http://ifile.it/zird2vthttp://www.scribd.com/doc/29454841/5-April-2010-Yeyintnge-Diary5 April 2010 Yeyintnge Diary
Monday, April 5, 2010
ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ……. ဖြေပါ…..။
ဗိုလ်ချူပ်မှူးကြီး သန်းရွှေ ……. ဖြေပါ…..။ ၁။ စစ်အစိုးရ၏ တို့တာဝန်အရေး(၃)ပါးမှ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး… ဒို့အရေး…ဆိုသည့်အချက်အတိုင်း.. စစ်အစိုးရမှ တိုင်းရင်းသား ညီညွတ်ရေး ကိုအမှန် တကယ်လုပ်ဆောင်နေပါသလား….။ ၂။ ယခုစစ်အစိုးရအဖွဲ့နှင့် စစ်ဗိုလ်ချုပ်များထဲတွင် တိုင်းရင်းသား ဘယ်နှစ်ဦးမျှပါဝင်ပါသနည်း။ ၃။ ယခုစစ်အစိုးရမှထုတ်ပြန်သောရွေးကောက်ပွဲဥပဒေများထဲမှကန့်သတ်ချူပ်ချယ်မှုများသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် မတရား ထောင်သွင်းအကျဉ်းကျ ခံနေရသော (သို့) ယုံကြည်ချက်ဖြင့် အကျဉ်းကျခံနေရသော နိုင်ငံရေးအင်အားစုများကိုဦးတည် ကန့်သတ်မှုဖြစ်ပါသလား…။ ၄။ တပ်မတော်၏ စစ်သားအရင့်အမာကြီး များဖြစ်သော လက်နက်ကိုင်စစ်ဗိုလ်ချူပ်ကြီး များအနေဖြင့် မည်သည့်အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီAဖွဲ့ချုပ်နှင့် အတိုက်အခံနိုင်ငံရေးအင်အားစုများအပေါ်အလွန်ကြောက်ရွံရပါသလဲ။ ၅။ စိတ်တိုင်းကျရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင်လေးပုံတပုံသောလွတ်တော်ကိုယ်စားလှယ်များကိုစစ်တပ် မှနေရာယူ အကျော ရ ထားပြီး ရိုးသားသောနည်း…တရားမျှတသောနည်းလမ်း တို့ဖြင့် ဒေါ်အောင်ဆန်စုကြည်၏အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအ၀င်နိုင်ငံရေးအင်အား စုများနှင့် မည်သည့်အတွက်ကြောင့် စစ်အစိုးရသည်လိပ်ပြာသန့်စွာမယှဉ်ပြိုင်ဝံ့ပါသလဲ…။ ၆။ လူမိုက်ဂိုဏ်းဆန်သောစွမ်းအားရှင်…လက်ပါးစေကြံဖွတ်အဖွဲ့ တို့်ကို မည်ကဲ့သို့အသုံးချရန်အတွက် ဖွဲ့စည်းခဲ့ပါသလဲ…။ ၇။ ဒီပဲယင်းအရေးအခင်း (၃၀-မေ-၂၀၀၃) ၏ အဓိကတရားခံ မှာမည်သူဖြစ်ပါသနည်း…။ ၈။ နိုင်ငံတကာမျက်နှာစာတွင် နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်သောလွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲကျင်းပပေးမည်ဟူ၍၄င်း၊ အမျိုးမျိုးကတိ ပေး ပြောကြားခဲ့ပြီးအကြိမ်ကြိမ်ကတိဖျက်နေခြင်းသည်၎င်း၊ မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားမရှိဟု၎င်း မျက်နှာပြောင်ပြောင်ဖြင့်ဗြောင်ငြင်း ဆန်နေခြင်းတို့ သည် လူကြီးလူကောင်းဆန်သည်ဟုအာဏာရှင်စစ်ဗိုလ်ချူပ်ကြီးများယူဆပါသလား ။ ၉။ ပြည်ပအားကိုးပုဆိန်ရိုး-အဆိုးမြင်ဝါဒီများအားဆန့်ကျင်ကျ…ဟူ၍ပြည်သူ့သဘောထားတွင်ပါရှိပါသည်။ တရုတ်၊ ရုရှားနှင့်နံမည်ပျက် လူမိုက်စာရင်းဝင် မြောက် ကိုးရီးယားတို့ကိုအားကိုးဖားယားဆက်ဆံနေရသူများမှာပြည်ပအားကိုးသောပုဆိန်ရိုးများဟုတ်ပါ၏လော.။ ၁၀။ ၄င်းပြည်ပအားကိုး ပုဆိန်ရိုးများမှာမည်သူများဖြစ်ပါသနည်း။ ၁၁။ မြန်မာသမိုင်းအစဉ်အလာတွင် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချူပ်မှူးကြီးစောမောင်နှင့် နိုင်ငံရေးအရှိန်အ၀ါအင်အားကြီးထွားလာသော ဗိုလ်ချူပ်ကြီးခင်ညွန့် အစရှိသည့် တိုင်းပြည်ခေါင်းဆောင်(ခေါ်) အာဏာရှင်များနှင့် ၄င်းတို့၏အပေါင်းအပါ များသည် မည်သူတဦး တယောက်မျှအစဉ်အ လာမကောင်းခဲ့ပါ.၊ ယခုအာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ နှင့်ထိပ်တန်းစစ်ဗိုလ်ချူပ်ကြီးများ၏ရှေ့အနာဂါတ် ရေးကောင်းမည်ဟုယူဆပါသလား…။ ၁၂။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အနေဖြင့် မိမိ၏အတ္တနှင့် အာဏာရရှိတည်မြဲရေးအတွက် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်ချူပ်မှူးကြီး စောမောင်တို့အပေါ် သစ္စာစောင့်သိခဲ့ပါသလား..။ ၁၃။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အပေါ် နောင်လာနောင်သား စစ်ဗိုလ်ချူပ်များ မိမိအပေါ် ထာဝရသစ္စာ စောင့်သိနေမည်ဟု ယုံကြည် ယူဆပါသလား…။ ၁၄။ အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ နှင့် အသက်အရွယ်ရပြီးထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် နောင်မည်မျှကြာအောင်အာဏာ ကိုဆက်လက်ချုပ် ကိုင် ထားနိုင်မည်ဟုယူဆထားပါသနည်း။ ၁၅။ လူတဦးတယောက်၏ မွေးရာပါ လူ့အခွင့်အရေး..လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ခွင့်..