Thursday, October 16, 2008

မြန်မာစစ်အစိုးရ ပြုပြင်ရန် လိုအပ်သည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်၏ တိုက်တွန်းချက်များ

ပီတာအောင် စုစည်းတင်ပြသည် (၉-၁၀-၀၈)


အကြံပြုချက် (၁) မြန်မာနိုင်ငံ၏ ဥပဒေပြဋ္ဌာန်းချက်များကို အခြေခံဥပဒေသစ်၊ နိုင်ငံတကာ တာဝန်ဝတ္တရားများနှင့် အညီ ပြန်သုံးသပ်ရန်။

အခြေခံဥပဒေသစ် အခန်း (၁) နှင့် (၈)တို့တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ တွေးတောကြံဆခွင့်နှင့် ငြိမ်းချမ်းစွာ စုရုံးဖွဲ့စည်းခွင့် စသည့်အခွင့်အရေးများ ပေးထားသည်ဟု အမျိုးသားညီလာခံကျင်းပရေးကော်မရှင်နှင့် တွေ့ဆုံရာတွင် မစ္စတာကင်တာနာကို ပြောကြားခဲ့သည်။ ထိုအခွင့်အရေးများသည် လူ့အခွင့်အရေး ကြေညာစာတမ်းအပုဒ် (၁၉)၊ (၂၀) တို့တွင် ပေးထားသည့်အခွင့်အရေးနှင့်လည်း ကိုက်ညီသည်။ ထို့ကြောင့် မြန်မာပြည်သူလူထုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲဖြစ်စဉ်၌ ထိုအခွင့်အရေးများကို ခံစားပိုင်ခွင့်ရှိကြောင်း တင်ပြထားသည်။

အဆိုပါအခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားသည့် ပြည်တွင်းဥပဒေအချို့ကို သုံးသပ်ပြင်ဆင်ရန် အကြံပြု သည်။ ထိုဥပဒေများအနက် နိုင်ငံတော်အား နှောင့်ယှက်ဖျက်စီးလိုသူများ၏ဘေးအန္တရာယ်မှာ ကာကွယ်သည့် ဥပဒေ (၁၉၇၅)၊ အရေးပေါ်စီမံချက်ဥပဒေ (၁၉၅၀)၊ ပုံနှိပ်ထုတ်ဝေ ဥပဒေ (၁၉၆၂)၊ သင်းပင်းဖွဲ့စည်းခွင့်ဥပဒေ (၁၉၈၈)၊ ရုပ်မြင်သံကြားနှင့်ဗီဒီယို ဥပဒေ (၁၉၈၅) စသဖြင့် ပါဝင်သည်။ ထိုဥပဒေများသည် အခြေခံလူ့အခွင့်အရေး၊ အခြေခံ ဥပဒေသစ်နှင့် နိုင်ငံတကာ စံချိန်၊ စံညွှန်းများအကြား ဆန့်ကျင်ဘက်ဖြစ်နေသည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ကြေညာစာတမ်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီချက်၊ အမျိုး သမီးများအား နှိမ်ချခွဲခြားဆက်ဆံမှု ပပျောက်ရေးသဘောတူညီချက်၊ အိုင်အယ်လ်အို သဘောတူညီချက်များ ထိုးထားခဲ့သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်သည့်အလျှောက် ၁၉၄၈ ခု လွတ်လပ်ရေးရပြီးမကြာမီကပင် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သောနိုင်ငံဖြစ်သည်။ နိုင်ငံတကာသဘောတူညီချက်များကို လေးစားလိုက်နာရန် တာဝန်ရှိသည်။

အကြံပြုချက် (၂) ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများကို ပြန်လွှတ်ရန်။

၁၉၈၈ ကတည်းက နိုင်ငံရေးအကျဉ်းသားပေါင်း (၂,၀၀၀) ကျော် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများသည် လွပ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့်နှင့် ငြိမ်းချမ်းစွာ စုရုံးဖွဲ့စည်းခွင့်တို့ကို ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံတော်ဥပဒေဖြင့် တရားစွဲခံရသူများဖြစ်သည်။ ၎င်းတို့သည့် တရားရုံးတက်ခွင့်မရသလို တရားရုံး၌ ဥပဒေ ကြောင်းအရ လွပ်လပ်စွာ ဆောင်ရွက်ခွင့် ငြင်းပယ်ခံခဲ့ရသူများဖြစ်သည်။ ထိုအခြေအနေ (၂) ရပ်သည် အခြေခံ လူ့အခွင့်အရေး၊ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းတို့နှင့် ဆန့်ကျင်နေသည်။

