတလော TDMA ဖုန်းတွေကို လိုင်းပိတ်ပြီး (၅)သိန်းဖုန်း၊ ဒါမှ မဟုတ်CDMA ကမ်းရိုးတန်းဖုန်းတွေနဲ့ ငွေအလိုက်ပေးခိုင်းပြီး အစိုးရက အတင်း
လဲခိုင်းနေပါတယ်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုကိုအကောင်အထည်ဖော်ဆောင်နေတာပါ ဆိုပြီးတော့ ပြည်သူတွေ ဆီက အမျိုးမျိုး
ငွေညစ်ယူနေတာကတော့ အလွန်ကို ရုပ်ပျက်လွန်းပါတယ်။ နိုင်ငံတော်ကို လက်ရှိအုပ်ချုပ်နေတဲ့ နိုင်ငံခေါင်းဆောင်ကြီး သိ/မသိတော့ မသိပါဘူး။ TDMAဖုန်းတွေ စထုတ်ပေးတုန်းက အစိုးရကို တရားဝင် သွင်းငွေ ၁၅၀၀၀၀၀ သိန်းသွင်းပြီးမှ ဖုန်းအသုံးပြုခွင့်ရတာပါ။ အခုတော့ဗျာ အစိုးရကိုတရားဝင်သွင်းငွေ (၅)သိန်းဘဲ သွင်းရတဲ့ ဖုန်းနဲ့ လဲလှယ်ရင်တောင် အလိုက်(၁၅၀၀၀၀) ပေးရမယ်၊ သူနဲ့ သွင်းဈေးအတူတူ ဖြစ်တဲ့
ကမ်းရိုးတန်းဖုန်းနဲ့လဲချင်ရင် အလိုက်(၇၅၀၀၀၀) ပေးရမယ်ဆိုတော့ ငါတို့သတ်မှတ်ချင်တာ သတ်မှတ်လို့ရတယ်၊ ငါတို့လုပ်ချင်တိုင်း လုပ်လို့ရတယ်
ဒီကောင်တွေ ဘာမှ မတတ်နိုင်ဘူး ဆိုတဲ့ အပေါက်မျိုးချိုးနေတာပါ။ တကယ်တန်းသာပြည်သူ့အကျိုးကို ကြည့်မယ် ဆိုရင် ခေတ်မမှီတော့တဲ့ TDMA ဖုန်းတွေကိုလဲလှယ်မယ်ဆိုရင်တောင် လွတ်လပ်တဲ့ မျှတတဲ့ လဲလှယ်မှု စည်းမျဥိးမျိုးကိုဘဲထုတ်သင့်ပါတယ်။
အခုလို မြန်မာ့ ဆက်သွယ်ရေးက ထုတ်ပြန်တဲ့ စည်းမျဉ်းတွေဟာ တယ်လီဖုန်းညွှန်ချုပ် သူ့သဘောနဲ့ သူထုတ်ပြန်တာလားတော့ မသိပါဘူး။ ဒါပေမဲ့ အောက်ခြေကပည်သူလူထုတွေ နစ်နာနေတယ်ဆိုတာတော့ သိဖို့ ကောင်းပါတယ်။ကျွန်တော်တို့အိမ်က မြန်မာ့ဆက်သွယ်ရေးရဲ့ မူအမျိုးမျိုးကြောင့် နစ်နာရတဲ့ငွေပေါင်းဟာ သိန်းပေါင်း (၅၀)ကျော်ပါပြီ။။ အရင် (၈ ၈ x x x) နဲ့ စတဲ့ဒပ်ဖုန်းတွေတုန်းကလဲ အစိုးရ သွင်းဈေး (၂၀၀၀၀၀)ဆိုပေမဲ့ ကျွန်တော်တို့လက်ရှိ တကယ်ဝယ်တော့ (၂၈၀၀၀၀၀)ပါ။ အဲဒီ ဖုန်းတွေတုန်းကလဲ မလဲမနေရကမ်းရိုးတန်းဖုန်းနဲ့လဲလှယ်ရမယ်၊ အလိုက် (၈)သိန်းပေးရမယ်ဆိုပြီးအတင်းလဲလှယ်ခိုင်းလို့ သိန်းပေါင်းများစွား နစ်နာခဲ့ရပြီးပါပြီ။ အခုလဲ
TDMA ဖုန်းတွေကို လိုင်းပိတ်ပြီး အတင်းလဲလှယ်ခိုင်းပြန်ပါပြီ။ကျွန်တော်တို့အိမ်မှာ TDMA (၂)လုံးရှိပါတယ်။ တစ်လုံးက အစိုးရစီကနေ