အစရှိသည်တို့ကို လက်နက်- အာဏာတို့ဖြင့် ကန့်သတ်ချူပ်ချယ်ထား မှုကိုစည်းကမ်းပြည့်ဝသောဒီမိုကရေစီ ဟုအဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသလား..။ ၁၆။ အနှစ်(၂၀)ကျော် ဥပဒေ၏အထက်မှ ရာဇ၀တ်မှုမကင်းသော လုပ်ရပ်များဖြင့် မတူညီသောအမြင်ရှိသူ ရဟန်း-ရှင်လူ- ပြည်သူ- ကျောင်းသား-သတင်းသမား များ ပြုမှုဆက်ဆံနေခြင်းသည် ဥပဒေနှင့်အညီ တရားမျှတသောလုပ်ရပ်ဖြစ်ပါသလား…။ ၁၇။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစဉ်အလာရှိ နံမည်ရ အနာဂါတ် နိုင်ငံရေး အင်အားစုများအား မတရားဖမ်းဆီး ချုပ်နှောင်၍ သန်း ၆၀ နီးပါးသော ရဟန်း၊ရှင်လူ ပြည်သူလူထုအပေါင်းတို့၏ မွေးရာပါလူအခွင့်အရေးတို့ကိုပိတ်ပင်ခံရကာအကျဉ်းသားသဖွယ် အာဏာရှင်များ၏ ရက်စက်ယုတ်မာမှုကို ခံစားနေရ ပါသည်။ ပြည်သူများအခွင့်အရေးတခုရလျှင် အာဏာရှင်ဗိုလ်ချူပ်မှူးကြီးသန်းရွှေ အပါအ၀င် အပေါင်းအပါ စစ်ဗိုလ်ချူပ်များအပေါ်မည်ကဲ့သို့ တုန့်ပြန်မည်ဟု ထင်မြင်ပါသနည်း…။ ၁၈။ အတိုက်အခံ နိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ၍ ငြိနှိုင်းကြည့်ခြင်းအားကို ပြည်သူလူထုအပါအ၀င် နိုင်ငံတကာမှပင်မြင်တွေ့လိုသော ကောင်းသော ဆန္ဒ အရင်းခံဖြစ်ပါသည်၊ လက်နက် အာဏာကိုလက်ကိုင်ပြု၍ တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစဉ်ကို ဥပေက္ခာပြုနေခြင်းသည် မည်သည့်အတွက်ကြောင့် ဖြစ်ပါ သနည်း။ ၁၉။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါဝင်သော၂၀၁၀-ရွေးကောက်ပွဲကိုနိုင်ငံတကာနှင့်ပြည်သူများက အသိ အမှတ်ပြုယုံကြည်မည်ဟု အာဏာရှင်ကြီးယုံကြည်ပါသလား….။ ၂၀။ တကိုယ်ကောင်းစိတ်ဖြင့် အာဏာကိုငန်းငန်းတက် ရူးသွပ်နေတာမရှက်ဘူးလား……။ freeburma.mm@gmail.com နိုင်ငံရေး စိတ်ဝင်စားသူတို့ လေ့လာချင့်ချိန် စဉ်းစားနိုင်ရန် ဖော်ပြခြင်း ဖြစ်ပါသည်။(ဟစ်တိုင်) ၆။၎။၂၀၁၀ http://www.hittai.org/main.htm
သွေးခွဲစရာမလိုသည့် လူထုနှင့် အောင်ဆန်းစုကြည်
http://moemaka.com/index.php?option=com_content&task=view&id=6173&Itemid=1
အသက် ၃၃ နှစ် အရွယ်ရှိ မြန်မာ အလုပ်သမား မလေးရှားနိုင်ငံ ဆီလန်ဂေါ တွင် အသတ်ခံရ
အသတ်ခံရသည့် ကိုမင်းစောဦး ၏ ရုပ်အလောင်း Pic: Gan Jin Liang အသက် ၃၃ နှစ် အရွယ်ရှိ မြန်မာ အလုပ်သမား ကို မင်းစောဦး ဆို သူသည် တနင်္ဂနွေနေ့ က မလေးရှားနိုင်ငံ သေဆုံးသူ ၏ ရုပ်အလောင်းကို ကလန် ရှိ ဘူကစ် ရာဂျာ စက်မှု ဇုန် တွင် ယမန်နေ့ ည ၈ နာရီက စက်ရုံ ၏ ကို မင်းစောဦး သေဆုံးမှု တွင် သံသယရှိ သူ စက်ရုံ ကြီးကြပ်ရေး မှုး တစ်ဦး နှင့် ညစောင့် နှစ်ဦး ကို ဖမ်းဆီး သေဆုံး သူ အနီးတွင် အသွား ခုနှစ် လက်မ အရွယ် ဓားတစ်ချောင်း တွေ့ ရသည်။ ကို မင်းစောဦး ၏ အလောင်း ကို Tengku Ampuan Rahimah ဆေးရုံ သို့ ပို့ ထားကာ ရင်ခွဲ၍ စစ်ချက်ယူနေသည် ဟု သိရသည်။ စစ်အစိုးရ လက်အောက်တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် မြန်မာ လူမျိုး လူငယ် များမှာ ထိုင်း၊မလေးရှား၊စင်္ကာပူစသည့် နိုင်ငံတွင် များတွင် သွားရောက် အလုပ်လုပ် ကိုင်ကြရာမှ ထိုနိုင်ငံသား များ မှ ခေါင်းပုံဖြတ် မှု မကြာခဏ ကြုံတွေ့ ရာတွင် အသက် သေဆုံးသည်ထိဖြစ်ပွား မှု များ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ထိုသို့ ဖြစ်ပွား ခဲ့လျှင် လည်း ထို နိုင်ငံရှိ မြန်မာ သံရုံးက မဆိုင်သလိုပင် နေလေ့ရှိသည်။
ဆီလန်ဂါရှိ ကလန် မြို့ မှ ပိုက်စက်ရုံ တစ်ခု ရှေ့ တွင် လဲကျသေဆုံးနေသည် ကို တွေ့ ရှိ ရကြောင်း ယနေ့ ထုတ်
မလေးမေး သတင်းစာ တွင် ဖော်ပြထားသည်။
တာဝန်ရှိ သူ တစ်ဦး က တွေ့ ရှိ ခြင်းဖြစ်ကြောင်း ကလန် ရဲ က မလေးမေး သို့ ပြောသည်။တွေ့ ရှိ ချိန်တွင်
တစ်ကိုယ်လုံး သွေးများဖြင့် ပေကျံနေပြီး ၀မ်းဗိုက်တွင် ဓားဒဏ်ရာ များ တွေ့ ရှိရပြီး မသေခင် လူစုလူဝေး
ဖြင့် ရိုက်နှက်ခံရထားခြင်း ဖြစ်နိုင်သည် ရဲတပ်ဖွဲ့ က သုံးသပ်သည်။
ထားပြီး သံသယ ရှိသူ အသက် ၃၅ နှစ် အရွယ် တရားခံတစ်ဦး မှာ ထွက်ပြေးလွတ်မြောက်နေသည်။
http://freedomnewsgroup.com/
ဖိနပ်ကြားက နတ်စကားထွက်တဲ့ နအဖပြောတဲ့ အမျိုးသားနိုင်ငံရေး
ရဲဘော်ဖိုးသံချောင်း မတ်လ (၂၇) ရက်နေ့က ဗိုလ်သန်းရွှေရဲ့ မိန့်ခွန်းထဲမှာ သူတို့စစ်တပ်ဟာ အမျိုးသားနိုင်ငံရေးကို လုပ်သွားမယ်လို့ ထပ်မံ အတည်ပြုပြောသွားတာ ကြားလိုက်ကြရပါတယ်။ ပြောရရင် မြန်မာပြည်နိုင်ငံရေးမှာ အတော်လေးကြားကြရတဲ့ အသုံး အနှုန်းတွေထဲမှာ ဒီ “အမျိုးသားနိုင်ငံရေး” ဆိုတာလည်း ပါဝင်ပါတယ်။ ဒီအသုံးအနှုန်းနဲ့တွဲပြီး ကြားရလေ့ရှိတဲ့ နောက်အသုံး အနှုန်းတခုကတော့ ပါတီနိုင်ငံရေးဆိုတာပဲ ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းနှစ်ခုကို တနေရာစီသုံးကြတာကတော့ ကြာပါပြီ။ ဒါပေမယ့် အခုလို ဒီနှစ်ခုတွဲပြီး သုံးနှုန်းတာကတော့ စစ်အစိုးရများ၊ အထူးသဖြင့် န၀တ-နအဖ လက်ထက်ကျမှ ခေတ်စား လာတယ်ဆိုရင် မမှားဘူးထင်ပါတယ်။ တကယ်က အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးကို ကိုလိုနီလက်ထက်၊ သူ့ကျွန်ဘ၀တုန်းက နယ်ချဲ့နဲ့ ဖက်ဆစ်ကို တွန်းလှန်လှုပ်ရှားမှုတွေမှာ စသုံးခဲ့တာပါ။ တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နိုင်ငံရေး သမားတွေ၊ ပါတီအဖွဲ့အစည်းတွေက တီထွင်ခဲ့တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ စစ်တပ်ကတီထွင်တဲ့ စကားလုံးမဟုတ်ပါဘူး။ ဒါပေမယ့် အခု န၀တ-နအဖတို့လက်ထက်ကျတော့ ဒီအသုံးအနှုန်းနဲ့ သူတို့ကိုယ်သူတို့ ကယ်တင်ရှင်ကြီးတွေလို့ အမွှန်းတင်ပြီး ကျန်တဲ့နိုင်ငံရေး အင်အားစုတွေကိုတော့ ကိုယ်ကျိုး၊ ကိုယ့်ပါတီအကျိုးသာကြည့်သူလို့ အပုပ်ချတိုက်ခိုက်တဲ့ အဓိပ္ပာယ်နဲ့ တွင်တွင်သုံးနေတာ တွေ့ရပါတယ်။ သူတို့ရဲ့သဘောက ပါတီနိုင်ငံရေးလို့ ဆိုလိုက်တာနဲ့ပဲ မသန့်ရှင်းတဲ့နိုင်ငံရေးလို့ အဓိပ္ပာယ်ထွက်သယောင်ယောင် ဖြစ်နေပါတယ်။ ဒါကြောင့်မို့ တချို့ကျောင်းသားတွေ၊ သာမန်လူတွေကတောင် မိမိတို့ လုပ်တာဟာ ပါတီနိုင်ငံရေးမဟုတ်ဘူး၊ အမျိုးသားနိုင်ငံရေးဖြစ်တယ်လို့ အင်မတန်သတိကြီးစွာနဲ့ ပြောကြားသံတွေ ကြားရပါတယ်။ ဒီလိုဖြစ်တာဟာ နအဖ လုပ်လိုက်လို့ ရှုပ်ထွေးကုန်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒီနေရာမှာ ထောက်ပြချင်တာတခုရှိပါတယ်။ ၁၉၉၀ ခုနှစ်ဆီတုန်းက “တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ” ဆိုတဲ့ စာအုပ်ကို န၀တအစိုးရက ပြန်ထုတ်ခဲ့ပါတယ်။ တကယ်က အဲဒီစာအုပ်ဟာ မြ၀တီစာအုပ်တိုက်က ၁၉၅၉ ခုနှစ်မှာ (ဗိုလ်နေ၀င်းတို့ ပထမအကြိမ် အာဏာသိမ်းထားစဉ်ကာလ) ပထမဆုံးအကြိမ် ထုတ်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဖောင်းကားစားသမ္မတ ဒေါက်တာမောင်မောင်က စာမျက်နှာ (၅၀) လောက်ရှိတဲ့ အမှာစာကိုရေးတော့ အမျိုးသားနိုင်ငံရေး ဆိုတာကို တင်ပြတဲ့အနေနဲ့ ကျောင်းသားတွေနဲ့ နိုင်ငံရေးပါတီတွေကို ရန်တိုက်ပေးခဲ့ပါတယ်။ ဗိုလ်နေ၀င်းကို အသားလွတ် အမွှန်းတင်ပြီး တခြားနိုင်ငံရေးအင်အားစုမှန်သမျှကို တိုက်ခိုက်တာပါပဲ။ ဆိုလိုတာ ဒီပြောနည်းဆိုဟန်ဟာ စစ်အုပ်စုပထမ မျိုးဆက်ကနေ အခု ဗိုလ်သန်းရွှေတို့မျိုးဆက်အထိ ဆက်ခံစေခဲ့တဲ့ ၀ါဒဖြန့်နည်းဖြစ်တယ်ဆိုတာပါပဲ။ မသိနားမလည်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေကို ရန်တိုက်ပေးဖို့အတွက် တီထွင်ထားတဲ့ လှည့်ကွက်ဖြစ်ပါတယ်။ ဒါနဲ့တဆက်တည်း ထောက်ပြဖို့လိုတာက ဒီနေ့ နအဖခေါင်းဆောင်အားလုံးလိုလိုဟာ တချိန်က မဆလပါတီ ပါတီဝင်တွေ၊ တချို့ဆိုရင် ဗဟိုကော်မတီဝင်တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလတုန်းကတော့ ဗိုလ်နေ၀င်းရော၊ ဗိုလ်သန်းရွှေတို့ရော ဘယ်သူကမှ ပါတီနိုင်ငံရေးဟာ မကောင်းဘူးလို့ မပြောခဲ့ကြပါဘူး။ ပြောလိုက်ရင် အဲဒီတုန်းက တခုတည်းသောပါတီဖြစ်တဲ့ မဆလ ပါတီကို တိုက်ရိုက်ထိခိုက်တော့မှာ မဟုတ်ပါလား။ ဒါကြောင့် အခု နအဖထိပ်သီးတွေကို သူတို့ကော ပါတီနိုင်ငံရေး မလုပ်ခဲ့ဖူးဘူးလားလို့ မေးလိုက်သင့်ပါတယ်။ မှန်တာပြောရရင် လူတဦးချင်းပဲဖြစ်ဖြစ်၊ ပါတီအဖွဲ့အစည်းတခုပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်တယ်ဆိုရင် ကိုယ်စားပြုမှုရှိတာချည်း ဖြစ်ပါတယ်။ လူသားအားလုံး၊ တယောက်မကျန်ကို ကိုယ်စားပြုတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကို အနီးဆုံးဥပမာပြရရင် ဒီနေ့အခါမှာ ပြည်သူလူထု အများတကာ့အများစုကြီးကို ကိုယ်စားပြုတဲ့လူတယောက်ဟာ စစ်အုပ်စုကို ကိုယ်စားပြုလို့မရပါဘူး။ အလားတူပဲ စစ်အုပ်စုဝင်တွေဟာ ဘယ်နည်းနဲ့မှ ပြည်သူလူထုအများစုကြီးကို ကိုယ်စားမပြုနိုင်ပါဘူး။ ဒင်းတို့ဟာ တတိုင်းတပြည်လုံးက