Wednesday, September 8, 2010

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်


ဦးအောင်ခင် / ၀၈ စက်တင်ဘာ ၂၀၁၀


ကမ္ဘာ့ကုလသမဂ္ဂရဲ့ (၆၅) ကြိမ်မြောက် အထွေထွေညီလာခံကို စက်တင်ဘာလ (၁၄) ရက်နေ့ ညနေ (၃) နာရီမှာ စတင်ကျင်းပမယ်။ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ ညီလာခံကြီးကိုတော့ အစီအစဉ်တွေက အများကြီးပေါ့။ အစီအစဉ်ပေါင်း (၁၆၅) ခုကို ဖော်ပြထားတာမို့ (၁၉၈) မျက်နှာရှိတယ်။ အစီအစဉ်အမှတ် (၆၉) က လူ့အခွင့်အရေး မြှင့်တင်ရေးဖြစ်ပြီး စာမျက်နှာ (၁၂၂) မှာ မြန်မာ့အခြေအနေကို ဖော်ပြတယ်။ လွန်ခဲ့တဲ့ (၄) နှစ်လောက်ကစပြီး ဂျနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာကို အထွေထွေညီလာခံ တတိယကော်မတီ စုံညီစည်းဝေးမှာ ဆွေးနွေးပြီး အရေးယူဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုဆုံးဖြတ်ချက် ချလာတာ ဒီနှစ်ပါနဲ့ဆိုရင် အနှစ် (၂၀) အကြိမ် (၂၀) ရှိသွားပြီလေ။ လူ့အခွင့်အရေးမှန်သမျှကို အကြိမ်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ချိုးဖျက်နေတဲ့ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂမှာ အရေးယူနိုင်စွမ်းမရှိကြောင်း ပြနေတာဖြစ်တယ်။

အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း နေပြည်တော်ကို (၂) ကြိမ်သွားတာတောင် အကျိုးသက်ရောက်မှုဆိုလို့ ပြစရာတခုမှ မရှိဘူး။ အထွေထွေအတွင်းရေးမှူးချုပ်နေရာကို ဘန်ကီမွန်းရရင် တိုင်းပြည်ဂုဏ်ရှိတဲ့အတွက် တောင်ကိုရီးယားအစိုးရက ဒေါ်လာသန်းပေါင်း ရာချီပြီး ကုလသမဂ္ဂ ရန်ပုံငွေ ထည့်ခဲ့တယ်ဆိုတာ မှန်နေပြီ။ ရာထူးလိုချင်ဇောနဲ့ သူ့အတ္ထုပ္ပတ္တိမှာ အင်္ဂလိပ်နဲ့ ပြင်သစ်စကား ကျွမ်းတယ်လို့ ရေးထားလို့ သတင်းထောက်အချို့က ပြင်သစ်လိုမေးတော့ အထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတယ်တဲ့။ အဲဒီတော့ ပြင်သစ်ဘာသာစကားကို အဆက်မပြတ် လေ့လာနေပါတယ်လို့ ဘန်ကီမွန်းက ပြောတယ်တဲ့။ မြန်မာ့အရေးမှာလည်း ဒါမျိုးဖြစ်နေသလား မသိဘူး။ ဘန်ကီမွန်းရောက်ပြီး တနှစ်အတွင်း ကုလသမဂ္ဂမှာ တောင်ကိုရီးယား အမှုထမ်းဦးရေ (၂၀) ရာခိုင်နှုန်း တိုးလာတယ်ဆိုပဲ။ တောင်ကိုရီးယား အကျိုးစီးပွားကို ထိခိုက်မှာ အလွန်စိုးရိမ်သူ ဖြစ်တယ်လို့လည်း ပြောကြတယ်။

