http://www.mediafire.com/file/9jh5755dtvbg0pb/5%20%20October%202010%20yeyintnge%27s%20Diary.doc
http://www.mediafire.com/file/l0zbzbiggdijbwt/5%20%20October%202010%20yeyintnge%27s%20Diary.pdf
5 October 2010 Yeyintnge's Diary
Tuesday, October 5, 2010
5 Oct 2010 ဒိုင်ယာရီ
ပဲခူး လူငယ်နှစ်ဦးကို သတ်သည့် စစ်ဗိုလ် နေပြည်တော် သို့ ပြောင်းလဲတာဝန် ထမ်းဆောင်
October 5, 2010 freedom news group
![]()
စက်တင်ဘာလ နှောင်းပိုင်း က ပစ်သတ်မှု တွင် ပါဝင်သည့် စစ်သားများနှင့် ဗိုလ်ကြီး သိဒ္ဓိစိုး အားတောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်ဆေးမေးမြန်းမှု စတင်ပြီးနောက် ဘုန်းကြီး ၀တ်ခိုင်းထားသည်ဟု သတင်းရရှိပြီး နောက်ပိုင်း တွင် အများ ပြည်သူများ က တွေ့ မြင်သွား မည် စိုး၍ တပ်ရင်းမှုဒုတိယ ဗိုလ်မှုးကြီး မြင့်စိုး က တပ်ပြင် ထွက်ခွင့် မပေးဘဲ တပ်တွင်းမှာပင် လွတ်လပ်စွာ ထားရှိသည် ဟု သိရသည်။အောက်တိုဘာလဆန်း တွင် မူ ပစ်သတ်မှု တွင် အမိန့် ပေးသည့် ဗိုလ်ကြီး သိဒ္ဓိစိုး အားနေပြည်တော် မှ ဆင့်ခေါ်ကာ လက်ရှိရာ ထူးအတိုင်း ပင် ဥမင်လှိုဏ်ခေါင်း ဖောက်သည့်ဒေသ တွင် နာမည် ပြောင်း `၍ ရာထူးတိုးကာ ဗိုလ်မှုး ကိုလေး ဆိုသည့် နာမည်ဖြင့်တာဝန်ထမ်းဆောင်နေသည် ဟု သိရသည်။ခလရ ၅၉ မှ စစ်ဗိုလ် တစ်ဦး ဖြစ်သူ ဗိုလ်ကြီး သိဒ္ဓိစိုး သည် စစ်ဗိုလ်ချုပ် တစ်ဦး ၏ သားသမီးတစ်ဦး ပင်ဖြစ်သည်။လူငယ်နှစ်ဦးအား ရက်စက်စွာသတ်သည့် တရားခံ များ အား သေဆုံးသူ ၏ဆွေမျိုး အသိုင်းအ၀ိုင်းသာမက ၊ ပဲခူးမြို့ သူမြို့ သား များ နှင့် မြန်မာ တစ်နိုင်ငံလုံးမှ တရားနည်းလမ်းကျစွာ ဆုံးဖြတ်ပေးရန်လိုလားကြသည်။
http://freedomnewsgroup.com/
ပညာတတ်တာ ရေပေါ်ဆီ လား၊ လူထု ပုခုံးကိုနင်းပြီး ပေါ်ပြူလာ ဖြစ်ချင်တာ ရေပေါ်ဆီ လား
ပညာတတ်တာ ရေပေါ်ဆီ လား၊ လူထု ပုခုံးကိုနင်းပြီး ပေါ်ပြူလာ ဖြစ်ချင်တာ ရေပေါ်ဆီ လား
မပျောက်သေး ပါ ဘူး။ အထူးသဖြင့် ဆိုရှယ်လစ် ခေတ်မှာ ခွက်ပျောက်ခဲ့ပြီး ဒီဘက် စစ်အစိုးရခေတ်မှာလည်း အဖက်လုပ် ခြင်းမခံရတဲ့ ၆၀ ကျော် ၇၀ တန်းအဖိုးကြီးတွေက ပိုပြီး ခပ်ညံညံ ပြောတတ်ကြပါတယ်။ ဒီလို ပြော
ဆိုမှုတွေ ကို နှစ်ခြိုက် သဘောကျသူတွေ ရှိကောင်းရှိမှာပါ။ ဒါပေမယ့် သူတို့တို့ရဲ့ ပြောဆိုမှုတွေဟာ ပြောင်းလဲလာ တဲ့ ခေတ်အခြေအနေအပေါ်မှာ သူတို့ အတွက် နေရာမရှိတော့လို့ စိတ်အချဉ်ပေါက်ရာကနေ ပေါ်ထွက် လာတယ် ဆိုတာတော့ သိသာထင်ရှားနေပါတယ်။
ပညာတတ် ဆန့်ကျင်ရေး ဇစ်မြစ်
အစွန်းရောက် လက်ဝဲသမားတွေဟာ ပညာတတ်တွေကို အမြင်မကြည်ပါဘူး။ ကမ်ဘောဒီယားနိုင်ငံမှာ ဆိုယင် ပိုပေါ့လက်ထက်က ပညာတတ်တွေကို သုတ်သင်တဲ့အနေနဲ့ မျက်မှန် တပ်ထားယင်တောင် ပညာ တတ်လို့ ယူဆပြီး သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျနော်တို့ ခပ်ငယ်ငယ်က ပညာတတ် လူလတ်တန်း စားဥာဉ် ဆိုတဲ့ စကားရပ်ကို ကြားခဲ့ပါတယ်။ ပညာတတ်လူလတ်တန်းစား ဥာဉ်အတိုင်း တွေဝေတယ်၊ ယိမ်း ယိုင်တယ်၊ မပြတ်သားဘူး စသည်အားဖြင့် ဝေဖန်တာတွေ ကြားခဲ့ရပါတယ်။ ဒါပေမယ့်လို့ အဲဒီလို ပညာ တတ်တွေကို ရန်ုလုပ်နေတာဟာ အခုလို ၂၁ ရာစုထဲအထိ ရှိနေတုန်းပဲ ဆိုတာကတော့ အတော်လေး အံ့သြဖို့ကောင်းနေပါတယ်။
ဒီလို ပညာတတ်တွေကို ရန်လုပ်တတ်တဲ့ ရှေးခေတ်အဘိုးကြီးတွေထဲမှာ ဆရာ လူထု စိန်ဝင်းကတော့ အသံ အကျယ်ဆုံးပါ။ ကလောင်လက်နက် ကလည်းရှိတော့ ဆင်သွားယင် လမ်းဖြစ်တယ်ဆိုတဲ့ အယူအဆ နဲ့ ရေးချင်ရာကို ရေးနေပါတယ်။ သူ ရန်လုပ်တဲ့အထဲမှာ ပြည်တွင်းက NGO တွေပါသလို၊ အခုတော့ နိုင်ငံရပ် ခြားမှာ ပညာသင်နေတဲ့၊ သင်ခဲ့တဲ့ လူတွေဘက်ကိုပါ ဦးလှည့်လာပါပြီ။ ဒီလူတွေဟာ အောက်ခြေလွတ် တယ်၊ ဘ၀င်မြင့်တယ်၊ လူထုကို အထင်သေးတယ် စသည်ဖြင့် စွပ်စွဲချက် ပေါင်းစုံနဲ့ စွပ်ဆွဲပြီး ပြည်သူလူထု နဲ့ ရန်တိုက်ပေးထားပါတယ်။
တကယ်တော့ အသက်ကြီးလို့ ငယ်မူပြန်ပြီး ထင်ရာတွေ ရေးနေပေမယ့် ဘယ်ပညာတတ်မှ အောက်ခြေ လွတ်၊ ဘ၀င်မြင့်တာ၊ လူထုကို အထင်သေးတာ မရှိသေးပါဘူး။ အကျိုးအကြောင်း ခိုင်လုံအောင် မပြနိုင်ပဲ နဲ့ စွပ်စွဲချက်တွေနဲ့ အတုံးလိုက် အတစ်လိုက်ရေးထားတာတွေဟာသာ ပြည်သူလူထုအတွက် တကယ် အကျိုးမရှိတဲ့ စာဖျင်း စာညံ့တွေဖြစ်ပါတယ်။ စိတ်ပညာအလိုအရဆိုယင် ဒီလို ပညာ တတ်ဆိုသူတွေ ကို ရန်လုပ်နေသူတွေဟာ ပညာ မတတ်သူတွေ ဖြစ်ပါတယ်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် တတ်တယ်ထင်နေ တဲ့ တတ်ယောင်ကားတွေ လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပညာခေတ်ကြီးထဲက နောက်ကျန်နေသူတွေ သာဖြစ်ပါတယ်။
လက်ဝဲအချောင်သမား စိတ်ဓါတ်
မြန်မာနိုင်ငံရေး နဲ့ စာပေလောကမှာ လက်ဝဲအချောင်သမား စိတ်ဓါတ်က အခုထက်ထိ မင်းမူနေတုန်းပဲ ဆို တာ တွေ့လိုက်ရပါတယ်။ လက်ဝဲ အချောင်သမား ဆိုတာ ပါစပ်က တကြော်ကြော်အော်၊ လက်သီး လက် မောင်းတန်း၊ လက်တွေ့မှာတော့ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်ပဲ လေကျယ်နေသူတွေကို ဆိုလို တာပါ။ ဒါပေမယ့် သူတို့ကမှ တိုင်းပြည်ချစ်သယောင်၊ လူထုအတွက် ပေးဆပ် အနစ်နာခံနေသယောင် လဲ ပြောဆိုတတ်ပါသေးတယ်။ ပြီးတော့ သူတို့လို လက်သီးလက်မောင်းမတန်းသူတွေကို သစ္စာဖေါက် လိုလို၊ ရေပေါ်ဆီ လိုလို၊ အနစ်နာမခံနိုင်သူ၊ မပေးဆပ်နိုင်သူ သူရဲဘောကြောင်သူအဖြစ် စွပ်စွဲတတ်ပါသေးတယ်။
ဒီလို လက်ဝဲအချောင်သမား စိတ်ဓါတ်နဲ့ လူထုကို သွေးထိုးပေးနေလို့လဲ မြန်မာ့နိုင်ငံရေးဟာ ရှေ့ဆက် မရွေ့နိုင်တာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ အသံကျယ်သူတွေသာများပြီး အလုပ် လုပ်နိုင်သူတွေ ရှား ပါတယ်။ ဒီလို သံကျယ်ကျယ်ပြောဆိုတာကိုက သူရဲကောင်းဖြစ်တယ်ဆိုတဲ့ တလွဲ ဆံပင်ကောင်းအယူ အဆတွေလည်း ထွန်းကားနေပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ နိုင်ငံရေးအဖွဲ့အစည်းတွေ တစ်ခုပြီးတစ်ခု ရေ တိမ် နစ်ရတော့တာပါပဲ။ ဒါကို သင်္ခန်းစာမယူပဲ ဟိုဘက်လှည့် ရန်လုပ်လိုက်၊ ဒီဘက်လှည့် ရန်လုပ်လိုက် လုပ်နေတာဟာ ကိုယ့်တပ် ကို ကိုယ်ပြန်နင်း တာသာဖြစ်ပါတယ်။
ရိုးသားရဲ့လား
နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေကို ရစရာမရှိအောင် စွပ်စွဲပြောဆိုပြီး လူထုနဲ့ ရန်တိုက်ပေးမှုရဲ့ နောက် ကွယ်မှာ ရိုးသားမှုရှိရဲ့လားဆိုတာ စဉ်းစားစရာရှိပါတယ်။ တကယ်တော့ နအဖ စစ်အုပ်စုကလည်း ပညာ ထက်မြက်ပြီး အမြှော်အမြင်ရှိတဲ့၊ လူထုအကျိုးကိုလုပ်နိုင်မယ့် လူတွေကို မြန်မာနိုင်ငံကို ပြန်မလာစေချင် ပါဘူး။ ဒီလိုလူတွေသာ ပြန်လာခဲ့ယင် စစ်အုပ်စုက ထိန်းချုပ်ဖို့ ပိုခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ဒီလို နိုင်ငံ ခြားရောက်ပြီး ပညာတွေသင်ယူခဲ့တဲ့လူတွေဟာ ဘာမှ အထင်ကြီးစရာမရှိဘူး၊ ကိုယ်ကျိုးရှာနေသူတွေသာ ဖြစ်တယ် ဆိုတဲ့ အယူအဆကို ပြောဆိုနေသူတွေဟာ စစ်အုပ်စုနဲ့ တစ်ကြိတ်ထဲ၊ တစ်ဥာဏ်ထဲသာဖြစ်ပါ တယ်။ ကိုယ်ကျိုးရှာတဲ့သူတွေလည်း ရှိကောင်းရှိမှာပါ။ ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ မြန်မာ့နိုင်ငံ ရေးရဲ့ ကောင်းကျိုးအတွက် ကိုယ့်ရဲ့ အမြင်တွေကို လွတ်လွတ်လပ်လပ် တင်ပြနေသူတွေလည်း မရှားပါ ဘူး။ ဒီလိုလူတွေအတွက်ပါ ထည့်မစဉ်းစားပဲ သိမ်းကြုံးပြောဆိုတာတွေက စစ်အစိုးရရဲ့ အမှုတော်ကို တာဝန်ကျေကျေ ထမ်းရွက်နေတာသာဖြစ်ပါတယ်။
တကယ်တော့ မြန်မာ့နိုင်ငံရေးကွင်းပြင်မှာ လက်ညှိုးထိုး စွပ်စွဲပြီး တရားခံ ရှာတတ်တဲ့ သူတွေပဲ များပါတယ်။ တာဝန်ယူမှုကျတော့ ခေါင်းပါးကြတာကို တွေ့ရပါတယ်။ အနှစ် ၂၀ ကျော် ကြာလာတဲ့ နိုင်ငံရေး ဇတ်ရှုပ် ကြီးကို ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ ကြောင့်လို့ လက်ညှိုးထိုးနေမယ့် အစား စုပေါင်း တာဝန်ခံကြယင် ပို ကောင်း ပါတယ်။ စစ်အုပ်စုနဲ့ ရေကုန်၊ ရေခန်းယှဉ်ပြိုင်နေရတဲ့ အခုလို အချိန်မျိုးမှာ ဒီမိုကရေစီ အရေး မအောင်မြင် ရတာဟာ ပြည်ပက ပညာတတ်တွေ ပေါက်ကရ ပြောလို့ ဆိုတဲ့ အယူအဆမျိုးတွေ မရှိသင့် တော့ပါဘူး။ ဒါဟာ ကိုယ့် တာဝန်ကို ကိုယ်မယူရဲ တဲ့ သူရဲဘော ကြောင်သူတွေရဲ့ ဆင်ခြေသာ ဖြစ်ပါတယ်။ ဘယ်သူတွေက ဘာတွေပဲ ပြောနေနေ ကိုယ့်တာဝန်နဲ့ ကိုယ်၊ ကိုယ်တတ်နိုင်တဲ့ ဒေါင့်ကနေ တစ်တပ်တစ် အား မြန်မာနိုင်ငံအပြောင်းအလဲအတွက် လုပ်နေကြတယ်ဆိုယင် နိုင်ငံရေး တိုးတက်မှုတွေ အနှေးနဲ့ အမြန် တော့ ဖြစ်ထွန်းလာမှ သေချာပါတယ်။
ကျော်လင်းဦး
http://freedomnewsgroup.com/
ဒီမိုကရေစီကိုတိုက်ပွဲမပါဘဲ ရယူနိုင်တယ်ဆိုတဲ့အယူအဆ
ဒီမိုကရေစီကိုတိုက်ပွဲမပါဘဲ ရယူနိုင်တယ်ဆိုတဲ့အယူအဆ
ရဲဘော်ဖိုးသံချောင်း / ၀၅ အောက်တိုဘာ ၂၀၁၀
တနေ့ဆီတုန်းက ရေဒီယိုစကားဝိုင်းတခုမှာ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကာကွယ်ပြောဆိုနေတဲ့ ပုဂ္ဂိုလ်တဦးက “ဒီမိုကရေစီဆိုတာ တိုက်ပွဲနဲ့ရယူရတာမဟုတ်ဘူး၊ တိုက်ပွဲနဲ့ရခဲ့တဲ့ အစဉ်အလာမရှိခဲ့ဘူး၊ ရှစ်လေးလုံးတိုက်ပွဲကြီးတိုက်ခဲ့လို့ ဘာများရခဲ့လို့တုန်း” ဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောသွားတာ ကြားလိုက်ရပါတယ်။
ပြောတဲ့လူရဲ့ ပြောပိုင်ခွင့်၊ ပြောဆိုမှုကို လေးစားပါတယ်။ ဒါပေမယ့် ဒါဟာ အင်မတန်အရေးကြီးတဲ့ အယူအရေးရာ ပြဿနာဆိုတော့ ပြန်မချေပဘဲ လွှတ်ထားလို့မဖြစ်ဘူးလို့ ထင်ပါတယ်။
ပထမဆုံးပြောဖို့လိုတာက “ဒီမိုကရေစီဆိုတာ တိုက်ပွဲနဲ့ရတာမဟုတ်ဘူး” ဆိုတဲ့အယူအဆပါ။ ဒါကို ကြားလိုက်တဲ့အခါမှာ သူဟာ စကားနိုင်ရချင်လို့ အလွယ်တကူ ပြောထွက်သွားတာများလားလို့တောင် စဉ်းစားမိပါတယ်။ ဒါကြောင့် ဒီစကားဟာ ဝေဟင်ထဲ၊ သောတအာရုံတွေထဲ ပျံ့သွားလေပြီမို့ အားနာနာနဲ့ပဲ ပြန်ထောက်ပြရပါတော့မယ်။ တိုက်ပွဲမဖြတ်သန်းဘဲ ရရှိခဲ့တဲ့ ဒီမိုကရေစီရယ်လို့ ဘယ်မှာများရှိခဲ့လို့တုန်း။ ဒီနေ့ကမ္ဘာမှာ အရင်းရှင်နိုင်ငံတွေက ဒီမိုကရေစီဆိုတာပဲ ဖြစ်ဖြစ်၊ ကွန်မြူနစ်နိုင်ငံတွေက ပြောနေတဲ့ ဒီမိုကရေစီ ဆိုတာပဲဖြစ်ဖြစ်၊ အဲဒီ ဒီမိုကရေစီတွေဟာ တိုက်ပွဲတွေ၊ လှုပ်ရှားမှုတွေကို မဖြတ်သန်းဘဲ ရခဲ့တာတွေလား။ အမေရိကန်နိုင်ငံဟာ နဂိုက ဗြိတိသျှကိုလိုနီတခုပါ။ အဲဒီတုန်းက အမေရိကန်နိုင်ငံသားတွေရဲ့ ကံကြမ္မာကို ဟိုအတ္တလန်တိတ် သမုဒ္ဒရာကြီးခြားနေတဲ့ အင်္ဂလန်-လန်ဒန်ကနေ ဆုံးဖြတ်ပြဋ္ဌာန်းနေခဲ့တာပါ။ နောက်ဆုံး အမေရိကန်တွေက လက်နက်ကိုင်တော်လှန်ကြလို့သာ လွတ်လပ်ရေးလည်းရ၊ ဒီနေ့ဒီမိုကရေစီဆိုတာကို ရခဲ့တာပါ။
တခါ၊ အင်္ဂလိပ်တွေရဲ့ ဒီမိုကရေစီဆိုတာကိုလည်း ပြန်စဉ်းစားကြည့်ပါ။ ၁၇ ရာစုနှစ်အစောပိုင်းက အော်လီဗာကရွမ်းဝဲလ်တို့ရဲ့ ပဒေသရာဇ်မင်းတွေကို ဆန့်ကျင်တဲ့ တိုက်ပွဲစဉ်ကြီး မဖြစ်ပေါ်ခဲ့ရင် ဖြစ်နိုင်ပါ့မလား။ အရင်းရှင်ဒီမိုကရေစီသမိုင်းမှာ မပြောမဖြစ် ပါဝင်ရတဲ့ ပြင်သစ်ဒီမိုကရေစီဆိုတာကရော။ ၁၇၉၂ ခုနှစ် စက်တင်ဘာလ (၂၁) ရက်နေ့မှာ ဆယ့်ခြောက်ယောက်မြောက် လူဝီဘုရင်ကို ဖြုတ်ချနိုင်မှ ပြင်သစ်နိုင်ငံသမိုင်းရဲ့ ပထမဆုံးသမ္မတနိုင်ငံကို ထူထောင်ခဲ့တာမဟုတ်ပါလား။
ဒီနေ့ပြောနေကြတဲ့ အဓိပ္ပာယ်မျိုးကိုဆောင်တဲ့ ဒီမိုကရေစီဆိုတာကို ပဒေသရာဇ်လက်ထက်မှာ မျှော်မှန်းလို့မရပါဘူး။ ဒါကြောင့် ပဒေသရာဇ်စနစ်ကို တော်လှန်တဲ့ တိုက်ပွဲတွေအကြားကမှ ပေါ်လာတာဖြစ်ပါတယ်။ ဒါဟာ တကမ္ဘာလုံးမှာပါ။ ခြွင်းချက်မရှိပါဘူး။ မြန်မာပြည်ရဲ့ မဝေးတဲ့သမိုင်းကိုပြန်ကြည့်ရင် ပဒေသရာဇ် သက်ဦးဆံပိုင်စနစ်အောက်မှာ ဘာဒီမိုကရေစီမှ မရှိခဲ့သလို အင်္ဂလိပ်ကိုလိုနီဘ၀မှာလည်း မြန်မာပြည်သားတွေအတွက် ဘာဒီမိုကရေစီမှမရှိခဲ့ပါဘူး။ မိုင်ထောင်ပေါင်းများစွာဝေးတဲ့ အင်္ဂလန်က အုပ်ချုပ်စီရင်တာကို ငုံ့ခံနေရတာပါ။ အင်္ဂလိပ်လက်ထက် မင်းတိုင်ပင်အမတ် ဆိုတာဟာ အခု နအဖရဲ့ ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ အမတ်တွေလိုပဲ အဓိကကျတာကို ဘာမှမပြောနိုင်ဘဲ ဗြိတိသျှအုပ်ချုပ်ရေး ယန္တရားကြီးကို ဆီထိုးပေးနေရတာသာ ဖြစ်ပါတယ်။ မြန်မာပြည်ကို အင်္ဂလိပ်တွေက ချောချောမွေ့မွေ့ အုပ်ချုပ်နိုင်ဖို့အတွက် သိုင်းဝိုင်းပေးနေရတာပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကံကောင်းလို့ အမတ်ဖြစ်လာပါတယ်ဆိုတဲ့ “ကြံ့ဖွံ့မဟုတ်၊ တစည မဟုတ်” သူတွေဟာလည်း ပုံသဏ္ဌာန်အသစ်နဲ့ပေါ်လာမယ့် စစ်အုပ်ချုပ်ရေးတခုကို ရေဆေးဆီလိုက်လုပ်ပေးရုံက လွဲလို့ ဘာမှမလုပ်နိုင်ပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကို တဖြည်းဖြည်းချင်း ပြုပြင်သွားမယ်ဆိုတာကို တီဗွီအသံလွှင့်ရ မှာတောင် ပြောခွင့်မပြုတာ တွေ့ခဲ့ကြရပါပြီ။
မြန်မာပြည်မှာ ရာစုနှစ်တ၀က်ကျော် ကိုလိုနီစနစ် ဆန့်ကျင်ရေးတိုက်ပွဲတွေကို အသက်သွေးချွေးတွေ ရင်းပြီး တိုက်ပွဲဝင်ခဲ့လို့သာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနဲ့ အဲဒီနောက် တွေ့ရတဲ့ ဖဆပလခေတ် ဒီမိုကရေစီဆိုတာကို ရရှိတာပါ။ အဲဒီခက်ခဲပြင်းထန်တဲ့ တိုက်ပွဲစဉ်ကြီးမရှိဘဲနဲ့ ဖဆပလကခေတ် ပါလီမန်ဆိုတာ ပေါ် မလာနိုင်ဘူးဆိုတာကို သတိချပ်သင့်ပါတယ်။
မြန်မာပြည်လိုပဲ ကိုလိုနီဘ၀ကျရောက်ခဲ့တဲ့ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကတိုက်တွေက နိုင်ငံတွေအားလုံးဟာလည်း ကိုလိုနီထမ်းပိုးကြီးအောက်က လွတ်ထွက်အောင်ရုန်းကန်တိုက်ပွဲဝင်ပြီးနောက်မှ ဒီမိုကရေစီ အရသာကို မြည်းစမ်းနိုင်ကြတာပါ။ အဲဒီအရင်ကဆိုရင် ဒီမိုကရေစီဆိုတာကို သူတို့အနေနဲ့ အိပ်မက်တောင် မက်နိုင်တာမဟုတ်ပါဘူး။
ဒီလိုပဲ ပဒေသရာဇ်စနစ်၊ ဒါမှမဟုတ် ကိုလိုနီစနစ်ကို တွန်းလှန်ပြီးနောက် တစုံတရာ ဒီမိုကရေစီရခဲ့ကြတဲ့ အာရှ၊ အာဖရိကနဲ့ လက်တင်အမေရိကတိုက်တို့က တချို့နိုင်ငံတွေမှာ စစ်အာဏာရှင်တွေပေါ်ပေါက်ပြီး ရှိစုမဲ့စုဒီမိုကရေစီကလေး ပျောက်ဆုံးခြင်းကြီးမက ပျောက်ဆုံးသွားတာတွေ အမြောက်အမြားရှိခဲ့ပါတယ်။ တချို့- ဥပမာ တောင်အာဖရိက၊ ပါလက်စတိုင်း-နိုင်ငံတွေမှာတော့ အသားအရောင်အရ၊ လူမျိုးရေးအရ ကိုလိုနီပြုခံရတာ ဖြစ်ပါတယ်။ အဲဒီလိုနိုင်ငံတွေမှာ (စစ်) အာဏာရှင် အုပ်စိုးမှုဟာ ဘယ်လိုပျောက်ကွယ်သွားတာလဲ။ လူထုကြီးက တိုက်ပွဲမ၀င်ဘဲ အာဏာရှင်တွေက “အမြင်မှန်ရ” ပြီး နန်းပေါ်က ဆင်းသွားကြတာလား။ အဲဒီလိုမျိုး တဦး-တခါမျှ မရှိခဲ့ပါဘူး။
အမှန်ပဲ၊ တိုက်ပွဲနဲ့ရခဲ့တဲ့ ဒီမိုကရေစီဆိုတာလည်း ပြီးပြည့်စုံတယ်လို့မရှိပါဘူး။ ပိုကောင်း၊ ပိုပြည့်စုံအောင် လုပ်ကြရတာချည်းပါ။ ဒါပေမယ့် နအဖပေးမယ့် “စည်းကမ်းရှိတဲ့ဒီမိုကရေစီ” ကို တဖြည်းဖြည်းချင်း အသားကျသွားအောင်၊ ပိုကောင်းသွားအောင်၊ အချိန်မရွေး အာဏာသိမ်းနိုင်သည်ဆိုတဲ့ စာသားတွေကို ပျောက်ပြယ်သွားအောင် ပြောင်းလဲပစ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ (အခု ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ လူတွေထဲမှာ အဲဒီလိုပြောနေသူတွေ အများကြီးပါ၊) ရှစ်လေးလုံးအရေးတော်ပုံကြီးကို သံဝေဂရလေဟန် လေသံနဲ့ပြောသွားတဲ့ အထက်အစမှာ ကိုးကားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးအနေနဲ့ ဒီနေ့ သူ ဒီလို ပြင်ပမီဒီယာတွေနဲ့စကားပြောခွင့်ရနေတာ၊ နအဖအသံလွှင့်ဌာနမှာထက် လွတ်လွတ်လပ်လပ် ပြောလို့ရနေတာတွေဟာ ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် ဖြစ်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ အဲဒီအရေးတော်ပုံကြီးသာ မပေါ်ပေါက်ခဲ့ရင် သူ့အနေနဲ့ အခုလိုပြောနေရင် မဆလ-န၀တ-နအဖ အစိုးရတို့ဟာ လွှတ်ထားမယ်လို့ထင်ပါသလား။ ရေကြည်သောက်တဲ့အခါမှာ ရေတွင်းတူးသူကို ကျေးစွတ်ရုံမက စော်ကားတာကတော့ လွန်လွန်းလှပါတယ်။
တကယ်ကျတော့ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲထဲဝင်ချင်လွန်းလို့ ကိုယ့်ပါတီကိုခွဲပစ်၊ ကိုယ်နဲ့အတူ လုပ်ခဲ့သူတွေကိုပြန်တိုက်၊ အပုပ်ချ၊ အဲဒီအတွက် ဆုလာဘ်အနေနဲ့ နအဖက ထောင်ထဲမှာလို “ပုံစံပြ” လိုက်လို့ ရွေးကောက်ပွဲကို မ၀င်တော့ပါဘူးလို့ ဆုံးဖြတ်လိုက်ရပြီး နအဖရဲ့ ရွေးကောက်ပွဲစည်းဝိုင်းအပြင်ကနေ နတ်ကရာကျီးမော့နေရတဲ့အဖြစ်တွေကို မမေ့သင့်ပါဘူး။
http://www.khitpyaing.org/index.php?route=detail&id=4927
“တပ်နဲ့ နိုင်ငံရေးရောရင် ငါးပါးတင်မကဘူး ဆယ်ပါးအထိ မှောက်တတ်တယ်”
“တပ်နဲ့ နိုင်ငံရေးရောရင် ငါးပါးတင်မကဘူး ဆယ်ပါးအထိ မှောက်တတ်တယ်”
ကျနော့်ကို ၁၉၄၁ ခုနှစ်မှာ မွေးတယ်။ တော်လှန်ရေး အကြောင်းတွေကို ကျနော့်အနေနဲ့ မသိခဲ့ရဘူး။ နောက် မျိုးချစ်စိတ်နဲ့ လှုပ်ရှားတဲ့ ကျောင်းသားတွေ၊ လူငယ် တွေကိုလည်း မမီခဲ့ဘူး။ ဒါပေမယ့် ဘာကို မီသလဲဆိုတော့ တရုတ်ဖြူအရေးအခင်းကို ကျနော်တို့က မီတယ်။ တရုတ်ဖြူအရေးအခင်း ဖြစ်တဲ့ချိန်မှာ ကျနော်က ၅ တန်း၊ ၆ တန်းဆိုတော့ အဲဒီမှာ စိတ်ကနိုးကြား နေပြီ။

ကျနော် ကြီးပြင်းလာတဲ့ အခါကျတော့ ကံအားလျော်စွာ စစ်တက္ကသိုလ် ဆိုတာ ပေါ်လာပြီး လူငယ်တွေကို စုဆောင်းတဲ့ အခါမှာ ကျနော် စစ်တက္ကသိုလ်ကို ၁၉၅၉ ခုနှစ်မှာ ရောက်သွားခဲ့တာပေါ့။ ဝင်ခွင့် ဖြေရတယ်၊ အောင်တဲ့လူ ရွေးပြီးမှ OTT (ဗိုလ်ရွေး) ကိုခေါ်၊ အဲဒီအခါကျမှ ကျနော်တို့က စစ်တက္ကသိုလ် အရွေးခံရတာပေါ့။ အပတ်စဉ် ၅ ပေါ့လေ။
အပတ်စဉ် ၁ နဲ့ ၂ တုန်းကတော့ စစ်တက္ကသိုလ်က ဗထူးမှာ၊ ဗိုလ်လောင်းတွေက ၄ နှစ်သင်တန်းတက်တဲ့အခါမှာ အားတဲ့ အချိန်မှာကြည့်ကြဖို့ စာအုပ်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေဆိုရင် ကောင်းကောင်း မရှိတဲ့အတွက် ၄ နှစ်သင်တန်းသားတွေ အနေနဲ့ ပြင်ပ လေ့လာစရာ ကိစ္စတွေနည်းတယ်။ နောက်ပြီးတော့ အပန်းဖြေစရာတွေ နည်းတယ် ဆိုပြီးတော့ မေမြို့ (ပြင်ဦးလွင်) ကို ပြောင်းပစ်လိုက်တာ။
ကျနော်တို့ စစ်တက္ကသိုလ်တက်တုန်းက အုပ်ချုပ်မှုစနစ်ဆိုတာ အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ်က အုပ်ချုပ်ပုံအတိုင်း ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်တဲ့စနစ် (Senior Junior system) လုပ်ထားပါတယ်။ အဲဒီလို အုပ်ချုပ်တဲ့အခါမှာ စပြီးတော့ လုပ်တဲ့ အချိန်မို့လို့လား မသိဘူး။ အခုခေတ်လိုတော့ အပေါ်က senior ကနေ junior ကိုဖိတာ အင်မတန် နည်းတယ်။ အမိန့်အတိုင်းပဲ လုပ်ကြတယ်။ တိတိကျကျ လုပ်ကြတယ်။
အခုကျတော့ Senior က Junior ကို ညှင်းဆဲတာတွေ အလွန်အကျွံတွေ ကြားရနေတယ်။ Senior က မျက်မုန်းကျိုးတဲ့ကောင် ဆိုရင် နေ့ရော ညရော အကြောင်းရှာပြီး အပြစ်ပေးတော့တာပဲ။
လက်ထောက်မှောက်ခိုင်းတယ်။ ဂျွမ်းထိုးခိုင်းတယ်။ နောက်ပြီးတော့မှ ထုပ်တန်းခုန်ပြီးတော့ တချို့ဆိုရင်ပေါ့လေ ဆိုးဆိုးရွားရွား ဒဏ်ရာရပြီးတော့ ထွက်သွားတဲ့ ဗိုလ်လောင်းတွေတောင်ရှိတယ်။ ဒါမဖြစ်သင့်ဘူး။ ဒါမျိုးတွေကို ဘယ်လို ကာကွယ် သင့်သလဲဆိုရင် သက်ဆိုင်ရာ ဗိုလ်လောင်းတာဝန်ကျတွေမှာ တာဝန်ရှိတယ်။ တပ်ခွဲအရာရှိတွေမှာ တာဝန် ရှိတယ်။ ဒါကို တားကို တားမြစ်ရမယ်။
ကျနော်တို့ခေတ်တုန်းက အပြစ်ပေးတယ်ဆိုတာအလွန်အကျွံမဟုတ်ဘူး။ ခါးပတ်မပြောင်တာတို့၊ ဖိနပ်မပြောင်တာ တို့ဆိုရင် အပြစ်ပေးတယ်။ ဘယ်လိုလုပ်လဲဆိုတော့ ကျောပိုးအိတ်ထဲမှာ အုတ်ခဲလေးလုံးထည့် ပြီးတော့ ညနေ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်ရတယ်။ ခံရတဲ့လူကလည်း သက်သာတယ်။ အခုနောက်ပိုင်းမှာ တော်တော် ရက်စက်တယ်။
အဲဒီခေတ်က တက္ကသိုလ်ပေါ်ခါစဆိုတော့ ကျောင်းမှာရောက်လာတဲ့ စာပေပိုင်းက ဆရာတွေရော၊ လေ့ကျင့်ရေးပိုင်းက ဆရာတွေရော အင်မတန်တော်ကြတယ်။ ဆရာတွေဆိုရင် အမေရိကန် စစ်တက္ကသိုလ်၊ Command and General Staff ကောလိပ်၊ အဲလိုနေရာတွေက ဆင်းလာတဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ တော်ပေ့ဆိုတဲ့ဆရာတွေကို ခေါင်းခေါက် ရွေးလာတဲ့ ဆရာကောင်း သမားကောင်းတွေ မီလိုက်တာပေါ့။
နှစ်စဉ်နှစ်တိုင်း ကျောင်းဆင်းတဲ့ ဗိုလ်လောင်းတွေကို တော်အောင်၊ ပြိုင်ဆိုင်ချင်စိတ်ရှိအောင်ဆိုပြီးမှ အမှတ်တွေကို အကဲ ဖြတ်ပြီး ဆုတွေ ဘာတွေ ပေးကြတာပေါ့။ အမှန်တော့ ဗိုလ်လောင်းတိုင်းက တော်ချင်ကြတယ်၊ ဆုရချင်ကြတယ်။ အဲဒီတော့ ဆုရဖို့အတွက် ပေါ်ပေါ်ထင်ထင် ကြိုးစားတဲ့လူရှိသလို ကြိတ်ပြီးကြိုးစားတဲ့ဗိုလ်လောင်းတွေ ရှိတယ်။