မြန်မာ့ဒီမိုကရေစီခရီးလမ်း၌ ၂၀၁၀ ရွေးကောက်ပွဲပါဝင်သည်။ အားလုံးပါဝင်ခြင်းနှင့် လွတ်လပ်၍ တရားမျှတမှုသည် ရွေးကောက်ပွဲ အနှစ်သာရဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်လပ်စွာပါဝင်ခွင့်မရှိပါက ၂၀၁၀ ရွေးကောက်ပွဲ အပေါ် အများယုံကြည်မှုအား ထိခိုက်နိုင်သည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ခြင်းသည် တင်းမာမှုများကို လျော့ချ ရာရောက်ပြီး နိုင်ငံရေး၌ ပါဝင်မှုကို မြှင့်တင်ရာရောက်သည်။ ထို့ကြောင့် ၎င်းတို့အား လွှတ်ပေးခြင်းသည် ဒီမိုကရေစီ ခရီးအတွက် အခရာကျသည့် လူ့အခွင့်အရေးဆိုင်ရာလိုအပ်ချက်ဖြစ်သည်။

မြန်မာအစိုးရသည် ယခင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလေ့ရှိသည်။ ထိုသို့ ထောင်သက်တမ်း လျော့ပေးခြင်း၊ ကန့်သတ်ချက်များဖြင့် ပြန်လွှတ်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်နိုင်သည်။ လွှတ်ပေးရာတွင် သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ၊ နိုင်ငံရေးအဖွဲ့အစည်းမှ ထင်ရှားသူများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ နှစ်ရှည်အကျဉ်းကျခံနေရသူများ၊ ဘာသာရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အမျိုးသမီးနှင့် ကလေး ငယ်များ စသည်တို့ပါဝင်သင့်သည်။ ၁၉၈၈ခု သြဂုတ်လ၊ ၂၀၀၃ ခု မေလ ၊ ၂၀၀၇ခု စက်တင်ဘာလ၊ ၂၀၀၈ ခု မေလ အခြေခံဥပဒေဆန္ဒခံယူပွဲနှင့် ဆိုင်ကလုန်းမုန်တိုင်းနှင့် ဆက်စပ်ဖမ်းဆီးထားသူများကို လွှတ်ပေးသင့်သည်ဟုလည်း ထောက်ပြထားသည်။

အကြံပြုချက် (၃) လက်နက်ကိုင်တပ်ဖွဲ့များနှင့်ပတ်သက်၍။

မြန်မာနိုင်ငံသည် စစ်အစိုးရလက်အောက် ဆယ်စုနှစ်များစွာ ကျရောက်ခဲ့ရပြီး အစိုးရရုံးများနှင့် ၀န်ကြီးဌာနများသည် စစ်အုပ်ချုပ်ရေးအောက်၌ ရှိနေခဲ့သည်။ အခြေခံဥပဒေသစ်အတိုင်း ပါတီစုံဒီမိုကရေစီနှင့် အရပ်သား အစိုးရ ကူးပြောင်း ရာတွင် ဒီမိုကရေစီတန်ဖိုးများ အထူးသဖြင့် နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများ အတိုင်း အလေးထား ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည်။ ထို့ကြောင့် ၂၀၁၀ ရွေးကော်ပွဲနှင့် အပြန်အလှန်ဖြစ်နေ သည့် အောက်ပါအရေးယူဆောင်ရွက်မှုများကို ပြောင်းလဲဆောင်ရွက်ရမည်။

နှိမ်ချခွဲခြားဆက်ဆံထားသည့် ဥပဒေများကို ပယ်ဖျက်ပစ်ရမည်။ အထူးသဖြင့် မွတ်စလင် အသိုင်းအ၀န်း အများအပြား နေထိုင်ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ခွဲခြားနှိမ်ချထားသည့် ဥပဒေများကိုပယ်ဖျက်ရန်နှင့် ခွဲခြားဆက်ဆံမှုများကို ရှောင်ကြဉ်ရန်၊ ဆိုင်ကလုန်းနာဂစ်အလွန် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်ရန်နှင့် နိုင်ငံအတွင်းရှိ အခြားအရေးပေါ်လူသားချင်းစာနာမှု ကိစ္စများကိုလည်း အရေးယူဆောင်ရွက်ရမည်။

အခြေခံဥပဒေသစ်အရ လက်နက်ကိုင်တပ်မတော်သည် အစိုးရသစ်တွင် အရေးပါသည့် အခန်းဏ္ဍမှ ပါဝင်ပေ လိမ့်မည်။ ထို့ကြောင့် စစ်တပ်အနေဖြင့် အောက်ပါ အရေုးယူဆောင်ရွက်မှုများကိုဆောင်ရွက်ရမည်။

လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများ၌ စစ်တပ်သည် နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှု ဥပဒေများကို လေးစားရမည်။ ကလေးစစ်သားစုဆောင်းခြင်းမလုပ်ရ။ မြေမြှုပ်မိုင်းသုံးမှုတားမြစ်ရမည်။ နိုင်ငံဥပဒေ များနှင့်မညီဘဲ စွပ်စွဲပြီး ဖမ်းဆီးခြင်းမလုပ်ရ။ ရဲနှင့်ထောင်အာဏာပိုင်တို့ပါလိုက်နာရမည်။ စစ်တပ်၊ ရဲနှင့် ထောင် အာဏာပိုင်တို့အား နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ အဓိပ္ပာယ်ပြည့်ဝသည့် လူ့အခွင့်အရေးသင်တန်း များ အမြဲတမ်းပေးသွားရမည်။

အကြံပြုချက် (၄) တရားစီရင်ရေးနှင့် စပ်လျဉ်း၍။

မြန်မာနိုင်ငံ၏ တရားဥပဒေဘောင်သည် တရားဥပေဒေစိုးမိုးမှု အသွင်သဏ္ဍာန်ဖြင့် လုပ်ဆောင်ရန် ရည်ရွယ်ထား သော်လည်း လက်ရှိလုပ်ကိုင်ဆောင်ရွက်နေပုံသည် တရားစီရင်ရာ၌ လွပ်လပ်မှုမရှိဘဲ အစိုးရနှင့် စစ်တပ်၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။

အခြေခံဥပဒေသစ်သည် ဥပဒေထုံးတမ်းအတိုင်း ဆောင်ရွက်ရန်နှင့် လွတ်လပ်၍ တရားမျှတသည့် တရားစီရင်ရေး ဖြစ်ရမည်ဟုပါရှိသည်။ ယင်းအချက်သည် လူ့အခွင့်အရေး ကြေညာစာတမ်း အပုဒ် (၈)နှင့် (၁၀) ၌ အသိမှတ်ပြု ထားသည့်အတိုင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကျင့်သုံးသည့် အသိုင်းအ၀န်းအတွက် အခြေခံဖြစ်သည်။

လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသော လက်မခံနိုင်သည် တရားဥပဒေဘောင်တွင်းဆောင်ရွက်ချက်များနှင့် အခြေခံ ဥပဒေသစ်၌ ပါရှိသည့် စည်းမျဉ်းစည်းကမ်းများအကြား ကွာဟချက်ကို ချက်ချင်းပြောင်းလဲရန်နှင့် အခြေခံ လူ့အခွင့် အရေးများ တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည်။

ထိုအချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ တရားရေးအာဏာပိုင် တရားသူကြီးအဖွဲ့အနေဖြင့် အောက်ပါ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုသည်။

တရားစီရင်ရာ၌ အပြည့်အ၀ လွတ်လပ်၍ မျက်နှာမလိုက်ဘဲ ဆောင်ရွက်ရန်၊ အထူးသဖြင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများနှင့် ပတ်သက်၍ သမာသမတ်ကျကျ ဆောင်ရွက်ရန်၊ နိုင်ငံရေးအကျဉ်းသားများအား တရားစွဲဆိုရာတွင် တရားခွင်၌ အများပြည်သူ ကြားနာခွင့်အပါအ၀င် တရားဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရန်၊ ဥပဒေများနှင့် မညီဘဲ စွပ်စွဲပြီး တရားစွဲဆိုခြင်း မပြုမလုပ်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် ထိရောက်သော တရားစီရင်ရေးယန္တရား တည်ထောင်ရန်၊ နိုင်ငံတကာ စံနှုန်းနှင့် စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်သည့် လွတ်လပ်၍ သမာသမတ်ကျသည့် တရားစီရင်ရေးစနစ် ထူထောင်ရန်အတွက် နိုင်ငံတကာမှ နည်းပညာအကူညီ ရှာဖွေရယူရန်၊ တရားသူကြီးများနှင့် ရှေ့နေများ၏ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေး အကူအညီပေးရန်၊ ဗဟိုတရားရုံးချုပ်အနေဖြင့် လူ့အခွင့်အရေးအထူးကိုယ်စားလှယ်နှင့် ညှိနှိုင်းဆောင်ရွက်ရန်တို့ အကြံပြုထားသည်။

0 အကြံပြုခြင်း: