http://www.mediafire.com/file/519o6jj341qv7qr/30%20Nov%202010%20Yeyintnge%27s%20Diary.pdf
http://www.mediafire.com/file/unylhivw5x3oxum/30%20Nov%202010%20Yeyintnge%27s%20Diary.doc
30 Nov 2010 Yeyintnge's Diary
Tuesday, November 30, 2010
30 Nov 2010 ဒိုင်ယာရီ
မဲ မသမာမှုများကို စိန်ခေါ်ခြင်း
ဆလိုင်း ဟံသာစန်း | အင်္ဂါနေ့၊ နိုဝင်ဘာလ ၃၀ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၃ မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့်နောက် သတင်းမီဒီယာများက သူ့အပေါ် အဓိက အာရုံစိုက်နေချိန်တွင် အခြားတဖက်၌လည်း လျစ်လျူမရှုသင့်သော နိုင်ငံရေး ဖြစ်ပေါ်မှုများ ရှိနေသည်။
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးအပြီး ရက်ပိုင်းအတွင်း ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် အပြီးသတ် မဲရလဒ်များကို သိုသိုသိပ်သိပ် ထုတ်ပြန်ခဲ့သလို၊ တဖက်တွင်တော့ ရွေးကောက်ပွဲတွင် မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့သည့် ပါတီများက ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီအနေဖြင့် မဲမသမာမှုများကြောင့်သာ အနိုင်ရရှိခြင်းဖြစ်ကြောင်း စိန်ခေါ်မှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။
ယခုရက်ပိုင်းမှာပင် ရွေးကောက်ပွဲဝင် ပါတီ ၃ ခု၏ တိုင်တန်းမှုကြောင့် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၁ဝ မြို့နယ်မှ မဲမသမာမှုများကို ရဲစခန်းက ခေါ်ယူစစ်ဆေးနေပြီဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအင်အားစု NDF ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် UMFNP နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီတို့က ရန်ကုန်တိုင်းတွင် ၃ မြို့နယ်နှင့် ပဲခူးတိုင်းတွင် ၇ မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်၊ ရယကနှင့် မဲရုံမှူးတို့အား မဲမသမာမှုပြုလုပ်သည်ဟု တိုင်တန်းခဲ့သဖြင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများက ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်သည်။
ရဲတိုင်နိုင်သော မဲ မသမာအမှု
ရဲစခန်းများတွင် တိုင်ကြားရခြင်းမှာ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃ ဖော်ပြချက်အရ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ကျူးလွန်သူ မည်သူကိုမဆို မဲပေးခွင့်ရှိသူ၊ အမတ်လောင်း၊ အမတ်လောင်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်၊ ယင်းမဲဆန္ဒနယ်၏ ကော်မရှင်အဖွဲ့ဝင် တဦးဦးက သက်သေခိုင်လုံစွာဖြင့် ရဲစခန်းတွင် တိုင်တန်းနိုင်သည်ဟု ဖော်ပြထားသည့်အတိုင်း တိုင်ကြားခဲ့သည်။
ရဲတိုင်ကြားခွင့်မှာ ရွေးကောက်ပွဲ ကျင်းပသည့်ရက်မှ ၁၅ ရက်အတွင်း တိုင်ကြားရမည် ဖြစ်သောကြောင့် ယခုလ ၂၂ ရက်နေ့ကပင် အမှုအသစ်များ တိုင်ကြားခွင့် ကုန်ဆုံးသွားပြီဖြစ်သည်။ သို့သော် ဤအချက်ကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်အပေါ် စိန်ခေါ်မှုများ ဆိတ်သုဉ်းသွားမည် မဟုတ်ပါ။
ရွေးကောက်ပွဲဝင် ပါတီများက မဲသမာမှုများကို အခြားသော နည်းလမ်းများဖြင့်လည်း ကန့်ကွက်နေကြသည်။ မိမိသာလျှင် အနိုင်ရ ကိုယ်စားလှယ်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ကို သတ်မှတ်ထားသော ဥပဒေနှင့်အညီ တိုင်တန်းခြင်း၊ အာဏာပိုင်များထံ ရွေးကောက်ပွဲ မဲမသမာမှုများအပေါ် မကျေနပ်ကြောင်း စာရေးသား ပေးပို့ခြင်း နည်းလမ်းများအပြင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုကြောင်း ကြေညာချက် ထုတ်ပြန်ခြင်း စသည့် နည်းလမ်းများဖြင့်လည်း မဲသမာမှုများကို လက်မခံနိုင်ကြောင်း ဖော်ပြနေကြသည်။
ယင်းသို့ ကန့်ကွက်မှုများ လုပ်သည့်အထဲတွင် နိုင်ငံရေးပါတီ ၈ ခုနှင့် တသီးပုဂ္ဂလ အမတ်လောင်းများ ပါဝင်နေသည်။
တိုင်းရင်းသား စည်းလုံးညီးညွတ်ရေးပါတီ (တစည)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် UMFNP ၊ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMRDP ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP စသည့် နိုင်ငံရေးပါတီများနှင့်တကွ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများပါ နည်းမျိုးစုံဖြင့် ကန့်ကွက်မှုများ လုပ်နေကြသည်။ အခြားပါတီများကလည်း တိုင်တန်းရန် ပြင်ဆင်နေကြသည်။
သို့သော် လောလောဆယ်တွင် “မိမိသာ အနိုင်ရကြောင်း” တင်ပြချက်ဖြင့်၊ ကော်မရှင်၏ မဲစာရင်း ထုတ်ပြန်ချက်ကို ဥပဒေကြောင်းလမ်းအရ တိုက်ရိုက် စိန်ခေါ်မည့်သူအနေဖြင့် NDF ပါတီမှ အမတ်လောင်း ၂ ဦးသာ ရှိသည်ကို တွေ့ရသည်။
အနိုင်ရ ကိုယ်စားလှယ်ကို ကန့်ကွက်မှု
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁၅၊ ပုဒ်မ ၆၇ နှင့် ၆၈ (ခ) တွင် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အား ကန့်ကွက်လိုပါက ရွေးကောက်ပွဲပြီးသည့်နောက် ရက်ပေါင်း ၆ဝ အတွင်း သတ်မှတ်ထားသော ငွေကြေးပေးသွင်း၍ ကန့်ကွက်နိုင်ကြောင်း ဖော်ပြထားချက်အရ NDF အမတ်လောင်း ၂ ဦးက စိန်ခေါ်ခြင်း ဖြစ်သည်။
ကန့်ကွက်ရာတွင် မိမိသာလျှင် ခိုင်လုံမဲ အများဆုံးရသူ (သို့မဟုတ်) အနိုင်ရသူ၏ ခိုင်လုံမဲများတွင် မဲမသမာမှု ပြုလုပ်၍ ရရှိသောမဲများကို မရေတွက်ပါက၊ မိမိသာ မဲအများဆုံးရသူဟု ကြေညာပေးရန် အကြောင်းပြ ကန့်ကွက်ရမည်။
ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သူတိုင်းသည် နိုင်ငံတော်က ကုန်ကျမည့် “အမှုစရိတ်” အတွက် ငွေ ၁ဝ သိန်းစီ ပေးသွင်းရမည်ဖြစ်ကာ မည်သည့်အကြောင်းနှင့်မျှ ပြန်ထုတ်ယူခွင့် မရှိကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။
NDF ပါတီမှ ကချင်ပြည်နယ် ဖားကန့် ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်ခဲ့သည့် အမတ်လောင်း ဒေါ်ဘောက်ဂျာနှင့် ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇ တွင် ရှုံးနိမ့်ခဲ့သည့် ရှေ့နေ ဦးသိန်းဇော်ညွန့်တို့က ငွေ ၁ဝ သိန်း အကုန်ကျခံ၍ အမှုရင်ဆိုင်သွားတော့မည်ဖြစ်သည်။
သို့သော် ယင်းသို့ ရဲတိုင်တန်းခြင်းနှင့် ကန့်ကွက်လွှာတင်သွင်းခြင်းတို့၏ နောက်ဆက်တွဲအဖြစ် တိုင်တန်းသူသည် လိမ်လည်တန်းကြောင်း ရွေးကောက်ပွဲခုံအဖွဲ့က ဆုံးဖြတ်ခဲ့ပါက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁၃၊ ပုဒ်မ ၆၄ အရ ၃ နှစ်ထက်မပိုသော ထောင်ဒဏ် (သို့မဟုတ်) ၃ သိန်းထက်မပိုသော ဒဏ်ငွေ (သို့မဟုတ်) ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်ခံရနိုင်သည်ဟူသော သတ်မှတ်ချက်လည်း ရှိနေပြန်သည်။
“တိုင်မယ်ဆိုရင်လည်း မဲခိုးထားတဲ့ ပုဂ္ဂိုလ်တွေဆီကို တိုင်ရမှာ။ တိုင်ပြန်တော့လည်း သက်သေမခိုင်လုံဘူးလို့ ဆုံးဖြတ်ရင် ကျမတို့က ထောင် ၃ နှစ်လည်းကျမယ် လျော်ကြေးလည်း ပေးရဦးမယ်။ အကုန်လုံး နစ်နာတာပေါ့။ ကန့်ကွက်လွှာတင်ဖို့ စဉ်းစားပါဦးမယ်” ဟု DP (M) ပါတီ တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
သို့သော် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ UDP ၊ AMRDP၊ DP (M) စသည့် ပါတီများနှင့် မန္တလေးတိုင်းတွင် ရှုံးနိမ့်ခဲ့သည့် NDF အမတ်လောင်းများကမူ ရွေးကောက်ပွဲ မသမာမှုများကို စစ်ဆေးမည့် ခုံအဖွဲ့အပေါ် အယုံအကြည် မရှိသည့်အတွက် ကန့်ကွက်လွှာ တင်သွင်းမည် မဟုတ်ကြောင်း ပြောသည်။
NDF ပါတီ မန္တလေးတိုင်း ဒုဥက္ကဋ္ဌနှင့် ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့်ခဲ့သည့် အမတ်လောင်း ရှေ့နေ ဦးအောင်ခိုင်က “ကန့်ကွက်လွှာတင်ဖို့ အစီအစဉ် မရှိဘူး။ ၁ဝ သိန်း သွင်းရမယ့် ကိစ္စက ငွေကြေးအခက်အခဲ ဖြစ်စေတယ်။ ကျနော်တို့က ဒီရွေးကောက်ပွဲမှာ ကိုယ့်ငွေနဲ့ ကိုယ်သုံးရတယ်။ နောက်ထပ်လည်း ၁ဝ သိန်း ကုန်ရဦးမယ်။ ထွက်လာမယ့် ရလဒ်ကလည်း သူတို့ပဲ ခုံအဖွဲ့ဖွဲ့ပြီး ဆုံးဖြတ်မှာဆိုတော့ ဒီပုတ်ထဲက ပဲ၊ ဒီပဲ ပဲ ဖြစ်မှာဗျ” ဟု ပြောသည်။
AMRDP ဥက္ကဋ္ဌ နိုင်ငွေသိန်းကလည်း “ကြိုတင်မဲကြောင့် ခံရတယ်ဆိုတာတော့ ပြောချင်တာပေါ့။ ထောက်ပြစရာတော့ ရှိတာပေါ့နော်။ တရားတော့ မစွဲနိုင်ဘူးလေ။ ပိုက်ဆံ ဒီလောက်ကုန်တာ” ဟု ဆိုပြန်သည်။
ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP နှင့် ပဲခူးတိုင်းအတွင်း ဝင်ပြိုင်ခဲ့သည့် NDF အမတ်လောင်း ၅ ဦး တို့ကမူ တိုင်ကြားမှု တစုံတရာ လုပ်မည်မဟုတ်ဘဲ၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုနိုင်ဟု ပြတ်သားစွာ ကြေညာထားသည်။
အထက်တွင် ဖော်ပြခဲ့သည့် ရဲကိုတိုင်ကြားထားသည့် အမှု၊ ရွေးကောက်ပွဲ ကော်မရှင်ထံ ငွေသွင်း၍ တိုင်ကြားမှုနှင့် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုကြောင်း ကန့်ကွက်မှု ၃ မျိုးစလုံးတွင် တူညီစွာ ထောက်ပြထားသည့် အချက်ကတော့ ကြိုတင်မဲနှင့် ပတ်သက်သည့် မဲမသမာမှုများပင် ဖြစ်သည်။
ကြိုတင်မဲဖြင့် မဲမသမာမှုများ