ကျနော်ကတော့ ကြိတ်ကြိုးစားတာလည်း မဟုတ်ဘူး၊ ပေါ်ပေါ်ထင်ထင်လည်း ကြိုးစားတာမဟုတ်ဘူး။ ဒါပေမယ့် ချတဲ့ စည်းမျဉ်းအတိုင်းကိုတော့ အလုပ်လုပ်တယ်။ နောက် ကျနော်က နည်းနည်းတော့ ဉာဏ်ရည် ထက်နေတဲ့အချိန်ဆိုတော့ စာတွေဘာတွေ ရတယ်။
ဒါပေမယ့် ပထမနှစ် မှာတုန်းက ရူပ၊ ဓာတု နဲ့ အင်္ဂလိပ် သင်ရတယ်ဗျာ။ ကျနော်တို့က တောကျောင်းကလာတာလေ။ ၅ တန်းလောက်ကျမှ အင်္ဂလိပ်စာ သင်ရတဲ့အခါကျတော့ ဘယ်လိုမှ စာမလိုက်နိုင်ဘူး။ ပထမ လပတ်စာမေးပွဲတုန်းက ၈ ဘာသာမှာ ၄ ဘာသာ ကျတယ်။ လူက တော်တော် ခြောက်ခြားသွားတယ်။ ဘာကြောင့် ခြောက်ခြားသွားလဲဆိုတော့ ကျနော့်ရဲ့ senior လည်းဖြစ်၊ ကျောင်းနေဘက် သူငယ်ချင်းလည်းဖြစ်တဲ့ သူငယ်ချင်းတယောက်က စာမေးပွဲကျလို့ ခြေလျင်တပ်ကို ရဲဘော်အဖြစ်နဲ့ပြောင်းသွားရတယ်။
ဟာ ဒီမှာ စာမေးပွဲကျပြီ၊ ဒုက္ခပဲဆိုပြီး စွက်ကျက်လိုက်တာ ဒုတိယ လပတ်စာမေးပွဲမှာတော့ ကျနော်က ရူပနဲ့ ဓာတု နှစ်ဘာသာပဲ ကျတော့တယ်။ ကျနော်က ည ၇ နာရီကနေ ၉ နာရီ ပုံမှန်ကျက်တယ်။ အားတဲ့အချိန်ဆိုရင် စာကျက်တယ်၊ အပြင်လည်းသိပ်မထွက်ဖြစ်ဘူး။ အောက်တိုဘာ နှစ်ဝက်စာမေးပွဲ ပြီးတဲ့အခါမှာ လေ့လာရေး ထွက်ကြတယ်။ ပုပ္ပားတို့ မင်းဘူးတို့ ပုဂံတို့မှာ ၂ ပတ်နေပြီးတော့ ပြန်လာတယ်။ ပြန်လာပြီးအောင်စာရင်းထွက်တော့ ကျနော်က ပထမ ရတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က စာကျက်တာ ဘုန်းကြီးတွေ ကျက်သလို ကျက်တာကိုး။
ဒုတိယနှစ်၊ တတိယနှစ်မှာ ကျနော့်ကို မီတဲ့လူ သိပ်မရှိတော့ဘူး။ နောက်ဆုံးနှစ် ရောက်တဲ့အချိန်မှာ စာပေဆုရမယ်ဆိုတာ ကျနော့်ကိုယ်ကျနော်သိတယ်။ ဒါပေမယ့် ကြွားလဲမကြွားဘူး။ သူများကိုလည်း ထုတ်မပြောဘူး။ အောင်စစ်သည် ဆုကိုတော့ ကျနော့်အနေနဲ့ သိပ်မထင်ဘူး။ အဲဒါက စာပေပိုင်းရော၊ လေ့ကျင့်ရေးပိုင်းပါ တော်မှ ရမှာလေ။ ပြီးတော့ ကျနော်က ကိုယ့်ကိုယ်ကိုယ် စာပေဆုရမယ်လို့ သိနေတော့ နောက်ထပ်တဆု ရမှာမဟုတ်ဘူးလို့ တွက်ထားတယ်။
ကျနော်တို့ ကျောင်းဆင်းပွဲမှာ ဗိုလ်ချုပ်ကြီး စန်းယုတက်တယ်။ စစ်ရေးပြနဲ့ ချီတက်၊ အလေးပြုပြီးတော့ ဆုတွေကို ဘယ်သူတွေရလဲ ဆိုတာကို ကြေညာတော့မယ်။ အဲဒီအချိန် စိတ်ထဲမှာ တော်တော်သိချင်နေပြီ။
အဲဒီမှာ အောင်စစ်သည်ဆုအတွက် ကျနော့် နာမည် အော်ခေါ်လိုက်တဲ့အခါကျတော့ ကျနော်အံ့အားသင့်သွားပြီးတော့ တစက္ကန့် နှစ်စက္ကန့်လောက် ငိုင်သွားတယ်။ ငိုင်သွားပြီးမှ သတိဆွဲ၊ အလေးပြု၊ ဗိုလ်ချုပ်စန်းယုဆီသွားပြီးတော့မှ အဲဒီဆုကိုယူ၊ အဲဒီချိန်မှာ စိတ်က လမ်းသာလျှောက်နေရတာ၊ လူက လေထဲရောက်နေသလိုပဲ။ ဟာပြီး မြောက်နေတယ်။
ဒုတိယအကြိမ် ကြေညာတာက လေ့ကျင့်ရေး ထူးချွန်ဆု၊ အဲဒါကိုတော့ ကျနော်တို့ဆီက ကိုလှကြည်ဆိုတဲ့ ဗိုလ်လောင်း ရသွားတယ်။ တတိယ ခေါ်တာက စာပေထူးချွန်ဆု၊ အဲဒီဆုအတွက် ကျနော့်နာမည်ကို ထပ်ခေါ်တဲ့အချိန် အဲဒီမှာ ဘာဖြစ်သွားလဲဆိုတော့ စိတ်က မြောက်သွားတယ်။ လမ်းလျှောက်ရင်တောင် လျှောက်မှန်းမသိတော့ဘူး။ သူငယ်ချင်း တွေ ချီးကျူးတာတောင်မှ လေထဲမှာ လွင့်သွားသလိုခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက စစ်တက္ကသိုလ်သမိုင်းမှာ ကျနော်က ပထမ ဦးဆုံးရလိုက်တာပဲ။
စာပေထူးချွန်ဆုအတွက် ရွှေတံဆိပ်ပေးတယ်။ အောင်စစ်သည်ဆုအတွက် ပေးတဲ့ ငွေဓားကတော့ အခုထက်ထိအိမ်မှာ ရှိတယ်။ အဲဒီဓားကို အင်္ဂလန်နိုင်ငံ ရှက်ဖီး ကုမ္ပဏီက လုပ်တာပါ။
ကျနော် အောင်စစ်သည်ဆုရတယ် ဆိုပေမယ့်လည်း ညစာစားပွဲမှာ အခုခေတ်လိုမျိုး တပ်ချုပ်ကြီးနဲ့ စားပွဲတဝိုင်းတည်း ထိုင်ပြီး စားရတာမျိုးမရှိဘူး၊ စားချင်တဲ့ဝိုင်းမှာစား၊ လူကြီးတွေ၊ ဗိုလ်ချုပ်စန်းယုတို့၊ ကျောင်းအုပ်ကြီးတို့ ဘာတို့ စားတဲ့ဝိုင်းက သပ်သပ် ထားတာ။ ကျနော်တို့ကို လွှတ်ထားပေးတော့ ကျောင်းဆင်းပွဲဟာ ကျောင်းသားတယောက်ရဲ့ ကျောင်းဆင်းပွဲ ပီပီသသ ဖြစ်သွားတာပေါ့။
ကျောင်းဆင်းတော့ ကျနော် စပြီးတာဝန်ထမ်းဆောင်ရတဲ့ မိခင်တပ်ရင်းက သနက (၅) ကျုံပျော်မှာ။ အဲဒီအချိန်တုန်းက မြစ်ဝကျွန်းပေါ်မှာ သူပုန်တွေက ပြည့်လို့။ အလံနီရှိတယ်၊ အလံဖြူရှိတယ်၊ ကရင်ရှိတယ်။ မြို့ကနေထွက် နာရီဝက် အတွင်း သူတို့နဲ့ တိုက်ပွဲဖြစ်လေ့ဖြစ်ထရှိတဲ့ ဒေသပေါ့။ အင်မတန်ပဲ ကြမ်းတမ်းတယ်၊ အင်မတန်လည်း ခက်ခဲတယ်။ ကျနော်တို့ သာရင် ကျနော်တို့ တိုက်လို့ သူတို့ကခံသွားရတယ်။ သူတို့သာရင်လည်း တပ်စုလိုက်ပြုတ်တဲ့အထိ တိုက်တဲ့ တိုက်ပွဲတွေ ရှိသေးတယ်။
ကျုံပျော်မှာ တနှစ်လောက်နေပြီးတော့ မအူပင်ပြောင်းတယ်။ မအူပင်ပြောင်းတဲ့အချိန်မှာ ကျနော်တို့ အရှေ့မြောက်ဒေသ ကွတ်ခိုင် အခု နမ့်ဖတ်ကာ၊ မုန်းပေါ်၊ တာမိုးညှင်း မှာဝင်ရတယ်။ အဲတုန်းက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပေါ့၊ ဗကပ မပေါ်သေးဘူး။
မြစ်ဝကျွန်းပေါ်မှာ နေရတုန်းကလည်း ပြောက်ကျား နဲ့ပဲ အတိုက်ခံရတာ။ အရှေ့မြောက်ပိုင်းကို ဝင်ရတော့လည်း KIA က ပြောက်ကျားလို တိုက်နေတဲ့အခါကျတော့ သိပ်ပြီးတော့ ထူးထူးခြားခြား ကွာခြားတာမျိုးမရှိဘူး။ ရေမြေ တောတောင် အပြောင်းအလဲတော့ ရှိတာပေါ့။
အဲဒီတုန်းက ရဲဘော်တွေ၊ အကြပ်တွေက တော်တော်ရိုးတယ်။ ဘယ်လို ရိုးဖြောင့်သလဲဆိုရင် သူပုန်စစ်ကြောင်းက ဘိန်းတွေ မိတယ်၊ နည်းတာမှမဟုတ်ဘူးမိတာ၊ ဂုန်နီအိတ်တလုံးဆိုရင် ၁ ပိဿာ၊ ၂ ပိဿာလောက်ရှိတဲ့ ဘိန်း ၃၊ ၄၊ ၆ လုံး လောက်ပါတယ်။ အဲဒီလို ဂုန်နီအိတ်တွေ အလုံး ၂၀၊ ၃၀ မိတယ်။ ကျနော်တို့က အဲဒါတွေကို လာရှိုးမှာရှိတဲ့ တိုင်း စစ်ဌာနချုပ်ကို သွားပြီးအပ်လိုက်တာပဲ။ လုံးဝ ကိုယ်ရေးကိုယ်တာ မသုံးဘူး။
အခုက တပ်မတော်ကို အရမ်းချဲ့လိုက်တော့ အရေအတွက် များသွားပြီး အရည်အချင်းရှိတဲ့သူတွေက နည်းသွားပြီ။ ငွေရေးကြေးရေးကိုလည်း အဓိက ထားလာကြတယ်။ ဒေသအလိုက် စောင့်ရတဲ့တပ်တွေကို သူတို့ရဲ့ လမ်းကြောင်းထဲ ကုန်တွေတင်ပြီး ဖြတ်သန်းတဲ့ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ်၊ ကား မှန်သမျှ ဆက်ကြေးပေးရတယ်။ အဲဒီဆက်ကြေးကို သူတို့ခွဲယူကြသတဲ့။ အဲဒီဆက်ကြေး ခွဲယူတဲ့စနစ်က ဟိုးတုန်းက သူပုန်တွေလုပ်တာ။ အခုခေတ် တပ်မတော်ကြီးက အဲဒီလောက်တောင် ဖြစ်သွားပြီလား ဆိုပြီးတော့ ကျနော် တော်တော် အံ့သြမိတယ်၊ ဝမ်းလည်း နည်းတယ်။
နောက်တခုက ကျနော် စစ်ရုံးမှာ တာဝန်ထမ်းဆောင်ရတဲ့ အချိန် ဗိုလ်ချုပ်ကြီးတင်ဦး နုတ်ထွက်သွားတဲ့အခါမှာ အရာရှိတွေ ပွစိပွစိပြောလာကြတယ်။ အဲဒီတုန်းက ကျနော်လည်း ပြောမိပါတယ်။ သို့သော် ကျနော်ပြောတာက ကိုယ့်အထက် လူကြီးကို နှမြောလို့၊ ကိုယ့်ဟာကို စိတ်မချမ်းသာလို့ ပြောမိတာပဲရှိတယ်။ ဒါပေမယ့် အဲဒီမှာ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ဗိုလ်စံကြည်တို့က မကျေနပ်လို့ ချမယ်၊ ပြုမယ် ဘာညာဆိုတာကို သဲ့သဲ့တော့ကြားတာပေါ့။
ကြားတဲ့အခါမှာ ဗိုလ်ကြီးအုန်းကျော်မြင့် ကိုတော့ ကျနော်မပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့သူနဲ့ အလှမ်းဝေးလို့ ဗိုလ်စံကြည်ကိုတော့ ကျနော်ပြောတယ်။ ဟေ့ မင်းတို့ အဲဒါမျိုးတွေ မပြောနဲ့။ ဗိုလ်ချုပ်ကြီး တင်ဦးထွက်လို့ မကျေနပ်ရင် ထွက်။ ဒါပေမယ့် ငါကတော့ မထွက်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကို မြတ်နိုးတယ်၊ တပ်မတော်ထဲမှာ ဆက်နေမယ်။ အဲဒီခါးသီးတဲ့ ခံစားချက်ကိုတော့ ဖျောက်ရမှာပဲလို့ ပြောတဲ့အခါကျတော့ အုန်းကျော်မြင့်တို့ စံကြည်တို့ နောက်ထပ် ကျနော့်ကို အဆက်အသွယ် မလုပ်တော့ဘူး။
၁၉၇၆ ဇူလိုင် ၂၀ ရက်နေ့ သတင်းနားထောင်တဲ့ အခါကျတော့ အစိုးရအဖွဲ့နဲ့ နိုင်ငံ့ခေါင်းဆောင်များကို လုပ်ကြံမယ့် အရာရှိ တွေကို ဖော်ထုတ်တယ်ဆိုပြီးတော့ကြေညာတယ်။ အဲဒီမှာပါတဲ့ အုန်းကျော်မြင့်တို့၊ စံကြည်တို့၊ ထွန်းကျော်တို့က ကျနော်နဲ့ သိတဲ့ကောင်တွေချည်းပဲ အဲဒီမှာအံ့လည်းအံ့ဩသွားတယ်။ အဲဒီအချိန်မှာ ကျနော်က ရှမ်းပြည်ရောက်နေပြီ၊ မိုင်းရှူးခွင် ခေါ်တာပေါ့။
အဲဒီပြဿနာဖြစ်တော့ ကျနော့်ကို ရှေ့တန်းက ပြန်ခေါ်၊ ရေကြည်အိုင် ပို့၊ အဲဒီကိစ္စဘာကြားသလဲ၊ ပတ်သက်မှုရှိလား၊ အုန်းကျော်မြင့်တို့နဲ့ ရင်းနှီးလား၊ အစုံပဲ ကျနော့်ကို စစ်ကြောရေးလုပ်တယ်။
အမှုလည်းပြီးရော ကျနော့်ကို တပ်ထဲမှာ ဆက်မနေရတော့ဘူးဆိုပြီးမှ ပင်စင်ပေးလိုက်တာ။ အဲဒါ ၁၉၇၇ ခုနှစ် ဇန်နဝါရီလ ပေါ့။
ကျနော် ဖတ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတခုဆိုရင် ဗိုလ်ချုပ်ဘဝနဲ့ နိုင်ငံရေးလုပ်လို့မရဘူး၊ တပ်နဲ့ နိုင်ငံရေး ရောရင် ငါးပါးမကဘူး၊ ဆယ်ပါးမှောက်တတ်တယ်လို့ပြောသွားတာ။ အခုခေတ် ရဲဘော်တွေလည်း ကျနော်ပြောတာ ကြားနိုင်မယ်ဆိုရင်တော့ တပ်မတော်နဲ့ နိုင်ငံရေး ရောလုပ်မယ်ဆိုရင် ပြဿနာအကြီးအကျယ်တက်နိုင်တယ်ဆိုတဲ့ဟာကို ထပ်ပြီး သတိမူစေချင်ပါတယ်။
ဦးဝင်းထိန်သည် မြန်မာ့တပ်မတော်ထဲတွင် ၁၅ နှစ် ဝန်းကျင် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်တက္ကသိုလ် သမိုင်း တလျှောက်တွင် အောင်စစ်သည်ဆုနှင့် စာပေထူးချွန်ဆုကို ပထမဆုံး ရရှိခဲ့သူဖြစ်သည်။ ၁၉၇၇ တွင် တာဝန်မှ အငြိမ်းစား ပေးခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ကိုယ်ရေး အရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဝင်းထိန်ကို စစ်အစိုးရက ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အထိ ထောင်ဒဏ် ၅ နှစ်ခွဲ၊ ၁၉၉၆ မှ ယခုနှစ် ဇူလိုင်လအထိ ထောင်ဒဏ် ၁၄ နှစ်နှင့် ၂ လကြာ ချမှတ်ခဲ့သည်။
http://www.irrawaddy.org/bur/index.php/special/2010-08-04-10-30-14/4216-2010-10-05-05-55-29
ကြံ့ဖွံ့ အနိုင်ရရေး မဲဆွယ်နည်း သိကောင်းစရာ
ကြံ့ဖွံ့ အနိုင်ရရေး မဲဆွယ်နည်း သိကောင်းစရာ
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ (ကြံ့ဖွံ့ပါတီ) က ၂၀၁၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိအောင် အသုံးပြုနေတဲ့ နည်းလမ်းမျိုးစုံကို ဧရာဝတီသတင်း ဌာနက စုံစမ်းဖော်ထုတ် ထားပါတယ်။
နေပြည်တော်နဲ့ ရန်ကုန်မှာ ကြံ့ဖွံ့ပါတီက မဲရဖို့ လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ကြံ့ဖွံ့ပါတီဝင်၊ ပြည်သူ၊ ရယကနဲ့ အစိုးရ၀န်ထမ်း၊ နိုင်ငံရေးသမား၊ သတင်းသမားတွေနဲ့ တွေ့ဆုံမေးမြန်း စုံစမ်းဖော်ထုတ်ထားတာပါ။
နေပြည်တော်
နေပြည်တော်ခရိုင်မှာ ဇေယျာသီရိ၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ တပ်ကုန်း၊ လယ်ဝေးမြို့နယ်ဆိုပြီး
မြို့နယ် ၈ ခုရှိပါတယ်။ နေပြည်တော်ခရိုင်မှာ မဲပေးခွင့်ရှိတဲ့ လူဦးရေ ၆ သိန်းကျော်နေထိုင်တယ်လို့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ရာထူးတွေကနေ အငြိမ်းစားယူထားတဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် သူရ ဦးရွှေမန်းက
ဇေယျာသီရိမြို့နယ်၊ ၀န်ကြီးချုပ် ဦးသိန်းစိန်က ဇမ္ဗူသီရိမြို့နယ်၊ အတွင်းရေးမှူး ၁ သီဟသူရ ဦးတင်အောင်မြင့်ဦးက ပုဗ္ဗသီရိမြို့နယ်၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်က ဒက္ခိဏသီရိမြို့နယ်တွေရဲ့ ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလောင်းတွေအဖြစ် ယှဉ်ပြိုင်ကြပါမယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) တခုတည်းကသာ နေပြည်တော်ခရိုင် မြို့နယ်တွေမှာ ကြံ့ဖွံ့ပါတီရဲ့ အဓိက ယှဉ်ပြိုင်ဘက် ဖြစ်နေပါတယ်။ တစညပါတီအနေနဲ့ ကြံ့ဖွံ့ပါတီကို နေပြည်တော်ခရိုင်မှာ အနိုင်ရဖို့ လုံးဝ (လုံးဝ) မဖြစ်နိုင်ပါဘူး။ အစိုးရထိပ်တန်း ခေါင်းဆောင်တွေအနေနဲ့ ရွေးကောက်ပွဲမှာ သူတို့အရှက်ကွဲမယ့်၊ အရေးနိမ့်မယ့် ရလဒ်မျိုးကို လုံးဝ လက်မခံနိုင်တဲ့အတွက် ရွေးကောက်ပွဲအနိုင်ရဖို့ နည်းလမ်း ပေါင်းစုံနဲ့ ပြင်ဆင်ထားပြီးပါပြီ။
ဝန်ထမ်းတွေ အများစုနေထိုင်တဲ့ နေပြည်တော်မှာ စစ်အစိုးရက ကြံ့ဖွံ့ပါတီကိုသာ မဲပေးဖို့ ညွှန်ကြားထားသလို တခြားပြည်နယ်၊ တိုင်းက ပြောင်းရွှေ့ပြီး နေပြည်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေကိုလည်း ကြံ့ဖွံ့ပါတီရဲ့ ကြိုတင်မဲစာရင်းမှာ ထည့်သွင်းနိုင်ဖို့ လိပ်စာ၊ မှတ်ပုံတင်အမှတ်နဲ့ မဲစာရင်းနံပါတ်တွေကို မှတ်သားပြီး ကြိုတင်မဲအဖြစ်
ကောက်ယူထားလိုက်ပါပြီ။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲပေးနိုင်ပြီးလို့ တရားဝင်ကြေညာလိုက်တာနဲ့ ကြံ့ဖွံ့ပါတီက ကြိုတင်မဲတွေကို သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်တွေဆီ ပေးပို့မှာပါ။ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကြိုတင်မဲတွေကို မဲရုံမှူးတွေဆီ ပေးပို့ပြီး ကြံ့ဖွံ့ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံတဲ့ ဆန္ဒမဲတွေအဖြစ် အသွင်ပြောင်း စာရင်းသွင်းမှာပါ။
“၀န်ထမ်းတွေ အကုန်လုံး ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီကိုပဲ မဲပေးရမယ်။ ကြိုတင်မဲပေးရတဲ့ ၀န်ထမ်းကလည်း ပြည်ခိုင်ဖြိုးကိုပဲ ပေးရမယ်။ ဒါက ၀န်ကြီးချုပ်ရဲ့ ညွှန်ကြားချက်ဖြစ်သလို ဌာနတိုင်း မဖြစ်မနေ လုပ်ရမယ့် ညွှန်ကြားချက်လည်း ဖြစ်တယ်” လို့ နေပြည်တော် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက ညွှန်ကြားရေးမှူးတဦးက ဆိုပါတယ်။
အစိုးရ၀န်ထမ်းတွေရဲ့ မဲအားလုံးကို သေချာပေါက် ကြံ့ဖွံ့ပါတီက ရမှာပါလို့ နေပြည်တော် အစိုးရ ၀န်ထမ်းတွေ အကုန်လုံးက တညီတညွတ်တည်း ဆိုကြတယ်။
နေပြည်တော် မြို့နယ်သစ်တွေမှာ ပါဝင်တဲ့ ကျေးရွာတွေက ကျေးရွာသူ၊ ကျေးရွာသားတွေကိုလည်း ကြံ့ဖွံ့ပါတီက ပြည်သူ့ဘဏ္ဍာသုံးပြီး မက်လုံးပေး မဲဆွယ်ပါတယ်။ နေပြည်တော်မှာ ကြံ့ဖွံ့ပါတီက ပေးတဲ့ ပထမဆုံး မက်လုံးက ကျပ်
၁၅ သိန်းတန် လက်ကိုင်ဖုန်းတွေကို အခမဲ့ပေးတာပါပဲ။
၀၉၈၃ ... နံပါတ်နဲ့စတဲ့ ကျပ် ၁၅ သိန်းတန် CDMA 450 MHz ဖုန်းတွေကို အလကား ချပေးတယ်။ ကျေးရွာလူကြီးတွေ၊ ရပ်မိရပ်ဘတွေ၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်တွေ၊ မဲရုံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မယ့် ပညာရေးဝန်ကြီးဌာန ၀န်ထမ်းတွေ၊ ရပ်ကွက်အာဏာပိုင်တွေ အတော်များများကို ဖုန်းတွေ အလကားပေးပါတယ်။ ဖုန်းအခမဲ့ ရရှိထားသူတွေက ကြံ့ဖွံ့ပါတီကို ထောက်ခံတဲ့ အမာခံ ဆန္ဒမဲတွေဖြစ်လာအောင် မှတ်ပုံတင်၊ လိပ်စာ၊ အမည်တွေ မှတ်သားထားပြီးသားပါ။
“ပြည်ခိုင်ဖြိုး ပါတီကိုပဲ မဲပေးမှာပါ” လို့ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင် ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။ သူက ကြံ့ဖွံ့ပါတီက အလကားပေးထားတဲ့ ၀၉၈၃… နံပါတ်နဲ့ ကျပ် ၁၅ သိန်းတန်ဖုန်းကို ရထားသူပါ။
ဒါ့အပြင် နေပြည်တော်ခရိုင်ထဲမှာပါတဲ့ တက္ကသိုလ်တွေက ကျောင်းသား၊ ကျောင်းသူ ၊ ဆရာ၊ ဆရာမတွေကိုလည်း ကြံ့ဖွံ့ပါတီက အပိုင်ချုပ်ကိုင်ထားပြီးသားပါ။
နေပြည်တော်မှာရှိတဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွေမှာလည်း ကြံ့ဖွံ့ပါတီကိုပဲ မဲထည့်ဖို့ ဆရာ၊ ဆရာမတွေကို ပါမောက္ခချုပ်တွေက ညွှန်ကြားတယ်။ ဆရာ၊ ဆရာမတွေက တဆင့်
ကျောင်းသား၊ ကျောင်းသူတွေကို ပြန်လည် စည်းရုံးမှုတွေ လုပ်ပါတယ်။
စည်းရုံးရေးဆင်းပေးတဲ့ ပါမောက္ခချုပ်၊ ကျောင်းဆရာ၊ ဆရာမတွေ၊ မဲရုံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မယ့် ဆရာ၊ ဆရာမတွေကိုလည်း ၀၉၈၃ ... နံပါတ်ပါ ကျပ် ၁၅ သိန်းတန်ဖုန်းတွေ ဖောဖောသီသီကို ချပေးတယ်။
ဇေယျာသီရိမြို့နယ်မှာ သူရ ဦးရွှေမန်းက ရပ်ကွက်တွေကိုလှည့်လည်ပြီး ရယကတွေ၊ ပြည်သူတွေကို နိုင်ငံတော်ရဲ့ စေတနာကို နားလည်ဖို့၊ လိုအပ်တာရှိရင် ကြံ့ဖွံ့ပါတီကို အကြောင်းကြားဖို့၊ ကြံ့ဖွံ့ပါတီကသာ နိုင်ငံတော်အတွက်
အလုပ်လုပ်ပေးနိုင်တဲ့ ပါတီဖြစ်တဲ့အကြောင်း၊ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကြံ့ဖွံ့ပါတီ လွှတ်တော် အမတ်လောင်းတွေကိုသာ မဲပေးရမှာဖြစ်ကြောင်း လိုက်စည်းရုံးတယ်။
ဒက္ခိဏသီရိမြို့နယ်မှာ ကြံ့ဖွံ့ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မယ့် ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်ကလည်း နည်းလမ်းမျိုးစုံသုံးပြီး ကျေးရွာတွေကို စည်းရုံးရေးဆင်းပါတယ်။
စက်တင်ဘာလအတွင်း ဒက္ခိဏသီရိမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာ ၂၀ ကို စည်းရုံးရေးဆင်းခဲ့ပြီး ကျေးရွာလူထုတွေကို အ၀တ်အထည်၊ ဆန်၊ ဆီ၊ ဆား၊ ငွေကြေး၊ တီဗီ၊ ဧည့်ခန်းသုံး ကုလားထိုင်၊ စားပွဲ ဆက်တီတွေ လိုက်ပေးပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ် အကုန်လုံးကို နိုင်ငံတော်ပိုင်ငွေကြေးနဲ့ သုံးစွဲတယ်တာ ဖြစ်တယ်လို့ နေပြည်တော် မြို့နယ်ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌတဦးက ဆိုပါတယ်။
နေပြည်တော်ခရိုင်မှာ ကြံ့ဖွံ့ပါတီက လုံးဝသေချာပေါက် အနိုင်ရပြီလို့ ကြံ့ဖွံ့ပါတီဝင်တွေနဲ့ ၀န်ထမ်းတွေက ဆိုကြပါတယ်။
ရန်ကုန်တိုင်း လှည်းကူးမှာရှိတဲ့ အောက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) နဲ့ မန္တလေးတိုင်း အတွင်းမှာရှိတဲ့ အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ်တွေမှာ သင်တန်းတက်နေတဲ့ အစိုးရ၀န်ထမ်း ထောင်ပေါင်းများစွာဆီက ကြံ့ဖွံ့ပါတီအတွက် ကြိုတင်မဲတွေ စုဆောင်းပြီးပြီလို့ သင်တန်းသားတွေက ပြောကြတယ်။
ရန်ကုန်
ရန်ကုန်မြို့တော်မှာ မြို့နယ်စုစုပေါင်း ၄၅ မြို့နယ်ရှိပါတယ်။ မဲပေးနိုင်တဲ့ အသက်ပြည့်လူဦးရေ ၄၄၁၈၉၈၉ (၄.၄ သန်းကျော်) ရှိတယ်လို့ ရန်ကုန်တိုင်း ရွေးကော်မရှင်အတွင်းရေးမှူး ဦးလှမြင့်က ပြောတယ်။
ရန်ကုန်မြို့တော်မှာ ကြံ့ဖွံ့ပါတီအနေနဲ့ မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ဘတ်ဂျက်ကို အသုံးပြုပြီး လမ်းခင်းခြင်း၊ ရေရရှိရေး ဆောင်ရွက်ခြင်း၊ အခမဲ့ဆေးခန်းဖွင့်ခြင်း၊ စာသင်ကျောင်းတွေ ပြုပြင်ဆောက်လုပ်ခြင်း၊ အတိုးနှုန်း အနည်းငယ်ဖြင့် ငွေချေးခြင်းတွေ လုပ်ဆောင်ပါတယ်။
ဒါမျိုးတွေလုပ်ပြီး ကြံ့ဖွံ့ပါတီက ပါတီဝင်တွေ၊ အမာခံမဲပေးမယ့်သူတွေ၊ ကြိုတင်မဲပေးသူတွေကို စုဆောင်းတယ်။
ကြံ့ဖွံ့ပါတီရဲ့ အဓိက မဲဆွယ်တဲ့လုပ်ငန်းက လမ်းခင်းတာပါပဲ။ မဲဆွယ်ပုံ အဆင့်ဆင့်ကလည်း မရိုးသားမှုတွေနဲ့ လှည့်ဖြားမှုတွေ ပါဝင်နေတာကို တွေ့ရပါတယ်။
ပထမဦးစွာ မြို့နယ်ကြံ့ဖွံ့ပါတီနဲ့ မြို့နယ် စည်ပင်အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်လမ်းတခု ခင်းဖို့အတွက် သက်ဆိုင်ရာ ရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ အာဏာပိုင်တွေကို ဆင့်ခေါ်ပြီး ရပ်မိရပ်ဘ ၇ ဦးပါဝင်တဲ့ လမ်းဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စေပါတယ်။
အဲဒီနောက် ရယကတွေက လမ်းဖြစ်မြောက်ရေး ကော်မတီကို မြို့နယ် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတွေနဲ့ ပေးတွေ့စေပါတယ်။ ကြံ့ဖွံ့စည်းရုံးရေးမှူးက လမ်းဖြစ်မြောက်ရေး ကော်မတီဝင် ၇ ဦးကို ကြံ့ဖွံ့ပါတီဝင်တွေ၊ အမာခံ မဲပေးမယ့်သူတွေ၊ ကြိုတင်မဲပေးမည့်သူတွေ စုဆောင်းပေးရင် ကြံ့ဖွံ့ပါတီက လမ်းအခမဲ့ ခင်းပေးမယ်ဆိုပြီး ပြောပါတယ်။
တကယ်တော့ လမ်းဖြစ်မြောက်ရေး ကော်မတီလို့ အမည်တပ်ခံရတဲ့ ရပ်မိရပ်ဘ ၇ ဦးက ကြံ့ဖွံ့ပါတီရဲ့ အမာခံ
ရပ်ကွက်စည်းရုံးရေးမှူးတွေ ဖြစ်မှန်းမသိ ဖြစ်သွားပါတယ်။
လမ်းပတ်ဝန်းကျင် နေထိုင်တဲ့ လူဦးရေ ၇၅ ရာခိုင်နှုန်းက ကြံ့ဖွံ့ပါတီဝင်အဖြစ် ၀င်ရောက်မှ ကြံ့ဖွံ့ပါတီက လမ်းခင်းပေးတာပါ။ ဥပမာအားဖြင့် လူဦးရေ ၄၀၀ နေထိုင်တဲ့ လမ်းဆိုရင် ကြံ့ဖွံ့ပါတီဝင်အင်အား ၃၀၀ မဖြစ်မနေ စုဆောင်းပေးဖို့ လိုပါတယ်။
လူဦးရေ ၂၀၀ နေထိုင်တဲ့ လမ်းမတခုဆိုရင် ကြံ့ဖွံ့ပါတီဝင် ၁၅၀ အနည်းဆုံးရမှ ပါတီက လမ်းခင်းဖို့ ဆောင်ရွက်မှာဖြစ်လို့ ပါတီဝင်တွေ မရ၊ ရအောင် စုစည်းဖို့ ပါတီစည်းရုံးရေးမှူးတွေက ဖိအားပေးတယ်။ ပါတီဝင်ဆိုတာကလည်း ကြံ့ဖွံ့ပါတီကို အမာခံ မဲပေးရမယ့်သူ (သို့မဟုတ်) ကြိုတင်မဲပေးရမယ့်သူတွေ ဖြစ်ရမယ်ဆိုတဲ့ အချက်ကိုလည်း မြို့နယ် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတွေက မှာကြားတယ်။
လမ်းဖြစ်မြောက်ရေး ကော်မတီက ပါတီဝင်အင်အား ရအောင်စည်းရုံးပေးပြီးချိန်မှ ကြံ့ဖွံ့ပါတီက လမ်းခင်းတာတွေ လုပ်ပါတယ်။ ပါတီဝင်အင်အားရအောင် မစည်းရုံးနိုင်ရင် လုံးဝ လမ်းမခင်းပေးပါဘူး။ ဒီလိုနည်းနဲ့ လမ်းတိုင်း၊ လမ်းတိုင်းမှာ ကြံ့ဖွံ့ပါတီဝင်တွေ၊ အမာခံမဲပေးမည့်သူတွေ၊ ကြိုတင်မဲပေးမယ့်သူတွေ စုဆောင်းပါတယ်။
ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလှမြင့်က အနည်းဆုံး လူဦးရေ ၃၀၀ ရှိရင် မဲရုံတရုံ ထားရှိပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကြံ့ဖွံ့ပါတီက လမ်းတခု ခင်းပေးတိုင်း လမ်းနေပြည်သူတွေရဲ့ ၇၅ ရာခိုင်နှုန်းကို အမာခံ မဲပေးသူတွေ၊ ကြိုတင်မဲပေးသူတွေ အဖြစ် အတင်းအကျပ် စုဆောင်းထားတဲ့အတွက် လူဦးရေ ၃၀၀ ရှိတဲ့ မဲရုံတရုံမှာ ကြံ့ဖွံ့ပါတီက ၇၅ ရာခိုင်နှုန်းသော ဆန္ဒမဲတွေကို ရရှိဖို့သေချာနေပါတယ်။
ကြံ့ဖွံ့ပါတီက လမ်းခင်းပေးတဲ့ နေရာမှာလည်း လုပ်အားခဆိုပြီး ရပ်ကွက်နေပြည်သူတွေ၊ ပါတီဝင်တွေဆီက ငွေကြေး ကောက်ခံပါတယ်။ ငွေကြေးကောက်ခံတဲ့နေရာမှာ ပေ ၁၀၀ လမ်းခင်းရင် ငွေကျပ် ၁ သိန်း ၂ သောင်းကို လုပ်အားခအဖြစ် ကောက်ခံပါတယ်။ အဲဒီငွေကြေးကို ရပ်ကွက်နေ ပြည်သူတွေနဲ့ ပါတီဝင်တွေက စုပေါင်းကျခံရတာပါ။
ရပ်ကွက်နေ ပြည်သူတွေအနေနဲ့ ကြံ့ဖွံ့ပါတီဝင်အဖြစ် အတင်းအကျပ် စုဆောင်းခံရ၊ လမ်းခင်းဖို့ ငွေကြေးထည့်ဝင်ရနဲ့ အတော် ဒုက္ခရောက်ကြတယ်။ ဒါပေမယ့် ဦးဆောင်လှုပ်ရှား လှုံ့ဆော်သူတွေက ကြံ့ဖွံ့ပါတီဝင်တွေနဲ့ ရယက အာဏာပိုင်တွေ ဖြစ်တဲ့အတွက် ရန်မများချင်တာကြောင့် ဘာမှ စောဒက မတက်ကြပါဘူး။
တဘက်မှာလည်း ဘယ်လိုပဲဖြစ်ဖြစ် ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲအနိုင်ရအောင် လုပ်မှာဖြစ်တဲ့အတွက် ရပ်ကွက်လမ်းလေး ကောင်းသွားရင် အမြတ်ဆိုပြီး စဉ်းစားဆင်ခြင်စိတ်တွေနဲ့ သည်းခံ မျက်စိမှိတ် ပါတီဝင်ဖြစ်သွားသူတွေ၊ အမာခံမဲပေးသူ၊ ကြိုတင်မဲပေးသူ အဖြစ်ရောက်ရှိသွားသူတွေ မနည်းလှပါဘူး။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်၊ ရန်ကုန်မြို့တော်ဝန်လည်းဖြစ်၊ ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံလည်းဖြစ်တဲ့ ဦးအောင်သိန်းလင်းကတော့ အခုအချိန်မှာ လမ်းပေါင်း ၁၀၅၀ ခင်းနေပြီ၊ ၂၅၀ ပြီးသွားပြီလို့ ဆိုပါတယ်။ ကြံ့ဖွံ့ပါတီအနေနဲ့ ရန်ကုန်မြို့တော်မှာရှိတဲ့ လမ်းပေါင်း ၄၀၀၀ ကို လမ်းခင်းပေးသွားမယ်လို့ ဆိုပါတယ်။
စည်ပင်သာယာရေးကော်မတီက လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို ကြံ့ဖွံ့ပါတီရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်အဖြစ် အသုံးချနေကြတာ အထင်အရှားတွေ့နေရပါတယ်။
ဒါဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က၊ ၅) မှာ ဖော်ပြထားတဲ့ “နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် ပါတီအဖွဲ့အစည်းဖြစ်လျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ” ဆိုတဲ့ အချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့ လုပ်ရပ်ဆိုရင် မမှားပါဘူး။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် ရွေးကောက်ပွဲကော် မရှင်တွေက အစိုးရ၀န်ထမ်းတွေ၊ ရယက တွေဖြစ်ပြီး ကြံ့ဖွံ့ပါတီခေါင်းဆောင်တွေက အစိုးရထိပ်တန်း ခေါင်းဆောင်တွေဖြစ်တဲ့အတွက် ကြံ့ဖွံ့ပါတီကို မလွန်ဆန်ရဲကြပါဘူး။ အဲဒီတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အလွန်ခက်ခဲပါတယ်။
ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလှမြင့်က ရွေးကောက်ပွဲမှာ ကြိုတင်မဲ အသုံးပြုပြီး ရွေးကောက်ပွဲ အနိုင်ရအောင်လုပ်လို့ မရဘူးဆိုပေမယ့် ကြံ့ဖွံ့ပါတီရဲ့ ပြည်သူပိုင်ဘဏ္ဍာ အသုံးပြုပြီး ပါတီဝင်စုဆောင်းတာတွေ၊
အမာခံမဲပေးမယ့်သူ၊ ကြိုတင်မဲပေးမယ့်သူ ရှာဖွေစုဆောင်းနေတာကို မသိချင်ယောင် ဆောင်နေပုံရပါတယ်။
ဦးလှမြင့်ဆိုတာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ လက်ထောက် ညွှန်ကြားရေးမှူးတဦးပါ။ သူ့အနေနဲ့ တိုင်းရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး လုပ်နေရပေမယ့် ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီ တာဝန်ခံ၊ ကြံ့ဖွံ့ပါတီရဲ့ တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းကို “အဘ”၊ “အဘ” ခေါ်ပြီး ဖိန့်ဖိန့်တုန်အောင် ကြောက်နေရသူပါ။
ဦးလှမြင့်မှ မဟုတ်ပါဘူး။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးကိုယ်တိုင်က သူ့ရဲ့ အထက်အရာရှိလည်းဖြစ်၊ ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတွေလည်းဖြစ်တဲ့ သူရ ဦးရွှေမန်း၊ ဦးသိန်းစိန် ၊ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ ဦးမြင့်လှိုင်တို့ကို ကြောက်ရွံ့နေရတဲ့အတွက် ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲကော်မရှင် အထက်မှာရှိတဲ့ နိုင်ငံရေးပါတီအဖြစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အောင်ပွဲခံနိုင်မယ်လို့ ပြည်တွင်း သတင်းမီဒီယာအသိုင်းအဝန်း၊ နိုင်ငံရေးအသိုင်းအဝန်းက ကြိုတင်ဟောကိန်းထုတ်ထားပါတယ်။
http://www.irrawaddy.org/bur/index.php/articles/2-articles/4218-2010-10-05-08-43-29
ရွေးကောက်ပွဲ ဆန့်ကျင်စာများ ထပ်ဖြန့်
ရွေးကောက်ပွဲ ဆန့်ကျင်စာများ ထပ်ဖြန့်
သံဃာတော်များနှင့် ကျောင်းသား လူငယ်များ စုပေါင်းဖွဲ့စည်း ထားသည့် ဗမာနိုင်ငံ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှား သူများ တပ်ပေါင်းစု (ဗဒတ) က ဦးဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးစာမျာ ဖြန့်ဝေခြင်းကို ယနေ့ထပ်မံ ပြုလုပ်ကြောင်း သိရသည်။
လှုပ်ရှားမှုကို ဦးဆောင်သည့် သံဃာတပါးဖြစ်သော အရှင်သီလဝံသက “ဒီနေ့ လှုပ်ရှားမှုကို ဦးပဉ္ဇင်းတို့ဘက်က လူ ၂ ထောင် နီးပါးလောက် ပါဝင်တယ်။ အဲဒီလူတွေက တာဝန်ခွဲဝေထားတဲ့အတိုင်း သူ့မြို့နယ်အလိုက် လှုပ်ရှားမှုတွေ လုပ်သွားကြမယ်” ဟု မိန့်သည်။
အရှင်သီလဝံသက ယနေ့လှုပ်ရှားမှုသည် အောက်ခြေလူတန်းစားများမှတဆင့် ပြည်သူလူထုထံသို့ ပျံ့နိုင်သလောက် ပျံ့သွားရေးအတွက် အဓိကထား လှုပ်ရှားကြခြင်းဖြစ်ကြောင်း မိန့်ဆိုသည်။