ပြည်သူတွေကိုမဆိုထားနဲ့ နာဂစ်မုန်တိုင်းဒဏ်ခံရသူတွေကိုတောင် ကိုယ်စားမပြုနိုင်ဘူးဆိုတာ လက်တွေ့မြင်ခဲ့ကြရပြီမဟုတ်ပါလား။ တကယ်က ဒီလိုနိုင်ငံရေးပါတီတွေကို အပုပ်ချပြီး စစ်တပ်ကို အမွှန်းတင်တဲ့လုပ်ထုံးဟာ ဗိုလ်နေ၀င်းတို့ ဆိုရှယ်လစ် စစ်အုပ်စုလက်ထက်က စခဲ့တာလို့ဆိုရင် မမှားပါဘူး။ သူတို့ဟာ သူတို့နဲ့အနီးဆုံး လုပ်ကိုင်နေတဲ့ ဖဆပလခေါင်းဆောင်တွေရဲ့ အားနည်းချက်၊ ချွတ်ယွင်းချက်တွေကိုတွေ့မြင်ပြီး အဲဒီလူတွေကို အထင်သေး၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာ ဖြစ်လာတာပါပဲ။ ဒီလိုကနေ သူတို့ခေါင်းထဲမှာ အာဏာသိမ်းဖို့ အတွေးအခေါ်၊ အကြံဉာဏ်တွေ ပေါ်လာတာဖြစ်ပါတယ်။ ဒီလိုအာဏာသိမ်းမှုကို တရားပြုပေးတဲ့ စဉ်းစားနည်းနဲ့ ရှင်းပြနည်းကို စစ်အုပ်စုအဆက်ဆက် လက်ဆင့်ကမ်းသယ်ခဲ့ကြတာ မြန်မာပြည်မှာ ရာစုနှစ်တ၀က်နီးပါးရှိခဲ့ပါပြီ။ ဒီနေ့ နအဖချုပ်ကိုင်ထားတဲ့ စစ်တပ်ဟာ ကိုလိုနီလက်ထက်ကတည်းက စတင်ခဲ့တဲ့ မြန်မာပြည်ရဲ့အမျိုးသားနိုင်ငံရေး အစဉ်အလာ၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့အစဉ်အလာကို အမျိုးသားနိုင်ငံရေး အစဉ်အလာကို ထိန်းသိမ်းထားသလားလို့ မေးကောင်းမေးလာနိုင်ပါတယ်။ အဖြေက ဒီတပ်ကို ချုပ်ကိုင်တဲ့လက်တွေ ပြောင်းသွားတာနဲ့အမျှ တပ်ရဲ့လက္ခဏာဟာလည်း ပြောင်းလဲသွားခဲ့ပါတယ်။ ဒီတပ်ကို ဗိုလ်နေ၀င်းနဲ့ ဆိုရှယ်လစ်စစ်ဗိုလ်တွေက ချုပ်ကိုင်ခဲ့တဲ့ အချိန်ကစလို့ ဒီတပ်ဟာ လူတစု၊ ပိုတိကျအောင်ပြောရရင် စစ်အုပ်စုတစုရဲ့ လက်ကိုင်တုတ်တပ်၊ ခါးပိုက်ဆောင်တပ်ဖြစ်သွားတယ်လို့ ပြောနိုင်ပါတယ်။ ဒီတပ်ကြီးဟာ ပြည်သူလူထုရဲ့ ချုပ်ကိုင်မှုအောက်မှာ လုံးဝမရှိတော့တဲ့ အပြင် စစ်အုပ်စုတွေက ဒီတပ်ကြီးကိုအသုံးပြုပြီး ပြည်သူလူထုကိုချုပ်ကိုင်ဖို့ လုပ်နေတာချည်း တွေ့ခဲ့ရတာ နှစ်ပေါင်း (၅၀) လောက် ရှိခဲ့ပါပြီ။ ဒါကြောင့်မို့ ဒီတပ်ကြီးဟာ စစ်အုပ်စုကိုကာကွယ်တဲ့ နိုင်ငံရေးကိုပဲ လုပ်နေတယ်လို့ အတိအကျ ပြောနိုင်ပါတယ်။ ဒါဖြင့် အမျိုးသားနိုင်ငံရေးဆိုတာ ဘာလဲ။ လူပြောသာများနေတယ်၊ အကောင်အထည်နဲ့ပြစရာ ရှိလို့လားလို့ မေးချင် မေးလာပါလိမ့်မယ်။ အမျိုးသားနိုင်ငံရေးဆိုတာ နိုင်ငံတနိုင်ငံရဲ့ သက်ဆိုင်ရာကာလတခုအတွင်း အဲဒီနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအများစုကြီးနဲ့ တိုက်ရိုက်ပတ်သက်ပြီး အရေးတကြီးဖြေရှင်းဖို့ လက်ငင်းလိုအပ်နေတဲ့ ဘုံအရေးတော်ပုံ၊ ဒါမှမဟုတ် ဘုံကိစ္စရပ်ကြီးတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဒီလိုအရေးတော်ပုံကြီးတွေကို ဖြေရှင်းရာမှာ ပြည်သူလူထုအများစုကြီးဘက်က ပါဝင်လုပ်ကိုင်တာဟာ အမျိုးသားနိုင်ငံရေးလုပ်တာပါပဲ။ သာမန် ဆွမ်းကြီးလောင်း အသင်းအတွက် လုပ်တာလောက်ကို အမျိုးသားနိုင်ငံရေးလို့ မခေါ်ပါဘူး။ တတိုင်းတပြည်လုံးနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ဖက်ဆစ်တော်လှန်ရေးလို ဘုံအရေးတော်ပုံကြီးတွေကိုမှ ခေါ်ဆိုနိုင်တာပါ။ နောက်တချက်က သက်ဆိုင်ရာ ကာလတခုအတွင်းလို့ အထက်မှာ ရေးခဲ့ပါတယ်။ ဆိုလိုတာ အမျိုးသားနိုင်ငံရေးဆိုတာ အချိန်ကာလအလိုက် ပြောင်းလဲ တတ်တယ်ဆိုတာပါပဲ။ မြန်မာပြည်ထဲမှာကိုပဲ ကိုလိုနီခေတ်က အမျိုးသားနိုင်ငံရေးဆိုတာနဲ့ ဒီနေ့အမျိုးသားနိုင်ငံရေးတို့ဟာ မတူတော့ပါဘူး။ ကိုလိုနီခေတ်တုန်းက အမျိုးသားနိုင်ငံရေးဟာ ကိုလိုနီဘ၀ကလွတ်မြောက်ရေး၊ တနိုင်ငံလုံးလွတ်လပ် ရေးပဲဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကို စစ်အစိုးရတွေက အုပ်ချုပ်လာတဲ့နောက်မှာတော့ မြန်မာပြည်အမျိုးသားနိုင်ငံရေးရဲ့ အဓိကလက္ခဏာဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးဖြစ်လာပါတယ်။ ဒီအမျိုးသားနိုင်ငံရေး ရေစီးကြောင်းကို ဆန့်ကျင်သလား၊ အတူချီတက်တိုက်ပွဲဝင်သလားဆိုတာဟာ ဒီနေ့ နိုင်ငံရေးသမားတွေ၊ ပါတီအဖွဲ့အစည်းတွေကို တိုင်းတဲ့စံဖြစ်ပါတယ်။ နအဖအပါအ၀င် စစ်အုပ်စုအဆက်ဆက်ဟာ ဒီရေစီးကြောင်းကြီးကို ဆန့်ကျင်ဖျက်ဆီးကြသူတွေဖြစ်တဲ့အတွက် အမျိုးသားနိုင်ငံရေးကို လုပ်နေသူတွေမဟုတ်ဘဲ ဖျက်ဆီးနေသူတွေ ဖြစ်တယ်လို့ အတိအကျ ပြောနိုင်ပါတယ်။ http://www.khitpyaing.org/articles/2010/April/5410.php ဖိနပ်ကြားက နတ်စကားထွက်တဲ့ နအဖပြောတဲ့ အမျိုးသားနိုင်ငံရေး ၅/ ဧပြီ ၂၀၁၀
တကယ်က အမျိုးသားနိုင်ငံရေးဆိုတာကို လူတဦးတယောက်၊ ဒါမှမဟုတ် ပါတီတခုက ငါ (တို့) သာလျှင် လုပ်ခွင့်ရှိတယ်ဆိုပြီး ကိုယ်ပိုင်ပစ္စည်းလို လုပ်လို့မရပါဘူး။ အလားတူပဲ အမျိုးသားနိုင်ငံရေးကို ငါတို့သာလုပ်ခွင့်ရှိတယ်၊ တခြား ဘယ်သူ၊ ဘယ်ပါတီမှ လုပ်ခွင့်မရှိဘူးလို့ လက်ဝါးကြီးအုပ်လို့လည်းမရပါဘူး၊ လူတိုင်း၊ ပါတီတိုင်းမှာ လုပ်ခွင့်ရှိပါတယ်။
ကျနော်… ကိုစံအေးနှင့် ရွေးကောက်ပွဲများ
ကျနော်… ကိုစံအေးနှင့် ရွေးကောက်ပွဲများ

ကိုစံအေး၏ မိခင်က … အိမ်တွင် အိမ်ဆိုင်လေး ဖွင့်ထား၏။ ငရုတ်၊ ကြက်သွန်၊ ဆန်၊ ဆီ၊ ဆေး၊ ဆားမှအစ … အဝတ်ကြမ်းထည်လေးများအထိ ရောင်းသည်။ လက်ငင်းလည်း ရောင်း၏။ အကြွေးလည်း ပေး၏။ အတိုးနှင့် ငွေလည်း ချေး၏။ အိုးခွက်၊ ပန်းကန်၊ ထမိန်၊အင်္ကျီက အစ …၊ စက်ဘီး၊ နာရီ အလယ်…၊ ရွှေတိုရွှေစ အဆုံး…၊ အပေါင်ခံ၏။ အတိုးကမူ… ပက်ပက်စက်စက်၊ နင့်နင့်ပိုးပိုး ယူသည်ဟု ဆိုကြ၏။ အမိန့်မရသော်လည်း…. စက်ရုံဝန်ထမ်း အလုပ်သမားများ အကြားတွင်မူ … တရားဝင်နေ၏။ လကုန်၍ လစာထုတ်ရက်တွင်မူ … ကိုစံအေး၏ မိခင်သည် အကြွေးရှင်များ၊ ပေါင်နှံထားကြသည့် သူများထံသို့ ထမိန်စွန်တောင်ဆွဲ၍ လိုက်ရန်မလို…။ ခင်ပွန်းဖြစ်သူအား အကြွေးရှင်များ၏ စာရင်းနှင့် အတိုးသတ်ရမည့် သူတို့၏ စာရင်းအား ပေးလိုက်ရုံပင်…။ ခင်ပွန်းဖြစ်သူက … လစာထုတ်ပေးရင်းနှင့် ဇနီးသည် ပေးလိုက်သည့် စာရင်းအား ကြည့်၍၊ လစာမှ ဖြတ်ယူထားလိုက်၏။ ဤအတွက် … ကိုစံအေး၏ မိခင်သည် အကြွေးရှုံးသည်ဟူ၍ တကြိမ်၊ တခါမျှ မရှိခဲ့…။ ထားတော့…။ ထိုကိုစံအေးသည် ကျနော်တို့ မြို့လေး၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီတွင် လမ်းစဉ်လူငယ် ခေါင်းဆောင်တဦး ဖြစ်သည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ နောက်ဆုံးအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးကောက်တင်မြှောက်ပွဲတွင် …ကိုစံအေးသည် ကျနော်တို့ရပ်ကွက်၏ မဲရုံအဖွဲ့ဝင်တဦး ဖြစ်၏။ ကော်လာကတုံး၊ ရှပ်အင်္ကျီအဖြူ၊ မွန်လုံချည်အနီကွက်စိတ်နှင့် ကိုစံအေးသည် ရွေးကောက်ပွဲ ကျင်းပသည့်နေ့က မောင်ဗမာ စက်ဘီးတစီးနှင့် အလုပ်များ၍ နေသည်။ နံနက်စောစောတွင် ရပ်ကွက်အတွင်းရှိသူများအား မဲရုံသို့သွား၍ မဲပေးကြရန် လှုံ့ဆော်၏။ တိုက်တွန်း၏။ သတိပေး၏။
နေ့လည်ပိုင်းတွင်မူ… မဲပေးရန် ကျန်နေသေးသည့် သူများအား အိမ်ပေါက်စေ့လိုက်၍ ခေါ်၏။ စက်ဘီးနှင့် တင်ကာ… မဲရုံသို့ ပို့ပေး၏။ ညနေခင်းတွင်က … မဲပေးရန် ကျန်နေသေးသည့် သူများအား လိုက်ရှာ၏။ အချို့က… မဲမပေးလို၍ ရှောင်နေကြခြင်း ဖြစ်၏။ အချို့က… ပူစရာမလိုသည့် နေ့မျိုးဖြစ်၍ ကြိတ်ဝိုင်းဖွဲ့နေကြသဖြင့် မဲပေးရန် သတိမရကြ။ အချို့က… မဲရုံပိတ်မည့် အချိန်မှ ကပ်၍ မဲပေးမည်ဟူ၍ မဲရုံသို့ မသွားသေးဘဲ နေကြ၏။ ကိုစံအေးသည် ကြိမ်ဝိုင်းမှ ဖဲသမားများအား ရှာ၍ စက်ဘီးနှင့် မဲရုံသို့ ကြိုပို့၍ ပေးနေ၏။
မကြာ…။ ကျနော်တို့ထိုင်နေသည့် လက်ဖက်ရည်ဆိုင်သို့ ရောက်လာပြီး မင်းတို့လည်း မဲပေးရမည်ဟု ဆိုပြန်သည်။ ထိုစဉ်က… ကျနော့်အသက်သည် ၁၈ နှစ် မပြည့်သေး…။ ၁၇ နှစ် စွန်းရုံမျှသာ ရှိသေး၏။ ကျနော့်သူငယ်ချင်းများသည်လည်း ကျနော်နှင့် အသက်ချင်းက မတိမ်းမယိမ်းများပင်…။ လကြီး၊ လငယ်မျှသာ ကွာကြ၍ သူတို့သည်လည်း ၁၈ နှစ် ပြည့်ကြမည် မဟုတ်ကြ။ ကျနော်တို့က အသက်မပြည့်၍ မဲမပေးရန် ငြင်း၏။ ကိုစံအေးမှလည်း အသက်မပြည့်လည်း ရသည်ဟု ဆို၏။ ကျနော်တို့က … သူခေါ်ရာသို့ မလိုက်၊ ပေ၍ ထိုင်နေကြသည်။ အဆုံးတွင်မူ… ကိုစံအေးနှင့် ကျနော်တို့အကြား သဘောတူညီမှု ရသွားကြသည်။ ကျနော်တို့ သောက်ထားသည့် လက်ဖက်ရည်ဖိုးများကို…၊ ကိုစံအေးက ရှင်းပေးမည်။ ကျနော်တို့က … သူနှင့်အတူ မဲရုံသို့ သွားပြီး မဲပေးကြရန်ဟူ၍ ဖြစ်သည်။
ပထမအဆင့် သဘောတူညီချက်ကမူ ရပြီ။ ပြဿနာက …. ရွေးချယ်ခံကြမည့် ကိုယ်စားလှယ်လောင်းများအား … ကျနော်တို့ မသိကြ။ ဖြူလား… မဲလား။ ပိန်လား… ဝလား။ ပုပုလား… ရှည်ရှည်လား… ဟူ၍ ရုပ်သဏ္ဍာန်မျှကိုပင် မသိ…။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့် သူ၏ အမည်က စောမိုဇက်ဖြစ်၍ ကရင်လူမျိုးတဦးဟူ၍မူ သိ၏။ ပြည်နယ်ကောင်စီအတွက်က… နိုင်အောင်ထွန်း။ ဤအတွက် … မွန်လူမျိုးဟု နားလည်ရ၏။ မြို့နယ်ကောင်စီနေရာတွင်မူ ဗိုလ်ကြီးထွန်းလင်းဖြစ်၍ စစ်တပ်က ဖြစ်မည်ဟူ၍မူ သိမိကြ၏။ ခက်သည်က … သူတို့သည် မည်သို့သော သူမျိုးဟူ၍ မသိသဖြင့် ထောက်ခံရမည်လား… ကန့်ကွက်ကြရမည်လား ဟူ၍ ကျနော်တို့ မဆုံးဖြတ်တတ်။
ဤတွင် … ကျနော်တို့ထဲမှ တယောက်က ကိုစံအေးအား… “ကျနော်တို့က … သူတို့ကို တယောက်မှလည်း မသိဘူး။ အဲဒါ ဘယ်လိုလုပ် ကျနော်တို့က မဲပေးရမလဲ…။ ကျနော်တို့ မဲမပေးတတ်ဘူး” ဟု ဆို၏။ ကိုစံအေးက ကျနော်တို့၏ အခက်အခဲအား အကြံပေးရှာသည်။
“ဒီမှာ… ခုနက … ဖဲသမားတွေကို ငါအကြံပေးသလိုပဲ မင်းတို့ကိုလည်း ပေးမယ်။ ဘာမှ မခက်ဘူး။ မဲရုံရောက်ရင်… နီးရာပုံးထဲကိုသာ ထည့်လိုက်၊ မြန်မြန်ပြီးရော…”
ခက်ပြီ။ ပထမသဘောတူညီမှုအရ… လက်ဖက်ရည်ဖိုးကိုလည်း ကိုစံအေးက ရှင်းပေးပြီးလေပြီ။ မတတ်နိုင်…။ ကျနော်တို့ ကိုစံအေးနှင့်အတူ မဲရုံသို့သွားပြီး နီးရာပုံတွင် မဲပေးရန်သာ ရှိတော့၏။ နီးရာပုံးဟူသည်ကား… မဲရုံ၏ အဝနားတွင် ထားသည့် ထောက်ခံသည့်ပုံး ဖြစ်သည်။ မဲပုံးက အဖြူရောင်…။
ကျနော်တို့ မဲပေးခဲ့ကြ၏။ ကျနော်တို့ထဲမှ တယောက်က…. ကိုစံအေးပြောသည့် နီးရာပုံးတွင်ပင် ထည့်၍မဲပေး၏။ တယောက်က… အတွင်းပိုင်းထိ ဝင်သွားပြီး ဝေးရာပုံးတွင် ထည့်၍ မဲပေးခဲ့၏။ တယောက်ကမူ …မဲပြားအား နီးရာပုံးတွင်လည်း မထည့်၊ ဝေးရာပုံးတွင်လည်း မထည့်ဘဲ ခါးပေါင်းစတွင် ထည့်ပြီး ပြန်ယူလာခဲ့၏။
ထိုနေ့က … ကိုစံအေး၏ မျက်နှာသည် မနေ့က ကိုစံအေး၏ မျက်နှာနှင့်လည်းမတူ …။ ပြီးလျှင် နောက်နေ့များတွင်လည်း ထိုမျက်နှာမျိုးကိုလည်း တွေ့ရလိမ့်မည်မဟုတ်…။
ကျနော်တို့က … အရေးတော်ပုံအတွင်း သပိတ်တပ်သားလေးများ ဖြစ်နေကြ၏။ လက်သီးလက်မောင်းတန်း၍ ကြွေးကြော်သံများအား အသံအက်အောင် အော်ကြ၏။ ခြေတိုသည်အထိ မြို့ငယ်လေး၏ လမ်းများအနှံ့ စီတန်း၍ ဆန္ဒပြကြသည်။ သပိတ်စခန်းတွင် အိပ်၏။ သပိတ်စခန်းမှ ကျွေးသော ထမင်းထုပ်အား စား၏။ တခါတရံမှပင် အိမ်သို့ ပြန်ရောက်ဖြစ်၏။ အိမ်အပြန်လမ်း၌ ကိုစံအေးနှင့် တွေ့လျှင် … ကိုစံအေးသည် ကျနော်တို့အား ပြုံး၍ နှုတ်ဆက်တတ်၏။ သူ့အပြုံးက ဖက်လှဲတကင်းလည်း မဟုတ်…။ မဲ့ပြုံး… မချိပြုံးလည်း မဟုတ်…။ သဘင်ဆန်သည့် အပြုံး၊ လျှို့ဝှက်သော အပြုံးဟု ခံစားရသည်။
စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးသည့်နောက် …နိုင်ငံရေးပါတီများ ဖွဲ့စည်းထူထောင်ကြသည်။ ကျနော်တို့ မြို့လေးတွင်ကား… တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ ရှိ၏။ ကျနော်တို့ မြို့လေး၏ သပိတ်တပ်သား လူငယ်အများစုက …တောခိုသွားကြပြီး၊ သံလွင်မြစ်ရိုး၌ ကျောင်းသားတပ်မတော် တပ်ရင်း ၂ဝ၈ နှင့် ၂ဝ၉ အား ထူထောင်နေကြ၏။ အာဏာသိမ်းအပြီး တောခိုကြရာတွင် လူဦးရေအများဆုံး မြို့နယ်ဟု ကျနော်တို့ မြို့လေးကို စစ်အုပ်စု၏ ‘ဂေးဇက်' တွင် မှတ်တမ်းပြုထားသည်ဟု ဆို၏။ မြို့လေးအား အရှေ့မှ ရစ်ခွေထားသည့် ချောင်းရိုးကို ကူးဖြတ်လိုက်လျှင်က… ကရင့်လွတ်မြောက်ရေး တပ်မတော်၏ အခြေခံဒေသသို့ ရောက်ပြီ။
လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တော်လှန်လိုလျှင် … ချီတက်ရမည့် ခရီးတာက တို၏။ နီး၏။ ဤတကြောင်းကြောင့်လည်း ဖြစ်မည်။ သပိတ်စခန်းအား ဖျက်သိမ်းခံရပြီးသည်နှင့် သပိတ်တပ်သားအများစုက… သံလွင်ကမ်းပါးသို့ ပြောင်းရွှေ့သွားကြခြင်း ဖြစ်မည်။ ထားတော့…။ မြို့လေးတွင် ကျန်ခဲ့သည့် လူငယ်အချို့က… အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင်ပင် ဝင်လိုက်ကြ၏။ လူငယ်ပါတီတခုခုပင် မထူထောင်တော့…။
ကျနော်တို့လည်း မြို့လေး၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင်ပင် ဝင်ရောက်ခဲ့ကြ၏။ ကိုစံအေးကမူ သူနှင့် နီးစပ်သည့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီသို့လည်း မဝင်…၊ စက်ရုံတွင်ပင် ဝန်ထမ်းတဦးအဖြစ်နှင့် နေ၏။
ကျနော်တို့က… မြို့နယ်အတွင်း အဖွဲ့ချုပ်၏ စည်းရုံးရေးလုပ်ငန်းများနှင့် လှုပ်လှုပ်ရှားရှား… ပြေးပြေးလွှားလွှား။ မြို့ငယ်လေးအတွင်း ရပ်/ကျေးအဆင့် အဖွဲ့ချုပ်အဖွဲ့အစည်းများ ဖွဲ့စည်းထူထောင်ရေး၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စရပ်များဖြင့် … တရွာဝင် တရွာထွက် ရွာစဉ်ဆက်၍ ခရီးဆက်ကြ၏။ ပင်နီတကားကား… ဖုန်အလူးလူးနှင့်…။
ထိုကာလများအတွင်း… ကိုစံအေးနှင့်က …ဖြတ်ကနဲ…ဖြတ်ကနဲမျှသာဆုံမိကြ၏။ ဆုံသည့်အခါတိုင်း ကိုစံအေးသည် သူ၏ သဘင်ဆန်သော အပြုံးအား ပြုံး၏။