လျောက်ထားပြီး ကျတာ ဖြစ်ပေမဲ့ တစ်လုံးကတော့ 2003ခုနှစ်က ကာလတန်ကြေး(၃၄၀၀၀၀၀)နဲ့ ၀ယ်ထားရတာပါ။ IT ခေတ် ဖြစ်လာတဲ့အလျောက် Modern နိမ့်တဲ့ဖုန်းတွေ ဈေးကျတာကို လက်ခံပါတယ်။ ခေတ်မမှီတော့လို့လဲလှယ်ရမယ်ဆိုရင်တောင် အစိုးရ သွင်းဈေးနဲ့ ထိုက်တန်တဲ့လဲလှယ်မှုမျိုးဘဲဖြစ်သင့်ပါတယ်။ ငါတို့ သတ်မှတ်ချင်တဲ့နှုန်းသတ်မှတ်လို့ရတယ် ဒီကောင်တွေ ဘာမှ မတတ်နိုင်ဘူးဆိုတဲ့ စိတ်ဓါတ်နဲ့လုပ်နေရင်တော့ ပြည်သူ့တွေစီက ကောက်ခံလို့ရတဲ့ အခွန်ငွေကိုလစာအနေနဲ့စားပြီး ပြည်သူတွေကို ပြန်စော်ကားနေရင် အစားကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့ တိရိစ္ဆာန် အဆင့်ဘဲရှိပါတယ်။ ဒီရာထူးနဲ့ ထိုက်တန်တယ်ဆိုပြီး
တာဝန်ပေးထားတဲ့ အထက်လူကြီးတွေလဲ ညံရာကျပါတယ်၊ ကိုယ့်ကိုနစ်နာအောင်လုပ်မယ့်သူအတွက် အခွန်ငွေ ပေးဆောင်နေရတဲ့ ပြည်သူတွေအနေနဲ့လဲ
အရမ်းကို နစ်နာပါတယ်ခင်ဗျာ။ ဒီလိုစိတ်ဓါတ်မျိုး ရှိတဲ့သူကိုမွေးထုတ်ပေးခဲ့တဲ့ မိဘတွေ၊ သွန်သင်ပြသခဲ့တဲ့ ဆရာသမားတွေ အနေနဲ့လဲ
အလွန်ကို ရှက်ဖို့ကောင်းပါတယ်။
မခံစားနိုင်လွန်းလို့ ဖောက်ခွဲလိုက်တာပါ။ စိတ်အနှောက်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်။
Aung Si Hein
(20-1-2011) 9:30
အခြားမဲ့ ၌ မှတပါး အခြားမရှိပြီ....ခိုင်အောင်ကျော် ( နယူးယောက် )
နှင်းတွေငိုတဲ့နေ့ 
မည်သို့ ဆိုစေ သည်နေ့ သည်လည်း နှင်းတွေပြိုကျလာသည့်နေ့ မှန်း မြင်နေရသည်၊ ပြတင်းပေါက်က မြင်နေရသည်မှာ နှင်းမိုးတွေ တသဲသဲနှင့် ။ လမ်းမပေါ်မှာ သွားနေသော ကားတွေခေါင်မိုးတွေကသာ နှင်းဖြူဖြူတွေ
ဖုံးအုပ်ခံရမှူက လွပ်သည်။ ရပ်ထားသော ကားတွေက နှင်းတွေဖုံးလွှမ်းထားတာမြင်ရတော့ စိတ်ထဲမှာ ပျော်စရာလိုလို၊ ပြတင်းပေါက်တွေကို မဖွင့်နိုင်လောက်အောင် အေးစက်နေသည်။ အခန်းထဲတွင် အပူချိန်ပေးထားသောကြောင့် နေရထိုင်ရတာ အဆင်ပြေနေသည်။ သို့ မဟုတ်က ရေခဲအမှတ် သုညအောက်ရောက်နေသော အမေရိကန်နိုင်ငံ နယူးယောက်မြို့  အအေးဆုံးအချိန်မှာ လူ့ တကိုယ်လုံးရေခဲတုံးကြီး