ကြံ့ဖွံ့အမတ်လောင်းများကို အနိုင်ရစေခဲ့သည်ဟု ဆိုသည့် ကြိုတင်မဲများနှင့် ဆက်စပ်နေသည့် မဲမသမာမှုများတွင် အဓိက အချက် ၂ ချက်ကို ထောက်ပြကြပြန်သည်။ ရွေးကောက်ပွဲအပြီး ညဘက်ကျမှ ကြိုတင်မဲများ ရောက်ရှိလာသည့် အချက်နှင့် ရွေးကောက်ပွဲမတိုင်မီ ကြိုတင်မဲ ရယူပုံ ရယူနည်းများတွင် ဥပဒေနှင့် မညီသည့် အချက်များ ဖြစ်ကြောင်း ပါတီများက ထောက်ပြပြောဆိုသည်။
“ည ၁၂ နာရီအထိ အောက်ခြေ ပြည်သူ့ ဆန္ဒမဲတွေ အားလုံး နိုင်ပါတယ်။ ၈ ရက်နေ့မနက် ၄ နာရီ ၅ နာရီလောက်တွင် ဘယ်ကရောက် လာမှန်းမသိတဲ့ ဆာလာအိတ်တွေနဲ့ ရောက်လာပြီးတော့ စာရင်းတွေ ပြုစုတဲ့အခါမှာ နိုင်ပြီးသား ကိုယ်စားလှယ်တွေ အားလုံး တယောက်မှ မကျန်တော့ပါဘူး” ဟု NDF ပါတီ၏ ဥပဒေရေးရာ အဖွဲ့ဝင် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁ဝ၊ ပုဒ်မ ၄၈ (က) တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသည် မိမိနှင့် သက်ဆိုင်သော မဲရုံအသီးသီးအတွက် ဆန္ဒပြုထားသော ကြိုတင်မဲ လက်မှတ်များနှင့် မဲဆန္ဒရှင် အမည်စာရင်းတို့ကို ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် “မဲရုံမဖွင့်မီ” သက်ဆိုင်ရာ မဲရုံမှူးလက်ဝယ်သို့ အရောက်ပို့ပေးရမည်ဟု ဖော်ပြထားသည့်အတွက် ရွေးကောက်ပွဲနေ့ ညနက်ပိုင်းမှ ရောက်ရှိလာသည့် မဲများသည် တရားမဝင်ဖြစ်ကြောင်း ပါတီများက ထောက်ပြပြောဆိုနေကြသည်။
ထို့အပြင် ကြိုတင်မဲ ကောက်ခံရာတွင် ကြိုတင်မဲပေးရန် မလိုအပ်သူများကိုပါ ကောက်ခံခြင်း၊ လျှို့ဝှက်မဲပေးစနစ် မကျင့်သုံးခြင်းနှင့် ကြံ့ဖွံ့ပါတီကို ဖိအားပေး မဲထည့်စေခြင်းတို့ ရှိခဲ့ကြောင်းလည်း ပါတီအများအပြားက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
DP (M) ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက ပြည်သူ့လွှတ်တော်အတွက် သူဝင်ပြိုင်ခဲ့သည့် ကြို့ပင်ကောက်မြို့နယ်တွင် ကြိုတင်မဲအပါအဝင် မဲမသမာမှုများ ရှိခဲ့ကြောင်း မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် ရွေးကောက်ပွဲ ကော်မရှင်များနှင့် နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ လိပ်မူ တိုင်ကြားထားသည်။
ထို့အတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်သူ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဘိုမောင်းကလည်း ဒီပဲယင်းမြို့နယ်အတွင်း ကြံ့ဖွံ့ပါတီက ကြိုတင်မဲလိမ်ခြင်း၊ မဲဆန္ဒရှင်၏ ကိုယ်ရေးအကျဉ်း ပုံစံစာရွက်ဖြင့် မဲဆွယ်ခြင်းတို့ ကျူးလွန်ခဲ့ပြီး၊ သေဆုံးသူများ၏ အမည်များဖြင့်လည်း ကော်မရှင်က မဲထည့်ခဲ့သည်ဟု မဇ္ဈိမကို ပြောထားသည်။
တနင်္သာရီတိုင်း မြိတ်နှင့် ကော့သောင်းမြို့တို့တွင်လည်း ရပ်ကွက်ကော်မရှင်နှင့် အာဏာပိုင်များမှ ပင်လယ်သို့ ငါးဖမ်းထွက်မည့် လှေလုပ်သားများကို ကြံ့ခိုင်ရေးပါတီကို ဖိအားပေးကာ ကြိုတင်မဲထည့်ခိုင်းသဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည က ယင်းမဲများကို ပယ်ဖျက်ပေးရန် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးများသို့ တိုင်ကြားခဲ့သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဒူကထောင်ရပ်ကွက်၌ ကြိုတင်မဲကောက်ခဲ့ရာတွင် လျှို့ဝှက်မဲပေးစနစ် မသုံးဘဲ လူအများရှေ့မှာပင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးကိုယ်တိုင် ကြံ့ခိုင်ရေးကို အမှန်ခြစ် ပေးခဲ့ကြောင်း တစည ပါတီမှ အမတ်လောင်း ဦးလနန်ဘောက်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းခဲ့သည်။
ရှမ်းပြည်မြောက်ပိုင်း ဗန်းမောက်နှင့်သိန္နီမြို့တွင် ကြိုတင်မဲ ကောက်ခံရာ၌ မဲပေးသူကိုယ်စား ရယက စာရေးများက ကြံ့ဖွံ့ပါတီကို အမှန်ခြစ်ပြီး မဲထည့်စေခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SDNP က မြို့နယ်ကော်မရှင်ကို တိုင်ကြားခဲ့ပြန်သည်။
အလားတူပင် ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း ဒေသအများအပြားတွင် ကြံ့ခိုင်ရေးပါတီနှင့် နယ်မြေ ရွေးကောက်ပွဲ ကော်မရှင်တို့ ပူးပေါင်းပြီး ဥပဒေမဲ့ ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း NDF ပါတီက ရွေးကောက်ပွဲ မတိုင်မီ တရက်အလိုတွင် နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့သည်။
ကြိုတင်မဲ ပေးခွင့်ရှိသူများကို သတ်မှတ်ရာ၌ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၉ ၊ ပုဒ်မ ၄၅ (ခ) (ဂ) နှင့် ပုဒ်မ ၄၆ များတွင် ကြိုတင်မဲပေးခွင့်ရှိသူများမှာ “သက်ဆိုင်ရာ မဲဆန္ဒနယ်မှကျော်၍ ခရီးဝေးသွားရန်ရှိသူ၊ အနာကြီး ရောဂါစွဲနေသူ၊ ရောဂါပြင်းထန်သူ၊ မီးဖွားနေသူ၊ အသက်ကြီးသူ၊ အချုပ်ခန်းနှင့် အကျဉ်းထောင်တွင် အချုပ်ကျနေသူ၊ ဆေးရုံ၌အတွင်း လူနာအဖြစ် တက်ရောက်နေသူနှင့် မဲစာရင်းရှိရာ ဒေသကို ကျော်လွန်၍ ယာယီ တာဝန်ထမ်းနေရသူ နိုင်ငံ့ဝန်ထမ်း၊ စစ်သား၊ ရဲ” ဟူ၍ ဖော်ပြထားသည်။
ယင်းသို့ ဥပဒေ သတ်မှတ်ချက် ရှိသော်လည်း ရွေးကောက်ပွဲ ကော်မရှင် အာဏာပိုင်အချို့နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး ဖွံ့ဖြိုးရေးပါတီတို့က ဥပဒေကို လိုသလို အသုံးပြုမှုများ၊ ဥပဒေပြင်ပ ဆောင်ရွက်ချက်များ ရှိခဲ့ကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီများက ပြောဆိုစိန်ခေါ်နေခြင်း ဖြစ်သည်။
သို့ရာတွင် နေပြည်တော် ကော်မရှင်အပါအဝင် သက်ဆိုင်ရာ မြို့နယ်၊ တိုင်းကော်မရှင် အသီးသီးက မဲမသမာ တိုင်ကြားချက်များနှင့် ပတ်သက်၍ တစုံတရာ ဖြေရှင်းပေးခြင်းကြောင်း မရှိသေးကြောင်း ရွေးကောက်ပွဲဝင် ပါတီများက ပြောကြသည်။
ဖေါ်ထုတ်ရခြင်း ရည်ရွယ်ချက်
နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ဘက်က အရေးမယူ၊ အကြောင်းမပြန်သည်ဖြစ်စေ လွတ်လပ်ပြီး တရားမျှတခြင်း မရှိသည့် ရွေးကောက်ပွဲအဖြစ် ကမ္ဘာက သိရှိစေရန် ကြိုးပမ်းသည့် အနေဖြင့် ကြိုတင်မဲအပါအဝင် မဲမသမာမှုများကို ဖော်ထုတ်တိုင်ကြားရခြင်းဖြစ်ကြောင်း ပါတီများက ဆိုသည်။
“ကျနော်တို့ပါတီက ရွေးကောက်ပွဲမတိုင်ခင်က တခါ၊ ရွေးကောက်ပွဲပြီး ၁၂ ရက်နေ့က တခါ ကြိုတင်မဲ ကိစ္စတွေနဲ့ မဲမသမာမှုတွေကို မြို့နယ်အလိုက် သေချာအတိအကျ တိုင်ခဲ့ပါတယ်။ ကော်မရှင်က အခုထက်ထိ ဘာမှ အကြောင်းပြန်ကြားတာ မရှိသလို၊ ဘာမှလုပ်ဆောင်ပေးတာလည်း မရှိဘူး” ဟု NDF ပါတီ နိုင်ငံရေးခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
“မဲမသမာမှုတွေကို ကျနော်တို့ အခုလို တိုင်တန်းဖော်ထုတ်ခြင်းဟာ ဒီရွေးကောက်ပွဲဟာ ဘယ်လောက် မလွတ်လပ် တရားမမျှတသလဲဆိုတာ ကမ္ဘာက သိအောင်၊ အားလုံး သိအောင် လုပ်တာပါ” ဟု ၈၈ မျိုးဆက်ပါတီ ဥက္ကဋ္ဌ ကိုရဲထွန်းက ပြောသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါ်ချိုချိုကျော်ငြိမ်းကလည်း “သူတို့က ဘယ်လိုပဲ ဆုံးဖြတ်သည်ဖြစ်ပါစေ။ ခုလိုတိုင်တန်းခြင်းဟာ ဒီရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးမှုတွေ၊ မသမာမှုတွေ ရှိနေတယ်ဆိုတာကို ပေါ်လွင်ထင်ရှားစေလိုတဲ့သဘောပါ” ဟု ဆိုသည်။
ယခုအခါ မဲမသမာမှုများအတွက် ရဲစခန်းသို့ တိုင်ကြားနိုင်သည့် အချိန်ကာလ ပြီးဆုံးခဲ့သော်လည်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၁၅၊ ပုဒ်မ ၆၇ နှင့် ၆၈ (ခ) အရ၊ အနိုင်ရ ကိုယ်စားလှယ်ကို ကန့်ကွက်လွှာ တင်သွင်းနိုင်သည့် နောက်ဆုံးရက်မှာ ၂ဝ၁၁ ခုနှစ် ဇန္နဝါရီလ ၆ ရက်နေ့ ဖြစ်သောကြောင့် ပါတီများအနေဖြင့် အချိန်ရဦးမည် ဖြစ်သည်။ သို့သော် ငွေ ၁ဝ သိန်း ပေး၍ ကန့်ကွက်မည့်သူ အများအပြား ပေါ်ထွက်လာနိုင်ရန် ခဲယဉ်းနိုင်ကြောင်း ပါတီများက ခန့်မှန်းကြသည်။
တချိန်ထဲတွင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲ မဲသမမာမှုများ အပေါ် သုံးသပ်ချက် (မူကြမ်း) ရေးသားပြီးစီးသွားပြီဟု ဆိုသည်။ အာဏာပိုင်များဘက်မှ မဲမသမာမှုများကို တကယ်တမ်း အရေးယူရန် ရည်ရွယ်သည်ထက် ၂ဝ၁ဝ ရွေးကောက်ပွဲ မဲမသမာမှုများကို ဖော်ထုတ်စိန်ခေါ်ရာတွင် တတပ်တအား ဖြည့်ပေးနိုင်ရန်နှင့် NLD ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်၏ စကားအရ “ရွေးကောက်ပွဲ၏ အရုပ်ဆိုးအကျည်းတန်မှုများ” ကို မီးမောင်းထိုးပြရန်သာ အဓိက ရည်ရွယ်ထားပုံရကြောင်း လေ့လာသူများက ဆိုနေကြသည်။
http://www.mizzimaburmese.com/edop/songpa/6517-2010-11-30-14-44-21.html
မဲမသမာမှု မူကြမ်း အန်အယ်ဒီ ရေးဆွဲပြီးပြီ
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ နိုဝင်ဘာလ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၄ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ၂ဝ၁ဝ ရွေးကောက်ပွဲ မဲမသမာမှုအပေါ် သုံးသပ်ချက် (မူကြမ်း) ရေးဆွဲပြီးပြီဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆိုလိုက်သည်။
၂၀၁၀ ရွေးကောက်ပွဲ မဲမသမာမှုများအပေါ် သုံးသပ်ချက် (မှုကြမ်း) ကို တိုင်းနှင့် ပြည်နယ်များမှ တင်ပြချက်များ၊ လွှတ်တော် အမတ်လောင်းများ ပြောဆိုချက် အပါအဝင်ဖြင့် ရေးဆွဲထားခြင်း ဖြစ်သည်။
“ မဲမသမာမှု၊ လေ့လာတွေ့ရှိချက် သုံးသပ်ချက်တွေပေါ့ဗျာ။ ရွေးကောက်ပွဲက တရားဥပဒေနဲ့ ညီညွတ်မှု ရှိ၊မရှိကို သုံးသပ်တဲ့ စာတမ်းပါ။ စာမျက်နှာ ၂၀ နီးပါး ပါတယ်။ အကြမ်းကတော့ ပြီးပါပြီ။ လူကြီးတွေက ကြည့်ပြီးတော့ ပြင်သင့်တဲ့ဟာကို ပြင်ပြီး၊ ထည့်သင့်တဲ့ဟာတွေ ထပ်ထည့်မှာပါ” ဟု မူကြမ်း ရေးဆွဲရာတွင် ပါဝင်ခဲ့သူ လပွတ္တာ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။
မူကြမ်းထဲတွင် နိဒါန်း၊ ရွေးကောက်ပွဲ ဖြစ်ပေါ်လာပုံ၊ ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ထားသော ဥပဒေ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ရွေးကောက်ပွဲ ကျင်းပသည့် နေရာတွင် မဲမသမာမှု စသည့် အပိုင်းငယ်များဖြင့် ကဏ္ဍခွဲကာ တင်ပြထားသည်။
ဝန်ထမ်းများကို ကြိုတင်မဲပေးရန် ညွှန်ကြားထားပြီး ကြိုတင်မဲများနှင့် ပတ်သက်၍ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ရန် စာဖြင့် ထုတ်ပြန်ထားသည့် အထောက်အထား စာရွက်စာတမ်းများ အပါအဝင် ပြည်နယ်နှင့် တိုင်းမှ တင်ပြလာသည့် အထောက်အထားများ၊ စာရွက်စာတမ်းများကိုပါ မူကြမ်းထဲတွင် ဖော်ပြထားသည်။
“ကြိုတင်မဲတွေနဲ့ နိုင်တာတွေချည်းပဲ။ တောင်ဥက္ကလာပက ဝင်ပြိုင်တဲ့ ဒေါက်တာစောနိုင်ဆိုရင် မဲရုံမှာ ပေးတဲ့ မဲတွေမှာ နိုင်တယ်။ ည ၁ဝ နာရီအထိ မဲက နိုင်နေတုန်းလို့ ပြောတယ်။ မနက် ၄ နာရီအထိ သူ့ပြိုင်ဘက်ကို ၆ မဲ နိုင်တယ်။ ကော်မရှင်က မဲနိုင်ကြောင်း ၇ ရက်နေ့က လက်မှတ်ထိုးခိုင်းတယ်။ ၉ ရက်နေ့ ညနေပိုင်းကျတော့ သူက ရှုံးပြီဆိုပြီး ရေဒီယိုက ကြေညာတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါက်တာ စောနိုင်က ကိုယ်တိုင် အဖွဲ့ချုပ်မှာ ထွက်ဆိုချက်တွေ ပါတယ်” ဟု ဦးကြည်ဝင်းက ပြောသည်။
မဲမသမာမှုများ သုံးသပ်ချက် (မှုကြမ်း) ကို လာမည့် ဒီဇင်ဘာလ ပထမပတ်အတွင်း ထုတ်ပြန်ဖွယ်ရှိသည်။
http://mizzimaburmese.com/news/inside-burma/6513-2010-11-30-12-49-29.html
၂၀၁၀ ရွေးကောက်ပွဲ စစ်တမ်း ကောက်ခံချက် SNLD မကြာမီ ထုတ်ပြန်မည်
ဦးမိုးဇော် အင်္ဂါ, 30 နိုဝင်ဘာ 2010
NLD က ဒီလဆန်းက ကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ အစီရင်ခံစာ ပြုစုနေရာမှာ ဒီရက်ပိုင်းမှာပဲ မူကြမ်း ပြီးစီးသွားခဲ့ပါတယ်။ ဒီအချိန်မှာပဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကလည်း နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘယ်လောက် လွတ်လပ်ပြီး တရားမျှတမှု ရှိသလဲ ဆိုတာကို ဖော်ထုတ်နိုင်ဖို့အတွက် ရှမ်းပြည်နယ်အတွင်းက မြို့ပေါင်း ၆၀ လောက်နဲ့ ကချင်ပြည်နယ်အတွင်းက မြို့ ၁၀ မြို့လောက်မှာ စစ်တမ်း ကောက်ယူနေပါတယ်။ ဒီလို ကောက်ယူရရှိတဲ့ သတင်းအချက်အလက်တွေကို နောက်လကုန်လောက်မှာ ထုတ်ပြန်ကြေညာဖို့ ပြင်ဆင်ထားပါတယ်။
SNLD ပါတီဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီပြီးရင် မဲအများဆုံး ရရှိတဲ့ ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် ထပ်မံ မှတ်ပုံမတင်တာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းကြောင်း ကြေညာထားတဲ့ ပါတီလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
SNLD ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်း မပြုပေမဲ့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမရှိ စောင့်ကြည့် လေ့လာဖို့အတွက် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
SNLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေက သူတို့ပါတီဝင် လူငယ်တွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ပို့ချတဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးဆိုင်ရာ သင်တန်းတွေကို တက်ရောက်စေခဲ့ပြီးမှ အခုလို စစ်တမ်းပြုစုတာ ဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။ ဒီစစ်တမ်းမှာ အဓိက ကောက်ယူခဲ့တဲ့ အချက်တွေကိုတော့ ဦးစိုင်းလိတ်က အခုလို ပြောပါတယ်။
“အဓိကကတော့ မဲထည့်တဲ့သူ အရေအတွက်၊ ဒီမဲစာရင်း ပေါ်ပေါက်တဲ့လူက ဘယ်လောက်ရှိတယ်၊ တကယ်တမ်း မဲလာထည့်တာ ဘယ်လောက်ရှိပြီးတော့မှ ကြိုတင်မဲ၊ နောက် နောက်တိုးမဲ အဲဒီ မဲမသမာမှုတွေက ဘယ်လို အနေအထားမျိုး ရှိတယ်၊ အဲဒါတွေကို အဓိက ထားတာပေါ့နော်။ လွတ်လပ်ပြီးတော့ တရားမျှတမှု ရှိမရှိကို အဓိက သိချင်တာပါ။ အဓိကကတော့ ရှမ်းပြည်နယ် အားလုံး မြို့ ၆၀ နဲ့ ကချင်ပြည်နယ် ၁၀ မြို့လောက်ကို အဓိကထားပြီး survey လုပ်တာပေါ့နော်။”
အခုလို ကောက်ယူတဲ့ နယ်မြေတွေကတော့ ရှမ်းတိုင်းရင်းသားတွေ အများစု နေထိုင်တဲ့ နယ်မြေတွေ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ စစ်တမ်းကောက်ယူမှုဟာ တ၀က်ကျော်လောက် ပြီးစီးနေပြီး ရရှိထားတဲ့ အချက်အလက်တွေအရ ဆိုရင် မြို့တိုင်းနီးပါးလောက်မှာ မဲမသမာမှုတွေကို တွေ့ရတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
“ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ လွတ်လပ် တရားမျှတမှုကတော့ မရှိသလောက်ပါပဲ။ လုပ်ပုံလုပ်နည်းခြင်း ကွာခြားပေမဲ့လို့ နောက်ဆုံး နိဂုံးဆွဲချရင်တော့ မဲမသမာမှုက မြို့တိုင်းလိုလို ရှိတယ်၊ အနည်းနဲ့ အများပဲ ကွာပါတယ်။ မြို့တိုင်းလိုလိုမှာ မသမာတဲ့ ကြိုတင်မဲတွေက အဓိက ကျပြီးတော့ နောက်ထပ် ခြိမ်းခြောက်ပြီးတော့မှ မဲလိမ်တာမျိုးတွေပေါ့။ အတင်းအဓမ္မ မဲထည့်ခိုင်းတာတွေ၊ နောက်တခါ မဲထည့်ချင်လျက်နဲ့ ထည့်ပိုင်ခွင့် မရှိအောင်၊ တခါ မဲသွားထည့်လျက်နဲ့ ပယ်မဲဖြစ်အောင် ကြိုတင်ကြံဆောင်ထားတဲ့ အချက်အလက်တွေလည်း တော်တော်များများ တွေ့ရပါတယ်။”
တချို့ပြည်သူတွေဟာ မဲထည့်ချင်ပေမဲ့ ထည့်ခွင့်မရတဲ့ အခြေအနေနဲ့ ကြိုတင်မဲပေးတဲ့ အခြေအနေကိုတော့ ဦးစိုင်းလိတ်က အခုလို ရှင်းပြပါတယ်။
“မဲထည့်ချင်လျက်နဲ့ ထည့်လို့မရဘူး ဆိုတာက အိမ်ထောင်စု တခုမှာ ဥပမာ မိသားစုဝင် ၅ ယောက် ရှိတယ်ဆိုလို့ရှိရင် မဲထည့်ပိုင်ခွင့် ကြိုတင် အကြောင်းကြားတဲ့ လက်မှတ်ကို ၂ စောင်လောက်ပဲ လာပေးထားတယ်၊ မိသားစု ၅ ယောက်ရှိတဲ့ဆီမှာ။ နောက် ကျန်တဲ့ ၃ ယောက် သွားပြီး မဲထည့်မယ် လုပ်တော့ အဲဒီအတွက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ထည့်ပြီးသားဖြစ်တယ် ဆိုတာမျိုး၊ နောက်တခါ မဲစာရင်း မပေါ်ပေါက်ဘူး ဆိုတာမျိုး၊ မဲစာရင်း ကြေညာတဲ့ အချိန်မှာ လာပြီး အကြောင်းမကြားလို့ အခု နီးကပ်ချိန်ကျမှ အရေးဆိုတော့ လုပ်မပေးနိုင်ဘူး ဆိုတာမျိုး အဲဒါတွေက အစ တွေ့ရပါတယ်။
“ထူးထူးခြားခြားကတော့ ကြိုတင်မဲကို ဒီမိုကရေစီ အင်အားစုဘက်ကို မဲထည့်လောက်တဲ့ ရပ်ကျေးတွေကို သက်ဆိုင်ရာ ကော်မရှင်ရဲ့ တံဆိပ်တုံး မပါဘဲနဲ့၊ မဲရုံမှူးလက်မှတ် မပါဘဲနဲ့ ကြိုတင်မဲတွေ ပေးလွှတ်လိုက်တာမျိုး ရှိတယ်။ အဲဒါတော့ တော်တော် ထူးထူးခြားခြားကို တွေ့ရပါတယ်။”
ဒီစစ်တမ်းကို ရက်ပေါင်း ၁၀၀ အတွင်းမှာ အပြီးပြုစုပြီး နောက်လကုန်လောက်မှာ အများပြည်သူနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေ သိရှိနိုင်ဖို့ သတင်းထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။
အခုလို စစ်တမ်းကောက်ယူတာကို SNLD ပါတီက သီးခြားလွတ်လပ်စွာ ဆောင်ရွက်နေတာဖြစ်ပြီး သတင်းထုတ်ပြန်ရာမှာတော့ လုပ်ငန်း ရည်ရွယ်ချက်ချင်း တူညီတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ကောင်း ဆောင်ရွက်မယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲ မသမာမှုတွေကို စာရင်းပြုစုပြီး အစီရင်ခံစာ ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။
ရွေးကောက်ပွဲ ကာလကတော့ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်း အတော်များများက ရွေးကောက်ပွဲ မသမာမှုတွေကို သတင်းမီဒီယာတွေကနေ တဆင့် ကျယ်ကျယ်လောင်လောင် ဝေဖန်ခဲ့ကြပါတယ်။
အဲဒီနောက်မှာ ရွေးကောက်ပွဲ ကော်မရှင်က တရားမျှတမှု မရှိတာတွေကို ရွေးကောက်ပွဲ ဥပဒေနဲ့ အညီ ကန့်ကွက်လွှာ တင်သွင်းဖို့နဲ့ ပြည်ပ အသံလွှင့်ဌာနတွေ၊ သတင်းမီဒီယာတွေမှာ ပြောဆို ရေးသားတာတွေဟာ ဥပဒေနဲ့ ငြိစွန်းကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို ကန့်ကွက်လွှာ တင်သွင်းမယ် ဆိုရင်တော့ ကျပ်ငွေ ၁၀ သိန်း တရားစရိတ်အဖြစ် ပေးဆောင်ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေမှာ ပြဋ္ဌာန်းထားတာလည်း ဖြစ်ပါတယ်။
http://www.voanews.com/burmese/news/myanmar-election-snld-111042654.html
စစ်အစိုးရသာ ဒဏ်ခတ်အရေးယူမှု၏ တရားခံ
စစ်အစိုးရသာ ဒဏ်ခတ်အရေးယူမှု၏ တရားခံ
မကြာသေးမီက ရေးသားတင်ပြခဲ့သော “ဒဏ်ခတ်အရေးယူမှုနှင့် ပတ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို အနောက်နိုင်ငံများ စောင့်မျှော်နေကြ (West Waits for Suu Kyi Sanctions Signals)” ဟူသည့် အင်္ဂလိပ်ဘာသာဖြင့် တင်ဆက်သော ဧရာဝတီ သတင်း၌ “အမေရိကန်နှင့် ဥရောပ စီးပွားရေး အဖွဲ့များသည် ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက် ၎င်းတို့၏ မြန်မာနိုင်ငံဆိုင်ရာ သဘောထားကို ပြန်လည် စဉ်းစားသုံးသပ်နေကြသည်” ဟု ထည့်သွင်းဖော်ပြခဲ့သည်။
နိုဝင်ဘာ ၁၃ ရက်နေ့က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုသည် စစ်အစိုးရနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို ဆယ်စုနှစ်ချီ တားမြစ်ထားမှုများအား အဆုံးသတ်နိုင်စေလိမ့်မည်ဟူသော မျှော်လင့်ချက်များ မြင့်မားလာသည့်အပေါ် ဤသို့တင်ပြခဲ့ခြင်းဖြစ်သည်။
ယင်း သတင်း၌ “ဒဏ်ခတ်အရေးယူမှုတွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းလဲမှုတွေ မဖြစ်လာစေဘူးဆိုတာ အတော်လေး ရှင်းနေပါတယ်။ အဲဒီလိုမဖြစ်တဲ့အပြင် ဒဏ်ခတ်အရေးယူမှုတွေကြောင့် အမေရိကန် ကုမ္ပဏီတွေရဲ့ အလုပ်တွေကို မြန်မာနိုင်ငံနဲ့ လွတ်လွတ်လပ်လပ် ရောင်းဝယ်ဖောက်ကားနေတဲ့ တခြားနိုင်ငံတွေက သူတို့ရဲ့ ပြိုင်ဘက်တွေဆီ လွှဲပေးလိုက်ရသလိုတောင် ဖြစ်သွားတာပါ” ဟုဆိုသော အမေရိကန် ကုန်သည်ကြီးများအသင်း၏ အာရှဒေသဆိုင်ရာ ဒုတိယ ဥက္ကဋ္ဌ တမီ အိုဗာဘီ (Tami Overby) ၏ The Wall Street ဂျာနယ်သို့ ပြောကြားချက်ကိုလည်း ကိုးကားခဲ့သည်။
“တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံကသာ မြန်မာစစ်အစိုးရကို ဒဏ်ခတ်အရေးယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြန်လည်သုံးသပ်ဖို့ အရိပ်အယောင်ပြမယ်ဆိုရင် အမေရိကန် ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ဖျက်သိမ်းဖို့အရေး စဉ်းစားဖို့ အမေရိကန်လွှတ်တော်နဲ့ သမ္မတ အိုဘားမား အစိုးရကို တိုက်တွန်းသွားမှာ ဖြစ်ပါတယ်” ဟုလည်း မစ္စ အိုဗာဘီက ဆိုသေးသည်။
မစ္စ အိုဗာဘီ၏ မှတ်ချက်များသည် မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများကို ဖယ်ရှားနိုင်ရေး၏ အဓိက သော့ချက်မှာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟူသော အနောက်နိုင်ငံ အတော်များများ၏ လွဲမှားနေသည့် အမြင်ကို ထပ်မံ လှစ်ဟပြလိုက်ခြင်းပင် ဖြစ်သည်။ ဤဝန်ထုပ်ဝန်ပိုးကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အပေါ် ပုံချမည့်အစား ဒဏ်ခတ်အရေးယူမှုအပေါ် ဝေဖန်သုံးသပ်သူများ အနေဖြင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသဘောထားကို ပြောင်းရလောက်အောင် မြန်မာစစ်အစိုးရက ဘာများလုပ်ပြခဲ့ပါသနည်းဟူသော မေးခွန်းကို မေးသင့်သည်။
ဤမေခွန်း၏ အဖြေကား စစ်အစိုးရလုပ်ပြခဲ့သည်မှာ နည်းလွန်းလှ၏ဟူ၍ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့သည်၊ သို့သော် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်မှာ အကျဉ်းထောင်များအတွင်း ဒုက္ခခံနေရဆဲပင်။ စစ်အစိုးရအနေနှင့် အနောက်နိုင်ငံများက ၎င်းတို့အပေါ် ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများ ရုပ်သိမ်းပေးစေလိုပါက အနိမ့်ဆုံးအဆင့်အဖြစ် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးပေလိမ့်မည်။
ဒဏ်ခတ်အရေးယူမှုများအပေါ် ခါးခါးသီးသီး ဖြစ်နေသူများက မြန်မာ့ နိုင်ငံရေးအကျဉ်းသားများ၏ အကျပ်အတည်းနှင့် ပတ်သက်၍ ရံဖန်ရံခါ စကားအဖြစ်မျှသာ ထုတ်ဖော်ပြောဆိုမှုများ ရှိသော်လည်း ၎င်းတို့ အမှန်တကယ် အလေးထားသည်မှာကား ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ လက်လွှတ်ဆုံးရှုံးရခြင်းပင် ဖြစ်သည်မှာ ရှင်းလှသည်။
ထိုသို့ လက်လွှတ်ထားရပြီး တရုတ်နှင့် စစ်အစိုးရ၏ ဒေသတွင်း “အပေါင်းအပါများ” က ထိုအခွင့်အရေးများကို ရသွားသည်ကား ၎င်းတို့ တကယ်အလေးထားသည့် ကိစ္စဖြစ်သည်။
နိုင်ငံခြားမှ ရင်းနှီးငွေအလုံးအရင်း မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာမှုကြောင့် နိုင်ငံသားများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာလိမ့်မည်ဟု ဒဏ်ခတ်အရေးယူမှုအပေါ် ဝေဖန်သုံးသပ်သူများက အခိုင်အမာ ပြောလေ့ရှိသည်။ သို့သော် လက်တွေ့ဖြစ်ရပ်များကား ဤသို့မဟုတ်။ အာရှတဝန်းမှ နိုင်ငံတွင်းသို့ စီးဆင်းလာသော အလွန်ကြီးမားသည့် ငွေကြေးပမာဏသည် သာမန်ပြည်သူများကို ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ရန် မည်သို့မျှ စွမ်းဆောင်နိုင်ခြင်း မရှိသည့်အတွက် အနောက်နိုင်ငံများမှ ငွေကြေးကြောင့် ပြည်သူများ အကျိုးပိုရှိစေမည်ဆိုသည်မှာ မည်သို့မျှ ယုံကြည်နိုင်စရာအကြောင်း မရှိချေ။
အနောက်နိုင်ငံများမှ ကော်ပိုရေးရှင်းများအနေနှင့် မြန်မာနိုင်ငံတွင် ၎င်းတို့မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်နေသည်ကို တစထက်တစ ရိပ်စားမိလာနေကြသည်။ ထို့ကြောင့်ပင် ၎င်းတို့ရှိနေခြင်းအားဖြင့် စစ်အစိုးရအတွက် လိုအပ်သည်များကို တစုံတရာ လမ်းညွှန်မှုပေးနိုင်ကြောင်း၊ အနောက်နိုင်ငံများ၏ နည်းလမ်းများကိုလည်း ဗိုလ်ချုပ်ကြီးများကို မိတ်ဆက်ပေးနိုင်ကြောင်း စသည့် ၎င်းတို့၏ ဓာတ်ပြားဟောင်းကြီးများကို ပြန်လည် အသက်သွင်းရန် ကြိုးစားလာနေကြခြင်းဖြစ်သည်။
အမြတ်အစွန်းရရေးသက်သက် အမြင်ဘက်မှ ကြည့်မည်ဆိုပါက စီးပွားရေးသမားများ၏ အမြတ်အစွန်း တစုံတရာ ရလိုသည့်အပေါ် အပြစ်ဖို့ရန် ခက်ခဲပါသည်။ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ စင်ကာပူနှင့် တောင်ကိုးရီးယားနိုင်ငံများက မြန်မာနိုင်ငံ၏ အခြေခံ စက်မှုလုပ်ငန်းများတွင် အလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံထားကြသည် မဟုတ်ပါလား။ ကုန်ထုတ်လုပ်မှု အပါအဝင် တခြားကဏ္ဍများတွင်လည်း အခွင့်အလမ်း အသစ်များ ပေါ်လာနေပြီ မဟုတ်ပါလား။
ယခုနှစ် ပထမ ၆ လအတွင်း တရုတ်ကုမ္ပဏီများကချည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံသည့်ပမာဏမှာ အမေရိကန် ဒေါ်လာ ၈ ဘီလီယံ ရှိကြောင်း၊ အများစုကို သဘာဝဓာတ်ငွေ့၊ ရေနံနှင့် ရေအားလျှပ်စစ် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံကြကြောင်း စစ်အစိုးရ၏ တရားဝင် ကိန်းဂဏန်းများကို ကိုးကားသည့် ရိုက်တာသတင်းဌာန၏ အဆိုအရ သိရသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံကမူ တရုတ်နိုင်ငံထက်ပင် ရည်ရွယ်ချက်ပိုကြီးသေးသည်။ ထိုင်းအနေဖြင့် မြန်မာနိုင်ငံတောင်ပိုင်းရှိ တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ရေနက်ဆိပ်ကမ်းတခုနှင့် ၆၄၀၀၀ ဟက်တာ အကျယ်အဝန်းရှိ စက်မှုဇုန်တခု တည်ဆောက်ရန် အစီအစဉ်များ ရှိသည်။
ဘန်ကောက်အခြေစိုက် Italian-Thai Development ကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့အကြား သဘောတူ လက်မှတ်ထိုးခဲ့သော ဤစီမံကိန်းအတွက် အခြေခံကုန်ကျမှု တန်ဖိုးစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၁၃.၄ ဘီလီယံ ရှိသည်ဟု သိရသည်။ ယင်းဒေသကို ကုန်စည်ပို့ဆောင်ရာနှင့် ကုန်ထုတ်လုပ်ရာ ဗဟိုချက်အဖြစ် ပြောင်းရန် အစီအစဉ်ရှိသည်ဟုလည်း ခန့်မှန်းပြောဆိုနေကြကြောင်း သိရသည်။
“ကျနော်တို့ အလုပ်သမား အမြောက်အမြား လိုအပ်ပါတယ်၊ သန်းနဲ့ချီတဲ့ မြန်မာတွေကို အလုပ်လုပ်ဖို့ ကျနော်တို့ စည်းရုံးမယ်” ဟု Italian-Thai Development ကုမ္ပဏီ ဥက္ကဋ္ဌ ပရင်မ်ချိုင် ကာနာစု (Premchai Karnasuta) ကပြောကြောင်း မကြာသေးခင်က The New York Times သတင်းတပုဒ်၌ ဖော်ပြခဲ့သည်။
ဤနေရာ၌ ထည့်သွင်းဆွေးနွေးရန်လိုသည့် အချက်မှာ တချိန်က ဒေသအတွင်းတွင် အဖွံ့ဖြိုးဆုံးဖြစ်ခဲ့ပြီး အာဏာငမ်းငမ်းတက်သော အုပ်ချုပ်သူများကြောင့် တရွတ်တိုက် နောက်ပြန် ပြန်ဆွဲသွားသည့် တိုင်းပြည်ရှိ နိုင်ငံသားများ၏ ဘဝကို ယင်းသို့သော ရင်းနှီးမြှုပ်နှံမှုက မည်ကဲ့သို့ တိုးတက်စေနိုင်ပါသနည်းဟူသော အချက်ပင်ဖြစ်သည်။
ပြည်သူလူထု၏ ဆန္ဒသဘောထား ထုတ်ဖော်မှုများကို ပိတ်ဆို့ထားခြင်းမှာ မည်သို့မျှပြောပလောက်သည့် အရာမဟုတ်ဟု ယူဆထားကြသည့် မြန်မာစစ်အစိုးရသည် နိုင်ငံသားများ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေး အခွင့်အလမ်းများ ဆုံးရှုံးနေမူအပေါ်တွင်လည်း များစွာ အလေးမထားချေ။ ဤအခြေအနေအတိုင်း ဆက်ရှိနေမည်ဆိုပါက မြန်မာစစ်အစိုးရအပေါ် ချမှတ်ထားသော ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားပစ်ခြင်းကြောင့် အနောက်နိုင်ငံ ကုမ္ပဏီများနှင့် မြန်မာ စစ်ဗိုလ်ချုပ်ကြီးများကို ပို၍ ကြွယ်ဝချမ်းသာလာသည်မှလွဲ၍ အခြား မည်သည့်အရာမျှ ဖြစ်လာစရာ အကြောင်းမရှိချေ။
ထိုသို့ဆိုပါက မည်သည့်အတွက်ကြောင့် ဒဏ်ခတ်အရေးယူသည့် မူဝါဒများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်တွင် တာဝန်ရှိနေရပါသနည်း။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူလူထု၏ အသံကို ကိုယ်စားပြုသည်ဟု အားလုံးက သိပြီးဖြစ်သည်။ သို့စဉ်တိုင် ကိုယ့်စံနှုန်းနှင့်ကိုယ် ရှိနေသော အနောက်နိုင်ငံများသည် စစ်အစိုးရအနေဖြင့် ၎င်း၏ ပြည်သူများ ရသင့်သော အခွင့်အရေးများအပေါ် လေးစားသင့်ကြောင်း တိုက်တွန်းသင့်ပေသည်။
Only Than Shwe Can Get West to Lift Sanctions ကို ဆီလျော်အောင် ပြန်ဆိုသည်။
http://www.irrawaddy.org/bur/index.php/editorial/2008-10-06-11-24-23/5100-2010-11-30-12-06-17
Nobel Peace Prize Laureate Wangari Maathai sent Aung San Suu Kyi a video message of support.