ရွေးကောက်ပွဲ ဆန့်ကျင်စာ ဖြန့်ဝေရာတွင် ရန်ကုန်တိုင်းအတွင်းရှိ ဒေါပုံ၊ သာကေတ၊ သန်လျင်၊ သုံးခွ၊ လှိုင်သာယာ၊ တာမွေ၊ ဒလ၊ တွံတေး၊ ဗဟန်းမြို့နယ်တို့နှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်ဖြူမြို့နယ်တို့၌ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ယနေ့ လှုပ်ရှားမှုကို သက်ဆိုင်ရာက သတိပြုမိသည်ဟု မထင်ကြောင်း၊ သို့သော် လှုပ်ရှားမှုပြုလုပ်သည့် ပန်းဆိုးတန်းလမ်း တဝိုက်တွင် CCTV ကင်မရာများဖြင့် ရိုက်ယူထားခြင်း၊ လုံထိန်းအဖွဲ့များ၊ ရဲမေများက စောင့်ကြည့်ခြင်းများရှိကြောင်း အရှင် သီလဝံသထံမှ သိရသည်။
ဗဒတ တပ်ပေါင်းစုတွင် ၂၀၀၇ မျိုးဆက်ကျောင်းသားများ သမဂ္ဂ၊ New Generation၊ Saffron Generation၊ မြေလတ် ကျောင်းသားများအဖွဲ့ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုတို့ ပါဝင်သည်။
ပြည်သူလူထုသို့ ပန်ကြားချက်စာလွှာဟု ခေါင်းစဉ်တပ်ထားသော စာရွက်များကို စာအိတ်အတွင်းထည့်ကာ ရန်ကုန်တိုင်း နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့မှ သံဃာစာသင်တိုက်များသို့ ဖြန့်ဝေခဲ့ကြောင်း ဗဒတ မှ ပြောရေးဆိုခွင့်ရှိသူ မဝေဝေဇံက ဆိုသည်။
“ဖြန့်ဝေတဲ့ စာအိတ်တွေကတော့ သိပ်မများပါဘူး။ မြို့နယ်တွေမှာရှိတဲ့ စာသင်သား သံဃာတွေများတဲ့ စာသင်တိုက် တွေကို အဓိက ဖြန့်ဝေတာပါ။ စာသင်သားသံဃာတွေကနေ တဆင့် ပြည်သူလူထုဆီကို ရောက်ရှိစေဖို့ ရည်ရွယ် ပြုလုပ် တာပါ။ စာလွှာပါအကြောင်းအရာကတော့ စစ်တပ်ကပဲ ပြန်အုပ်ချုပ်ဖို့ လုပ်ထားတဲ့ ဟန်ပြရွေးကောက်ပွဲကို ပြည်သူလူထု အနေနဲ့ မဲမထည့်ဘဲနေကြဖို့၊ အကယ်၍ မထည့်မနေရ ထည့်ခိုင်းရင်လဲ ပယ်မဲဖြစ်အောင် လုပ်ကြဖို့၊ ကိုယ့်မဲ မထည့်ချင်ရင် မထည့်ဘဲ နေနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာ ပြည်သူအများ သိရှိအောင် မိမိတို့ ပတ်ဝန်းကျင်မှာ စည်းရုံးလှုံ့ဆော်ပြီး အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းပြသကြဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်” ဟု သူက ဆိုသည်။
ယနေ့လှုပ်ရှားမှုသည် ဗဒတ တပ်ပေါင်းစု၏ တတိယအကြိမ်မြောက် လှုပ်ရှားမှုဖြစ်ပြီး ယခင်အကြိမ်များအဖြစ် ပြည်ပအခြေစိုက် အမျိုးသမီးအဖွဲ့မှ ထုတ်ဝေသည့် ချိုးလင်းပြာ မဂ္ဂဇင်းများ၊ မြန်မာ့တပ်မတော်သားများသို့ ပန်ကြားချက် ခေါင်းစဉ်ပါသည့် စီဒီခွေများ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကို နည်းလမ်းမျိုးစုံဖြင့် ဆက်လက်အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဒတ အဖွဲ့မှ သိရှိရသည်။
http://www.irrawaddy.org/bur/index.php/news/1-news/4222-2010-10-05-10-13-34
သရုပ်ဆောင် ဒေါ်တင်တင်လှ ကွယ်လွန်
သရုပ်ဆောင် ဒေါ်တင်တင်လှ ကွယ်လွန်
အမေ ဇာတ်ရုပ်အဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်တင်တင်လှ၊ အသက် (၆၈) နှစ်သည် အောက် တိုဘာလ ၂ ရက်နေ့ (စနေနေ့) နံနက် (၆း၄၅) က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီး အောက်တိုဘာ ၄ ရက်နေ့ နံနက် (၁၁း၀၀) နာရီက ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ဆေးရုံ တင်ထားသည့် ၃၊ ၄ ရက်အတွင်း ဆရာဝန်များ ရှာဝယ်ခိုင်းသည့် ဆေးကို ဆေးခန်းများတွင် ၀ယ်မရ၍ အခက်အခဲနှင့် တွေ့ခဲ့ရပြီး နောက်ဆုံး ၀ယ်ယူရခဲ့သည့် ဆေး ၈ လုံးထဲမှ သောကြာနေ့ ညက ၁ လုံးသာ ထိုးလိုက်ရကြောင်း သူက ဆက် ပြောပြသည်။
နာရေးကူညီမှုအသင်းကို ထူထောင်ထားသူ အကယ်ဒမီမင်းသား ကိုကျော်သူက “ဒေါ်တင်တင်လှရဲ့ အသုဘက လူမရှိလို့ ကျနော့် facebook မှာတောင် တင်ထားသေးတယ်။ ၀ါရင့်သရုပ်ဆောင်ကြီး တယောက် ဆုံးတာ လာသင့်တယ်လေ။ ရုပ်ရှင် အစည်းအရုံးက တယောက်မှ မလာကြဘူး။ ရုပ်ရှင်အစည်းအရုံးဝင်ဖြစ်တော့ အမိန့်ပြန်တမ်း ထုတ်ရတယ်။ ဒီစာတောင် လက်ဆင့်ကမ်းပြီး လူကြုံနဲ့ ထည့်ပေးလိုက်တယ်” ဟု ဆိုသည်။
ဒေါ်တင်တင်လှသည် မင်းသားကြီး ဦးရွှေဘ လက်ထက် ကတည်းက မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့သူ တဦးဖြစ်ပြီး နာမကျန်း မဖြစ်မီကာလအထိ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများစွာတွင် မင်းသား၊ မင်းသမီး များစွာ၏ အမေဇာတ်ဝင်ခန်း၊ အဒေါ်ဇာတ်ဝင်ခန်းများတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။
ကိုကျော်သူ သရုပ်ဆောင်လောကသို့ စတင် ဝင်ရောက်ခဲ့သော စာရေးဆရာမ မအေးလေး၏ ၀တ္ထုကို ရိုက်ကူးထားသည့် “ဥက္ကာ” အမည်ရှိ ဗီဒီယို ဇာတ်လမ်းတွင်လည်း ဒေါ်တင်တင်လှက ကိုကျော်သူ၏ မိခင်အဖြစ် သရုပ်ဆောင်ခဲ့သည်ဟု ကိုကျော်သူက ပြောပြသည်။
ဒေါ်တင်တင်လှသည် ရုပ်ရှင်အစည်းအရုံးဝင် အမေများအဖွဲ့တွင်လည်း ပါဝင်၍ နယ်လှည့် ကပြဖျော်ဖြေခဲ့သူဖြစ်သည်။
ဒေါ်တင်တင်လှ၏ နောက်ဆုံးခရီးကို အမေများအဖွဲ့မှ မိတ်ဆွေရောင်းရင်းများ၊ နာရေးကူညီမှု အသင်းမှ အဖွဲ့ဝင်များ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရသည်။
http://www.irrawaddy.org/bur/index.php/news/1-news/4217-2010-10-05-08-39-04

General boycott committee Statement
https://docs.google.com/viewer?a=v&pid=gmail&attid=0.1&thid=12b7e6d19af392a1&mt=application/pdf&url=https://mail.google.com/mail/?ui%3D2%26ik%3Dead8f986c4%26view%3Datt%26th%3D12b7e6d19af392a1%26attid%3D0.1%26disp%3Dattd%26realattid%3Df_gexazzpg0%26zw&sig=AHIEtbQ6VCKT3HW7SwYSzWu5DRzxj0BnAw
General Boycott Committee
ရွေးကောက်ပွဲသံသရာတွေထဲမှာ...
http://xa.yimg.com/kq/groups/20354587/1273625434/name/gambia.final.pdf
အောင်မိုးဝင်း
ရွေးကောက်ပွဲဝင်မဲ့ မဟာမိတ်ပါတီတွေက
“ ရွေးကောက်ပွဲ သပိတ်မှောက်လှုံ့ဆော်မှုတွေကြောင့် စစ်အုပ်စုနဲ့ကြံ့ဖွံ့ပါတီ အတွက် သိတ်အဆင်ပြေသွားမယ်” လို့ ဆိုကြတယ်။ ပြည်သူတွေဟာ မဲရုံတွေကို မသွားဘူးဆိုရင် အတိုက်အခံပါတီတွေဟာ နိုဝင်ဘာ (၇) ရက်ရွေးကောက်ပွဲမှာ
ရှုံးနှိမ့်လိမ့်မယ် လို့လည်း ပြောကြပြန်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်ပြီးအလုပ်မဖြစ်ရင်
Alternative way က ဘာလဲလို့ မေးခွန်းထုတ်ကြတယ်။
ငါ့အရိုက်အရာကို ဆက်ခံသူအဖြစ် ငါကြိုက်တဲ့သူကို ရွေးချယ်မယ်။”
စီးပွားရေးအသိုင်းအဝိုင်းတွေက ပျောက်ဆုံးသွားတဲ့ နိုင်ငံခြားသတင်းထောက်တွေကို ရှာဖွေထုတ်ဖေါ်ပေးဖို့တောင်းဆိုကြသလို၊ ဂျမေးရ် ရဲ့ လူသားအပေါ်ကျူးလွန်တဲ့
ရာဇဝတ်မှုတွေကိုတရားစွဲကြဖို့ပြင်ဆင်ခဲ့ကြပါတယ်
နိုင်ငံရေးပါတီတွေတည်ထောင်ခွင့်မရခဲ့သလို၊ အစိုးရအရာရှိဟောင်းတွေကိုလည်း ၂၀၂၄ မတိုင်မခြင်း
နိုင်ငံရေးလုပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ဒါကြောင့် ရွေးကောက်ပွဲကျင်းပပေးတဲ့အခါ၊
Gambia.final
