ကျနော်တို့လမ်း၏ မဲစာရင်းတွင် …ကိုစံအေး၏ အမည်အား မတွေ့ရ…။ ကျန်နေသည်။ ကျနော်တို့ ကိုစံအေးအား သူ၏ အမည် မဲပေးပေးပိုင်ခွင့်ရှိသူ အမည်စာရင်းတွင် မပါရှိသည့်အကြောင်းအား အကြောင်းကြားမပေးခဲ့။ ငြိမ်နေလိုက်၏။ အဆုံးတွင်မူ… ၁၉၉ဝ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကိုစံအေး မဲမပေးလိုက်ရ။ မတတ်နိုင်…။
အနှစ် ၂ဝ အတွင်း ကိုစံအေး ဘာတွေလုပ်နေခဲ့မည်နည်း…။ တွေးကြည့်မိ၏။ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီတွင် ဝင်ရောက်၍ ရွေးကောက်ပွဲအား ဝင်ရောက်ရန် လုံ့လပြုနေမည်လား…။ ကြံ့ခိုင်ရေးအသင်းအတွင်း ထောင်ထောင်လွှားလွှားနှင့် ခြေရှုပ်နေမည်လား…။
စက်ရုံဝန်ထမ်းအဖြစ်နှင့်ပင် မိဘများ၏ လက်ငုတ်လက်ရင်း အလုပ်ကိုပင် ဆက်၍ လုပ်ကိုင်နေမည်လား…။ လား… ပေါင်းများစွာနှင့် ကိုစံအေး၏ ရုပ်သွင်းအား ပုံဖော်ကြည့်မိ၏။
မသေချာ…။ ဝေဝေဝါးဝါးပင်။
သို့သော်….။
သေချာသည်က …ကိုစံအေးတယောက်၊ စစ်အုပ်စုမှ ကျင်းပမည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင်မူ …. မဲပေးခွင့် ရမည်ပင်…။
http://www.mizzimaburmese.com/edop/songpa/5172-2010-04-05-10-56-55.html
အပြုအမူ ပြောင်းလဲသွားသူ ၂ ဦး
တချို့ကိုတော့ သူတို့ အလုပ် အကိုင်ကို အစွဲပြုပြီးတော့ အမည်ပေး ကင်ပွန်း တပ်ပါတယ်။ ဥပမာ တပ်ထဲက လာတဲ့ အရာခံ တယောက်ကို နာမည်တပ် မခေါ်ဘဲ ရဲဘော်ကြီး ဆိုပြီး ခေါ်သလို ကျောက်ပန်းတောင်း ဘက်က ရဲဝန်ထမ်းကို ရဲပြုတ်၊ ရဲပြုတ်နဲ့ ခေါ် နေကြလို့ ဒီလို မခေါ်ဘဲ ရဲဟောင်းလို့ ခေါ်ပါဆိုပြီး ကျမက သင်ပေးရပါတယ်။
ဒါပေမယ့်သူက “ရဲက ပြုတ်တာလည်း မဟုတ်ဘူး၊ အဟောင်းလည်း မဟုတ်ဘူး ရဲဘ၀ကို မလိုချင်လို့ ကျော်လာတာ၊ ကျနော့်ကို ရဲကျော်လို့ ခေါ်ပါ” ဆိုပြီး ပြောပါတယ်။ ဒါနဲ့ပဲ သူ့နာမည်က ရဲကျော် ဖြစ်သွားပါတယ်။
ရဲကျော် ဆိုတဲ့ ဒီကလေး ရန်ကုန် လာပြီးတော့ ဆေးဝါးကုသတုန်းက ကျောက်ပန်းတောင်းမြို့က အဖွဲ့ဝင်များက ကျမကို အထူး သတိပေးပါတယ်၊ ဒီကလေးဟာ လူမိုက်ဖြစ်ပြီးတော့ အတော်လေး ဆိုးသွမ်းတယ်၊ လူရိုက်တယ်၊ မြို့လယ်ခေါင်မှာတောင် ငှက်ကြီးတောင်ဓား လွယ်ပြီးတော့ မိုက်တိမိုက်ကန်း လုပ်လို့ အချုပ် ခဏခဏ ကျတယ်၊ ရဲသား ဘ၀မှာလည်း သူနဲ့ ဆက်စပ်ရာ ပတ်ဝန်းကျင်ကို အတော်လေး ဒုက္ခပေးတယ် ဆိုတဲ့ အကြောင်း ပြောပြကြပါတယ်။
ကျမဆီ စတင် ရောက်လာစဉ်ကတော့ တီဘီဆေး ပထမအဆင့် ယဉ်ပါးနေပြီးတော့ ပက်လက်လှန်ပြီး ရောက်လာတာပါ။ မိတ်ဆွေများ သတိပေးသလိုပဲ အင်မတန် ရိုင်းစိုင်းပါတယ်။ လူကသာ ပက်လက်လှန်နေတာပါ၊ ဘ၀တူတွေကို မစာနာပါဘူး။ ဆဲဆိုလိုက်၊ ကြိမ်းမောင်းလိုက် လုပ်နေတာပါ။ သူလည်း တီဘီဆေး မတည့်တဲ့ စာရင်းမှာ ပါပါတယ်။ ဒါ့ကြောင့် ဒေါသ ပိုကြီးနေသလား ဒါမှမဟုတ် မူလ ကတည်းကပဲ ရိုင်းစိုင်းသလား ဆိုတာတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
ဒဂုံမြို့သစ် တောင်ပိုင်းမှာ ကျမ မိသားစုက လူနာတွေ အတွက် ပေးထားတဲ့ အိမ်တလုံးမှာ ရဲကျော်က နေပါတယ်။ ခုချိန်ထိ လူနာတွေ အများအပြား အဲဒီမှာ ခိုလှုံနေကြပါတယ်။ တောင်ဒဂုံ ၁၈ ရပ်ကွက်မှာ ရှိတဲ့အိမ် ဖြစ်လို့ လူနာတွေ ကြားထဲမှာတော့ ၁၈ အိမ်ရယ်လို့ လူသိများပါတယ်။
အဲ့ဒီအိမ်က လူနာတွေဟာ ကျမကို လာလာတိုင်ပါတယ်၊ ရဲကျော်က ဘယ်လို ဆဲကြောင်း၊ ဘယ်လို မိုက်ရိုင်းကြောင်း အစရှိသဖြင့် ပြောပါတယ်။ ကျမလည်း သူ့ကို အိမ်ခေါ်ပြီး အေးအေးသက်သာ ဆုံးမပါတယ်။ ထုံးစံအတိုင်း ကျမရှေ့မှာ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ပါပဲ။ ကွယ်ရာမှာတော့ ဆိုးမြဲ ဆိုးပါတယ်။ ကျမကို ကူညီနေတဲ့ လူငယ်တွေကဆို “ဒီကောင် သေချင် သေပါစေ၊ ပြန်လွှတ်ပစ်လိုက်” ဆိုပြီး ပြောတာတောင် ရှိပါတယ်။ ဒါပေမယ့် ကျမ စိတ်ရှည်ခဲ့ပါတယ်။
နောက်ဆုံးတော့ ကျမ သူ့ကို နာမည်ကျော် မဂ္ဂင်ကျောင်းမှာ ကိုရင်ကြီး ၀တ်ဖို့ စီစဉ်ပေးလိုက်ပါတယ်။ လူ့စိတ်က ဆန်းကျယ်တယ် ဆိုတာ ကျမ လက်တွေ့ သိလိုက်ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုရင်ကြီး ၀တ်ပေးပြီးတော့ သူဟာ တကယ့်ကို သိမ်မွေ့သွားလို့ပါ။ တခုခု လိမ်ချင်လို့များ လိမ်မာချင် ယောင်ဆောင်နေတာလား လို့တောင် သူ့မိသားစုက ထင်ကြပါတယ်။ ဒါပေမယ့် ၂နှစ် အတွင်း သူ ကွမ်းယာ ပြန်စားတာက လွဲပြီး ကျန်တာတွေ မလုပ်တော့ပါဘူး။ တရား သဘောတွေ၊ ဘာတွေကို နားလည်လို့တော့ မဟုတ်ပါဘူး တဲ့၊ လူတယောက် ကျင့်ဝတ် ဆိုတာကို သူ နားလည်သွားလို့ပါ တဲ့။
ကျမလည်း ခုထက်ထိ ဒီကလေး အကြောင်း ကြားလိုက်ရင် ကောင်းကြောင်းချည်းပဲ ကြားပါတော့တယ်။ ရဲကျော်က ဘယ်လူနာကို ဘယ်လို ကူညီတာ၊ ဘယ်လို ပြုစု စောင့်ရှောက်ပေးတာ ဆိုတာချည်းပဲ ကြားရတော့ သူ တကယ် ပြောင်းလဲသွားပြီ ဆိုပြီးတော့ ခုချိန်ထိ ၀မ်းသာတုန်းပါပဲ။
နောက်တယောက်က သာပေါင်းမြို့က လာလို့ သာပေါင်းလို့ အလွယ် ခေါ်ကြပါတယ်။ ဒီကလေးကျတော့ လိုချင်လောဘ များတယ် ပြောရမလား၊ ဘယ်လိုပြောရမယ် မသိပါဘူး၊ အတော် များများကတော့ ဒီကလေးရဲ့ အပြုအမူကို မကြိုက်ကြပါဘူး။ ဥပမာ သူက ဘယ်သူ ဟင်းကောင်းချက်သလဲ ကြည့်ပြီးတော့ အဲ့ဒီ ဟင်းကောင်းချက်တဲ့လူ စားမယ့်အချိန်ကို စောင့်တတ်တယ်၊ အဲ့ဒီလူတွေ စားတော့ သူပါ ထမင်းခူးပြီး ရောစား အစရှိသဖြင့် လုပ်တတ်ပါတယ်။
နောက်ထပ်တခုက ကျမ အဲ့ဒီကို သွားရင် အမြဲပဲ သူ့ကို အိပ်နေတာပဲ မြင်တယ်။ ကျမကတော့ သူ မသက်သာလို့ ထင်ပြီး မုန့်ဖိုး ပေးရင်လည်း သူ့ကိုပဲ များများပေးတာပေါ့။ နောက်ပိုင်းမှာတော့ တခြား လူတွေနဲ့ အဲ့ဒီမှာ နေနေတဲ့ ကျမတို့ အဖွဲ့ဝင် ကိုရာဇာ ကိုယ်တိုင် ပြောပြတယ်၊ ဒီကလေးက ကျမ မလာဘူး ဆိုရင်တော့ ပုံမှန် သွားလာနေတာပါပဲ တဲ့။ ကျမ ရောက်လာပြီး ဟိုလူ့ နှုတ်ဆက်၊ ဒီလူ့ နှုတ်ဆက် လုပ်နေပြီဆိုရင် သူက ကြုံတဲ့နေရာ အိပ်ချလိုက်တာပါပဲ တဲ့။ ကျမလည်း နောက်တော့ သတိ ထားမိသွားပါတယ်။
သူ့ကို ဘယ်လို ဆုံးမရမလဲ ဆိုတာ စဉ်းစားနေတုန်း နောက်ရက်တွေမှာ သူ အတော်လေး ပြောင်းလဲသွားပါတယ်၊ မရှိ ရှိတာနဲ့ စားတယ်၊ နောက် သူတပါးကိုလည်း တော်တော်လေး ကူညီလာတာ တွေ့တော့ ကျမ အံ့သြသွားပါတယ်။ ရက်ပိုင်းအတွင်း ပြောင်းလဲသွားတာ ဆိုတော့ ကျမလည်း သိပ်တောင် မယုံချင်ဘူး။ သူ့ကိုလည်း မေးမကြည့်မိဘူး။
လူတိုင်းကလည်း “သာပေါင်း၊ သာပေါင်း” ဖြစ်လာပါတယ်။ အယင်ကလည်း ဖြစ်တာပါပဲ၊ ဒါပေမယ့် ဆဲဆိုပြီးတော့ ဖြစ်တာပါ။ ခုဖြစ်တာကျတော့ ချစ်လို့ တမ်းတတာပါ။ ဒီကလေး ပြန်မယ် ဆိုရင် လမ်းစရိတ် စုပေးတာမျိုးက အစ လုပ်ပြီးတော့ တော်တော်လေးကို ချစ်ခင်သွားတာ တွေ့ရတော့ ဘယ်လိုများ စည်းရုံးထားသလဲတောင် စဉ်းစားမိပါတယ်။ တခြားလူတွေကလည်း သာပေါင်း ပြောင်းလဲသွားတာတော့ သိတယ်၊ ဘယ်လို ပြောင်းလဲသွားသလဲ ဆိုတာ ကျမကို မပြောပြတတ်ကြပါဘူး။
နောက်ဆုံးတော့ ကျမ မနေနိုင်ဘူး၊ မေးကြည့်လိုက်တော့မှ သူက “ကျနော်က အရင် အဲ့ဒီလို လုပ်နေတာ လိုချင် လောဘလည်း ပါပါတယ်၊ ရောဂါ သည်းနေတာလည်း ပါတယ်။ ဒါပေမယ့် ကျနော့်ကို ကိုရာဇာက တရက် ခေါ်ပြောပါတယ်၊ ဟေ့ယောင် - ငါအမုန်းဆုံးက လူတွေရဲ့ ကရုဏာတရားကို လိမ်လည်တာကိုပဲ။ မင်းက အဲ့ဒီလို လုပ်နေတာ ကြာပြီ။ ဒီတော့ ပြင်ရင် ပြင်၊ မပြင်ရင်တော့ မင်းကို ငါ စကား မပြောတော့ဘူး၊ မင်းဖာသာ နေချင်သလို နေလို့ ပြောတော့ ကျနော်လည်း စဉ်းစားရင်း ရှက်လာတယ်။ နောက် - မျက်ရည်လည်း ကျမိတယ်” တဲ့။
အရင်တုန်းက ကိုရာဇာက သူ့ကို ဘာတခုမှ မပြောတာဟာ အကြောင်း မသိလို့ မဟုတ်ဘဲ သူ ဘယ်အချိန် ပြုပြင် ပြောင်းလဲသွားမလဲ ဆိုပြီး စောင့်ကြည့်နေတာကို သိလိုက်ရလို့ လိပ်ပြာမလုံ ဖြစ်သွားတယ်လို့ ဆိုပါတယ်။
“အဲ့ဒီ အချိန်က စပြီးတော့ ကျနော့်ကိုယ် ကျနော် မေးခွန်းထုတ်တယ်၊ လူဆိုတာ ဘာလဲပေါ့။ ငါလည်း သေမယ်၊ သူလည်း သေမယ်၊ နေရတုန်း လူတွေ မုန်းတာ ခံမလား၊ ဒါမှမဟုတ် တခြား လူတွေကို ကူညီပြီးတော့ အသက် ရှင်မလား ဆိုပြီး စဉ်းစားတယ်။ ပြီးတော့ လူပီသအောင် နေလိုက်တာပါ” တဲ့။ သူရှင်းပြတာကို ကြားလိုက်ရတဲ့ ကျမ အံ့သြပြီးတော့ သူ့ကို လေးစားသွားပါတယ်။
လူနာတွေက ကျမကို ချစ်ကြပြီးတော့ ပြတ်ပြတ်သားသား ပြောတတ်ကြတဲ့ ကျမတို့ အဖွဲ့ထဲက ကိုရာဇာ၊ ကိုသန်းထိုက်အောင်တို့ကို ကြောက်ကြပါတယ်။
အပြုအမူ လုံးဝ ပြောင်းလဲသွားတဲ့ သာပေါင်းက ပြောပါသေးတယ် “ကျနော်က ကိုရာဇာ့ကို အစ်ကို တယောက်လိုလည်း ချစ်တယ်၊ လေးလည်း လေးစားပါတယ်” တဲ့။
ကျမတို့ အဖွဲ့ရဲ့ အောင်မြင်မှုလေးတခု ဖြစ်တဲ့ ဒီဖြစ်ရပ်ကလေးကို ကြည်နူးစဖွယ် အမြဲတမ်း သတိရမိနေမှာပါ။ တကယ် ပြောင်းလဲသွားတဲ့ ဒီကလေး နှစ်ယောက်လည်း ကျန်းမာစွာနဲ့ လူ့သက်တမ်းစေ့စေ့ နေထိုင်နိုင်ပါစေ၊ တခြားသူများကို ကူညီပေးနေသူတွေ ဖြစ်ကြပါစေလို့ ကျမ ဆုတောင်းလိုက်ပါတယ်။
http://www.irrawaddy.org/bur/index.php/articles/2-articles/2939-2010-04-05-07-01-12