Last week, Nobel Peace Prize Laureate Wangari Maathai sent Aung San Suu Kyi a video message of support. Thousands of other followers flooded Aung San Suu Kyi with messages.
But Suu Kyi has yet to hear from you. Will you sign our message to Suu Kyi saying that you stand with her?
Suu Kyi is now back on the streets of Rangoon rallying her supporters. But the regime is trying to isolate Aung San Suu Kyi from her supporters in Burma.
Last week, Suu Kyi visited a free HIV/AIDS clinic run by a member of her party, the National League for Democracy. The patients were overjoyed by Aung San Suu Kyi's visit.
However, the day after Suu Kyi's visit, military officials declared that the clinic would be shut down. The regime is shutting down this clinic to send a clear message: those who associate with Suu Kyi will be punished.
But Aung San Suu Kyi will not be intimidated. Her supporters are not backing down. We must not back down.
Send a message to Suu Kyi today telling her you stand with her.
With Appreciation,
Aung Din, Jennifer, Nadi, Patrick and Myra
Become a member of the U.S. Campaign for Burma.
Or, make a tax-deductible donation today.
ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းကြီးမှ ထုတ်ပြန်ကြေညာသော ၂၀၁၀ ခုနှစ် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင် အယောက် (၁၀၀) တွင် မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်
ကမ္ဘာကျော် Foreign Policy မဂ္ဂဇင်းကြီးမှ ထုတ်ပြန်ကြေညာသော ၂၀၁၀ ခုနှစ် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်ပညာရှင် အယောက် (၁၀၀) တွင် မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ကြောင်း သိရှိရပါသည်။ မြန်မာပြည် စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် မလျှော့သော ဇွဲလုံ့ လတို့ ဖြင့် ကြိုးပမ်းဆောင်ရွက်နေသော ဒေါ်အောင်ဆန်းစုကြည်အား ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ Foreign Policy မဂ္ဂဇင်းကြီးသို့  မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့  ပေးပို့ ခဲ့သော ဗွီဒီယိုစကားပြောမှတ်တမ်းနှင့် ပြောကြားချက်မှာ -
ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်
၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည်ကို Foreign Policy မဂ္ဂဇင်းကြီးက ထည့်သွင်းဖော်ပြလိုက်သည်။

ရွေးချယ်ခံရခြင်းနှင့် ပတ်သက်၍ Foreign Policy မဂ္ဂဇင်းကြီးသို့ ဗီဒီယိုမှတဆင့် ဂုဏ်ပြု အမှတ်တရ ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က သူနေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း ကမ္ဘာကြီးသည် ပြောင်းလဲလာကြောင်းနှင့် ဒီမိုကရေစီရေးအတွက် ဆက်လက် တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း ပြောသွားသည်။
ထို့ အပြင် ဒေါ်အောင်ဆန်းစုကြည်က “ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ ကျမဘဝဟာ ကာလအပိုင်းအခြား နှစ်ခုအတွင်း ကျင်လည်နေခဲ့ပါတယ်။ တွေးတောပြီး အပြန်ပြန်အလှန်လှန် သုံးသပ်ခြင်း ဆိုတဲ့ ကာလအပိုင်းအခြားနဲ့ လုပ်စရာတွေ များလွန်းလို့ ပြေးလွှားနေတဲ့ အတွေးတွေကို ဆုပ်ကိုင်ဖို့ အချိန်မရနိုင်တဲ့ ကာလအပိုင်းအခြားပါပဲ” ဟု ဆိုသည်။
“ဒါပေမယ့် ဒီနှစ်တွေထဲမှာ အတွေးတခု ဝင်နေတာက ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် တိုးတက်မှုတခုရဖို့ ကျမတို့အားလုံး အတူတူ လက်တွဲ လုပ်ဆောင်ကြရမယ် ဆိုတာပါပဲ။ ဒါက လူသားဖြစ်တည်မှုနဲ့အတူ မွေးဖွားလာတဲ့ အတွေးအခေါ်ပါ။ အများနဲ့ လုပ်တာ အကျိုးရှိပါတယ်။ တဦးကိုတဦး ကူညီရိုင်းပင်းကြဖို့ ကြိုးစားကြရပါမယ်။ ဒါဟာ ဘယ်တော့မှ အိုမင်းဟောင်းနွမ်းသွားမယ့် အတွေးအခေါ် မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပြောင်းလဲနေသော အခြေအနေသစ်ကို တွေ့ရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျမကို လာရောက် အားပေးသူတွေ၊ နှုတ်ဆက်ဖို့ လာတဲ့ သူတွေနဲ့ ကျမတို့ လုပ်ဆောင်နေတာကို ဆက်လက်ယုံကြည်ကြောင်း ပြသသူတွေဟာ လွန်ခဲ့တဲ့ နှစ်များစွာက ကျမ အလုပ် တွဲလုပ်ခဲ့ဖူးသူတွေထက် ပိုပြီး ငယ်ရွယ်နေကြပါတယ်။ တကယ့်ကို မျိုးဆက်သစ်တွေပါ။ မျိုးဆက်သစ်ပေါင်း များစွာလို့ ကျမပြောပါရစေ။ ကျမတို့နဲ့ ပူးပေါင်းလာတယ်။ တကယ့်ကို နုပျိုနေတဲ့ ကမ္ဘာသစ်ပါပဲ” ဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က တချိန်တည်းတွင် ထိုလူငယ်မျိုးဆက်များသည် သတင်းနည်းပညာ တော်လှန်ရေးသစ်၌ ပို၍ အကျွမ်းတဝင်ဖြစ်နေသည့် ထူးသည့် ကမ္ဘာသစ်ဖြစ်ကြောင်း၊ သူ့ကို ပျော်ရွှင်စေ၊ အားတက်စေ၊ လန်းဆန်းစေခဲ့ကြောင်း၊ သတင်းနည်းပညာသည် ကွဲပြားသည့် လူအမျိုးမျိုး၊ ကွဲပြားသည့် မျိုးဆက်များကြားတွင် ပိုမိုကောင်းမွန်သော ကူးလူးဆက်ဆံမှုကို ဖြစ်ပေါ်စေကြောင်း သုံးသပ် ပြောကြားသွားသည်။
“ကမ္ဘာကို ထိပ်တန်း အတွေးအခေါ်သမားအဖြစ် ဘာတွေ ပြောပေးနိုင်မယ်ဆိုတာ မသိပါဘူး။ ပြောနိုင်တာကတော့ ကျမဟာ ပြန်လည်မျှဝေပေးဖို့၊ အတွေးအခေါ်သစ်တွေ သင်ယူဖို့၊ လူငယ်တွေဆီက သင်ယူလေ့လာဖို့၊ ကျမ အကျယ်ချုပ်ကျခံနေရတဲ့ ကာလအတွင်း ဖြတ်သန်းခဲ့သူတွေဆီကနေ ဘာတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာကို သင်ယူဖို့၊ ထပ်ဆောင်း ဆင်ခြင်မှုတွေကို သင်ယူဖို့ အသင့်ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဆင်ခြင်တွေးခေါ်ခြင်းသည် ပြီးဆုံးသည်၊ အဆုံးသတ်သွားသည်ဟူ၍ မရှိကြောင်း၊ ဤသည်မှာပင် စိတ်ဓာတ်နှင့် နှလုံးသား၏ အဆုံးမရှိ ခရီးဆက်နေသော လူ့သဘာဝ၏ အလှတရားဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အုပ်စိုးမှုအပြောင်းအလဲထက် “အရည်အသွေး တန်ဖိုး အပြောင်းအလဲ” အတွက် ရှေရှည်ပြုပြင်ပြောင်းလဲမှုကို ဆော်သြခဲ့ကြောင်း Foreign Policy မဂ္ဂဇင်းကြီးက ရေးသားထားသည်။
“သူ (ဒေါ်အောင်ဆန်းစုကြည်) က လုပ်စရာရှိတာတွေ စလုပ်နေပါပြီ။ သူ့ရဲ့ ပါတီ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) ဆက်လက် ရပ်တည်ရေးအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်တယ်၊ မကြာသေးမီက ပြီးစီးသွားတဲ့ ရွေးကောက်ပွဲ မသမာမှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ကတိပြုတယ်။ လွတ်လွတ်ချင်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ 'ကျမတို့ လုပ်စရာတွေလည်း အများကြီး ရှိသေးတယ်' ဆိုတဲ့အတိုင်းပါပဲ” ဟု Foreign Policy မဂ္ဂဇင်းကြီးက မှတ်ချက်ပေးထားသည်။
ကမ္ဘာ့ အတွေးအခေါ်သမား ၁၀၀ အနက် ထိပ်ဆုံးတွင် ဘီလျံနာ သူဌေးကြီးများဖြစ်သော စီးပွားရေးရင်းနှီးမြှုပ်နှံသူ ဝါရင်း ဘတ်ဖတ် နှင့် မိုက္ကရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ် ဂိတ်တို့ရှိနေပြီး အမေရိကန် သမ္မတ အိုဘားမားက တတိယဖြစ်သည်။
ဂျာမန် အဓိပဓိဖြစ်သူ အင်ဂလာ မာကယ်က အဆင့် ၁၀ တွင်ရှိနေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အဆင့် ၁၃ ဖြစ်သည်။
http://www.irrawaddy.org/bur/index.php/news/5095-2010-11-30-09-54-36
Canada Supports Families Impacted by Cyclone Giri in Burma
Justin Broekema
Press Secretary
819-953-6238
or
Canadian International Development Agency (CIDA)
Media Relations Office
819-953-6534
media@acdi-cida.gc.ca
ဘာစစ်သားလဲ????