ဖြစ်သွားနိုင်သည်။ ခါတိုင်းလိုပင် မနက်စာမစားသောက်ခင် သတင်းတွေဖွင့်ဖတ်ရန် ကွန်ပြူတာကို ဖွင့်လိုက်မိသည်။ သည်အချိန်မှာ ချက်ချင်းသတင်းပေးထားသော သတင်းဆိုးတပုဒ်ကို မြင်လိုက်ရသည်။ တေးရေးဆရာရွှေကျော်ထွန်း ယနေ့  မနက် - ရ - နာရီမှာ ကွယ်လွန်သွားရှာပြီ-ဆိုသော သတင်းဖြစ်သည်။
စိတ်ထဲတွင် မကောင်းလှတော့ပါ။ အနုပညာသည်တွေ ကွယ်လွန်သွားရှာကြပြီဆိုမှဖြင့် ကျွန်တော့်စိတ်မှာ အထူးနှမြှောဝမ်းနည်း တသယူကြုံးမရဖြစ်မိသည်။ ဆရာမောင်စံဘော်ဆုံးသွားသည့် သတင်းကို ဖတ်ရတော့ ရခိုင်စာပေနှင့် ပါတ်သက်၍ အထူးရင်လေးမိစွာဖြင့် နှမြှောရလိုက်ခြင်း။အခြားစာပေသမိုင်းသုတေသီများ ရှိနေနှင့်သော်လည်း စင်စစ် ဆရာမောင်စံဘော်ကို ကွယ်လွန်သွားရခြင်းနှင့်ပါတ်သက်၍ အထူးဝမ်းနည်းဖြစ်မိသည်။ ဆရာမြထွန်းအောင် ဆုံးသည့်သတင်းသိရပြန်တော့လည်း မျက်ရည်ဝဲစွာ ခံစားရမိသည်။ သမိုင်းသုတေသီစာရေးဆရာကြီးတို့  ကြွေလွင့်သွားရခြင်းကို ကျွန်တော်အထူး ရင်နာမိသည်။ တားဆီး၍မရသော သေခြင်းတရားကို လက်ပိုက်ကြည့်နေရသော်လည်း စင်စစ် ယင်းသမိုင်းစာရေးဆရာကြီးတို့ ကိုကား မည်သို့ မှ အသေမစောစေချင်ခဲ့ ။ သူတို့ လုပ်ခဲ့သော သမိုင်းဆိုင်ရာအချက်အလက်များကို မည်သူက လုပ်နိုင်ကြပါမည်နည်း ဆိုသော အပူသည် ကျွန်တော့်ရင်မှာ ထာဝရကိန်းအောင်းနေခဲ့သည်။ တချို့ က တတ်နိုင်သောသူများက လုပ်နိုင်ကြပေလိမ့်မည်ဟု ပြောဆိုနိုင်သည့်တိုင်အောင် ယင်းအဖြေဖြင့် အလွမ်းကို မဖြေဖျောက်နိုင်ခဲ့ ။ ရင်အပူကို မချွေးသိပ်နိုင်။
သမိုင်းဆရာကြီးတို့ ၏ ပေးခဲ့သောအသိပညာတို့ ကား လွန်စွာမှာ ကျေးဇူးကြီးလှပါ၏။ ယင်းကျေးဇူးကြောင့်ပင် မျိုးဆက်သစ်ရခိုင်လူငယ်တို့ မှာ ရခိုင်သမိုင်းနှင့်ပါတ်သက်၍ သိကြရပြီ။ ဤအသိတရားသည်ပင် သမိုင်းဆရာကြီးတို့ ၏ ကျေးဇူးကား ဆပ်၍မကုန်နိုင်ဖြစ်ကြရသည်။ တချိန်တည်းမှာပင် မျိုးဆက်သစ်သမိုင်းစာရေးဆရာ သုတေသီတို့ ကိုလည်း မွေးဖွါးပေါက်ဖွါးရန်အတွက် မြေခံရေခံမျိုးစေ့ချပေးနိုင်ခဲ့ ကြရာ အပူမငြိမ်းသော်လည်း ဖြေစရာအကွက်ကတော့ ရှိခဲ့ဖြစ်သည်။ သမိုင်းဆရာတို့ က သမိုင်းအကြောင်းကို ပြောမှ ရေးမှ သိခွင့်ရခဲ့သော အကျိုးကျေးဇူးကား ဆပ်၍မကုန်။
