| ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံ မီးပွိုင့်တွင် သစ်လုံးတင်ယာဉ်တစ်စီးပေါ်မှ သစ်လုံးကြီးများ ပြုတ်ကျမှု ဖြစ်ပွား | | | |
|
ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းဆုံ မီးပွိုင့်တွင် သစ်လုံးတင်ယာဉ် တစ်စီးပေါ်မှ သစ်လုံးကြီးများ ပြုတ်ကျမှု ဇူလိုင်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ အခင်းဖြစ်ပွားမှုမှာ နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင် တင်ဆောင်လာသော သစ်လုံးများကို ချည်နှောင်ထားသည့် သံကြိုးများ ပြတ်သွား၍ ဖြစ်ကြောင်းနှင့် သစ်လုံးကြီးများ ပြုတ်ကျမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်း သိရသည်။ အဆိုပါယာဉ်မှာ ချောင်းဝမှ သီလ၀ါသို့ သွားနေစဉ် ဗိုလ်တထောင်ဘုရားလမ်းမှ မဟာဗန္ဓုလလမ်း ဘက်သို့ အကွေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ကျွန်တော် အဲဒီအချိန်မှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်သွားဖို့ လမ်းကူးနေတဲ့အချိန်မှာ သစ်လုံးတင်ယာဉ်ကြီးက မဟာဗန္ဓုလ လမ်းဘက်ကို ကွေ့တဲ့အချိန်မှာ သစ်လုံးတွေကို ချည်ထားတဲ့ သံကြိုးတွေ ပြတ်သွားတယ်။ ပြီးတော့ သိပ် မကြာဘူး။ သံထောက်တွေကလည်း ပြုတ်ထွက်ပြီးတော့ သစ်လုံးတွေ ပြုတ်ကျတာပါပဲ။ သစ်လုံးအားလုံးက ကိုးလုံးရှိတယ်။ အဲဒီအချိန်မှာ ဖြတ်သွားနေတဲ့ ကားတွေကော၊ လူတွေကော မရှိလို့ တော်သေးတာပေါ့။ အခုလိုမျိုး သစ်လုံးတင်ယာဉ် ပေါ်ကနေ သစ်လုံးတွေ ပြုတ်ကျတာတွေ၊ တိမ်းမှောက်တာတွေကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်ယခင်က ရှိခဲ့ပါတယ်"ဟု အခင်းဖြစ်စဉ်နှင့် အနီးဝန်းကျင်တွင် ရှိနေခဲ့သူတစ်ဦးက ဆိုပါသည်။ ရန်ကုန်မြို့တွင် ဖြတ်သန်းသွားလာလျက်ရှိသည့် သစ်လုံးတင် ယာဉ်ကြီးများတွင် သံကြိုးလေးချောင်း တပ်ဆင်ပြီးမှသာ မောင်းနှင်ရန်နှင့် သံကြိုးများ ခိုင်ခံ့မှုရှိ၊ မရှိ စစ်ဆေးရန်အတွက်လည်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက သတိပေးညွှန်ကြားထားကြောင်းလည်း သိရသည်။ |
0 အကြံပြုခြင်း:
Post a Comment