နေရာကား မြန်မာပြည် အလယ်ပိုင်း။
ဗမာ့တပ်မတော် စစ်သည်တို့ နွေနေပူပူတွင် ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် စစ်ရေး အပြင်းအထန်လေ့ကျင့်နေကြပါတယ်။ ကျယ်ဝန်းလှတဲ့ စစ်ရေးပြကွင်းကြီးကို ပတ်ပြေးနေရင်း--
ဘာလုပ်နေလဲ--------- လေ့ကျင့်နေတယ်
ဘယ်သူ့အတွက်လဲ---- ပြည်သူ့အတွက်ပဲ
ဘာလုပ်ဖို့လဲ----------- တိုက်ပွဲဝင်ဖို့
ဘာစိတ်ဓာတ်လဲ------- သံမဏိစိတ်ဓာတ်
ဘာစစ်သားလဲ--------- ပြည်သူ့စစ်သား၊ ပြည်သူ့စစ်သား၊ ပြည်သူ့စစ်သား။
အားတက်ဖွယ်ကောင်းတဲ့ ကြွေးကြော်သံတွေဟာ မိုးမြေ သိမ့်သိမ့်တုန်းအောင် ညံနေပါတော့တယ်။
--------------------------------------------------------------------------
နှစ်ပေါင်း (၅၆) နှစ်ကျော် ကြာသော်-------------
အရောင်ပျယ်နေတဲ့ ရေဒီယိုအစုတ်ကလေးကနေ - BBC World Service အသံ ပြတ်တောင်းပြတ်တောင်းနဲ့ ထွက်ပေါ်လာပါတယ်။ ဘီဘီစီ အာရှရေးရာ သတင်းထောက် တဦးဖြစ်တဲ့ ဂျွန်အပ်ဝဒ်က-
”ဒီကနေ့မှာတော့ ရှမ်းအမျိုးသမီးရေးရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နဲ့ ရှမ်းလူ့အခွင့်အရေး အဖွဲ့တို့ ပူးပေါင်းပြီး ထုတ်ဝေတဲ့ License To Rape (မုဒိန်းကျင့်ခွင့်လိုင်စင်) အစီရင်ခံစာကို ကမ္ဘာ့ကုလသမဂ္ဂမှာ တင်ပြကြပါတယ်။ ဒီအစီရင်ခံစာဟာ ဆိုရင်ဖြင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အတွင်းရှိ မြန်မာစစ်တပ်ရဲ့ ရှမ်းလူမျိုး မိန်းကလေးများအပေါ် အဓမ္မကျူးလွန်မှုများကို ဖော်ထုတ်ပြုစုထားခြင်း ဖြစ်ပါတယ်။ အစီရင်ခံစာဟာ အမှုပေါင်း ၁၇၃ မှုကို စာရင်းပြုစုခဲ့တာ ဖြစ်ပြီး စစ်တပ်ရဲ့ ပြုကျင့်မှုကို ခံခဲ့ရတဲ့ မိန်းကလေးနဲ့ အမျိုးသမီးပေါင်း ၆၂၅ ယောက်ကို မေးမြန်းစုံစမ်းထားခြင်း ဖြစ်ပါတယ်။ ဒီကျူးလွန်မှုတွေကိုတော့ ၁၉၉၆ ခုနှစ်နဲ့ ၂၀၀၁ ခုနှစ် အကြားမှာ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ ကျူးလွန်မှုတွေကို ကြည့်မယ်ဆိုရင်တာ့ ရှမ်းပြည်နယ်အတွင်း တာဝန်ကျခဲ့တဲ့ တပ်ရင်း ၅၂ ရင်း ပါဝင်ပတ်သက် နေပါတယ်။ ပြုကျင့်မှုတွေရဲ့ ၈၃ ရာခိုင်နှုန်းမှာ အရာရှိအဆင့်ရှိသူတွေ ပါဝင်ခဲ့ပြီး မိမိတို့ တပ်သားများရဲ့ ရှေ့မှောက်မှာ ကျူးလွန်ခဲ့ တယ်လို့ သိရပါတယ်။ ပြုကျင့်ခံရသူတွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ သေဆုံးခဲ့ကြပါတယ်။ ၆၁ ရာခိုင်နှုန်းဟာဖြင့် အုပ်စုလိုက် ပြုကျင့်မှု တွေအဖြစ် တွေ့ရပါတယ်။ ပြုကျင့်မှုပေါင်း ၁၇၃ ခုမှာ တခုကိုသာ အရာရှိတွေက အရေးယူခဲ့ပါတယ်။ အချို့ အမျိုးသမီးငယ်များဟာ အသက်မပြည့်သေးသူများဖြစ်ပြီး တပ်ထဲတွင် လပေါင်းမြားစွာ ခေါ်ထားသည်ကိုလည်း တွေ့ရှိရပါတယ်” တဲ့။
------------------------------------------------
၉ နှစ်ခန့်ကြာသော်-------
“ကျနော်တို့က တိုင်းပြည်ကို ကာကွယ်ရပါတယ်။ ဘုန်းကြီးတွေဗျာ အေးဆေး လမ်းလျှောက်ရင် ဘယ်သူက ဘာလုပ်မတုန်း၊ အခုတော့ ဆူဆူပူပူလုပ်တော့ ကျနော်တို့လည်း ပစ်ခတ်ထိန်းသိမ်းရတာပေါ့။ ဒီလိုမှ မလုပ်ရင် တိုင်းပြည် ပြိုကွဲပြီး တစစီဖြစ်ကုန်တော့မပေါ့ဗျာ။ ဒါကြောင့် တာဝန်အရ သတ်ရတာပါ”
“ဒါဆို ရှေ့တန်းမှာ မုဒိန်းကျင့်တာလည်း တာဝန်အရပဲလား”
”ဒါက အလကားပါဗျာ။ ကျနော်တို့ တပ်ရင်းဆို လူပျိုတွေချည်းပဲ။ လူပျိုတွေဆိုတော့ တိုင်းရင်းသူတွေနဲ့ ကြိုက်တာပေါ့။ အိမ်ထောင်ပြု ကြတာပေါ့။ ဒါကို သူတို့လူမျိုးတွေက မကျေနပ်လို့ မုဒိန်းကျင့်ပါတယ်လို့ ပြောတာပါ။ ဒါဟာ မုဒိန်းမှုမြောက်လား ခင်ဗျားတို့ပဲ စဉ်းစား ကြည့်ဗျာ။”
----------------------------------------------------
အချိန်ကား ဒီဇင်ဘာလ (၁)ရက်နေ၊ ၂၀၁၀၊ ည (၈)နာရီ၊
နေရာကား ပြင်ဦးလွင်မြို့ ဗိုလ်သင်တန်းကျောင်း၊
ဗိုလ်သင်တန်းဆင်းပွဲအား ဂုဏ်ပြုသောအားဖြင့် ကြိုက်သလောက် သောက်ပြီး ကြိုက်သလောက်ဆိုနိုင်ရန် ကာရာအိုကေပါ စီစဉ်ပေးထားပါတယ်။ အသံအားကောင်း၊ ပေါများလှတဲ့ မိုက်များကို ကိုင်ကြရင်း-----
ဘာလုပ်နေလဲ--------------- လေ့ကျင့်နေတယ်
ဘယ်သူ့အတွက်လဲ---------- ဖေဖေကြီးအတွက်
ဘာလုပ်ဖို့လဲ----------------- မုဒိန်းကျင့်ဖို့
ဘာစိတ်ဓာတ်လဲ------------ ဖွတ်ကြားစိတ်ဓာတ်
ဘာစစ်သားလဲ -------------- မုဒိန်းစစ်သား၊ မုဒိန်းစစ်သား၊ မုဒိန်းစစ်သား------
ပြိုင်တူထွက်ပေါ်လာတဲ့ အသံတွေကို နားထောင်ရင်း သင်တန်းဆင်းပွဲလာတဲ့ ဗိုလ်ချုပ်မှုးကြီးတွေရဲ့ အဆီတ၀င်းဝင်း မျက်နှာမှာ အားရကျေနပ်တဲ့ အပြုံးတွေ ဝေလို့-----------------------------------------

၂၀၁၀ နိုဝင်ဘာ ၂၉ ရက်
ကိုးကား---- License to rape အစီရင်ခံစာ (SWAN and SHRF)
http://www.facebook.com/note.php?note_id=179050585445769&id=100000836835164#!/notes/set-pe-zaw/e5e814a7/452762301932
စစ်အာဏာရှင်စနစ်နှင့် ငွေဖောင်းပွမှု ( Myo Nyint)

နိုင်ငံရေးဟာ စီးပွားရေးအပေါ်မှာ သက်ရောက်အားရှိတယ်ဆိုတာ အခု စီးပွားရေးပညာရှင်တွေ အာရုံပြန်စိုက် လာရပြီ။ အခုပြောတာ နိုင်ငံရေးဘောဂ၀ိဇ္ဇာကို ဆိုလိုတာမဟုတ်ဘူး။ အရင်က နိုင်ငံရေးဘောဂ၀ိဇ္ဇာက စီးပွားရေး အကျိုးရလဒ် ခွဲဝေခံစားမှု distribution of wealth ကို စိစစ်တာဖြစ်တယ်။ အခုပြောတဲ့ နိုင်ငံရေး ဘောဂ၀ိဇ္ဇာသစ်ဟာ နိုင်ငံရေးဟာ စီးပွားရေးအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာတင် ပြောတာ မဟုတ်၊ ခေတ်ပေါ်စီးပွားရေး စိစစ်တဲ့ သဘောတရားရေးနဲ့ နည်းပညာလက်နက်ကို အသုံးပြု ချဉ်းကပ်ခြင်း ဖြစ်ပါတယ်။ conceptual and technical tools of modern economic analysis.
ဒီိနိုင်ငံရေးနဲ့စီးပွားရေးအဆက်အစပ်ကို ကိန်းကလည်း ပြောခဲ့ဖူးပါတယ်။
‘Political problem of mankind was how to combine economic efficiency, social justice and individual liberty’ လူသားတို့ရဲ့ နိုင်ငံရေးပြဿနာဟာ စီးပွားရေးစွမ်းဆောင်ရည်ရယ်၊ လူမှုရေး တရားမျှ တမှုရယ်၊ ပုဂ္ဂလိက လွတ်လပ်မှုရယ် ရောသမ ပေါင်းစပ်ခြင်း ဖြစ်ပါတယ်။
၁၈ ရာစုကတည်းက Adam Smith and Montesquieu တို့ကလည်း မှတ်ချက်ချခဲ့ဖူးတယ်။ အာဏာရှင် မင်းဆိုး မင်ညစ်နဲ့ စီးပွားရေးကျဆင်းမှု ဆက်စပ်နေတယ်လို့ ပြောဖူးပါတယ်။ ၂၀ ရာစုမှာ ဒီမိုကရေစီဟာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အရေးပါတဲ့ အကြောင်းတရား ဖြစ်လာပါပြီ။ ၁၉၉၈ ခု စီးပွားရေး နိုဘယ်လ်ဆုကို Amatyr Sen ကို ပေးလိုက်တာဟာ အရေးပါတဲ့ မှတ်တိုင်တတိုင်ပါပဲ။ ဆင်းက ဒီမိုကရေစီနှင့် စီးပွားရေးတိုးတက်မှု အဆက်အစပ် ရှိမှုကို သက်ဝင်ယုံကြည်သူဖြစ်ပါတယ်။
ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှု တနည်းအားဖြင့် ငွေဖောင်းပွမှုဟာ စစ်အာဏာရှင်စနစ်နဲ့ ကပ်ပါလာတဲ့ ရောဂါလက္ခဏာဆိုးကြီးပါပဲ။ အာဏာရှင် နာဇီဟစ်တလာ လက်ထက်က ငွေစက္ကူတွေ ဗုံးပေါလအော ရိုက်ထုတ်ခဲ့လို့ ငွေဖောင်းပွမှုကြီးမားပြီး ဂျာမန် မတ်ငွေ တန်ဖိုး ထိုးကျခဲ့ရတဲ့ သာဓကတွေ၊ ဂျပန်ခေတ် ဗမာပြည်ဂျပန် ငွေစက္ကူသာဓကတွေ၊ ယူဂန္ဒာမှာ စစ်အာဏာရှင် အီဒီအာမင်က ငွေစက္ကူတွေ ဗုံးပေါလအော ရိုက်ထုတ်လို့ သူတို့ရဲ့ ရှီလင်ငွေတန်ဖိုးထိုးကျပြီး ငွေဖောင်းပွနှုန်း ခေါင်ခိုက်ခဲ့ရတဲ့ သာဓကတွေ၊ အဲဒီတုန်းက ယူဂန္ဒာဘဏ်ဥက္ကဋ္ဌက ငွေစက္ကူတွေ စီးမဲ့ကမ်းမဲ့ ရိုက်ထုတ်နေတာကြောင့် မိမိတို့ရဲ့ ရှီလင်ပိုက်ဆံဟာ အိမ်သာသုံး စက္ကူလောက်တောင် တန်ဖိုးမရှိတော့တဲ့အကြောင်း ဝေဖန်မိလို့ ထောင်သွင်းနှိပ်စက်ပြီး သတ်ပစ်လိုက်တယ်။ အာမင်ဘေးမှာပါလာတဲ့ ကိုယ်ရံတော်တပ်သားလေးကို မင်းဘဏ်ဥက္ကဋ္ဌ တက်လုပ်တော့ဆိုပြီး တထိုင်တည်း ရာထူးအာဏာအပ်နှင်းလိုက်တယ်။ နိုင်ဂျီးယားစစ်အာဏာရှင်တွေ လက်ထဲက နိုင်ရာငွေတန်ဖိုးကျပြီး ကုန်ဈေးနှုန်း အဆမတန် ထိုးတက်၊ ငွေဖောင်းပွနှုန်းကြီးမားတဲ့ သာဓကတွေ အနတဂ္ဂမပါဘဲ။
စစ်အာဏာရှင်တွေဟာ ဘာလုပ်လုပ် အာဏာလက်နက်ပဲ သုံးတတ်တယ်။ တခြားဘာမှ မတတ်ဘူး။ သူသုံးဖို့ ငွေလိုရင် စက်နဲ့ ရိုက်ထုတ်လိုက်တာပဲ။ ဟစ်တလာဟာ အလုပ်လက်မဲ့ကျဆင်းအောင် Public works တွေ အကြီးအကျယ် တိုးချဲ့လုပ်ကိုင်တယ်။ လမ်းတွေ ဖောက်တယ်၊ တံတားတွေ ဆောက်တယ်။ သူစစ်ရေး စစ်ရာအတွက် လမ်းပန်းဆက်သွယ်ရေးတွေ လိုအပ်နေတာကိုး။ လူတွေအလုပ်ရပြီး အလုပ်လက်မဲ့ ကျဆင်းမယ်။ ခုနလို လမ်းဖောက်၊ တံတားဆောက်တာဟာ ဟစ်တလာက ပိုက်ဆံပေးခိုင်းသေးတယ်။ ကျနော်တို့ စစ်တပ်ကတော့ ဟစ်တလာ့ထက် ပိုဆိုးသေး။ လုပ်အားပေးဆိုပြီး အလကားခိုင်းတာ။ ဟစ်တလာက လိုတဲ့ပိုက်ဆံတွေ စက်နဲ့ လှည့်ထုတ်၊ အဲဒီတော့ မတ်ငွေတန်ဖိုးကျ၊ ငွေဖောင်းပွ၊ ကုန်ဈေးနှုန်း အဆမတန်တက်၊ အဲဒီတော့ လုပ်ခတွေတိုးပေး၊ မီးလောင်ရာလေပင့်ဆိုသလို ကုန်ဈေးနှုန်းထပ်တက်။
နိုင်ဂျီးရီးယား စစ်အာဏာရှင်အစိုးရလည်း ဒီလိုပဲ။ ၁၉၈၇-၈၈ နဲ့ ၁၉၉၀-၉၄ ခုနှစ်အတွင်း expansionary monetary policy ခေါ်တဲ့ ငွေရိုက်ထုတ်ပြီး တဖက်က နိုင်ငံဘဏ္ဍာအသုံးစရိတ်ကို ရငွေနဲ့ မကာမိအောင် သုံးစွဲတဲ့အတွက် ငွေဖောင်းပွနှုန်း ကြီးမားလှပါတယ်။ နိုင်ငံခြားငွေကိုလည်း ပိတ်ထားလိုက်တဲ့အတွက် ပြင်ပ ဒေါ်လာဈေးက (၁၅၀) ရာခိုင်နှုန်း ခုန်တက်သွားတယ်။ သူရဲ့ငွေ Naira ကို အကြီးအကျယ်တန်ဖိုးချပေးလိုက် ပြီး နိုင်ငံခြားငွေကို လိုသလောက် ဖွင့်ပေးလိုက်တော့မှ ပြင်ပဒေါ်လာပေါက်ဈေး ကျဆင်းတည်ငြိမ်လာပါတယ်။ တိုင်းပြည်စီးပွားရေးကို စစ်တပ်ရဲ့အာဏာနဲ့ အုပ်ချုပ်လို့ မရဘူးဆိုတာ သိလာပြီးတဲ့နောက် ၁၉၉၉ ခုအတွင်း မှာ အာဏာလွှဲပေးလိုက်ပါတယ်။ စစ်အစိုးရ ခေတ်မရှိတော့ဘူးလို့လည်း စစ်ဗိုလ်ချုပ်ကြီး အဘူဘာကာက ဖွင့်ဟ၀န်ခံလိုက်ရပါတော့တယ်။
ငွေဖောင်းပွတယ်ဆိုတာဘာလဲ။
ကုန်ပစ္စည်းတခုအပေါ်မှာ အနုတ်အသိမ်းများရင်၊ အ၀ယ်လိုက်ရင် ဈေးတက်တတ်တယ်။ အဲဒီပစ္စည်းကို ပုံအောထုတ်ပေးနိုင်မှ ဈေးကွက်မှာ ပစ္စည်းမပြတ်နေသမျှတော့ ဈေးက တည်ငြိမ်နေဦးမှာပဲ။ ပစ္စည်းပြတ်ပြီး ရှားပါးသွားတာနဲ့ ဈေးတက်ပြီမှတ်ပေတော့။ သုံးငွေနဲ့ ကုန်ပစ္စည်း အားမျှနေရင် equilibrium ဖြစ်နေရင် ဈေးငြိမ်တယ်။ ကုန်ပစ္စည်းပေါများပြီး သုံးငွေအား မလိုက်နိုင်ရင် ဈေးကျနိုင်တယ်။ ကုန်ပစ္စည်းကရှားပြီး ငွေအင်အားကများပြီး အ၀ယ်လိုက်ရင် ဈေးတက်မယ်။ ပိုက်ဆံကပိုလာပြီး ပစ္စည်းပိုမထွက်လာရင်တော့ ဒါမှမဟုတ် ပစ္စည်းအရေအတွက်က ဒုံရင်းပဲဆိုရင် ဒါကို ငွေဖောင်းပွတယ်လို့ ခေါ်ပါတယ်။
ငွေဖောင်းပွတော့ ငွေတန်ဖိုးကျသွားတယ်။ ငွေကျပ် (၁၀၀) ဟာ ငါး (၁၀) သား ကနေ့ ၀ယ်စားနိုင်ပေမယ့် နောက်တပတ်အတွင်း ကုန်ဈေးနှုန်းတက်သွားတဲ့အခါ သူ့လက်ထဲကငွေ (၁၀၀) ဟာ အဲဒီ ငါး (၈) ကျပ်သားဖိုး ပဲ ၀ယ်ရနိုင်တော့တယ်။ ဈေးက တရိတ်ရိတ်တက်သွားလိုက်တာ နောက်တပတ်ကျတော့ သူ့လက်ထဲကငွေ (၁၀၀) ဟာ ငါး (၅) ကျပ်သားပဲ ၀ယ်ရတော့တယ်။ ငါးထုတ်လုပ်စရိတ်တက်လို့ ဈေးတက်သွားတာလား။ မွေးမြူရေးကန်က ငါးဆိုရင် ငါးစာဈေးတက်လို့ ဖြစ်စေ၊ ငါးကန်ရေထုတ်ရေသွင်းလုပ်ရာမှာ ဖြစ်စေ၊ တခြား တနေရာမှာ ဖြစ်စေ၊ မီးသုံးလို့ မီတာခတက်ရင် ဒါမှမဟုတ် လောင်စာဆီဈေးတက်လို့ ငါးဈေးတက်ရင်တော့ စရိတ်တက်လို့ ဈေးတက်သွားတာ ဖြစ်တယ်။ ဒါကို စရိတ်တွန်းငွေဖောင်းပွမှု cost-push inflation ခေါ်ပါတယ်။ တခါတရံ မိမိရဲ့ငါး ထုတ်ထုပ်စရိတ် တိုက်ရိုက်တက်တာမဟုတ်ဘဲ သူဝယ်စားသုံးတဲ့ပစ္စည်း ဒါမှမဟုတ် အထွေထွေဈေးနှုန်းတက်လို့ ကာမိအောင် လိုက်တက်ရတာလည်း ရှိပါတယ်။
ဥပမာ ဇိမ်ခံပစ္စည်းတခုက နိုင်ငံခြားကသွင်းပြီး ဈေးမှာချရောင်းတာကလည်း အကန့်အသတ်ဖြစ်၊ ဒီဇိမ်ခံပစ္စည်း ၀ယ်သုံးနိုင်တဲ့ လူတန်းစားကများလို့ ဖြစ်စေ၊ ပိုက်ဆံပေါလို့ ဖြစ်စေ၊ အ၀ယ်လိုက်နေရင်း ဈေးခုန်တက်မှာပဲ။ ဒါကို အ၀ယ်လိုက်ငွေဖောင်းပွမှု demand-pull inflation ခေါ်ပါတယ်။ အကွင်းသားမြင်အောင် နမူနာပြရရင်တော့ ဘိန်းငွေမဲတွေကို ငွေဖြူလုပ်ဖို့ ငွေဗုံးပေါလအောပေါက်ပြီးဝယ်တာ မန္တလေး၊ ရန်ကုန် အိမ်ဈေး၊ မြေဈေးတွေ တလောက တက်သွားတာဟာ အ၀ယ်လိုက်ငွေဖောင်းပွမှု demand-pull inflation ခေါ်ပါတယ်။
Monetarists တွေရဲ့ အယူအဆကတော့ တိုင်းပြည်ရဲ့ အမှန်တကယ် ထွက်ကုန်တိုးတက်နှုန်းနဲ့အညီသာ လှည့်လည်ငွေ တိုးနှုန်းရှိနေရပါမယ်။ သဘောကတော့ monetary growth>GDP growth ငွေဖောင်းပွလာမယ်။ ကုန်ဈေးနှုန်းတွေ တက်လာမယ်ဆိုလိုတာပါ။ ဗမာပြည်ရဲ့ monetary growth ကိုကြည့်ရင်၊
၁၉၉၁ (၄၅.၆)%
၁၉၉၂ (၃၀.၉)%
၁၉၉၃ (၃၄.၁)%
၁၉၉၄ (၄၁.၃)%
၁၉၉၅ (၃၄.၀)%
၁၉၉၆ (၃၉.၁)%
၁၉၉၇ (၂၈.၇)%
၁၉၉၈ (၂၇.၆)%
အသားတင်ကုန်ထုတ်လုပ်မှု တိုးတက်နှုန်းထက် များစွာမြင့်နေတဲ့အတွက် ဗမာပြည်ရဲ့ ငွေဖောင်းပွနှုန်းဟာ၊ ၁၉၉၁ ခုက (၂၆.၅) ရာခိုင်နှုန်း ၊ ၁၉၉၀ ခုမှ ၁၉၉၄ ခုနှစ်အတွင်း တနှစ်ပျမ်းမျှ (၂၆.၁) ရာခိုင်နှုန်းနဲ့ ၁၉၉၅ ခုမှာ (၂၂.၅) ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၉၆ မှာ (၂၀) ရာခိုင်နှုန်း၊ ၁၉၉၇ မှာ (၃၃.၉) ရာခိုင်နှုန်း၊ ၁၉၉၈ မှာ (၄၉.၁) ရာခိုင်နှုန်း နောက်ပိုင်း ငွေဖောင်းပွနှုန်းဟာ (၆၇) ရာခိုင်နှုန်းအထိ ထောင်တက်သွားရာက ၁၉၉၉ ဧပြီလမှာ (၂၉) ရာခိုင်နှုန်းလောက် ပြန်ကျသွားပါတယ်။ တချိန်တည်းမှာပဲ စားသုံးကုန်ဈေးနှုန်းက ၁၉၉၈ ခု ဇွန်လမှာ ၁၉၉၇ ခု ဇွန်လထက် (၆၆) ရာခိုင်နှုန်း မြင့်တက်ပါတယ်။ ရန်ကုန်ဈေးဆနှုန်းဟာ ၁၉၈၆ ခုနှစ်ထက် (၁၁) ဆနီးပါး တက်ပါတယ်။
၁၉၉၉ ခု ဧပြီ ဆန်ဈေးသည် ၁၉၈၈ ခုနှစ် နောက်ပိုင်း ပျှမ်းမျှအားဖြင့် (၁,၈၀၀) ရာခိုင်နှုန်း တက်သည်ဟု စာရင်းရပါသည်။
ငွေဖောင်းပွပြီး ကျပ်ငွေတန်ဖိုးကျလိုက်လာရင် လူတွေက သူ့လက်ထဲမှာ ကျပ်ငွေကြာကြာ သိမ်းမထားလိုဘူး။ ရွှေ ဒါမှမဟုတ် FEC ၀ယ်ထားလိုက်မှာပဲ။ ဒါမှမဟုတ် တွက်ချေကိုက်မယ့် ကုန်ပစ္စည်းတခုခု ဖမ်းဝယ်လိုက် မယ်။ ဘဏ်မှာ သွားထားဖို့ကလည်း ဘဏ်တိုးက တနှစ် (၁၂) ရာခိုင်နှုန်း၊ တနှစ်ငွေဖောင်းပွနှုန်းက (၂၂) ရာခိုင်နှုန်း လုံးဝမကိုက်ဘူး။ ကျပ်ငွေဟာ ငွေပူဖြစ်လာတယ်။ လက်ထဲမှာ ကြာကြာမထားလိုကြဘူး။ ပိုက်ဆံ လက်ထဲရောက်လာတာနဲ့ ပစ္စည်းဝယ်၊ ဈေးတက်ရင်ပြန်ရောင်း၊ ငွေဝင်လာတာနဲ့ ပစ္စည်းထပ်ဝယ်။ ကုန်ပစ္စည်း က တိုးလာတာ မဟုတ်ဘဲ ငွေလည်ပတ်တာက မြန်သထက်မြန်လာတယ်။ Money Velocity ခေါ်တယ်။ လှည့်လည်သုံးစွဲငွေလည်ပတ်နှုန်းက အကြိမ်များလို့ ဖြစ်စေ၊ အစိုးရက ငွေစက္ကူတွေ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်ပြီး ငွေလှည့်လည်စက်ဝိုင်းထဲဝင်သွားရင် ငွေအင်အားက များပြီး ပစ္စည်းအင်အားမလိုက်နိုင်ဘဲ ကုန်ဈေးနှုန်းကြီးမြင့်၊ ငွေဖောင်းပွနှုန်း ကြီးမားလာတတ်ပါတယ်။ ကျပ်ငွေကို လူတွေယုံကြည်စိတ်ချလာပြီး အပေါင်းလက္ခဏာပြ အမှန်ဘဏ်တိုးနှုန်းကလည်း ကောင်းရင် လူတွေလက်ထဲလှည့်လည်နေတဲ့ ငွေကို ဘဏ်အပ်ပြီး စုဆောင်းလာကြမှာပဲ။ သဘောက ဘဏ်တိုးနှုန်းက (၁၆) ရာခိုင်နှုန်း၊ ငွေဖောင်းပွနှုန်းက (၄) ရာခိုင်နှုန်းဆိုရင် အသားတင်အတိုးနှုန်းက (၁၂) ရာခိုင်နှုန်း၊ အပြင်လုပ်ငန်းမှာ ငွေအရင်းအနှီးထည့်လိုက်လို့ (၉) ရာခိုင်နှုန်းပဲ အကျိုးအမြတ် ပြန်ပေါ်ရင်၊ သူ့ပိုက်ဆံ ဘဏ်ပဲအပ်ထားတော့မှာပေါ့။ အဲဒီလိုလုပ်ရင် အပြင်က လှည့်လည်သုံးစွဲငွေက ကျသွားမယ်။ ငွေဖောင်းပွနှုန်းလည်း အရှိန်သေပြီး ထိန်းနိုင်လာလိမ့်မယ်။
ငွေဖောင်းပွတာကို ဘာနဲ့ တိုင်းသလဲ။
ဗမာနိုင်ငံလို အချို့နိုင်ငံတွေက စားသုံးသူဈေးဆနှုန်းနဲ့ တိုင်းပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံအများကတော့ GDP Deflator နဲ့ တိုင်းပါတယ်။ ကျနော်တို့နဲ့ဆိုင်တဲ့ စားသုံးသူဈေးဆနှုန်း CPI ကို နည်းနည်းရှင်းပြပါမယ်။
ဗမာပြည်သူလူထု အများစားသုံး သုံးစွဲတဲ့ပစ္စည်းကို ပထမရွေးချယ်ရပါတယ်။ ဥပမာ ဆန်၊ ဆီ၊ ဆား၊ ငါး၊ ကြက်၊ ဘဲ၊ ၀က်၊ ဘဲဥ၊ ကြက်ဥ၊ ကန်စွန်းရွက်၊ ချဉ်ပေါင်၊ ငါးပိ၊ ငါးပိရေ၊ အိမ်လခ၊ မီတာခ၊ ပုဆိုး၊ ထဘီအင်္ကျီ စသည်ဖြင့်ပေါ့။ ဒီရွေးချယ်သတ်မှတ်လိုက်တဲ့ ပစ္စည်းတွေ အခြေခံနှစ်တနှစ်ကို (၁၀၀) ထားပြီး နောက်ပိုင်း နှစ်စဉ်ရာခိုင်နှုန်း ဘယ်လောက်တက်လာတယ်ဆိုတာ တွက်ချက်ပြီး ထုတ်ပြန်ကြေညာရတာပါ။ ဗမာပြည်ရဲ့ ငွေဖောင်းပွနှုန်းကို ရန်ကုန် ၁၉၈၆ ခုဈေးကို အခြေခံထားပြီးတွက်ချက်တာပါ။ ဒါပေမယ့် ပြင်ပပေါက်ဈေးကို မယူဘဲ အစိုးရဈေးနဲ့ တွက်ချက်တာဖြစ်ပါတယ်။ အစိုးရဈေးနဲ့ ပြင်ပပေါက်ဈေးဟာ ဆန်ကအစ များစွာ ကွာခြားပါတယ်။ ၀န်ထမ်းနဲ့တပ်ကို ထုတ်ပေးတဲ့ ဆန်ဈေးနဲ့ ပြင်ပဈေးများစွာ ကွာခြားပါတယ်။
ဒီကုန်ဈေးနှုန်းဟာ ပြည်တွင်းဖြစ် ပစ္စည်းဆိုရင် လုပ်ခစရိတ်တက်လို့ဖြစ်စေ၊ လောင်ဇာဆီဈေးတက်လို့ဖြစ်စေ၊ နိုင်ငံခြားက မှာယူရတဲ့ ကုန်ကြမ်းပစ္စည်း ဈေးတက်လို့ စသည်ဖြင့် ထုတ်လုပ်မှုစရိတ်တက်လို့လည်း ဈေးကြီး သွားရတယ်။ အပြင်က တင်သွင်းတဲ့ လူသုံးကုန်ပစ္စည်းဆိုရင်လည်း အဲဒီနိုင်ငံခြားငွေ လဲလှယ်နှုန်းတက်သွားလို့ ဈေးကြီးရတာလည်းရှိတယ်။ အဲဒီတော့ ငွေဖောင်းပွမှု အကြောင်းပြောရင် စရိတ်၊ အမျိုးသားငွေကြေး၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းတို့ ပါလာပါတယ်။
အမျိုးသား ငွေကြေးစနစ်ကို အဓိကအားဖြင့် Fiat အာဏာပိုင်တို့က ဘာမျှအကိုးအကား မပြုဘဲ အမိန့်အာဏာဖြင့် ရိုက်ထုတ်ဖြန့်ဝေခြင်းနဲ့ commodity-backed currency commodity-valued currency ကုန်ပစ္စည်းနောက်ခံထား ဒါမှမဟုတ် ကုန်ပစ္စည်းနဲ့ တန်ဖိုးညှိထုတ်လုပ် ဖြန့်ဝေသုံးစွဲတာဖြစ်ပါတယ်။ အရင်တုန်းကတော့ ရွှေကို နောက်ခံထားပြီး ပိုက်ဆံထုတ်တယ်။ ဒေါ်လာကို အဲဒီလို လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေအများစုဟာ အမေရိကမှာရှိနေ၊ ဒေါ်လာကလည်း အလွန်ခိုင်မာတော့ ဒေါ်လာကို ရွှေပြန်အမ်းနိုင်တယ်။ နောက်ပိုင်း ကမ္ဘာ့စီးပွားရေးအခြေနေကြောင့် ဒီလို မလုပ်နိုင်တော့ဘူး။
ဒါပေမယ့် တိုင်းပြည်ထုတ်ကုန် ကမ္ဘာ့ကုန်သွယ်ရေး အခြေနေပေါ်ကြည့်ပြီးတော့ ဒီပိုက်ဆံအပေါ်အနုတ်အသိမ်း အပေါ်မူတည်ပြီး Money Supply ကိုလုပ်ရတာ။ Money Supply ဆိုတာဘာလဲ။ လှည့်လည်သုံးစွဲငွေကို ခေါ်တာ။ Money in circulation ကို ခေါ်တာ။ Money Supply> Money Demand ဆိုရင် အနုတ်အသိမ်းလိုအပ်တာ ထက်ပိုနေရင် ငွေဖောင်းပွမှာပဲ။ ဥပမာပစ္စည်းက (၁၀၀) ဖိုးရှိပြီး ပိုက်ဆံကလည်း (၁၀၀) ဆိုရင် အိုကေတယ်။ ပစ္စည်းက (၁၀၀) ဖိုး၊ လှည့်လည်နေတဲ့ ပိုက်ဆံက (၁၁၅) ကျပ်ဖြစ်ရင် ငွေဖောင်းပွသွားပြီ။ ငွေတန်ဖိုးကျသွားပြီ။
၁၉၆၂ ခု ဦးနုလက်ထက်မှာ လှည့်လည်သုံးစွဲငွေ ကျပ်သန်း (၁,၁၉၄) ရှိရာက ၁၉၈၉ ခုနှစ်မှာ ငွေစက္ကူသစ်ကျပ်သန်း (၆,၇၄၀) ဖိုး ရိုက်ထုတ်ပြီး လှည့်လည်သုံးစွဲငွေဟာ ကျပ်သန်း (၁၈,၈၅၇) အထိဖြစ်လာတယ်။ ၁၉၉၁ ခုနှစ်မှာ ကျပ်သန်း (၁၀၆,၀၂၃) အထိ တိုးလာပြန်တယ်။ သူတို့အဖေကြီး ဗိုလ်နေ၀င်းရဲ့ မဆလ လက်ထက်ပြည်သူ့ဘဏ်ဥပဒေမှာတောင် ပြည်သူတို့လက်ထဲတွင် လှည့်လည်သုံးစွဲငွေ တန်ဖိုး၏ (၂၅) ရာခိုင်နှုန်းနှင့် ညီမျှသော အရန်ရွှေနဲ့ နိုင်ငံခြားငွေ ဘဏ်လက်ဝယ်ရှိရမယ်လို့ ပြဋ္ဌာန်းခဲ့ပါသေးတယ်။ ကြောထောက်နောက်ခံ နိုင်ငံခြားငွေ အင်အားနဲ့ချိန်ပြီး ငွေစက္ကူရိုက်ထုတ်ဖို့ စည်းကမ်းကလနားသတ်ပေးတာပါ။ ငွေတွေ ဗုံးပေါလအောမလုပ်အောင်ပါ။ အဲဒါက ၁၉၆၇ ခုနှစ်က ပြဋ္ဌာန်းတဲ့ ဥပဒေပါ။ ဒါပေမယ့် ၁၉၇၃ ခုနှစ်မှာ အရန်ရွှေနဲ့ နိုင်ငံခြားငွေ ကျပ်သန်းဖိုး (၄၀၈) သာ ရှိပေမယ့် လည်ပတ်တဲ့ ငွေက ကျပ်သန်း (၃) ထောင်ကျော် ဖြစ်နေပြီ။ အရန်ငွေမာဟာ (၁၃.၅) ရာခိုင်နှုန်းပဲ ရှိတော့တယ်။
ငွေတန်ဖိုးပြန်တက်အောင်၊ ငွေဖောင်းပွမှုကို ထိန်းနိုင်အောင် လည်ပတ်သုံးစွဲနေတဲ့ သံသရာထဲက ငွေတချို့ကို ဘဏ်ထဲပြန်ဝင်အောင် အတိုးကောင်းကောင်းပေးပြီး ဆွဲဆောင်တာ ဒါမှမဟုတ် အရင်းအနှီးပစ္စည်းထဲ လာမြုပ်နေအောင် လုပ်ပေးရတယ်။ သဘောကတော့ လည်ပတ်သံသရာထဲက ဖယ်ထုတ်လိုက်တာပဲ။ ကျနော်တို့ရဲ့ စစ်အာဏာရှင် ဥာဏ်ကြီးရှင်တွေကတော့ ၁၉၆၄ ခု မေလ (၁၇) ရက်က ကျပ် (၁၀၀) တန်နဲ့ (၅၀) တန်၊ (၂၅) တန်တွေ တရားမ၀င်လုပ်လိုက်လို့ လူထုဟာ ကျပ် (၉၁၆) သန်းဖိုး မွဲသွားခဲ့တယ်။ ၁၉၈၆ ခုမှာပဲ (၃၅) ကျပ်တန်၊ (၄၅) ကျပ်တန်၊ (၉၀) ကျပ်တန် ငွေစက္ကူသစ်တွေ ထပ်ထုတ်တယ်။ တခါ ၁၉၈၇ ခုနှစ် စက်တင်ဘာ (၅) ရက်က (၂၅) ကျပ်တန်၊ (၃၅) ကျပ်တန်၊ (၇၅) ကျပ်တန် ငွေစက္ကူတွေ လှည့်လည်သုံးစွဲ နေတဲ့ငွေမှ (၇၅) ရာခိုင်နှုန်းနီးပါးကို တရားမ၀င် ကြေညာလိုက်ပြန်ပါတယ်။
ဒီငွေတွေကလည်း ပထမတခါတုန်းက (၂၅) ကျပ်တန်၊ (၅၀) ကျပ်တန်၊ (၁၀၀) ကျပ်တန်တွေ တရားမ၀င် ဖျက်သိမ်းလိုက်ပေမယ့် ဗိုလ်နေ၀င်းအတွက် ဗေဒင်ကိန်းခန်းအရ ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ထုတ်ဝေ လိုက်တာဖြစ်ပါတယ်။ အဲဒီတော့ တချို့ငွေတွေ လှည့်လည်သုံးစွဲငွေထဲက ထွက်သွားလို့ ယာယီခဏလေးသာ ငွေဖောင်းပွနှုန်းကျသွားပေမယ့် ပြန်ပြီး (၃၀.၇၅) ရာခိုင်နှုန်း ထောင်တက်သွားပြန်တယ်။ ဒုတိယအကြိမ်လည်း အဲဒီလိုပဲ ခဏပဲကျပြီး ၁၉၈၈ ခုမှာ ငွေဖောင်းပွနှုန်းဟာ ဒုံရင်း (၃၁.၆၇) ရာခိုင်နှုန်းပြန်တက်လာပြန်တယ်။ အထိနာတာက လက်လုပ်လက်စား၊ ကုန်စုံဆိုင်အသေးစားပိုင်ရှင်တွေ၊ လက်လွှဲလက်ပြောင်း လုပ်စားသောက် လုပ်ကိုင်စားရတဲ့ လူတန်းစားဟာ လက်ထဲမှာရှိစုမဲ့စု ငွေလေးဟာ နေ့ချင်းညချင်း စက္ကူစုပ်ဖြစ်ပြီး မွဲပြာကျသွားကြတယ်။ အသေးစားထုတ်လုပ်မှု ၀န်ဆောင်မှုလည်း အထွက်ကျသွားတယ်။
စစ်ဗိုလ်ကြီးတွေကတော့ မကြေညာခင်လေးမှာ လက်ထဲရှိတဲ့ အဲဒီငွေစက္ကူတွေ ပစ္စည်းဝယ်သုံးပစ်လိုက်ကြ တယ်။ သူတို့ကတော့ မထိဘူးပေါ့။ ဒုတိယအခါကျတော့ လူထုကမခံမရပ်နိုင်ဖြစ်ပြီး အုံကြွပေါက်ကွဲလို့ ရှစ်လေးလုံး အရေးအခင်းထိ ဖြစ်သွားရတယ် မဟုတ်လား။ အာဏာရှင်ပီပီ အာဏာနဲ့ လုပ်ရင်ရမယ် မှတ်နေတာကိုး။ ၁၉၉၄ ခုမှာ (၁၀) ကျပ်တန်၊ (၅၀) ကျပ်တန်၊ (၅၀၀) ကျပ်တန် နဲ့ ၁၉၉၈ ခုပိုင်းမှာ ကျပ် (၁,၀၀၀) တန်ပါ ထုတ်ပြန်တယ်။ ငွေတခါတခါချေရင် ဂုံနီအိတ်နဲ့ သယ်ပြီးချေရတဲ့ ဘိန်းဘုရင်တွေ အဲဒီဒုက္ခက လွတ်ကင်းအောင် အရွက်ကြီးတွေ အကျိုးဆောင်ထုတ်ပေးတာနဲ့ တူပါရဲ့။
တကယ်တော့ မှန်ကန်တဲ့ ငွေကြေးပေါ်လစီကို သုံးရမှာ။ ဒါလည်း တင်းကျပ်တဲ့ ဘဏ္ဍာရေးပေါ်လစီနဲ့ အားဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်။)
http://kotoegyi.multiply.com/reviews/item/85