ခုတော့ နှင်းတွေငိုတဲ့နေ့ မှာ ရခိုင်တေးသီချင်းများကို လွမ်းလွမ်းဆွတ်ဆွတ်နှင့် စိတ်ဓါတ်အားမန်တက်စရာ ရေးဖွဲ့ ခဲ့ သော တေးရေးဆရာ ရွှေကျော်ထွန်း ကွယ်လွန်သွားရှာပြီတဲ့ ၊ သူ့ သတင်းကို အဆိုတော်ညီမင်းခိုင်နှင့် ဦးဇင်းဘလူးတို့ က နိုင်ငံတကာကိုသတင်းတွေပေးယင်း သိလိုက်ရသည်။ ရွှေကျော်ထွန်းရေးခဲ့သော တေးသီချင်းများကို နားထောင်ခဲ့ဖူးပါသည်။ အဆိုကျော် မြတ်ခိုင်ကျော်က သူ့ သီချင်းများနှင့် ဝေသာလီအားကစားကွင်းတွင် သီဆိုနေချိန် ကျွန်တော်တို့ က လက်ခုပ်လက်ဝါး တီးကာ အားပေးခဲ့ ကြသည်။ ကျောင်းသားအားကစားပွဲတော် ဖွင့်လှစ်ရာ၌ အဆိုတော်နာမည်ကြီး စိုင်းထီးဆိုင်တို့ နှင့် မြတ်ခိုင်ကျော်က ယင်းသီချင်းကို စင်ပေါ်သီဆိုနေချိန် ယင်းတေးသီးချင်းသံသည် ကျွန်တော်တို့ ၏ ပါးစပ်ဖျားတွင်မက ရင်ထဲတွင်ပါ မြည်ဟီးဆူပွက်နေဖြစ်သည်။ တေးရေးဆရာရွှေကျော်ထွန်းကား ယင်သို့ လက်ရာမြောက်အောင် ရခိုင်အနုပညာရှင်တဦးပီပီ ရေးဖွဲ့ ခဲ့သူ - ၂၁ - ရာစု အနုပညာရှင်ဖြစ်သည်။ သူချစ်သောရခိုင်ပြည်နှင့် သူချစ်သောအနုပညာတို့ ကို အသက်အရွယ်ငယ်ငယ်နှင့် ကြောခိုင်းထွက်ခွါသွာေးသာအခါ ကျွန်တော့ရင်မှာ အလွန်နာကျင်ခံစားဖြစ်တော့သည်။ အသက်အရွယ်က ၄၅ နှစ် ရှိသည်ဆိုသော်လည်း လူ့ လောကမှာ နေထိုင်ရန် သက်တမ်းကောင်းကောင်း ရှိနေပါသေးသည်။
တေးရေးဆရာ ရွှေကျော်ထွန်းမှာ ကျောက်ကပ်အစားထိုးဖြင့် နေထိုင်ရသောသူမို့  ယခုလောက်သာ လူ့ လောကမှာ နေထိုင်ခွင့် ရသွားရှာသည်ဟု တရားနှင့်သာ ဖြေသိမ့်ရပါတော့သည်။ အို- ရခိုင်သားချေ- စည်းလုံးကတ် - ရခိုင်သားချေ - ဆိုသော တေးသီချင်းမှာ အခုအချိန်ထိ ကျွန်တော့်နားထဲကမထွက်။ မစည်းရုံးနိုင်သေးသော ရခိုင်လူမျိုးများကို စည်းရုံးကြပါဟု တေးသီချင်းဖြင့် လှလှပပ ခံစားဖွဲ့ နွဲ့ ခဲ့သော တေးရေးဆရာ ရခိုင်အနုပညာရှင် ရွှေကျော်ထွန်းကား သူချစ်သောကမ္ဘာကြီးက အပြီးအပိုင် စွန့် ခွါသွားရှာပါပြီ-
သူ့ တေးသံတို့ သည် သူကွယ်လွန်ခါမှ လူတိုင်းရင်ကို ထိတွေ့ ခံစားနာကျင်စောပါတော့သည်။ သူ့ နှလုံးသားမှ စီးကျထွက်လာသော ဂီတအလင်္ကာ့သည်ကား မည်သို့ မျ မေ့ပျောက်နိုင်သော အရာမထင်။အကြောင်းကား ဤသီချင်းကို ကျွန်တော်တို့  လိုလိုချင်ချင် ခုံခုံမင်မင် နှစ်လိုဖွယ် သီိဆိုဖြစ်နေကြမို့  နောင်လည်းသူ့ ကိုလွမ်းတိုင်း သတိရတိုင်း သီဆိုဖြစ်နေကြမည်မှာ အသေအချာဖြစ်သည်။ ရခိုင်အနုပညာရှင်တဦးဖြစ်သော တေးရေးဆရာရွှေကျော်ထွန်း သတင်းကို ရေးပြီး သတင်းအဖြစ်ရေးသားလိုက်သည့်အခါ စာလုံးပေါင်းတွေက ခဏခဏမှားနေ၍ တော်တော်ကြိုးစားရေးသားပေးပို့ ရသည်။ သတိထားခါမှ ပို၍ပင် အမှားအယွင်းတွေ ပါနေတတ်လာသည်။ ကျွန်တော့်စိတ်ထဲ ဂယောင်ချောက်ချား ဖြစ်နေသည်ကို သတိထားမိပါသည်။
မည်သို့ ပင်ဆိုစေ သတင်းတွေကို ရေးသားပေးပို့ သည့်အချိန်မှာ ညဥ့်၁၂ နာရီကျော်သည့်အခါတွင်ကား စင်းလုံးချောသွားသည်မို့  အိပ်ရာထဲဝင်ဖြစ်သည်။
အိပ်ရာပေါ်မှ ပြင်တင်းပေါက်ကို လှမ်းကြည့်လိုက်တော့ ကားတွေက တ၀ီဝီနှင့် သွားနေကြသည်။ နယူးယောက်ညကား လှူပ်လှုပ်ရှားရှားနှင့် ရှိနေသော်လည်း ပင်ပမ်းစပြုနေသလိုလို။ သတိထားလိုက်မိသည်ကတော့ နှင်းတွေက စဲနေစပြုနေပြီ။
နှင်းတွေပြိုလို့  နှင်းတွေငိုတဲ့ အချိန်မှာ ကျွန်တော့်ရင်ထဲအလွန် ခံစားခဲ့ ရသည်။ ခုတော့ နှင်းတွေစဲနေစပြုနေပြီ-
နှင်းနှင့်အတူ တေးရေးဆရာ ရွှေကျော်ထွန်း လွင့်ပါးသွားနေစ ပြုနေပါပေါ့လား။။။။။။။။။။။။။
++++++++ +++++++++ ++++++++
မှိုင်းရီပြာဝေတဲ့ နေ့ 
နောက်တရက်ဆိုလျှင် သူချစ်သောအနုပညာနှင့် သူချစ်သောကမ္ဘာကြီးမှ စွန့် ခွါသွားတော့မည့် ရခိုင်စတီရီယို တေးရေးဆရာကြီး ရွှေကျော်ထွန်း တယောက် သူ့ ကိုချစ်သောသူများအား စောင့်နေတော့သည်။ လဲလျောင်းနားနေရာ၌ သူမှတပါး အခြားသူမရှိ။ အို-ရခိုင်သားချေ-ဟု တမ်းတမ်းတတနှင့် ဖွဲ့ နွဲ့ သီဆိုစေခဲ့သော သူချစ်သည့် ရခိုင်သားချေတို့ မှာ သူ့ အတွက် အလွမ်းပြေကြပါစေတော့ဟု သူကများ ပြောနေလေသလား။ လူ့ လောကတွင် သူရှိနေစဉ်က လူ့ လောကကောင်းကျိုးကို သူစွမ်းဆောင်နိုင်သမျ လုပ်ပေးခဲ့၍ သူကား ကောင်းရာဘုံဂတိသို့  ရောက်မည်အမှန်ပင်ဖြစ်သည်။
ရှင်သောသူများပျော်ရွှင်နေထိုင်ကြစေဖို့  ရှင်သောသူများ တေးသီဆိုဖို့  သူရေးသားခဲ့သော သီချင်းများကား ရခိုင်မြေမှာလွင့်ပျံနေသည်။ လူ့ လောကသို့  တယောက်ထဲ ရောက်ရှိလာသော တေးရေးဆရာကြီးကား လူ့ လောကမှ စွန့့််ခွါသွားသည့်အချိန်တွင် လက်ထဲ၌ ကိုယ်ပိုင်ပစ္စည်းဆို၍ ဘာမျ မပါသွား၊ မယူသွားခဲ့ ၊
သူ့ တေးသံများနှင့် သူပျော်ပါးနေမည်မှာ ရှိနေမည်ဖြစ်သော်လည်း သူပိုင်ဆိုင်သည်ဟု လက်ဆုပ်လက်ကိုင် ပြစရာ မရှိ။ သူ့ ရင်ထဲမှာတော့ ဒါန ဆိုသော အရာတခုမျှလွဲ၍ မည်သို့ မျှ နောက်ဘ၀သို့  ရဲဘော်ရဲဖက်အဖြစ် မယူသွားချေ။
သူကားအနိစ္စတရားကို ပြဆိုခဲ့ပြီ။
သင်္ဃာရတရားကို ပြဆိုခဲ့ပြီ။
ဘ၀၏လှည့်ပါတ်ကောက်ကျစ်မူများကို ညွှန်းဆိုခဲ့ ပြီ။
သံသရာကို စာဖွဲ့ ပြောနိုင်လောက်အောင် သိသွားခဲ့ပြီ။
သူသေသွားပြီ။
တေးရေးဆရာရွှေကျော်ထွန်း သေဆုံးသွားပါပြီ။
သို့ သော် သူ့ နာမည်မသေ။ သူ့ တေးလွင့်ပျံနေတုံး။
ကမ္ဘာလောကကြီးမှာ တည်တန့် နေသရွေ့  သူ့ တေးသံကား မည်ဟီးနေလိမ့်မည်။
မည်သို့ မှ အစိုးမရသော ကမ္ဘာလောကကြီးမှာ အစိုးရစရာ ဘာများရှိနေပါသနည်း။ လောကကြီးမှာ သူမှ မရှိတော့။။
သည်တော့ မှိုင်းမှုန်ပြာဝေ တဲ့ နေ့ ပါ။ အရာခပ်သိမ်းသောနေ့ တွေထဲမှာ တေးရေးဆရာကို မသဂြိုလ်ခင်နေ့ သည် ပြာရီမှိုင်းမှုန် ရီဝေနေတဲ့  နေ့ ဖြစ်မှာ အသေအချာပါ။ သို့ ကြောင့် ---------
အခြားမဲ့ ၌ မှတပါး အခြားမရှိပါပြီလေ၊။။။ ။။။။။။
ခိုင်အောင်ကျော် ( နယူးယောက် )
၁-၂၀-၂၀၁၁
နေ့ လည်- ၁၁ နာရီ နံနက်-၄၈ မိနစ်
နာမည်ကြီး ရခိုင်တေးရေးဆရာ ဦးရွှေကျော်ထွန်း ကွယ်လွန်
1/19/2011
------------
ထွန်းထွန်း
------------
ရခိုင်တေးရေးဆရာ ဦးရွှေကျော်ထွန်းသည် ရန်ကုန်မြို့ သင်္ကန်းကျွန်းစံပြဆေးရုံတွင် ယမန်နေ့နံနက် ၇ နာရီ အချိန်တွင် ကျောက်ကပ် ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။
“မြောက်ဦးကနေ နေမကောင်းလို့ဆေးကုဖို့ ရန်ကုန်ကိုရောက်နေတာက ၃ လလောက်ရှိပြီပေါ့နော်။ သူနေ မကောင်းဖြစ်နေတာတော့ နှစ်အနည်းငယ် ကြာနေပါပြီ။ ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီမှာ သင်္ကန်းကျွန်းမြို့နယ် စံပြဆေးရုံမှာ ကျောက်ကပ်ရောဂါနဲ့ကွယ်လွန်သွားတာဖြစ်ပါတယ်“ ဟုသူနှင့် ဆွေမျိုးတော်စပ်သူတဦးက ပြောသည်။
သူသည် လွန်ခဲ့သည့်နှစ် အနည်းငယ်က မန္တလေးဆေးရုံကြီး၌ ပထမဆုံးအဖြစ် ကျောက်ကပ်ကို အစားထိုး ကုသခံယူခဲ့သူတဦး ဖြစ်သည်ဟုသိရသည်။
ဦးရွှေကျော်ထွန်းသည် အခြေခံပညာ အလယ်တန်းပြ ကျောင်းဆရာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြု ထမ်းဆောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ ရခိုင်တေးရေးဆရာတဦး အနေဖြင့် နာမည်ကျော်ကြား ခဲ့သူတဦး ဖြစ်သည်။
“သူကွယ်လွန်သွားတဲ့အတွက် ရခိုင်အနုပညာလောကမှာ ပန်းတပွင့်လွင့်ကြွေ ကျသွားသလိုဖြစ်သွားတာပေါ့ နော်။ အသက်တော့သိပ်မကြီးသေးဘူး၊ ၄၅ နှစ်ပဲရှိသေးတယ်။ ရခိုင့်ဂီတလောကအတွက်တော်တော့ကိုမျက် ရည်ကျ အားငယ်စရာတခုလိုဖြစ်သွားပါတယ်။ ရခိုင့်ဂီတမျိုးဆက်သစ်လူငယ်တွေကလည်း သူကွယ်လွန်သွား တဲ့အတွက်အရမ်းကို စိတ်ထိခိုက် ခံစားခဲ့ကြရပါတယ်“ ဟု ရခိုင်အနုပညာလူငယ်တဦးက ပြောသည်။ ယခုကွယ်လွန်ခဲ့သည့် ဦးရွှေကျော်ထွန်းမှာ သူ့၏ဘ၀တလျှောက်လုံး၌အိမ်ထောင်မပြုခဲ့ဘဲ လူပျိုကြီးအဖြစ်နှင့် နေထိုင်ခဲ့ပြီး သူချစ်မြတ်နိုးသော အနုပညာဖြင့် ရခိုင်ပြည်သူများကို တဖက်တလမ်းမှ တာဝန်ကျေပွန်စွာ ပေး ဆပ်ခဲ့သူ တဦးဖြစ်သည်။
သူသည် ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကံလှရပ်ကွက်မှ ဖြစ်ပြီး အဖ ဦးမောင်ဝေနှင့် အမိ ဒေါ်မထွေးဖြူတို့၏ သားသမီးဆယ်ဦးအနက် ဒုတိယမြောက်သားဖြစ်ကြောင်း သိရသည်။
သူ့အလောင်းကို ဇန်န၀ါရီလ ၂၁ ရက်နေ့ နေ့လည် ၃ နာရီတွင် မြောက်ဥက္ကလာပရှိ ရေဝေး သုသာန်တွင် မီးသင်္ဂြိုလ် မည်ဖြစ်ကြောင်း သိရသည်။
(တေးရေးဆရာ ကိုရွှေကျော်ထွန်း ကွယ်လွန်သွားခြင်း (သို့မဟုတ်) အနုပညာ ပန်းတပွင့် ကြွေလွှင့်သွား ပါသဖြင့် သူ့၏ လုပ်ဖေါ်ကိုင်ဘက်များ အပါအ၀င် မိသားစုများနှင့် ထပ်တူ ကြေကွဲ ၀မ်းနည်းရပါကြောင်း ဖေါ်ပြအပ်ပါသည်။ နိရဉ္စရာ သတင်းဌာန)
http://www.narinjara.com/detailsbur.asp?id=2989