မြန်မာနဲ့သီရိလင်္ကာက လူ့အခွင့်အရေးချိုးဖောက်မှုကို အရေးမယူနိုင်တဲ့ ဘန်ကီမွန်းကို လူကြောက်ကြီးဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ နော်ဝေးအမျိုးသမီးသံတမန် Mona Juul ရဲ့ မှတ်တမ်းမှာ ရေးထားတာလည်း ရှိတယ်။ ဘန်ကီမွန်းကို ကုလသမဂ္ဂ၀န်ထမ်းတွေကတောင် အယုံအကြည်မရှိတော့ဘူးလို့ ဆိုတယ်။ Mona Juul ရဲ့ အကဲဖြတ်ချက်ကို ကုလသမဂ္ဂသံတမန်၊ အမှုထမ်းနဲ့ လူ့အခွင့်အရေးအဖွဲ့က ပုဂ္ဂိုလ်တွေကလည်း သဘောတူတယ်လို့ လွန်ခဲ့တဲ့ ဇူလိုင်လ (၂၂) ရက်နေ့ထုတ် ForeignPolicy.com မဂ္ဂဇင်းမှာ ပင်တိုင်ဆောင်းပါးရှင် James Traub က ဝေဖန်ထားတယ်။ ကုလသမဂ္ဂ၀န်ထမ်း Sweden အမျိုးသမီးသံတမန် Inga-Britt Ahlenius ကလည်း ဘန်ကီမွန်းလိုလူမျိုးကြောင့် ကုလသမဂ္ဂသိက္ခာကျဖို့သာ ရှိတယ်လို့ ဆိုတယ်။ ကုလသမဂ္ဂကို အနှစ် (၂၀) ကျော် ကဏ္ဍကောစလုပ်လာတဲ့ တောသားလူမိုက် နအဖအုပ်စုကို အရေးမယူနိုင်တာဟာလည်း ဘန်ကီမွန်းရဲ့ ညံ့ဖျင်းမှုလို့ ပြောရပါလိမ့်မယ်။ ၂၀၁၁ ဒီဇင်ဘာမှာ ဘန်ကီမွန်းရဲ့ ပထမ (၅) နှစ်သက်တမ်း ကုန်ဆုံးမယ်။ သူက နောက်ထပ် (၅) နှစ်လုပ်ချင်သေးတယ်။ ပြင်သစ်စကားဆက်ပြီး လေ့လာချင်လို့လား မသိဘူး။

ဒီနေရာမှာ အမေရိကန်ဟာ အရေးပါနေတယ်။ အမေရိကန်အစိုးရ သဘောကျအောင် လုပ်ပေးနိုင်ရင်တော့ နောက်ထပ် သက်တမ်း (၅) နှစ် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် နေရမယ့်သဘောရှိတယ်။ ဒီအတောအတွင်း ကျွဲပါးစောင်းတီးလမ်းစဉ်ချပြီး မြန်မာစစ်အစိုးရနဲ့ဆက်ဆံတဲ့ အမေရိကန် အိုဘားမားအစိုးရဟာ အရပ်သားအပေါ် မြန်မာစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇ၀တ်မှုတွေကို ကုလသမဂ္ဂကော်မရှင်က စုံစမ်းအရေးယူဖို့ သဘောတူတယ်ဆိုတဲ့ သတင်း လွန်ခဲ့တဲ့ သြဂုတ်လက ထွက်လာတယ်။ အမေရိကန် နိုင်ငံရေးပါတီကြီး (၂) ခုဖြစ်တဲ့ Republican နဲ့ Democrat ဆီးနိတ်လွှတ်တော်အမတ် (၃၃) ဦးကလည်း မြန်မာစစ်အစိုးရ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကော်မရှင်ဖွဲ့သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Hilary Clinton ဆီကို ဇူလိုင်လက စာရေးတိုက်တွန်းထားတယ်။

၂၀၀၉ ခု မတ်လ (၅) ရက်နေ့စွဲနဲ့ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ တောမတ်စ်ကင်တားနားရဲ့ စာမျက်နှာ (၃၀) အစီရင်ခံစာမှာလည်း ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အကြံပေးထားတယ်။ မြန်မာစစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇ၀တ်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်ထားတဲ့ ရာဇ၀တ်မှု (သို့မဟုတ်) အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးမှာ စစ်ဆေးနိုင်တဲ့ စစ်အမှုတွေလည်း ဖြစ်နိုင်ကြောင်း၊ ဒီပြစ်မှုတွေကို စုံစမ်းစစ်ဆေးအရေးယူဖို့ မြန်မာအစိုးရမှာ တာဝန်ရှိပေမယ့် တာဝန်ပျက်ကွက်တာ ထင်ရှားကြောင်း၊ ဒါကြောင့် ကုလသမဂ္ဂဟာ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းနိုင်ကြောင်း၊ ကင်တားနားအစီရင်ခံစာမှာ ဖော်ပြတယ်။ လက်ရှိအစိုးရနဲ့ ရွေးကောက်ပွဲ ကျင်းပပြီးဖွဲ့စည်းမယ့် အစိုးရသစ်ဟာ တာဝန်အရှိဆုံးလို့လည်း ဖော်ပြထားတယ်။

ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး မြန်မာပြည်က လက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်တဲ့ ရာဇ၀တ်မှုမျိုးစုံကို စစ်ဆေးဖို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch ၊ အင်္ဂလန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ Amnesty International နဲ့ ဟားဗတ်တက္ကသိုလ် ဥပဒေမဟာဌာနကလည်း ကုလသမဂ္ဂကို တိုက်တွန်းနေတာ ကြာပါပြီ။ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းနိုင်တဲ့ ကုလသမဂ္ဂဌာနတွေဟာ အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ ဂျနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီတို့ဖြစ်ကြသည်။ အထွေထွေအတွင်းရေးမှူးချုပ်ကလည်း စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ လုပ်နိုင်တယ်။

၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အလေးထားပြီး ဒီမိုကရေစီပြုပြင်ရေးလုပ်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ်ဆုံးဖြတ်ချက်ချပြီး တောင်းဆိုနေတာ (၁၉) နှစ်ရှိပြီ။ ဒါပေမယ့် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေဟာ မလိုက်နာရင် မဖြစ်တဲ့ ဆုံးဖြတ်ချက်မဟုတ်လို့ မြန်မာစစ်အစိုးရက လျစ်လျူရှုထားတယ်။ မြန်မာစစ်အစိုးရဟာ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးကို အန္တရာယ်ပေးနေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ရင်တော့ မြန်မာပြည်မှာ ၀င်ရောက်စွက်ဖက်နိုင်တယ်။

မြန်မာစစ်အစိုးရကို အန္တရာယ်အဖြစ် သတ်မှတ်ဖို့ အမေရိကန်ဦးဆောင်ပြီး လုံခြုံရေးကောင်စီမှာ တင်သွင်းတဲ့အဆိုကို တရုတ်နဲ့ ရုရှားက ဗီတိုအာဏာသုံးပြီး ၂၀၀၇ နှစ်ဆန်းပိုင်းမှာ ပယ်ချခဲ့တယ်။ သံဃာဦးဆောင်တဲ့ ပြည်သူ့ဆန္ဒပြပွဲကို သတ်ဖြတ်နှိပ်ကွပ်လာတော့မှ လုံခြုံရေးကောင်စီဟာ စစ်အစိုးရကို ရှုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ၂၀၀၇ နိုဝင်ဘာမှ ကြေညာချက် ထုတ်တယ်။ ဒါပေမယ့် လုံခြုံရေးကောင်စီ ကြေညာချက်တွေဟာ တိုက်တွန်းတဲ့သဘောသာဖြစ်ပြီး မလိုက်နာရင် ဘာမှဖြစ်တာမဟုတ်တဲ့အတွက် မြန်မာစစ်အစိုးရက ဂရုမစိုက်ဘူး။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားတဲ့ဒေသမှာ အမျိုးသမီးနဲ့ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်တဲ့ အထွေထွေဆုံးဖြတ်ချက်တွေကိုသာ လုံခြုံရေးကောင်စီက ချမှတ်နိုင်တာ တွေ့ရတယ်။

တကယ်တော့ မြန်မာစစ်အစိုးရဟာ တရုတ်အားကိုးနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၊ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံကြီးကို ကဏ္ဍကောစ လုပ်နေတာ အနှစ် (၂၀) ရှိပြီ။ ဒါကြောင့်မို့ တရုတ်နဲ့ ရုရှား ဗီတိုအာဏာသုံးနိုင်တဲ့ လုံခြုံရေးကောင်စီကတဆင့် အရေးမယူဘဲ အထွေထွေညီလာခံက အရေးယူဖို့ ၀ိုင်းဝန်းတိုက်တွန်းနေကြတာပါ။ အထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်ချမှတ်ပြီး စုံစမ်းရေးကောင်မရှင်ဖွဲ့ဖို့ အထွေထွေအတွင်းရေးမှူးချုပ်ကို တိုက်တွန်းတဲ့ နည်းဖြစ်တယ်။ ကုလသမဂ္ဂဟာ အနှစ် (၂၀) လုံးလုံး အရေးမယူနိုင်ခဲ့တဲ့အတွက် မြန်မာစစ်အစိုးရဟာ တဖက်သတ် ထင်သလို လုပ်နေတာလို့ သုံးသပ်ကြတယ်။ အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးစံနဲ့ ဥပဒေကို နှစ်ပေါင်းများစွာ ဆန့်ကျင်တဲ့ အစိုးရကို အရေးယူဖို့ ပျက်ကွက်တာဟာ မကောင်းတဲ့အစဉ်အလာဖြစ်လို့ စုံစမ်းရေးကောင်မရှင်ဖွဲ့ဖို့ တိုက်တွန်းကြတာပါ။

စုံစမ်းရေးကော်မရှင်ကနေ ICC အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးကို တာဝန်လွှဲပေးဖို့ကိစ္စမှာ အခက်အခဲရှိတယ်။ ၁၉၉၈ မှာ လက်မှတ်ရေးထိုးကြတဲ့ ရောမစာချုပ်အရ ICC အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံးကို ၂၀၀၂ မှာ ဖွဲ့စည်းတယ်။ မြန်မာစစ်အစိုးရဟာ ရောမစာချုပ်ဝင်နိုင်ငံမဟုတ်တော့ မဆိုင်ဘူးပေါ့။ ဒါပေမယ့် လုံခြုံရေးကောင်စီက တာဝန်လွှဲပေးနိုင်ရင်တော့ ICC ကို ရောက်သွားမှာပေါ့။ ရောမစာချုပ်ဝင် နိုင်ငံမဟုတ်တဲ့ ဆူဒန်ကို စစ်ဆေးနိုင်သလို မြန်မာကိုလည်း စစ်ဆေးနိုင်လိမ့်မယ်လို့ ယူဆတယ်။ ဒီအဆင့်ကိုရောက်မလာခင် အရင်ဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။ လုံခြုံရေးကောင်စီဝင် (၁၅) ဦးမှာ ထောက်ခံမဲ (၉) မဲရရင် ဆုံးဖြတ်ချက် ချနိုင်ပေမယ့် ဗီတိုအာဏာရှိတဲ့ တရုတ်နဲ့ ရုရှားက ပယ်ချနိုင်တယ်။ ပယ်ချဖူးတဲ့ အစဉ်အလာလည်း ရှိတယ်။ ဒါပေမယ့် ဆူဒန်အစိုးရကို စုံစမ်းအရေးယူဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချတဲ့အခါမှာ တရုတ်နဲ့ရုရှားဟာ အစည်းအဝေးမတက်ဘဲ ရှောင်နေလို့ ICC ရာဇ၀တ်ခုံရုံးက ဆူဒန်သမ္မတကို စုံစမ်းစစ်ဆေးအပြစ်ပေးနိုင်တာပါ။

လုံခြုံရေးကောင်စီက အရေးမယူနိုင်ရင် အထွေထွေညီလာခံက အရေးယူရပါလိမ့်မယ်။ စက်တင်ဘာ (၁၄) ရက်နေ့မှာ ကျင်းပမယ့် (၆၅) ကြိမ်မြောက် အထွေထွေညီလာခံကြီးမှာ မြန်မာပြည်ဆိုင်ရာ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ဆုံးဖြတ်နိုင်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ အကူအညီမရလည်း စုံစမ်းရေးကော်မရှင်ဟာ ဆောင်ရွက်နိုင်ပါတယ်။ ပြည်ပရောက် မြန်မာပြည်သူပြည်သားတွေကို မေးမြန်းနိုင်ပါတယ်။ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ မြန်မာစစ်တပ်ရဲ့ ရာဇ၀တ်မှုတွေကို အသေးစိတ်မှတ်တမ်းတင်နိုင်ပါတယ်။ အနှစ် (၂၀) ကျော် ထုတ်ဝေထားတဲ့ ကုလသမဂ္ဂ အစီရင်ခံစာမျိုးစုံကိုလည်း လေ့လာနိုင်ပါတယ်။ နောက်ပြီးတော့ ဒီရာဇ၀တ်မှုတွေမှာ တာဝန်ရှိသူကို ထောက်ပြနိုင်ပါတယ်။ မြန်မာပြည်မှာ အနှစ် (၂၀) ကျော် ဖြစ်ပွားနေတဲ့ ရာဇ၀တ်မှုတွေရဲ့ တရားခံကို ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်က ထောက်ပြနိုင်မယ်ဆိုရင် ကလိမ်ခြုံ ရွေးကောက်ပွဲတို့ ကလိမ်ခြုံအခြေခံဥပဒေတို့နဲ့ ကာကွယ်လို့ မရတော့ဘူး။

ဒါကြောင့် ဗိုလ်သန်းရွှေနဲ့အဖွဲ့က တရုတ်ဆရာကြီးကို ဂါရ၀ပြုပြီး အကူအညီတောင်းရာမှာ ကုလသမဂ္ဂစုံစမ်းရေးကော်မရှင် မဖွဲ့နိုင်အောင် ကူညီဖို့ ပန်ကြားတာလည်း ပါဝင်နိုင်ပါတယ်။
http://www.khitpyaing.org/index.php?route=detail&id=4317

0 အကြံပြုခြင်း: